ဝတ္ထုတိုဆိုတာ
စာရေးသူ - အောင်သင်း
စာရေးသူ - အောင်သင်း
စာပေရေးရာ ဆောင်းပါးများ စာအုပ်ကျောဖုံးတွင် ကျွန်တော်၏ မဟာဝိဇ္ဇာဘွဲ့ယူ စာတမ်းဖြစ်သော ၁၉၇၁ ခု မဂ္ဂဇင်းဝတ္ထုတို တချို့ လေ့လာချက်စာတမ်း ကို ' အမေ့အိမ်စာစဉ်' မှ ထုတ်ဝေမည်ဟု ကြော်ငြာခဲ့ပါ သည်။ သို့သော် မထုတ်ဖြစ်ခဲ့ပါ။ အချို့သော စာဖတ်ပရိတ်သတ်က ' အမေ့အိမ်' သို့လည်းကောင်း၊ ကျွန်တော့် ထံသို့လည်းကောင်း၊ စာရေးမေးမြန်းစုံစမ်းခြင်း၊ ပြုကြပါသည်။ ယခု ထက်တိုင် အချို့က ကြော်ငြာ ကို တွေ့ရသဖြင့် ထုတ်ဝေပြီးဟု ထင်သောကြောင့် စုံစမ်းမေးမြန်းနေသည်ကို မကြာခဏ တွေ့ရပါသည်။
မော်လမြိုင်ကောလိပ်၊ စစ်တက္ကသိုလ် စသည်တို့တွင် သွားရောက်အမှုထမ်းနေခဲ့ရသောကြောင့် ကျွန် တော့်မှာ မဟာဝိဇ္ဇာနောက်ဆုံးနှစ် အတန်းများကို ၁၉၇၀ ကျော်မှ တက်ခွင့်ရခဲ့ပါသည်။ ထို့ကြောင့် ကျမ်း ကိုလည်း ၁၉၇၆ ခု၊ ဇူလိုင်လ ဒုတိယပတ်ထဲရောက်မှ တင်သွင်းနိုင်ခဲ့ပါသည်။
စာကူးစက်လှည့်ထားသော ကျွန်တော်၏ လက်ခံကျမ်းစာမူမှာ ကျွန်တော့်လက်ထဲတွင် အလွန်ရှိခဲလှပါ သည်။ စာပေ၀ါသနာအိုး တပည့်များလက်တွင်သာ လှည့်ပတ်နေလေ့ရှိပါသည်။ မည်မျှထိအောင် ကိုင်ကြ၊ တွယ်ကြ လေသည် မသိ တပည့်တစ်ယောက်က အဖုံးအသစ်ပြင်ချုပ်ပြီး ကိုင်ရသည်အထိပင် ဖြစ်ပါသည်။ မနေ့တစ်နေ့ ကမှ ကျွန်တော့်ထံ တစ်လှည့် တစ်ပတ်ပြန်ရောက်လာသဖြင့် အမှတ်မထင် စိတ်ရှည်လက် ရှည် ပြန်ပြီး ဖတ်ကြည့်လိုက်တော့ ကျွန်တော့်မှာ အသစ်တစ်ဖန် ခံစားနေရသကဲ့သို့ ဖြစ်နေမိပါသည်။ အချို့သော အကြောင်းအရာကိစ္စများ၊ တွေးတောဆင်ခြင်ချက်များကို ကျွန်တော်ကိုယ်တိုင်ပင်လျှင် မေ့ပျောက် သွားခဲ့ပြီ ဖြစ်ပါသည်။
ကျမ်းပြုသူ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ပြန်လည်ဖတ်ရှုလိုက်သောအခါ အသစ်ကဲ့သို့ ဖြစ်နေပါသေးလျှင် စာပေ ၀ါသနာအိုး လူငယ်တို့အတွက်လည်း တစ်နည်းတစ်ဖုံ အားဖြင့် စိတ်ဝင်စားဖွယ်ရာ ဖြစ်နိုင်စကောင်း ၏ ဟု ထင်မိသောကြောင့် သင့်နိုးရာရာ ကဏ္ဍကလေးများကို ထုတ်နုတ်တင်ပြဦးမည်ဟု ဆုံးဖြတ်လိုက်ပါ သည်။
ယခုလတွင် ၀တ္ထုတိုအနက် ဖွင့်ချက်နှင့် စပ်လျဉ်းသောကဏ္ဍကို ထုတ်နုတ်တင်ပြလိုက်ပါသည်။ လွန်ခဲ့သော ၁၃ နှစ်ခန့် က ရေးခဲ့သောစာဖြစ်ကြောင်းကိုလည်း မမေ့သင့်ပါ။ ၀ါကျအထားအသို စသည့် တို့တို့တိတိ ပြင်ဆင်ချက် ကလေးများမှအပ မူရင်းအတိုင်းပင် တင်ပြပါသည်။
