တွင်းကြီးထဲသို့ မိခင်နှင့် ဘခင်လူဝံမောင်နှံကို ဖြေးညှင်းစွာချလိုက်ကြသည်၊ အနားမှာ ရနိုင်သမျှသော သစ်ကိုင်း ချောက်တွေ မြေကြီးခဲတွေ ကျောက်တုံးတွေကို နှစ်ယောက်သား မနားမနေသယ်ယူ ခါ ကျင်းကို ဖို့ကြသည်။ အတော်အသင့်လုံလုံခြုံခြုံရှိသွားသောအခါ...
“ကဲ ပြန်ကြစို့၊ နင် ဘယ်မှာနေလဲ၊ တယောက်ထဲ မပြန်ဝန့်ရင် ငါလိုက်ပို့ပေးမယ်”
ကျေးဇူးရှင် လူဝံကြီးမောင်နှံကို အဆုံးစွန်စွန့်ပြစ်ခဲ့ရတော့မည်ဖြစ်သောအခါ ရင်ထဲက အသည်း နှလုံးတို့ ကြွေပြုန်းလှုံမျှ စိတ်ထိခိုက်စွာ မြေကျင်းကို ဦးခေါင်းဆိုက်ငိုကြွေးနေသော ညာမေတင်၏ပခုံး ကို ကိုင်ပြီး ထိုလူက မေးသည်။
“နင်နဲ့ ငါ နှစ်ယောက်လုံးသွားကြမယ်၊ ဟိုသတ္တ၀ါတွေ နောက်တစ်ခါပြနလာကြရင် နင့်အဖေ နဲ့ အမေ သေသလို နင်နဲ့ငါ သေနေကြလိမ့်မယ်၊ သူတို့လက်ထဲမှာ ဟိုမိုးပေါ်က အသံကြီးမျိုးမြည်တဲ့ဟာ ကြီးတွေ ရှိနေတယ်၊ နင့်အဖေနဲ့ အမေကို ကြည့်ပါလား၊ ကြောက်စရာ အပေါက်ကြီးတွေဖြစ်နေတာ လေ”
ထိုလူ က ဆက်ပြောသည်။
ညာမေတင်က ဦးခေါင်းငြိမ့်ပြသည်၊ လက်ဖမိုးဖြင့် မျက်ရည်တွေကို သုတ်လိုက်ပြီး သူတို့မိသား စု ပျော်ပျော် ရွှင်ရွှင် လာခဲ့သည့်လမ်းကို ပြန်ကြည့်လိုက်သည်။ ထိုသို့ကြည့်လိုက်ခါမှ မျက်ရည်တွေက တားမနိုင် ဆီးမရ ကျလာပြန်သည်။ မကြာသေးမှီအချိန်ကပင် မိသားစုသုံးယောက် ပျော်ပျော်ရွှင်ရွှင်လာ ခဲ့ကြပြီး ယခုမူ သူတယောက် ထဲပြန်ရတော့မည်။
ညာမေတင်သည် သူ့မိဘလူဝံကြီးမောင်နှံကို သတ်သွားသည့် သတ္တ၀ါလေးကောင်ကို နာ ကျည်းလှစွာဖြင့် အံကြိတ် လိုက်၏။
“ပြန်ကြစို့”
မိတ်ဆွေလူက ပြောသောအခါ ညာမေတင်သည် ဘာမှပြန်မပြောနိုင်အောင်ပင် ရင်ထဲမှာ ဆို့ ကြပ်ကြေကွဲစွာဖြင့် ကျေးဇူးရှင်လူဝံကြီးမောင်နှံထံမှ ရရှိလိုက်သော ရန်သူ၏ပစ္စည်းအထုပ်လေးကို ပိုက် ခါ ဦးခေါင်း ငိုက်စိုက်ဖြင့် ငိုကြွေးရင်းထွက်ခွာလာခဲ့သည်။ မိတ်ဆွေလူက သူ့နောက်ကလိုက်လာသည်။
