Monday, April 18, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၄၂) (ဇာတ်သိမ်း)

အခန်း ၆၁
အိပ်မက်များသည် သင့်ထံလာလိမ့်


ကျွန်တော်သည် ကျွန်တော်၏ နောက်ဆုံးဟောပြောချက်ကို ရင်ဖိုလှုပ်ရှား မဖြစ်ဘဲနှင့်တော့ အပြီး သတ်နိုင် မည် မထင်ဟု ရက်အတော်ကြာကြာ စိတ်ပူနေမိခဲ့သည်။ ထို့ကြောင့်အရေးပေါ် အစီအစဉ်ကို ရေးဆွဲရသည်။ ကျွန်တော်သည် ဟောပြောချက်၏ နောက်ဆုံး ၀ါကျ အနည်းငယ်ကို ရုပ်ပုံဆလိုက် လေးခု ပေါ်တွင် ပြထားလိုက်သည်။ စင်ပေါ်ရောက်သွားချိန်၌ ကိုယ်ပြောလိုရာစကားကို ပြောမထွက်ဖြစ်ခဲ့လျှင် တိတ်တဆိတ် ခလုပ်နှိပ်ပြီး ရုပ်ပုံဆလိုက်ကို ဖွင့်ပြလိုက်မည်။ ယနေ့ လာရောက်ကြတဲ့အတွက် ကျေးဇူး တင်ပါတယ် ဟုသာပြောလိုက်မည်ဟု စိတ်ကူးထားပါသည်။
ကျွန်တော် ဟောပြောစင်ပေါ်၌ တစ်နာရီကျော်ကျော်သာ ကြာပါသည်။ ခီမိုဆေးရည်သွင်း ထားသည့်ဒဏ်၊ ကြာကြာ ရပ်ထားရခြင်းနှင့် စိတ်လှုပ်ရှားမှုတွေ ဖြစ်နေခြင်းကြောင့် ကျွန်တော့်မှာ တကယ်လည်း စိတ်ခံစားမှု တွေဖြစ်ရင်း ထိုအချိန် ကုန်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျွန်တော့်စိတ်မှာ ငြိမ်းချမ်းခြင်းနှင့် ကျေနပ်အားရခြင်းတို့ ဖြစ်သွားသည်။ ကျွန်တော်၏ ဘ၀ စက်ဝန်း သည် စက်ဝန်းတစ်ပတ်ပြည့်ခဲ့ခြင်းပင်။ ကျွန်တော်သည် ကျွန်တော် ရှစ်နှစ်သားအရွယ် ရောက်ချိန် ၌ ဖြစ်ခဲ့သော စိတ်ကူးအိပ်မက များကို ဦးစွာ စာရင်းချပြခဲ့ပြီ ဖြစ်သည်။ နောင်အသက် ၃၈ နှစ် အကြာ ယခုအခါတွင် ထိုစိတ်ကူး အိပ်မက်စာရင်းကပင်လျှင် ကျွန်တော်ပြောဖို့ လိုအပ်မည်အရာများကို ပြောနိုင် အောင်ပြုပေးခဲ့၊ ကျွန်တော့်အား သယ်ဆောင်ပေးလာနိုင်ခဲ့သည်။

ကင်ဆာရောဂါသည် အများအပြားက သည်ရောဂါကြောင့် သူတို့သည် ဘ၀၏တန်ဖိုးကို အမြင်သစ်နှင့် နက်နက် ရှိုင်းရှိုင်း တွေမြင် အသိမှတ်ပြုနိုင်ကြသည်ဟု ပြောလေ့ရှိကြသည်။ သေမှာကို ကြို၍ သိနိုင်လိုက် သဖြင့် ကျွန်တော်တကယ်ပဲ ကျေးဇူးတင်ရသည်ကား မှန်ပါသည်။ သို့ရာတွင် ထိုသူများ၏ ကျေးဇူးတင် နည်းမျိုး နှင့်ကား ကင်ဆာရောဂါကို ကျွန်တော်ကျေးဇူးတင်တာမျိုး မရှိပါ။ ကျွန်တော့်မိသားစု၏ အနာဂတ် အတွက် ကြိုတင်ပြင်ဆင်စရာရှိတာကို ပြင်ဆင်ခွင့်ရသည့်အပြင် ထိုအချိန်အတွင်း၌ ကာနက်ဂီ မယ်လွန် တက္ကသိုလ် သို့ သွားရောက်ကာ ကျွန်တော်၏နောက်ဆုံး ဟောပြောချက်ကို ဟောပြောခွင့်လည်းရခဲ့ပါ၏။ တစ်နည်း ဆိုရသော် ကင်ဆာရောဂါသည် ကျွန်တော့်အား ဤနယ်ပယ်မှ ကျွန်တော်၏ စွမ်းအားအတိုင်း စွန့်ခွာ ခွင့်ပြုခဲ့ပါပေသည်။