ဝတ္ထုတိုအနက်ဖွင့်ချက်ကို မဖတ်သေးမီ ကျွန်တော့်ကျမ်း၏ နိဒါန်းကို သိထားနှင့်လျှင် ပိုကောင်းပါလိမ့် မည်။ ထို့ကြောင့် မရှည်လျားလှသော နိဒါန်းကို ရှေးဦးစွာ ဖတ်ကြည့်ပါရန် ထည့်သွင်းပေးလိုက်ပါသည်။
နိဒါန်း
" ၁၉၇၁ ခု၊ မဂ္ဂဇင်းဝတ္ထုတိုအချို့ လေ့လာချက်" ကို မတင်ပြမီ လေ့လာသော မဂ္ဂဇင်းများ၊ ၀တ္ထုတိုများစ သည့် အခြေခံအချက်များကို တင်ပြလိုက်ပါသည်။
ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ၁၉၇၁ ခုနှစ်တစ်ဝိုက်တွင် ရေးသားကြသော မဂ္ဂဇင်းဝတ္ထုတိုများ၏ ယေဘုယျ သဘောကို တင်ပြရန် ဖြစ်သောကြောင့် မဂ္ဂဇင်းများကို ရွေးချယ်ရာတွင်လည်း စာဖတ်ပရိသတ် က ' ပေမီကိုက်မီ' အဖြစ် သတ်မှတ်ဖတ်ရှုကြသော မဂ္ဂဇင်းများကိုသာ ရွေးချယ်ပါသည်။ အခါရာသီ အားလျော်စွာ ထုတ်ဝေကြေသော နှစ်လည်မဂ္ဂဇင်းများ၊ အထိမ်းအမှတ် မဂ္ဂဇင်းများကို ချန်လှပ်ခဲ့ပါသည်။ လစဉ် မှန်မှန် ထုတ်ဝေသော မဂ္ဂဇင်းများကိုသာလျှင် စာရင်းသွင်း ကောက်ယူခြင်းပြုပါသည်။
မဂ္ဂဇင်းများတွင် ပါဝင်သော စာများအနက် ၀တ္ထုတိုကို ရွေးကောက်သတ်မှတ်ရာတွင်လည်း ကျမ်းပြုသူ၏ သဘောအရ ရွေးကောက်သတ်မှတ်ခြင်း မပြုပါ။ သက်ဆိုင်ရာ မဂ္ဂဇင်းအယ်ဒီတာ (သို့မဟုတ်) အယ်ဒီတာ အဖွဲ့က '၀တ္ထုတို' ဟုသတ်မှတ်သော စာကိုသာလျှင် ၀တ္ထုတိုဟု လက်ခံ ကောက်ယူပါသည်။ တိတိ ကျကျ ဆိုရလျှင် မဂ္ဂဇင်း၏ မာတိကာတွင် ၀တ္ထုတိုစာရင်းသွင်းထားသော စာများကိုသာ ၀တ္ထုတိုဟု ကောက်ယူ သတ်မှတ် ပါသည်။
အယ်ဒီတာများကိုယ်တိုင်က စမ်းသပ်သော ကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းလျှင်မူကား ထိုစာမှ စာပေပုံ သဏ္ဌာန် အားဖြင့် ၀တ္ထုတိုပါပဲဟု ဆုံးဖြတ်နိုင်စေဦးတော့ ချန်ထားခဲ့ပါသည်။ ဥပမာ- ရှုမ၀ 'ချစ်ကိုယ်တွေ့'၊ စန္ဒာ 'ယခုလ ကလောင်သစ်' တို့တွင် တွေ့ရသည့်စာများကို အယ်ဒီတာအဖွဲ့ကိုယ်တိုင်က ၀တ္ထုတိုကဏ္ဍ တွင် မထည့်ဘဲ သီးခြားထုတ်ထားသောကြောင့် ယင်းတို့ကို ချန်ခဲ့ပါသည်။ စန္ဒာမဂ္ဂဇင်းပါ ' ပြန်လည်ဆန်း သစ်ခြင်း' ကဏ္ဍမှာလည်း ခေတ်ဟောင်းလွန်လေပြီးသော ကာလ အတော်ကြာက စာများသာ ဖြစ်နေ သောကြောင့် ယင်းကိုလည်း ချန်ခဲ့ပါသည်။
တစ်ဖန် ၀တ္ထုတိုစာရင်းတွင် ထည့်သွင်းထားစေဦးတော့ ဘာသာပြန်ဖြစ်နေလျှင်လည်း ထိုဝတ္ထုကို ထည့် သွင်း လေ့လာခြင်း မပြုပါ။
လေ့လာသော မဂ္ဂဇင်းများမှာ အားလုံး (၈) မျိုးဖြစ်ပါသည်။ ယင်းတို့်မှာ ...