အသိုက်ရှိရာ သစ်ပင်ကြီးသို့ရောက်သောအခါမှ ညာမေတင်သည် ရင်ပွင့်လုအောင်ပင် ပူဆွေး ရှာတော့ သည်။
မိခင်နှင့် ဘခင်လူဝံကြီးတို့ အစာရှာရာမှ ပြန်လာသည့်အခါ ညာမေတင်ကို မတွေ့လျှင် မိခင် လူဝံကြီးက ကြေကြေ ကွဲကွဲ အော်ဟစ်ခေါ်သည့်အသံအတိုင်း ညာမေတင်သည် လူဝံကြီးမောင်နှံကို ကြေကြေကွဲကွဲ အော်ဟစ် တမ်းတလိုက်သည်။ သူ့နောက်ကလိုက်လာသော မိတ်ဆွေလူပင် ညာမေတင်၏ပူဆွေးမှုကို ကြည့်ပြီး မျက်ရည်ကျသည်။
ညာမေတင်သည် နှုတ်မှပူဆွေးစွာ အော်ဟစ်ရင်း အသိုက်ပေါ်ကို မော့ကြည့်လိုက်၊ သူ ပုန်းနေ ကြ သစ်ပင်ကြီး ရှိနေရာကို ပြေးကြည့်လိုက်၊ သူ့ကို ရုတ်တရက် မတွေ့သည့်အခါ မိခင်နှင့် ဘခင်လူဝံ ကြီးတို့ ထိုင်မှိုင် နေသည့်နေရာကို ကြည့်လိုက်ဖြင့် အရူးပမာဖြစ်နေရှာသည်။
“အဖေနဲ့ အမေအသိုက်ကို ပြန်ရောက်လာပြီ၊ အဖေနဲ့ အမေ ငါ့ဆီကိုပြန်လာခဲ့ပါတော့၊ ငါ တယောက်ထဲ အသိုက် ထဲမှာ နေရတော့မှာလား၊ ငါ စောင့်နေတယ်၊ ပြန်ခဲ့ကြပါတော့ အဖေနဲ့ အမေရဲ့”
ညာမေတင်သည် စိတ်ရှိ လက်ရှိအော်ဟစ်ငိုကြွေးရင်း စိတ်ထိခိုက်လှသဖြင့် အသံသည် နစ်ဝင် သွားခါ သတိလစ်ပြီး မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ်ပုံလျက်လဲသွားရှာတော့သည်။
အေးမြသောရေစက်များ မျက်နှာပေါ်သို့ တဖွားဖွားကျလာသော ထိတွေ့မှု၊ စူးစူးယှယှမွေးကြိုင် သော အနံ့ က နှာခေါင်းထဲသို့ စူးဝင်လာသည့်အနံ့ကြောင့် ညာမေတင်သည် သတိပြန်လည်လာခါ မျက် လုံးကို ဖွင့်ကြည့် လိုက်သည်။
ညာမေတင်သည် ဂူတခုထဲတွင် ရောက်နေသည်။ ဂူထဲမှာရှိသော ကျောက်ပြားကြီးတချပ်ပေါ် မှာ လဲလျောင်း လျက်ရှိနေသည်။ ကျောက်ပြားကြီးကို နူးညံ့သောအမွေးရှည်များရှိသည့် သားရေတချပ် ဖြင့် ခင်းထား သဖြင့် ညာမေတင်သည် နွေးထွေးသက်သာစွာ ရှိနေသည်။ ဂူအ၀မှာရှိနေသော မီးပုံတခု မှ အလင်းရောင် ကြောင့် သူရောက်နေသော နေရာကို၎င်း၊ သူ့ဘေးမှာထိုင်နေသော မိတ်ဆွေလူကို၎င်း ကောင်းစွာ မြင်ရသည်။