ထိုပြင် ကျွန်တော်၏ ကလေးဘ၀ စိတ်ကူးအိပ်မက်များစာရင်းက ရည်ရွယ်ချက်အမျိုးမျိုး အတွက်လည်း ဆက်လက်၍ အကျိုးဆောင်ပေးနေဆဲ ဖြစ်ခဲ့ပါသည်။ ထိုစိတ်ကူးအိပ်မက် များသာ မရှိခဲ့ပါလျှင် ကျေးဇူးတင်ထိုက်သူများကို ကျွန်တော် ကျေးဇူးတင်နိုင်စွမ်း ရှိခဲ့၊ မရှိခဲ့ ကိုမည်သူ သိနိုင်တော့မည်နည်း။ အဆုံးတွင်ကား ထိုအိပ်မက်စာရင်းကလေးကြောင့် ကျွန်တော့်အတွက် အဓိပ္ပာယ်များစွာ ရှိသသူသ ဟူသမျှကို ကျွန်တော် ခွဲခွာနှုတ်ဆက်ခွင့် လည်းရခဲ့ပါပေသည်။

အခြားအရာ များလည်း ရှိသေးသည်။ အဆင့်မြင့် နည်းပညာတတ် တစ်ယောက်အနေဖြင့် ကျွန်တော် ဖြတ်သန်း လာသည့် နှစ်ကာလများအတွင်း ကျွန်တော်သိလာခဲ့၊ သင်ပြပေးလာ ခဲ့သော အနုပညာသည် များနှင့် ရုပ်ရှင်မင်းသားများကို ကျွန်တော်အပြည့်အ၀ နားလည်ခဲ့ ခြင်းမရှိပါ။ သူတို့သည် အပြင်ထွက်လာဖို့ လိုအပ် သည့် ရင်တွင်း၌ရှိနေသော အရာများ အကြောင်းကို တစ်ခါတရံ ပြောကြားကြပေလိမ့်မည်။ ကျွန်တော် သည် ပို၍ ပြတ်သားသင့် ခဲ့ပေသည်။ ဟောပြောစင်ပေါ် ရောက်သွားသော နာရီပိုင်း ကလေး သည် ကျွန်တော့်အား တစ်စုံတစ်ရာ သင်ပြပေးခဲ့၏။ (အနည်းဆုံးအားဖြင့်တော့ ယခုတိုင် သင်ယူနေဆဲပါ။) ကျွန်တော့် မှာလည်း အပြင်ကို ထွက်လာမှကိုဖြစ်မည့် ရင်တွင်းခံစားချက်တွေ ရှိသည်။ ကျွန်တော် ဟောပြောခဲ့ခြင်းမှာ ထိုရင်တွင်းမှာရှိနေသော ခံစားချက်များကို ဖွင့်အန်ထုတ်ချင် သောကြောင့်သာ ဖြစ်ပါသည်။ ကျွန်တော်ဟောပြောခဲ့ခြင်းမှာ ဖွင့်အန်ရမည့် ရင်တွင်းခံစား ချက်တွေရှိနေခြင်းကြောင့်သာ ဖြစ်ပါ သည်။