(၁) သွေးသောက်
(၂) ရှုမဝ
(၃) မြ၀တီ
(၄) ငွေတာရီ
(၅) မိုးဝေ
(၆) စန္ဒာ
(၇) ဖြူနီညိုပြာ
(၈) ရုပ်ရှင်ချစ်သူ
(ရုပ်ရှင်ချစ်သူမဂ္ဂဇင်းမှာ ၁၉၇၁ ခု၊ ဇူလိုင်လထုတ်မှ စတင်ထုတ်ဝေ၍ ဒီဇင်ဘာလတွင် ရပ်ဆိုင်းသွား သောကြောင့် မဂ္ဂဇင်း ၆စောင်သာ ရှိပါသည်။)
ထိုစဉ်က ထွက်နေခဲ့သည့် စုံထောက်မဂ္ဂဇင်း၊ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းများကို ချန်ခဲ့ပါသည်။ အကြောင်းမှာ ထို မဂ္ဂဇင်းပါ ၀တ္ထုတိုများသည် များသောအားဖြင့် ဘာသာပြန်များ၊ ရုပ်ပြစာစောင်ဘာသာပြန်များ ဖြစ်နေတတ် သည့်ပြင် အဆင့်အတန်း မီသော ၀တ္ထုတိုလည်း မရှိသလောက် ရှားပါးလှသောကြောင့် ချန်ခဲ့ ခြင်း ဖြစ်ပါသည်။
မဂ္ဂဇင်း ဂ-မျိုး၊ တစ်နှစ်အတွက် (ရုပ်ရှင်ချစ်သူ ၆စောင်)၊ တွင် ပါဝင်သည့် ၀တ္ထုတိုဇာတ်ကွက် ရေ (၇၇၁) ပုဒ်ကို တစ်ပုဒ်မကျန် ဖတ်ခဲ့ပါသည်။ ၀တ္ထုတိုဆရာပေါင်း (၃၆၁) ယောက်၏ လက်ရာများကို နှိုင်းယှဉ်လေ့ လာမှုပြုခဲ့ပါသည်။
ထို့ကြောင့် ဤကျမ်း၏ ခေါင်းစဉ်ကို မဂ္ဂဇင်းဝတ္ထုတို 'အချို့' ဟု မယုတ်မလွန် ထိန်းသိမ်းစွာ စကားဆိုတာ သည် မှန်သော်လည်း 'မဂ္ဂဇင်း ၀တ္ထုတိုများ' ဟု ယေဘုယျ ခေါင်းစဉ်အဖြစ် လက်ခံနိုင်လောက်အောင် ကြိုးပမ်းမှုပြုထားပါသည်။
ဝတ္တုတိုအနက်ဖွင့်ချက်
ခေတ်သစ် ၀တ္ထုတိုအနက် ဖွင့်ချက် (၀ါ) ၀ိဂြိုဟ်ကို တင်ပြတော့မည်ဆိုလျှင် စာဖတ်သူကို အလွန့်အလွန် အားနာဖို့ ကောင်းသည်ဟု ဆိုချင်ပါသည်။ အကြောင်းသော်ကားကြီးကြီးကျယ်ကျုယ်၊ ထွေထွေပြားပြား၊ ခမ်းခမ်း နားနား စကားတွေနှင့် ဆွေးနွေးတင်ပြပြီးသည့်နောက် 'တိတိကျကျတော့ ပြောလို့ မရပါဘူး'ဟူ၍ ချည်းသာ အဆုံးသတ်ရလေ့ ရှိသောကြောင့် ဖြစ်ပါသည်။
ခေတ်သစ် ၀တ္ထုတို၏ ပုံသဏ္ဌာန်ကို ပထမဆုံး သတ်သတ်မှတ်မှတ် ပြောသူမှာ 'မဂ္ဂါအယ်လင်ပိုး' ဖြစ်သည် ဟု တညီတညွတ်တည်း ဆိုကြပါသည်။
သူ၏ အဆိုအရ ဆိုလျှင် ၀တ္ထုတိုတွင် တစ်ခုတည်းသော ခံစားချက်သာလျှင် ရှိသောကြောင့် ဇာတ်ဆောင်၊ ဇာတ်ကွက်၊ ကာလ၊ ဒေသ စသည်တို့ကို ထိုခံစားချက် အတွက် စုစည်းပေးရမည်ဖြစ်သည့်ပြင် (ဇာတ်ကွက် တစ်ခုတည်းဖြစ်သောကြောင့်) တစ်ထိုင်တည်းနှင့် ဖတ်လို့ပြီးနိုင်သော ပမာဏသာလျှင် ဖြစ်စေရမည်ဟု ဆိုပါသည်။ အဂ္ဂါအယ်လင်ပိုး ပြောသည်မှာ ၁၈၄၇ ခုနှစ်က ဖြစ်သည်။ ထိုနောက်တွင်ကား ၀တ္ထုတို ပုံသဏ္ဌာန် အမျိုးမျိုးဆန်းသစ်တီထွင်လာကြသည်။ ထို့ကြောင့် ၀တ္ထုတိုဆိုသည်မှာ မည်သို့သော ပုံသဏ္ဌာန်ဖြစ်သည်ဟု မည်သူမျှ တိတိကျကျ မပြောနိုင်ကြ တော့ချေ။ ထိုမျှမက ၀တ္ထုတို ၏ အတိုင်းအတာ ပမာဏ သတ်မှတ်ချက်ကိုလည်း မကန့်ကွက်နိုင်ကြ တော့ချေ။ ၀တ္ထုတိုဟု ဆိုသော်လည်း တိုချင်မှတိုမည်။ ၀တ္ထုရှည် ဟု ခေါ်ကြသော စာ၏ ပမာဏလောက် ရှည်ချင်လည်း ရှည်နေမည်။ ၀တ္ထုတိုဆိုသည်မှာ အရှည်အလျား ပမာဏကို မူတည်ပြီး သတ်မှတ်ရခြင်သာ ဖြစ်သည် စသည်အားဖြင့်လည်း ပြောဆို လာကြသည်။
အချို့ကလည်း '၀တ္ထုတိုဟု ဆိုသည့်အတိုင်း ၀တ္ထုတွင် ပါဝင်သည့် ဖြစ်စဉ်ကာလလည်း တိုတောင်းရမည်။ ၀တ္ထုရှည်တွင်မူကား ဖြစ်စဉ်ကာလတို့မှာ ရှည်လျားတတ်သည်။ သို့သော်လည်း 'ဂျိမ်းစ်ဂျွိုက်စ်'၏ 'ယူလီ ဆီးစ်' စသည့် ၀တ္ထုကြီး၏ ဖြစ်ပျက်ကာလအလျားမှာ တစ်ရက်ပင် မပြည့်၊ ၁၆ နာရီမျှသာ ကြာသော ကြောင့် ခြွင်းချက် အဖြစ် ထားပြီးပြောရခြင်း ဖြစ်ပါသည်။)
ဝတ္ထုတို သဘောကို အနက်ဖွင့်ကြရာ၌ ဤသို့ဖွင့်လိုက်လျှင် ထို ၀တ္ထုများက ကျန်နေလျက်၊ ထိုသို့ဖွင့် လိုက် ပြန်လျှင်လည်း ဤ ၀တ္ထုများက ကျန်နေတတ်သည်။ ၀တ္ထုတို ဟူသမျှအားလုံး အကျုံးဝင်နိုင်အောင် အနက်ဖွင့်လိုက်ပြန်လျှင်လည်း ရသစာပေဟူသမျှ ၀တ္ထုတိုချည်း ဖြစ်ရတော့မည်ကဲ့သို့ ရှိနေလေတော့ သည်ဟု လည်း ဆိုကြပါသည်။
ပါမောက္ခ မောရစ်ဘော်ဒင်၏ အဆိုအမိန့်ကို နောက်ဆုံး တင်ပြလိုပါသည်။ သူ၏ အလိုအရ ၀တ္ထုတိုမှာ အရွယ် မရောက်သေး၊ အတည်ငြိမ်သေး။ ဆတ်ကော့လတ်ကော့ ဘ၀သာ ရှိသေးသည်။ စမ်းသပ်နေဆဲ၊ တီထွင် နေဆဲ ကာလသာဖြစ်သည်။ ဤသို့ စမ်းသပ်တီထွင်နေခြင်းသည်ပင်လျှင် ၀တ္ထုတို၏ အသက်သွေး ကြောကြီး ဖြစ်နေသည်ဟု သူ ရွေးချယ်စီစဉ်သော '၀တ္ထုတိုပေါင်းချုပ်' (၁၉၅၃) နိဒါန်းတွင်ရေးခဲ့ပါသည်။ သူ့စာမှာ-
'စာကို လေးလေးနက်နက် ဖတ်သူများကမူ ၀တ္ထုတို၏ တိကျခိုင်လုံသော အနက်ဖွင့်ချက်ကို အငမ်မရ လိုက်ရှာ နေမိကြပေလိမ့်မည်။ ယခင်က မသိသေးလျှင်ရှိစေ။ ယခု ဤ၀တ္ထုတိုပေါင်းချုပ်ပါ ၀တ္ထုတိုများကို ဖတ်ပြီး သည်၏ နောက်တွင်မူ မရှိသော အရာကို ရှာနေမိခဲ့ပေ၏တကားဟု မုချသိလာလေအံ့'
တစ်စုံတစ်ယောက်သောသူ ပြောပြီဆိုကြပါစို့။ '၀တ္ထုတို ဆိုသည်မှာ စိတ်ကုးဖြင့် ဖန်တီးထားသော၊ တစ်ခု တည်းသော၊ ဇာတ်ချက်ချာရှိသော၊ စာလုံးရေဘယ်နှစ်ရာလောက်နှင့် ဘယ်နှစ်သောင်းလောက် အတွင်း (ကိုယ့်ကိုယ်ကိုယ် သတ်သေသူ၏ မှာတမ်းလောက်လည်းမက။ ၀တ္ထုရှည်လောက်လည်း မကျပေါ့လေ) ရှည်လျားသော၊ ဘာသော၊ ညာသော' နှင့် ပြောလိုက်လျှင် အဲဒီလူ ပြောသမျှ ဘာတစ်ခုကို တိတိကျကျ တိုင်းတာရန် ဆိုသည်မှာ တည်ငြိမ်နေမှသာ တိုင်းတာသတ်မှတ်လို့ ရနိုင်စကောင်းသည်။ ယခုသော်ကား ၀တ္ထုတိုသည် ကြည့်နေရင်းပင် ခုဖောင်းလျက်၊ ခုပိန်လိုက်၊ ခုပြားလိုက်၊ ခုလုံးလိုက်နှင့် ရှုံ့ချည်နှပ်ချည် ဖြစ်နေလေရာ အဘယ်မှာလျှင် တိတိကျကျတိုင်းတာ သတ်မှတ်နိုင်ပါမည်နည်း။ တစ်နေ့နေ့ကျလို့များ က္ကုနြေ္ဒ ကလေး ရလာပြီဆိုလျှင်တော့ အရွယ်လည်းရောက်လာပြီိ၊ အရွယ်ရောက်လာသည့် နောက်မှာ တော့ ရင့်ကျက်လာတော့မည်။ ရင့်ကျက်လာလျှင်တော့ ၀ိဂြိုလ်ဖွင့်လို့လည်း ရပြီ။ ထိုအိချိန် မတိုင်မီ မှာတော့ ၀တ္ထုတို ဆတ်စလူးသည် ကော့ကော်ကန်ကား လုပ်နေဦးမည်မှာ မုချတည်း။
ဤသည်တို့်မှာ ၀တ္ထုတိုနှင့် ပက်သက်၍ ကမ္ဘာ့စာပေတွင် တွေ့ရသော အပြောအဆိုများ ဖြစ်ပါသည်။ မြန်မာ့စာပေ တွင်လည်း ၀တ္ထုတိုသည် ကော့ကော်ကန်ကားလုပ်နေဆဲပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ လက်လှမ်းမီသော စာတစ်ပုဒ်နှစ်ပုဒ်ကို တင်ပြလိုက်ပါသည်။
ဆရာဘ၀ဆိုသည်
(တက္ကသိုလ် မောင်မောင်ကျင်)
(တက္ကသိုလ် မောင်မောင်ကျင်)
ပညာသင်နှစ်
" ဆရာ"
"ဆရာ"
"မင်္ဂလာပါ ဆရာ"
"မင်္ဂလာပါ ဆရာ"
"ဆရာ နေကောင်းရဲ့လား"
"ဘယ်သွားမလို့လဲ ဆရာ"
"ဘယ်ကပြန်လာတာလဲ ဆရာ"
"မ၀င်တော့ဘူးလား ဆရာ"
အိမ်ပေါ် ကြွပါဦး ဆရာ"
"ဆရာ လက်ဖက်ရည်၊ မုန့် သုံးဆောင်ပါဦး"
"နားမလည်တဲ့သူတွေ ဆရာအလုပ်ကို သက်သာတယ်လို့ ထင်ကြတယ်။ တကယ်တော့ ဆရာ့အလုပ်ဟာ တကယ် ပင်ပန်းတဲ့ အလုပ်ပါ ဆရာ"
"အလွှာပေါင်းစုံက လာတဲ့ ကျောင်းသားတွေနဲ့ အစဉ်ဆက်ဆံနေရတော့ တစ်ခါတစ်ရံ ဆရာတွေ တပည့် တွေအပေါ် စိတ်ဆိုးမှာပဲ၊ ဒါတွေကို မိဘတွေက သဘောပေါက်ပါတယ်"
"ဆရာဆိုတာ မိဘနဲ့ တစ်ဂိုဏ်းတည်း ဖြစ်နေတော့၊ တပည့်တွေကို သားအရင်းပမာ သဘောထား ပြီး ကောင်းစေချင်လို့ ဆုံးမတာကို ခံရမှာပေါ့။ မဟုတ်ဘူးလား ဆရာ"
"လက်ဖက်ရည်တွေ အေးကုန်ပြီ ဆရာရယ်၊ သောက်ပါဦး"
"သြော် ... ဒါနဲ့ ဆရာ၊ သားနဲ့သမီးကို ဒီနှစ်ဆရာ့ကျောင်းမှာရအောင် ကျေးဇူးပြုပြီး ကုညီပေးပါဦး ဆရာ၊ နော် ဆရာ ဟဲ ဟဲ"
"ပြန်တော့မလား ဆရာ"
"မင်္ဂလာပါ ဆရာ"
ပညာသင်နှစ်အလယ်
"ဆရာရှေ့မှာ ခါးထောက်ပြီး ရပ်တာနဲ့ ရိုင်းတယ်လို့ ဆိုရမလား ဆရာ"
"ယောက်ျားလေး ဆံပင်ရှည်ထားတာနဲ့ ကျောင်းစာထိခိုက်ရောလား ဆရာ"
"မိန်းကလေး အင်္ကျီလက်တို ၀တ်တာနဲ့ စာသင်ကြားမှုကို အနှောင့်အယှက် ဖြစ်လား ဆရာ"
"စာမေးလို့ မရတာနဲ့ အော်ငေါက်တာတော့ မတော်ဘူးလို့ ထင်ပါတယ်"
"လေ့ကျင့်ခန်းတွေ မလုပ်တာနဲ့ ခေါ်ပြီးဆူတယ်ဆိုတာတော့ မလွန်လွန်းဘူးလား"
"ခွင့်မတိုင်ဘဲ လေးငါးရက် ကျောင်းပျက်တာလေးနဲ့ မိဘကို ခေါ်ဆွေးနွေးတယ်တဲ့"
"ဆရာခေါ်တိုင်း မလာနိုင်ဘူး၊ မိဘတွေမှာ စား၊ ၀တ်နေရေး လုံးပန်းနေရသေးတယ်"
"အကြိမ်ကြိမ် ဆုံးမ မရလို့ ရိုက်နှက်ဆုံးမတယ်ဆိုတာကိုတော့ မခံနိုင်ဘူး။ သားသမီးချင်း စာနာဖို့ ကောင်းတယ်။ ဒီကိစ္စကို သက်ဆိုင်ရာတိုင်ရမယ်၊ ဟင်း ..."
ပညာသင်နှစ်အဆုံး
"ဆရာ"
"ဆရာ"
"အိမ်ထဲကို ၀င်ခွင့်ပြုပါ ဆရာ"
"ဆရာ့ဆီ လာရတာကတော့ တခြားမဟုတ်ပါဘူး။ ဆရာ့အပေါ်မှာ အထင်မှား၊ အမြင်မှား ဖြစ်ခဲ့တာတွေ၊ ဆရာ့စေတနာကို အထင်လွဲပြီး စော်ကားမိခဲ့တာတွေကို ၀န်ချတောင်းပန်ချင်လို့ပါ ဆရာ"
"ကဲ..ကဲ ကံသုံးပါး နဲ့ ပြစ်မှားမိသမျှ ခွင့်လွှတ်ပါဆရာလို့ ပါးစပ်ကဆိုပြီး ၀န်ချကန်တော့ကြ"
"ဒီပစ္စည်း ကလေးတွေကိုတော့ သားနဲ့သမီးကို ခွင့်လွှတ်တဲ့အနေနဲ့ လက်ခံပါ့ဆရာ"
"သြော် ... ဒါနဲ့ ဆရာ သားနဲ့သမီးက ဆရာ့ဘာသာ ဖြေရတာ သိပ်အားမရဘူးလို့ ပြောတယ်။ တစ်ဆိတ် ကျေးဇူး ပြုပြီး အဆင်ပြေအောင် ကြည့်လုပ်ပေးပါဦးဆရာရယ်၊ နော် ဆရာ ..... ဟဲ ဟဲ"
"ပြန်ခွင့်ပြုပါဦး ဆရာ"
"မင်္ဂလာပါ ဆရာ"
ကြေးမုံ သတင်းစာ
(၁၃-၆-၁၉၇၄)
(၁၃-၆-၁၉၇၄)
အထက်ပါ စာပုဒ်တွင်ကား ဇာတ်ဆောင်တွေ မည်သူမည်ဝါတွေ ဖြစ်ကြောင်းကို လုံးဝ မသိရတော့။ ဇာတ်ဆောင် ဘယ်နှစ်ယောက်ပါသည်ကိုလည်း တိတိကျကျ မသိရတော့။ ဇာတ်ဆောင်များအနက်တွင် 'ဆရာ' တစ်ယောက်ပါနေကြောင်းကိုတော့ အထင်အရှား သိရသည်။ သို့်သော် သူ၏အသံကိုတော့ လုံးဝ မကြားလိုက်ရ။ စာရေးသူ (၀တ္ထုဆရာ) ၏ အသံကိုလည်း မကြားလိုက်ရ။ မောင်မောင်ကျင်၏ 'ဆရာဘ၀ ဆိုသည်မှာ' တွင် ၀တ္ထုဆရာ၏ အသံကို ရှာကြည့်လိုက်မည်ဆိုပါက 'ပညာသင်နှစ်အစ၊ ပညာသင်နှစ်အ လယ်၊ ပညာသင်နှစ်အဆုံး' ဆိုသည့်စကားသုံးခွန်းကိုသာ 'ပြောသူအသံ'ဟု ယိုးစွပ်နိုင်စရာအကြောင်း ရှိပါ သည်။
သို့သော် ဤ၀တ္ထုတွင်လည်း ဇာတ်လမ်းလေး (ခပ်ပါးပါမျှဖြစ်စေ) ပါနေသည်မှာကား အမှန်ဖြစ်သည်။ (သရော်ဇာတ်လမ်းကလေး တစ်ပုဒ်ဖြစ်ကြောင်းလည်း သိသာပါသည်။) ဇာတ်ဆောင်လည်း ပါသည်။ ရေးသူ၏ အမြင်အာဘော်လည်း ပါသည်။ ရည်ရွယ်ချုက်နှင့် စေတနာကိုလည်း ထင်ရှားစွာ တွေ့နိုင်သည်။ ရသကိုလည်း ပေးသည်။ ရှေ့ဘာဖြစ်ဦးမည်လဲ ဆိုသည်ကို သိလိုသည့် ဇောကိုလည်း ဖြစ်စေသည်။
တက္ကသိုလ်မောင်မောင်ကျင် ၏ စာမှာထက် (၂) လ တိတိ စောနေကြောင်းကို သတိပြုမိပါသည်။ မောင်မောင်ကျင် ကိုမူကား မည့်သည့်ပုဂ္ဂိုဂ် ဟု မသိသောကြောင့် မမေးနိုင်ခဲ့ပါ။ အကယ်၍ မေးခွင့်ကြုံသော ကြောင့် မေးမြန်းကြည့်လိုက် လျှင်လည်း ဖြေနည်းမျိုးသာ ဖြစ်လိမ့်မည်ဟု ထင်မိပါသည်။
ကျမ်းပြုသူ ၏ သဘောအရဆိုလျှင် အထက်ပါစာလုံးကို ၀တ္ထုတို စာရင်းတွင် သွင်းသင့်သည်ဟု ယူဆမိပါ သည်။
အချုပ်ကိုဆိုရလျှင် မြန်မာစာပေလောကတွင်လည်း ၀တ္ထုတိုများမှာ (ပါမောက္ခမောရစ်ဘော်ဒင် ပြောသကဲ့ သို့ပင်) ကော့ကော်ကန်ကား ပြုလုပ်နေဆဲ ဖြစ်သောကြောင့် 'အနက်ဖွင့်ချက်' ကို တိတိကျကျတင်ပြရန် ခက်ခဲလှပါသည်။ သို့သော် ယခုလေ့လာ တင်ပြထားသည့် ၁၉၇၁ ခု၊ မဂ္ဂဇင်းဝတ္ထုတိုများ၏ ယေဘုယျ ပုံသဏ္ဌာန် သဘောကို အနက်ဖွင့်ပါဟု ဆိုလျှင်ကား ...
'၀တ္ထုတို ဆိုသည်မှာ ဇာတ်ဆောင်တို့၏ စရိုက်ဖြစ်စဉ်များကို တင်ပြခြင်းအားဖြင့် စာဖတ်သူတွင် တစ်စုံ တစ်ခုသော ခံစားမှု ပေါ်လာအောင် စာလုံးရေ ၁၀၀၀ မှ ၈၀၀၀ အတွင်း စိတ်ကူးဖြင့် ရေးထားသော စကားပြေ အဖွဲ့တစ်ခု ဖြစ်သည်'
ဟု ဆိုရပါမည်။ သို့လျက်နှင့်ပင် သေချာ စူးစမ်းကြည့်လိုက်လျှင် ဤအနက် ဖွင့်ချက်တွင် မ၀င်သော ၀တ္ထု တစ်ပုဒ်စ၊ နှစ်ပုဒ်စ တွေ့ကောင်း တွေ့နိုင်ပါသေးသည်။
လွန်ခဲ့သော ၁၃ နှစ်ခန့်က ကျွန်တော် ရေးခဲ့သော '၀တ္ထုတိုဆိုသည်မှာ' ဖြစ်ပါသည်။
စာဖတ်သူ ဒီကနေ့ ၀တ္ထုတိုတွေကို တွေ့နေပါပြီ။ မည်သည့် ပြင်ဆင်ချက်မျိုး၊ မည်သည့်ဖြည့်စွက်ချက်မျိုး ပြုလုပ်လိုသည်ကို ဆက်လက် ဆင်ခြင်ကြရန် ဖြစ်ပါသည်။
သင့်နိုးရာရာ ကဏ္ဍများကို ဆက်လက် တင်ပြရန်ရည်ရွယ်ထားပါသည်။
စွယ်တော်မဂ္ဂဇင်း
စာရေးသူ - အောင်သင်း
.
3 comments:
အင်း..
မမရွှေစင် စိတ်ဝင်စားစရာပဲ။
ဝတ္ထုတို နဲ့  ဝတ္ထုရှည်နဲ့ ကွာတာက ကဗျာအဖွဲ့ နဲ့ 
စာအဖွဲ့ နဲ့  ကွာသလိုပဲ လို့ ထင်ပါတယ်။
ကဗျာအဖွဲ့ က ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ညှစ်ပြီး
ရေးရတာ၊ စာအဖွဲ့ တွေကျတော့  ကွင်းပြင်ကျယ်
ဟင်းလင်းပြင်ကြီးထဲမှာ ဖွင့်ရေးရတာလို့ ထင်တာပဲ။
အထင်ကိုပြောတာပါ။ စိုက်ထုပ်ရမဲ့  အားပမာဏက
အတူတူပဲထင်တယ်။
ကျောင်းဆရာ ဝတ္ထုတိုလေးကနေ ပညာအများကြီးရလိုက်တယ်ဗျာ..။
မမရေ အစဉ်သဖြင့် လက်ရာမွန်စာပေ လေးတွေ တင်ပေးလို့ ကျေးဇူးပါလို့.....
ကောင်းသောနေ့လေးဖြစ်ပါစေမမ။
အဲဒီလို တင်ပြပုံ ခပ်ဆန်းဆန်းလေးတွေကိုပဲ သဘောကျတယ်။ ဒီလိုပါ ဒီလို ဖြစ်တာပါ ဆိုပြီး ရှည်ရှည်ဝေးဝေး ရှင်းပြနေတာထက် . . စာဖတ်သူကို သူ့ဖာသာ တွေးစေတဲ့ စာမျိုးကို ပိုကြိုက်တယ်။
Post a Comment