ညာမေတင်က လဲလျောင်းနေရာက ထထိုင်လိုက်၏။
“ငါ ဘယ်လို ရောက်နေတာလဲဟင်၊ ငါ့အဖေ အမေနဲ့ နေတဲ့အသိုက် မဟုတ်ဘူး၊ အို... အို.... ငါ့အဖေနဲ့ အမေ”
ညာမေတင် သည် မေးမြန်းပြောဆိုရင်း မျက်ရည်တွေသည် ဆီးတားမနိုင် ဖြိုင်ဖြိုင်ကျလာ ပြန် တော့သည်။
မိတ်ဆွေ လူက ဖြေ၏။
“ဟို... နင့်အဖေနဲ့ အမေနေတဲ့အသိုက်ရှိရာ သစ်ပင်ကြီးကိုရောက်တော့ နင်ငိုတယ်လေ၊ နောက်တော့ နင်ငိုရင်း ငါခေါ်လို့ မထူးတော့ဘူး၊ နင် စကားမပြောနိုင်တော့ဘူး၊ အဲဒီနေရာမှာ ကြာ ကြာထားရင် နင့်အဖေ နဲ့ အမေကို ခေါ်ပြီး ငိုနေရင်းနဲ့ နင်သေသွားမှာပေါ့၊ ဒါကြောင့် နင့်ကို ငါ ဟောဒီ ပေါ် တင်ယူလာခဲ့တယ်”
မိတ်ဆွေလူက သူ့ပခုန်းကို လက်ဖြင့် ပုတ်ပြရင်း ပြောသည်။
“အခု ဒီနေရာက နင့်နေရာလား”
ညာမေတင်က မျက်ရည်တွေကို လက်ခုံဖြင့် သုတ်ရင်း ရှိုက်ရင်းမေးသည်။
“အေး... ငါ့နေရာ၊ ငါနေတာက ဟောဟိုသစ်ပင်အမြင့်ကြီးပေါ်မှာ နင်တို့လိုဘဲ နေတယ်၊ ဒါပေ မဲ့ အဲဒီအသိုက်ပေါ်ကို ခေါ်သွားရင် နင့်အဖေနဲ့ အမေကို နင်အော်ခေါ်အုံးမှာဘဲ၊ ဒါကြောင့် အသိုက်ပေါ် ကို မခေါ်ဘဲ ဒီနေရာကို ခေါ်လာတာ၊ ဒီနေရာလဲ ငါ တခါတလေ နေတတ်တာဘဲ”
သစ်ပင်မြင့်ကြီးအထက်က အသိုက်ပေါ်ကို တင်လိုက်လျှင် ညာမေတင်အဘို့ မိခင် ဘခင်လူဝံ ကြီးတွေကို ပိုပြီးသတိရ လွမ်းဆွတ်အုံးမည်၊ ထိုကြောင့် အသိုက်ပေါ်ကိုမတင်ဘဲ ဤဂူထဲမှာ ထားသည် ဟူသောသဘောမျိုးကို မိတ်ဆွေလူက သူပြောတတ်သလို ပြောပြသည်။
“ငါ့အဖေ အမေနဲ့ နေခဲ့တဲ့နေရာနဲ့ အဝေးကြီးလား”
“အေး ဝေးတယ်၊ နင့်ကို ငါယူလာတဲ့အချိန်က ကောင်းကင်မှာနေလုံးကြီးရှိသေးတယ်၊ နေလုံး ကြီး ပျောက်သွားပြီး အမှောင်ရောက်လာပြီးမှ တော်တော်ကြာမှ ဒီနေရာကိုရောက်လာတာ၊ ဒီကို ရောက်လာတော့ နင်စကားပြန်ပြောနိုင်အောင် ငါလေ နင့်မျက်နှာကို ရေနဲနဲလောင်းပေတယ်၊ နောက် ပြီး ဟိုသစ်ပင် တွေပေါ်မှာ ပွင့်တတ်တဲ့ ပန်းမျိုးကို ခူးပြီး နင့်နှာခေါင်းနားမှာ ထားပေးတယ်။ နင်အခု စ ကား ပြောလာနိုင်ပြီ၊ ဟောဒီမှာ နင်ဆာရင် စားဘို့ ငါရှာထားပြီးသား အစာတွေရှိတယ်၊ ရော့ စားလိုက် အုံး၊ ငိုချင်ရင် စားပြီးမှငို၊ နင့်ဗိုက်ထဲမှာ ဘာမှအစာမရှိဘဲ ငိုနေရင် စကားမပြောနိုင်တော့ဘဲ ဖြစ်သွား အုံးမယ်”
မိတ်ဆွေလူက စကားအလျှင်မပြတ်ပြောရင်း သူ အဆင်သင့်ထားရှိသော သစ်သီးတွေ ပျားသ လက်တွေကို ပြသည်။ မိတ်ဆွေလူ ပြောသည်ကို မျက်ရည်သုတ်ရင်း နားထောင်နေသော ညာမေတင် က တစုံတခုကို သတိရသလို အရေးတကြီးဖြင့်...
“ဟဲ့.... ငါ့အဖေ ပေးသွားတဲ့ ဟိုသတ္တ၀ါတွေဆီက ရလိုက်တဲ့ ဟာတွေရော”
ဟုမေးလိုက်သည်။
“ငါ ယူလာခဲ့ပါတယ်ဟယ်၊ ဟောဒီမှာ”
မိတ်ဆွေလူက ပြောပြီး ကျောက်ပြားကြီးခေါင်းရင်းဘက်မှာ ထားသော အထုပ်လေးကို ယူပေး လိုက်သည်။ ထိုနော်က ဆက်ပြောလိုက်၏။
“ဒီလက်ချောင်းလေး နှစ်ခုက ငါ့တို့လက်မျိုးဘဲ၊ သူက ဟောဒီဘက်က ဟောဒီနေရာကနော်”
ဘက်ဘက် လက်သူကြွယ်နှင့် လက်သန်းနေရာကို ပြလိုက်သည်။ ညာမေတင်က ဦးခေါင်းငြိမ့် လိုက်ပြီး ပြောသည်။
“နက်ဖန် ဒီလက်ချောင်းကို နေပူထဲမှာ ထားရအောင်၊ ဒါမှ ကြာကြာထားလို့ ရမှာ”
“ကဲပါ ရော့ စားလိုက်အုံး၊ နောက်ပြီး အိပ်ကြစို့၊ ဟောဟို မိုးပေါ်ကလက်နေတဲ့ ကြယ်ကြီး တောင် ဟော ဟိုဘက် ကို ရောက်သွားပြီ”
ညာမေတင် နောက်ထပ်ငိုအုံးမည် စိုးသောစိတ်ဖြင့် မိတ်ဆွေလူက ပြောကာ ညာမေတင်ကို အစာတွေကျွေးသည်။ ထိုနောက် ကျယ်ဝန်းကြီးမားသော ကျောက်ပြားကြီး၏တဖက်ဘေးတွင် မိတ် ဆွေလူသည် လဲလျောင်းအိပ်စက်လိုက်သည်။
မိတ်ဆွေလူက အိပ်ပျော်သွားသော်လဲ ညာမေတင်ကား မအိပ်နိုင်ရှာချေ။ သူ့မိခင် ဘခင်လူဝံ ကြီးတွေကို မြင်ယောင်ကာ လွမ်းဆွတ်ပူဆွေးစွာဖြင့် မျက်ရည်ကျရင်း မိုးစင်စင်လင်းလာခဲ့တော့သည်။
မိတ်ဆွလူ ကလဲ အိပ်ယာကို စောစောနိုးလာသည်။ ညာမေတင် ငိုမည်စိုးသောကြောင့်
“ဟေ့ နင် နိုးလာပြီလား၊ လာ ဒို့ ဟောဟို ရေအိုင်လေးဆီသွားရအောင်၊ နင့်မျက်နှာကိုရော နင့်ကိုယ်ကိုရော ရေဆေး လိုက်၊ ငါ့ဆီမှာ အမွေးလှလှနဲ့ တောကောင်တွေရဲ့ သားရေတွေရှိတယ်”
ပြောပြောဆိုဆို နှင့် ညာမေတင်ကို လက်ဆွဲကာ ရေအိုင်လေးရှိရာသို့ခေါ်သွားသည်။
မွေးကြိုင် လှပသော ပန်းပင်တွေ ပတ်ဝိုင်းပေါက်ရောက်နေပြီး ကြည်လင်အေးမြသော စမ်းရေအိုင်လေးသည် ပန်း ချီဆွဲထားသည့်နှယ် သာယာလှပပါဘိသည်။ စမ်းရေအိုင်လေးကို ရောက်သောအခါမှ သူ့ကို ပထမဦး ဆုံး အသိုက်ပေါ်က ခေါ်ချကာ စမ်းချောင်းလေးမှာ ရေချိုးခိုင်းခဲ့သော မိခင်လူဝံကြီးနှင့် ဘခင်လူဝံကြီး ကို ပိုပြီး သတိရလာပြန်တော့သည်။ လူဝံကြီးမောင်နှံကို တမ်းတ လွမ်းဆွေးစွာဖြင့် ညာမေတင်သည် နှုတ်မှတတွတ်တွတ်ပြောရင်း ငိုရင်းဖြင့်ပင် မျက်နှာသစ်ပြီးသွား ရေချိုးပြီး သွားသည်။
ညာမေတင် ရေချိုးနေစဉ်မှာ မိတ်ဆွေလူသည် ညာမေတင် ရေချိုးနေသည်ကို စောင့်ကြည့်နေ ခြင်း မပြုဘဲ ပျောက်နေသည်။ ညာမေတင် ရေချိုးပြီး၍ သူ ၀တ်ထားရင်းစွဲ ၀က်ဝံရေကို ပြန်ဝတ်နေ သောအခါမှ မိတ်ဆွေ လူက ရောက်လာသည်။ သူ့လက်ထဲတွင် လှပနူးညံ၍ရှည်လျားသော အမွေးများ ရှိသည့် သားရေ တချပ်ပါလာသည်။ သားရေက ပြော့ပြောင်းသည်။ ညာမေတင်ကို ၀တ်ရုံရန်ပေးပြီး ညာမေတင်နှင့်အတူ စမ်းအိုင် ဘေးနားမှာ ရှိသော ကျောက်တုံးကြီးပေါ်မှာ နှစ်ယောက်အတူ ထိုင်လိုက် ကြသည်။
“ဟေ့ ဒီမှာ နင်က ဘယ်လိုကြောင့် လူဝံကြီးတွေဆီရောက်နေတာလဲ၊ နင်က လူအစစ်နော်၊ လူ ၀ံကြီးတွေက မွေးထား တာတော့ မဟုတ်ပါဘူး၊ ငါ့ကို ပြောပြစမ်း”
မိတ်ဆွေလူက မေးသည်။
ညာမေတင်သည် မေ့ပျောက်နေသလိုဖြစ်နေသော သူ့ဘ၀ကိုပြန်တွေးလိုက်သည်။ မှုံမှုံမှေးမှေး ရေးရေးမျှပင် မနည်း စဉ်းစားယူရသည်။ သူ ပြောတတ်သရွေ့ စကားဖြင့် အမြီးအမောက်မတဲ့ တောင်တ ခွန်း မြောက်တခွန်း ပြောပြနေသည်။ ပြောနေသည့်စကားတွေကလဲ သူ့စိတ်ထဲမှတ်မိနေသည်။ ပြောနေ သည့် စကားတွေကလဲ သူ့စိတ်ထဲမှတ်မိသရွေ့ကိုသာ ပြောနိုင်ရှာတော့သည်။ ပြောရင်းပင် လူဝံကြီး မောင်နှံ ကို လွမ်းဆွတ်တသစွာဖြင့် မျက်ရည်ကျမိပြန်သည်။
“အေးဟယ် နင့်အဖြစ်ကလဲ တမျိုး၊ ငါ့အဖြစ်ကလဲ တမျိုးပေါ့”
ညာမေတင် စကားဆုံးသောအခါ မိတ်ဆွေလူက ပြောသည်။
“နင်ကရော ငါ့လိုလဲ ဖြစ်လာတာဘဲလား”
ညာမေတင်က မေးသည်။
“မဟုတ်ဘူး၊ ငါကတော့ ကောင်းကောင်းမှတ်မိခဲ့တယ်၊ နင့်လိုမဟုတ်ဘူး”
“ပြောပြပါလားဟယ်”
“အေးလေ ဟို ငါ့အဖေ အမေတွေနဲ့ လာခဲ့ကြတာ ငါလေပျော်လိုက်တာ”
ထိုလူက စကားအစပျိုးလိုက်သည်။ သူပြောသည့် သူ့အကြောင်းက ညာမေတင်လို မရေအရာ တော့ မဟုတ်၊ သို့သော် ခြေရာပျောက်နေသည့်အကြောင်းဖြစ်သည်။
ထိုအချိန်က ခင်မောင်အေး၏အသက်သည် ခြောက်နှစ်သားရှိနေပေပြီ၊ သူ့မိဘများနှင့် လူအ ချို့သည် စားသောက်စရာတွေ ပစ္စည်းတွေ အများကြီးယူကာ ရေတသွင်သွင်စီးနေသော တောင်ကျ ချောင်းကြီး တခုဘေးတွင် တောထဲက ၀ါးပင်တွေခုတ်ကာ အိမ်ဆောက်နေကြသည်၊ သူတို့သည် တောင်ကြီးတခုစောင်းမှာ မြေကြီးတွေကို နေ့တိုင်းတူးနေကြသည်။ တနေ့တွင် လူတွေအများကြီး ရောက်လာ ကြသည်။
ထိုအချိန်မှာ ခင်မောင်အေးသည် တောင်ကျချောင်းဘေးက ကျောက်တုံးတွေပေါ်မှာ တ ယောက်ထဲ ပျော်ရွှင်စွာ ကစားနေသည်။ အချိန်က ညနေစောင်းနေပြီဖြစ်၍ သူ့မိဘများနှင့်အပေါင်းအ ဖော်များနေသည့် တဲစုတွင် ချက်ပြုတ်နေကြသည့် မီးခိုးတွေသည် သစ်ပင်တွေထက်မှာ ပြာပြာမှိုင်းမှိုင်း ဖြင့် တလူလူလွင့်နေသည်။ ခင်မောင်အေး ကစားနေသည့်နေရာနှင့် တဲစုသည် အတန်ငယ်လှမ်းသည်။ သို့သော် အနေကြာပြီ ဖြစ်သောကြောင့် ဘေးရန် တစုံတရာမှာမရှိသည့်အတွက် ခင်မောင်အေးက ကြောက်လန့်ခြင်းမရှိဘဲ စိတ်အေးလက်အေး ကစားနေသည်။
ထမင်းဟင်း ချက်ပြုပ်ပြီး၍ စားချိန်တန်လျှင် ခင်မောင်အေး၏ မိဘတွေက ခင်မောင်အေးကို ထမင်း စားရန် အသံကုန်ဟစ်အော်မြဲဖြစ်သည်။
လူတွေအများကြီးရောက်လာသည့် ထိုနေ့တွင်မူ ခင်မောင်အေးသည် ထိုလူစု သူ့မိတွေရှိနေရာ တဲအိမ်ဆီကိုသွားကြသည်ကို ကစားရင်း လှမ်းမြင်လိုက်သည်၊ သို့သော် သူ့ဂရုမိစုက်မိ၊ တဲအိမ်တွေဆီက ဆူဆူညံညံ အသံတွေကို ကြားရသော်လဲ ခင်မောင်အေးသည် ခလေးမျှသာ ဖြစ်သောကြောင့် ဘာဖြစ်သည်ကိုမတွေး၊ ထမင်းစားချိန်တန်လျှင် သူ့မိဘတွေ အော်ခေါ်မည့်အသံကို နားစွင့်ရင်း ကစားမြဲကစားနေခဲ့သည်
သို့သော် နေ၀င်သွားပြီး မှောင်စပျိုးလာသည့် အချိန်ရောက်သည့်တိုင်အောင် သူ့မိဘတွေက အော်ခေါ် သည့် အသံကို မကြားရသေးချေ၊ ခင်မောင်အေး ထမင်းတော်တော်ပင် ဆာလာသည်၊ ထို့ကြောင့် ကစား နေသည့် ချောင်းကမ်းပါးမှ တဲအိမ်စုရှိရာသို့ ပြန်လာခဲ့သည်။
တဲအိမ်စု တခုလုံးကား တိတ်ဆိတ်နေချေသည်၊ မီးရောင်လဲမတွေ့၊ လှုပ်လှုပ်ရှားရှားလဲမရှိ။
'အမေ…အဖေ'
ခင်မောင်အေးက အသံပြုရင်း သူ့မိဘတွေနှင့် သူနေထိုင်ရာ တဲထဲကို ၀င်လိုက်သည်။
'အောင်မယ်လေး'
ခင်မောင်အေးသည် ထိတ်လန့်စွာ အော်လိုက်မိသည်၊ တဲထဲတွင်ကား သူ့မိဘနှစ်ဦးလုံးနှင့် အခြား သူမသိသော လူတယောက်သည် သွေးသံရဲရဲ့ဖြင့် ကြောက်မက်ဘွယ်သေနေကြသည်၊ ခင်မောင်အေးသည် သူက မိဘတွေ တဲထဲမှ ပြန်ထွက်ပြေးလာခဲ့ပြီး မိဘတွေ၏ အပေါင်းအဖော်များ တဲတွင်းသို့ အားကိုးတကြီး အော်ဟစ်ပြီး ၀င်ခဲ့ပြန်သည်၊ သို့သော် သူတို့နှင့်အတူ လာခဲ့ကြသည့် လူတွေအားလုံးကား တယောက်မှ အသက် ရှင်လျက် မတွေ့ရတော့ချေ။
ထိုအခိုက် တဲအပြင်ဘက် သစ်ပင်တပင်အောက် မှောင်ရိပ်ဆီမှ သူ့နာမည်ကို အသံသဲ့သဲ့ဖြင့် ခေါ်သံကို ခင်မောင်အေး ကြားရသည်။ ခင်မောင်အေးသည် အသံကြားရာဆီသိုက စိတ်အားထက်သန်စွာ ပြေးလာ ခဲ့သည်၊ သူ့ကို ခေါ်နေသူကား သူ့မိခင်၏ အစ်ကိုကြီး
'ဘကြီးဘာဖြစ်လို့လဲဟင်'
သစ်ပင်အောက်မှာ သွေးသံရဲရဲဖြင့် လဲနေသော သူ့ဘကြီးသည်
'လူဆိုးတွေ လက်ချက်ဦးသွားတယ်၊ တို့ပစ္စည်းတွေ အားလုံးပါသွားပြီ'
ဤစကားတခွန်းကိုသာ ဘာလုပ်ရတော့မည်ကို မသိတော့ချေ၊ သွေးရဲရဲဖြင့် ပြန့်ကြဲနေသော အလောင်းတွေဖြင့် ခလေးမျှသာ ဖြစ်သောသူသည် အကာလ ညအချိန်မှာ အတူနေနေသော သတ္တိ မရှိရှာချေ၊ တောထဲတောင်ထဲမှာ ပြင်းထန်စွာ တိုက်ခတ်လာသော လေသံသည်၎င်း ညအချိန်မှာ မြူးကြ သည့် သားရဲတွေ တောကောင်တွေ၏ အသံသည်၎င်း၊ ယခင်က မကြောက်ခဲ့သော်လဲ ယခုမူ အသက် မရှူဝန့်အောင်ပင် ကြောက်ရွံ့လာသည်။
ယခင်ကမူ မိဘတွေကလဲ ရှိသည်၊ လူတွေကလဲ များသည် ညအချိန်မှာ တကောက်တလှည့် စောင့်ခြင်း၊ မီးပုံကြီးများ ဖိုထားခြင်း၊ ၀ါးလုံးကြီးများကို ရိုက်နက် ချောက်လှန့်ခြင်းတို့ကို ကြားနေမြင်နေရသော ခင်မောင်အေးသည် ပျော်ပင်ပျော်ခဲ့သေးသည်၊ ယခုမူ သွေးရဲရဲဖြင့် ပြန့်ကြဲသေနေကြသော အသေကောင် တွေဖြင့် မှောင်မှောင်မဲမဲထဲမှာ ခလေးပြီပြီ တစ္ဆေသူရဲ ကြောက်သော စိတ်ကလဲ ၀င်လာသည်။
ထိုအခိုက်မှာ သွေးညှီနံ့ကို ရလာကြဟန်တူသော တောကောင်အချို့သည် မှောင်ထဲမှာ ၀င်းပြောင်သော မျက်လုံးကြီးများ မို့မို့မဲမဲ ကိုယ်ခန္ဓာတို့ဖြင့် တဲအိမ်ထဲသို့ ရဲတင်းစွာ ချည်းကပ်ဝင်လာကြလေပြီ။
ခင်မောင်အေးသည် မည်သည့်နည်းနှင့်မှ ဆက်လက်မနေ၀န့်တော့ချေ၊ ချည်းကပ်လာသော တောကောင်ကြီး များသည် သူ့ကို ပါ ရန်မူတော့မည်ကို အလိုလိုသိသော အသိစိတ်ဖြင့် တဲအိမ်စုဆီမှ ခြေဦးတည့်ရာ သို့ တရှိန်ထိုး ထွက်ပြေးလာခဲ့လေတော့သည်။
'ဒါနဲ့ နင်ဒီနေရာကို ရောက်လာရောလား'
သူ့အကြောင်းကို မှတ်မိသရွေ့ ပြန်ပြောနေရင်း မျက်နှာညှိုးသွားသော ခင်မောင်အေးကို ညာမေတင်က မေးလိုက်သည်။
'အေး…ဘယ်ကနေပြီး ဘယ်ကို ရောက်လာတယ်ဆိုတာကို ငါမပြောတတ်တော့ ပါဘူးဟယ်၊ ကြောက်လို့ ပြေးလာခဲ့ပါတယ်၊ ငါ့နောက်ကို ကျားကြီးလို့ထင်တာဘဲလေ၊ အကောင်ကြီး တကောင် လိုက်လာလို့ လွတ်အောင် မနည်းပြေးရတယ်၊ နောက်တော့ မှောင်ထဲမှာ တွင်းကြီးတခုထဲကို လိမ့်ကျပြီး အိပ်ပျော်သွားတယ်'
ခင်မောင်အေးက သူပြောတတ်သလို ပြောနေသည်၊ သူပြောသည့်အတိုင်း ဟုတ်ပါသည်။
ဆက်ရန်
.

No comments:
Post a Comment