ကျွန်တော်၏ နောက်ဆုံးအပြီးသတ် စကားလုံးများသည် ဘယ်မျှ စိတ်မှာ ထိုခိုက်လှုပ်ရှား ဖြစ်မည်ကို ကျွန်တော် သိပါသည်။ ထိုသို့ဖြစ်ရသည်မှာ ကျွန်တော်၏ဟောပြောချက် နိဂုံးသည် ကျွန်တော်၏ ဘ၀ ကုန်ဆုံး တော့မည့် အနေကို ကျွန်တော်ဘယ်သို့ ဘယ်ပုံယူဆ သည်ကို အနှစ်ချုပ် ဖော်ပြချက်မျိုး ဖြစ်ဖို့လို သောကြောင့် ဖြစ်ပါသည်။
ကျွန်တော့် စကားကို နိဂုံးကမ္ပတ် အဆုံးသတ်မည်ရှိသည့်အခါ တစ်မိနစ်မျှ အချိန်ယူ၍ ကျွန်တော့် ဟောပြောချက်၏ အရေးကြီးသော အချက်အချို့ကို ပြန်လည် သုံးသပ်ရပါသည်။ ထို့နောက် ကျွန်တော်သည် နိဂုံးပိုင်း ကို အလှည့်ကလေးနှင့် မျှော်လင့်မထားသော ဇာတ်သိမ်းမျိုးနှင့် အနှစ်ချုပ်ပြလိုက်ပါသည်။

ကနေ့ ဟောပြောပွဲကတော့ ကလေးဘ၀ စိတ်ကူးအိပ်မက်များအတိုင်း ဖြစ်လာပုံ အကြောင်းပါပဲ၊ ဒါပေမဲ့ ပရိသတ် များ ဟန်ပြခေါင်း အကြောင်း နားလည်သဘောပေါက် ခဲ့ပြီ မဟုတ်ပါလား ဟု ကျွန်တော်က မေးပါသည်။
ခဏမျှရပ်ထားလိုကရာ တစ်ခန်းလုံး ငြိမ်ချက်သား ကောင်းနေပါသည်။
တကယ်တော့ ဒီဟောပြောပွဲဟာ ဘ၀ကို ဘယ်လိုနေထိုင်သွားကြမလဲဆိုတဲ့ အကြောင်းပါ။ ဘ၀ကို မှန်ကန်စွာ နေထိုင်သွားနိုင်မယ်ဆိုရင် ကံတရားက သူ့သဘောတရားအတိုင်း စီရင်သွားပါလိမ့်မယ်။ ဒီအခါ စိတ်ကူးအိပ်မက် တွေဟာလည်း တကယ် ဖြစ်လာကြပါလိမ့် မယ်။

ကျွန်တော်သည် နောက်ထပ်ရုပ်ပုံဆလိုက်တစ်ခုကို ထိုးပြလိုက်ရာ ပိတ်ကားပြင်နင့်အပြည့် မေးခွန်းတစ်ခု ပေါ်လာသည်။ ဒုတိယ ဟန်ပြခေါင်းကိုကော ပရိသတ်များ နားလည် သဘောပေါက်လိုက်ပါပြီလား။
အချိန် က တိုတိုလေးပင်။ ကျွန်တော်သည် ယခင်က ပြောပြခဲ့သည်ထက် ပို၍မြန်မြန် ထိုးပြရန် ဆုံးဖြတ် လိုက်သည်။ ခပ်မြန်မြန်ပြောမည်ဆိုပါလျှင် ကျွန်တော်ရှင်းပြနိုင်မည် ထင်သည်။ ကျွန်တော်သည် စကားလုံး များကို ပိတ်ကားပေါ်၌ ထပ်မံ ထိုးလိုက်သည်။

ဒုတိယဟန်ပြခေါင်းကိုကော ပရိသတ်များ နားလည်သဘောပေါက်လိုက်ပါပြီလား။
ထို့နောက် ကျွန်တော်က ပရိသတ်ကို ပြောပြသည်။ ယခုဟောပြေခဲ့သည်မှာ ဤအခန်းထဲ တွင် ရှိနေသော သူများ အတွက်သာ မဟုတ်ပါ။ ကျွန်တော့်ကလေးတွေပါ ခင်ဗျာ
ကျွန်တော် သည် နောက်ဆုံးရုပ်ပုံဆလိုက်ကို ထိုးပြလိုက်သည်။ ကျွန်တော်၏ ညာလက်ဖြင့် ပြုံးနေသော လိုဂန် ကို ပွေ့လျက်၊ ချစ်စဖွယ် ချလို ကလေး ကို ဘယ်လက်တွင် ပွေ့လျက်၊ ဒီလန်က ကျွန်တော့်ပခုံးပေါ် ပျော်ရွှင်စွာ ထိုင်လျက်ရှိနေသော ကျွန်တော်၏ ဓာတ်ပုံ ပေါ်လာလေသည်။


ပြီးပါပြီ
.

No comments: