Thursday, April 21, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၅)

"ကြီးကြီးမေ... ကြီးကြီးမေ..."
ညာမေတင်က ကြိုးစားပြီးအော်ခေါ်လိုက်သည်။
သို့သော် လေယာဉ်တစင်းလုံးကို လေယာဉ်ကြီးက ကြောက်မက်ဖွယ်ထွက်ပေါ်လာသော မြည်ဟီးသံ၊ လေယာဉ် အတွင်းမှာ ရှိနေသော ခရီးသည်တွေ၏ထိတ်လန့်စွာ အော်ဟစ်ငိုကြွေးသံတွေကြောင့် ခလေး အရွယ်သာ ရှိသေးသည့် ညာမေတင်၏အော်သံသည် ဆူညံနေသော ထိုအသံကြီးတွေအထဲမှာ နစ်မြုပ် ပျောက်ကွယ် နေသည်။

မည်ကဲ့သို့ ဖြစ်သည်ကို ညာမေတင်သည် ကလေးမို့မပြောတတ်သော်လဲ လေယာဥကြီးပေါက်ကွဲခါ သူ ရှိနေရာ ဘေးတဖက် အကာသည် ဟင်းလင်းပွင့်ထွက်သွားသည်။ သူ့ကိုယ်သည် ဟင်းလင်းပွင့်သွား သော နေရာ မှ လေထဲသို့ လွင့်စင်ကျသွားသည်။
"ကြီးကြီးမေရေ.... ဖေဖေ..... မေမေ"
ညာမေတင်သည် သနားစဖွယ် အော်ဟစ်ရင်း ပြင်းစွာသော ထိတ်လန့်ကြောက်ရွံ့ခြင်းဖြင့် သတိလစ် သွားရှာ လေသည်။

ညာမေတင်သည် သတိရသောအခါတွင်မူ သူသည် အလွန်မြင့်မားသော နေရာမှာ ရောက်နေသည်ကို တွေ့ရ သည်။ နာကျင်နေသော်လဲ သွေးထွက်ပေါက်ကွဲစူးယှသည့် ဒဏ်ရာဒဏ်ချက်ကမူ လုံးဝမရှိချေ။
ညာမေတင် သည် သူ့ကိုယ်သူ အိပ်မက်မက်နေသလားဟုပင် ထင်လိုက်မိသည်။ လဲနေရာမှ အားယူထ လိုက်သော အခါ သူရောက်နေသော နေရာသည် အလွန်မြင့်သော သစ်ပင်ကြီးတပင် ထိပ်ဖျားပေါ်မှာ ဖြစ်ကြောင်း သိရသည်။ သစ်ပင်ကြီးထိပ်ဖျားတခုလုံးကား နွယ်ပင်တွေ ယှက်သိုင်းနေသည်။ ညာမေ တင် သည် အရွက်ဖားကြီးတွေ ထူထပ်စွာ ဖုံးအုပ်နေသော နွယ်ပင်တွေယှက်သိုင်းနေသည့် သစ်ပင်ထိပ် ဖျားပေါ် မှာ သက်တောင့်သက်သာ ရောက်နေသည်။

ကောင်းကင်တပြင်လုံးကား မိုးသားတွေလား မြူခိုးတွေလားမသိရသည့် အခိုးအငွေ့တွေ ဖုံးပြီး မှိုင်းမှိုင်း မှောင်မှောင်ဖြစ်နေသောကြောင့် ညာမေတင်သည် နေပူခြင်းဒဏ်မှ သက်သာနေသည်။ သူ့ကိုယ်ပေါ် မှာ ၀တ်ဆင် ထားသည့် အ၀တ်သည် ဂါဝန်အနား စုတ်ပြတ်သွားသည်မှ လွဲပြီး ၀တ်လျက်ပင် ဖြစ်သည်။ ခြေအိတ် နှင့် ဘိနပ်ကလဲ စီးထားလျက်ပင်ရှိသည်။
ညာမေတင်သည် လဲနေရာမှ ထထိုင်လိုက်သည်။ ကိုယ်လက်တွေ နာကျင်နေသဖြင့် တဖြေးဖြေးအား ယူထလိုက်ရသည်။ သစ်ကိုင်းဖျားတွေကို နွယ်ယှက်ရစ်လိမ်နေကြသည့် နွယ်ပင်ကြီးတွေ၏နှာမောင်း နှင့် အရွက် တွေကြောင့် ညာမေတင်သည် စပရိမ်တပ်ထားသော ဆိုဖာကြီးပေါ်မှာ ထိုင်နေရသလို ဖြစ် နေသည်။

ကိုယ်ကို သက်သာအောင် ပြုပြင်နေလိုက်ပြီးမှ ညာမေတင်သည် သူဘာဖြစ်သည်ကို ပြန်စဉ်းစားလိုက်သည်။
ထိုအခါမှ သူ့ကြီးကြီးမေနှင့် မြစ်ကြီးနားသို့လိုက်ရန် လေယာဉ်ကွင်းသို့ ဆင်းခဲ့သည့်အကြောင်း၊ ဖေဖေ နှင့် မေမေ က လိုက်ပို့သည့်အကြောင်း၊ ကြီးကြီးမေနှင့် လေယာဉ်စီးခါ ခရီးထွက်ခဲ့သည့်အကြောင်း၊ လေယာဉ် ပေါ်တွင် သူအိပ်ပျော်သွားသည့်အကြောင်း၊ လေယာဉ်ကြီး သွက်သွက်ခါနေသည့်အကြောင်း၊ ကြောက်မက်ဖွယ် အသံကြီး ကို ကြားရပြီး လေယာဉ်ကြီးပေါက်ကွဲသွားခါ လေထဲသို့ သူ လွင့်ကျခဲ့သည့် အကြောင်း။

ညာမေတင် ကောင်းစွာသတိရလာသည်။
"ကြီးကြီးမေတို့ ဘယ်ရောက်သွားကြလဲ။ ဒီနေရာမှာ ငါတယောက်ထဲ ရောက်နေတာလား"
ထိတ်လန့်စွာ တွေးရင်း ညာမေတင်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

နက်ခေါင်လှသော တောတောင် သေလာ ဟေမာ ဂနိုင်ဝယ် ပင်ခြမ်း ယှက်ဆိုင်နေသည့် မြင့်မားလှ သော သစ်ပင်ကြီးတို့သည် သစ်ပင်တက် ကျွမ်းကျင်သူတို့အဘို့ မြေပြင်ခြေတင်ရန် မလိုဘဲ တပင်နှင့် တပင် သစ်ကိုင်းချင်း ကူးပြီး သွားလောင်အောင်ပင် ထူထပ်ပိတ်ဆီး နီးကပ်နေကြသည်၊ မြင့်မားသော သစ်ပင်ကြီး တို့ အထက်ကမူ မှိုင်းမှုံပြာရီတိမ်ဆီထိမျှ မြင့်မားလှသည့် တောင်ကြီးတွေကို တွေ့ရသည်။ ဝေးကွာ လှမ်းလွန်း သည့် တနေရာတွင်မူ ရေပြင်နှင့် သဏ္ဍာန်တူသော အရာတခုကို တွေ့ရသည်။

ညာမေတင်သည် သူတယောက်ထီးထီးသာ ဤနေရာမှာ ရောက်နေကြောင်းကို သဘောပေါက်လိုက် သည်။ ညာမေတင် ဘာလုပ်ရမည်နည်း၊ သစ်ပင်ကြီးပေါ်ကလဲ မဆင်းတတ်၊ မဆင်းဝန့်၊  တယောက်ထဲ လဲ မနေ ၀န့်။
"ဖေဖေရေ၊ မေမေရေ၊ ကြီးကြီးမေရေ... တင်တင် တယောက်ထဲ၊ တင်တင် တယောက်ထဲ၊ တင်တင် ကြောက်တယ်၊ လာကြပါအုံး၊ ကယ်ကြပါအုံး"
ကြေကွဲ ၀မ်းနည်း လှစွာ အသံကုန် ဟစ်ကြွေးပြီး ရှိုက်ငင်ငိုကြွေးလိုက်သည်။

အားပါးတရ ငိုပြီးမောလွန်းသဖြင့် အငိုတိတ်လိုက်သည်။ ရေငတ်လိုက်သည်မှာ ပြောဘွယ်မရှိချေ၊ သစ် ပင်ထိပ်ဖျားပေါ်က လိမ့်ကျမည်ကို ကြောက်သောကြောင့် နေရာကလဲ မလှုပ်ဝန့်အောင် ဖြစ်နေသည်။
မောပန်းအားကုန်လွန်းသဖြင့် ငိုသံမထွက်တော့သော်လဲ မျက်ရည်တွေကမူ တားဆီးမရအောင် ကျနေ ဆဲပင် ဖြစ်သည်။

တောတောင်တခွင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေက တော်တော်ပင်ပြင်းထန်သဖြင့် ညာမေ တင် ရောက်နေသော သစ်ပင်ကြီး၏ထိပ်ဖျားသည် ယိမ်းနွဲ့လှုပ်ခါနေသည်။ ညာမေတင်သည် မိဘများ နဲ့ နေ့စဉ် က အိမ်ဝင်းထဲမှာ ဆင်ပေးထားသော ဒါန်းကို ပျော်ပျော်ရွှင်ရွှင်စီးခဲ့သည်။ ဒါန်းလွှဲပေးသူ အိမ်ဖော် အမျိုးသမီးကို အရှိန်ပြင်းပြင်း လွှဲခိုင်းခဲ့သည်။ အမြင့်ကြီး လွှဲခိုင်းခဲ့သည်။ ထိုစဉ်အခါက ညာမေတင် သည် ကြောက်စိတ် ရှိရကောင်းမှန်းပင် မသိခဲ့ချေ။ ဒါန်း ပြင်းပြင်းလွှဲလေ ပျော်လေ၊ ဒါန်းကို အမြင့်ကြီး လွှဲလေ ပျော်လေ။

ယခု သစ်ပင်ထိပ်ဖျား၏ လှုပ်ရှားယိမ်းနွဲ့နေသည်မှာ ဒါန်းအရှိန်ပြင်းပြင်းလွှဲသည်နှင့် ဆင်ဆင်တူနေ သော်လဲ အားကိုးရာမဲ့ဖြစ်နေသည့်ဘ၀မို့ ညာမေတင်ကြောက်ရွံ့ထိပ်လန့်နေသည်။ လိမ့်ကျမည်စိုး သောကြောင့် သူ့လက်နား နီးနီးမှာရှိနေသော နွယ်တခွေကို တင်းကြပ်စွာ ဆုတ်ကိုင်ပြီး မျက်ရည်တွေ တွေကျ နေသော မျက်လုံးဖြင့် ပတ်ဝန်းကျင်ကို အားငယ်စွာကြည့်လိုက်သည်။
ညာမေတင်၏နားထဲမှာ ထူးဆန်းသော အသံတသံကို ကြားလိုက်ရသည်ဟု ထင်သည်။ အသံသည် ညာမေတင် ရှိနေရာနှင့် သိပ်မဝေးချေ၊ ထိုအသံသည် ညာမေတင် လုံးဝနားမလည်သော ဘာမှန်းမသိ သည့် အသံမျိုး ဖြစ်သည်။ လူတို့ပြောဆိုနေကြ ဘာသာစကားမျိုးမဟုတ်ကြောင်းကိုမူ ညာမေတင် စဉ်း စားမိသည်။ လူတို့ ပြောဆိုသည့် ဘာသာစကားဖြစ်လျှင် ညာမေတင် နားလည်ရမည်သာဖြစ်သည်။
အသံ သည် လူတို့ဘာသာစကား မဟုတ်သော်လဲ ရန်မူမည့်အရိပ်လက္ခဏာ မရှိချေ။

ညာမေတင်သည် စောစောကပတ်ဝန်းကျကို ကြည့်လိုက်သည်ဆိုသော်လဲ အပေါ်ယံကိုရှပ်ပြီး ကြည့် လိုက်ခြင်းသာ ဖြစ်သည်။ သစ်ပင် သစ်ကိုင်းတွေအတွင်းကို သေချာစွာမကြည့်ခဲ့ချေ။ ယခု ထူးဆန်း သော အသံကို ကြားလိုက်ရသောအခါ  အသံထွက်ပေါ်လာရာ သူ့ဘေးဘက်ဆီကို သေချာစွာ ကြည့် လိုက်သည်။ ထိုအခါ မှ ညာမေတင် သတိလစ်လုနီးပါးဖြစ်အောင်ပင် ကြောက်ရွံ့လှသဖြင့် မျက်နှာကို လက်ဝါးဖြင့် ဖုံးခါ မျက်စေ့ မှိတ်ထားလိုက်မိသည်။ မိဘများက သင်ပေးထားသည့် ရှိခိုးခြင်း ဂါထာကို ရွတ်လိုက်သည်။

"မြတ်စွာဘုရားကို ရှိခိုးပါ၏။ တရားတော်ကို ရှိခိုးပါ၏။ သံဃာတော်ကို ရှိခိုးပါ၏။ ဖေဖေ မေမေနဲ့ ကြီး ကြီးမေကို ရှိခိုးပါ၏။ စာသင်ပေးသော ဆရာများကို ရှိခိုးပါ၏။ ကယ်တော်မူကြပါဘုရား... "
ပြင်းစွာသော ကြောက်ရွံ့ခြင်းဖြင့် အသံပင်မထွက်နိုင်တော့ချေ၊ ညာမေတင်သည် နှုတ်ခမ်းသာ လှုပ်နိုင်ရှာ တော့သည်။

ညာမေတင် တွေ့လိုက်ရသော အသံရှင်ကား ကြီးမားမည်းနက်သော လူဝံကြီးနှစ်ကောင်ဖြစ်သည်။ လူတို့ အရပ်အမောင်း ထက်များစွာ သာလွန်ကြီးမားပြီး တုတ်ခိုင်သော ကိုယ်ထည်ကြီးများဖြင့် အားခွန်ဗလ သန်စွမ်းသော လူဝံကြီး နှစ်ကောင်ဖြစ်သည် ရှည်လျား မည်းနက်သော အမွှေးရှည်ကြီးတွေ ဖုံးလွှမ်း နေသည်မှာ ညာမေတင်လို အားကိုးရာမဲ့ပြီး သွေးပျက်လုနီးပါး ဒုက္ခ ရောက်နေသည့် လူမမယ် ခလေး တယောက်အဘို့ လိပ်ပြာစင်လောက်အောင်ပင် စိတ်ထဲမှာ ခံစား နေရရှာသည်။

လူဝံကြီးနှစ်ကောင်ကားအဖိုနှင့် အမမောင်နှံစုံဖြစ်သည်။ ညာမေတင် လေယာဉ်ပေါ်က ကျပြီးတင် နေသည့် သစ်ပင်ကြီး၏ ခွဆုံမှာ အသိုက်ပြုလုပ်နေထိုင်ကြသော လူဝံမောင်နှံဖြစ်သည်။ သူတို့ အသိုက်ရှိနေရာ အပေါ်တဲ့တဲ့သို့ တစုံတခုသော အရာဝတ္ထုသည် အရှိန်ပြင်းပြင်းဖြင့် ကျရောက် လာသောအခါ လူဝံကြီး ဇနီး မောင်နှံ သည် စူးစမ်းစွာ မြင်သာသည့် နေရာက ကြည့်ကြသည်။
    ချစ်စရာကောင်းသော ကောင်လေး တကောင်ကျလာကြောင်းကို မြင်ကြသည်။ ထိုအကောင်လေးသည် ပုံသဏ္ဍာန်မှာ သူတို့နှင့် တူသော်လဲ သူတို့လို အမွေးရှည်ခြင်း မရှိဘဲ ထူးဆန်းသော အရေခွံတခုဖြင့် ဖုံးအုပ် ထားသည်ဟု သူတို့စိတ်မှာ ထင်ကြသည်။

    ညာမေတင် ကြောက်ရွံ့ထိပ်လန့် နေသည့်ပုံသဏ္ဌာန်ကို မြင်ကြသော လူဝံကြီးမောင်နှံ သည် သူတို့ ရှိနေရာက လုံးဝမလှုပ်ရှားကြချေ၊ သူတို့ကိုကြောက်နေကြောင်း သိဟန်ဖြင့် ငြိမ်သက် စွာသော နေမြဲတိုင်း နေကြသည်။

    မျက်စေ့မှိတ်ပြီး ဘုရားကိုတမ်းတနေသော ညာမေတင်သည် သူမြင်နေရသည့် အကောင်း ကြီး နှစ်ကောင် က သူ့ကိုလာကိုက်လေမည်လား၊ ဖမ်းယူသတ်ညှစ်လေမည်လား၊ ဆွဲဆုတ် ကုပ်ဖဲ့ လိုက်လေမည်လား ဟူသော အတွေးဖြင့် ကြက်သီး ဖြန်းဖြန်းထနေသော်လဲ အချိန်တော်တော် ကြာသည့် တိုင်အောင် သူ့အနားသို့ မည်သည့်အကောင်မှ လာခြင်းမရှိ၊ သူလဲနေမြဲတိုင်း နေရာမှ ဘေးကင်းစွာ ရှိနေသည် ကိုတွေ့ရသောအခါ မှိတ်ထားသော မျက်လုံးကို မရဲတရဲဖွင့်ကြည့်လိုက် သည်၊ ထိုအခါ သူ့ကိုကြည့်နေသော အကောင်ကြီး နှစ်ကောင်သည် သူတို့မူလရှိနေသည့် နေရာမှ သာရှိနေသည်ကို တွေ့ရ သည်။

    ညာမေတင်က သူတိ့ရှိရာကို ကြည့်လိုက်သောအခါ တကောင်သာအကောင်ကြီးသည် လှုပ်ရှားလိုက်သည်ကို တွေ့လိုက်ရသည်။
    "ဒီတခါမှ ငါ့ကို သတ်ဖို့လာပြီထင်တယ်"
    ဟူသော အတွေးဖြင့် ညာမေတင်က မျက်စေ့ကို မှိတ်ထားလိုက်ပြန်သည်။ တကိုယ်လုံး ဆတ်ဆတ်တုံ နေသည်။ ထိုအခိုက် သူ့အနားသို့ တစုံတခုသော အရာသည် ငြင်သာစွာကျရောက် လာသည်ကို မျက်စေ့ မှိတ်ထားသော ညာမေတင်က သိလိုက်သည်။

"ဟိုအကောင်ကြီးဘဲ ထင်တယ်၊ ငါလှုပ်လိုက်ရင် ငါ့ကို ကိုက်ဆွဲတော့မှာဘဲ"
ညာမေတင်က ပြင်းစွာသော ကြောက်ရွံ့ခြင်းဖြင့် ငြိမ်နေသည်၊ သို့သော် သူ့အနား ကျ ရောက်လာသော အရာဝတ္ထု သည် လုံးဝလှုပ်ရှားခြင်းမရှိသောအခါ ညာမေတင်က မ၀န့်မရဲဖြင့် မျက် စေ့ဖွင့်ကြည့်လိုက် ပြန်သည်။ သူ့အနားကို ကျရောက်လာ အရာဝတ္ထုသည် လုံးဝလှုပ်ရှားခြင်း မရှိသော အခါ ညာမေတင် က မ၀န့်မရဲဖြင့် မျက်စေ့ဖွင့်ကြည့်လိုက်ပြန်သည်။ သူ့အနားသို့ ကျ ရောက်လာသော အရာသည် ပျားရည် စက်စက် ယိုနေသော ပျားသလက်အပိုင်းအစ တခုဖြစ်နေ သည်ကို တွေ့ရသည်၊ သူကြောက်သော အကောင်ကြီး နှစ်ကောင် ရှိရာသို့ လှမ်းကြည့်လိုက်မိ ပြန်သည်။

အကောင်းကြီးကောင်၏ လက်ထဲမှ ပျားသလက်အပိုင်းအစ တခုကိုင်ထားသည်ကို တွေ့ရသည်၊ ညာမေတင် သဘောပေါက်လိုက်သည်။ သူ့အနားသို့ ကျလာသောအရာ လူဝံကြီး ကိုင်ထားသောအရာကို ပျားသလက်ဖြစ်ကြောင်း မသိချေ။
"ငါ့ကို စားစေချင်လို့ ဒီဟာကြီး ပြစ်ပေးလိုက်တာထင်တယ်"

    ရန်မူဟန် လုံးဝမရှိဘဲ  ပျားရည်စက်စက် ကျနေသော ပျားသလက်ကို ပြစ်ပေးလိုက်သော အကောင်ကြီး နှစ်ကောင်ကို ကြောက်သော ညာမေတင်၏ စိတ်သည် မဆိုစလောက် အရှိန်လျော့ သွားသလို ဖြစ်သွား သည်၊ ခလေးပြီပြီ ဆာလောင်သော စိတ်ကလဲ ပေါ်လာသဖြင့် ပျားသလက် ကိုအလွန်အမင်း စား လိုသည်၊ သို့သော်..
    သူတို့ပြစ်လိုက်သော ဟာကိုငါက ကောက်စားလိုက်လျှင် သူတို့ပစ္စည်း စားရမည်လား ဟုစိတ်ဆိုးပြီး ငါ့ကို လာကိုက် နေမည်လား
    ဟူသော ကြောက်စိတ်မပြေသည့် အတွေးကိုလဲ တွေးလိုက်မိပြန်သည်။

    ထို့ကြောင့် ပျားသလက်ကို စားလိုသည့် စိတ်ဖြင့် ကြည့်လိုက်၊ လူဝံကြီးမောင်နှံကို ကြည့် လိုက်ဖြင့် သနားစဖွယ် ဖြစ်နေသည်။
    ပျားသလက်ကိုကိုင်ထားသည့် လူဝံကြီးက သူ့လက်ထဲမှာ ရှိနေသည့် ပျားသလက် တပိုင်း ကို မြှောက်ပြသည်။ သူတို့ဘာသာဖြင့် ပါးစမ်မှာ အသံမြည်လိုက်သည်။
    "စားလို့ ပြောတာလား၊ စားစေချင်လို့ ပြစ်ပေးလိုက်တာ ဖြစ်မှာပါ၊ ငါ့ကိုသတ်ချင်ရင် ငါဒီ နေရာ ရောက် နေတာ နဲ့ တပြိုင်နက် သူတို့သတ်ပြီး ကြရောပေါ့"
    ညာမေတင်သည် တွေးရင်း ကြောက်သည့်စိတ်သည် မဆိုစလောက် လျော့နေရာမှ နည်းနည်း ပိုလျော့လာပြန်သည်။ ထို့ကြောင့် လူဝံကြီးနှစ်ကောကို မျက်စေ့ကမျက်တောင်မခတ် ကြည့်ရင်း လက်ကို ငြင်သာစွာ လှုပ်ကြည့်လိုက်သည်၊ ပျားသလက်နား ရောက်အောင် လက်ကိုရွေ့ ကြည့်သည်။

    "သူတို့ပစ္စည်းကို မစားစေချင်ရင် ငါ့လက်လှုပ်လိုက်တာနဲ့ တပြိုင်နက် စိတ်ဆိုးပြကြ လိမ့်မယ်"
    ညာမေတင်သည် စိတ်ကတွေးရင်း ငြင်သာစွာ လှုပ်နေသော လက်ကို ပျားသလက်နှင့် ထိလိုက်သည်။ ရဲရဲ မကိုင်ဝန့်သေးချေ၊ အကယ်၍ လူဝံကြီး နှစ်ကောင် စိတ်ဆိုးဟန်ကို တွေ့ရလျှင် သူ့ကို ပြန်ယုတ် ထားလိုက်ပြိး ငြိမ်သက်စွာ နေမြဲတိုင်း နေလိုက်မည်ဟု စိတ်ထဲက စီစဉ်ထားသည်။ သို့သော် လူဝံကြီး နှစ်ကောင်သည် ညာမေတင်၏ လှုပ်ရှားမှုကို ကြည့်ခါ ၀မ်းသာဟန်တူကြသည်။ သူတို့လက်ထဲမှာ ရှိနေသော ပျားသလက်အပိုင်းကို မြှောက်ပြခါ ငြင်သာတိုးတိတ်သော အသံဖြင့် သူတို့ဘာသာဘ၀ မြည်တမ်း လိုက်သည်။

    ညာမေတင်သည် လူဝံကြီးနှစ်ကောင်၏ အမူအရာကြောင့် အားတက်သလို စိတ်မျိုးဖြင့် သူ့အနားက ပျားသလက် ကို ကိုင်လိုက်သည်။ မျက်စေ့ကမူ လူဝံကြီးနှစ်ကောင်ကို မျက်တောင်မ ခတ်ကြည့်မြဲတိုင်း ကြည့် နေသည်။ လက်ဖြင့် ကိုင်မိပြီး ဖြစ်သော ပျားသလက်ကို ညာမေတင်က တဖြေးဖြေး သူ့ပါးစပ်နား ရောက်အောင် မြှောက်လိုက်သည်။ လူဝံကြီးနှစ်ကောင်ကား မူလအနေ အထားအတိုင်းပင် ညာမေတင်၏ လှုပ်ရှားဟန် ကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။

    ညာမေတင်သည် နှုတ်ခမ်းနားရောက်နေပြီ ဖြစ်သော ပျားသလက်မှ သင်းပျံ့သော ပျားရည် အနံ့ကြောင့် စား လိုသော ဆန္ဒကို မချုပ်တည်းနိုင်တော့ချေ။ ထို့ကြောင့် ပျားသလက်ကို ကိုက်စားလိုက်သည်။ မျက်လုံး ကမူလူဝံကြီးနှစ်ကောင်ကို ကြည့်မြဲတိုင်း ကြည့်နေသည်။
    ညာမေတင် ပျားသလက်ကို ကိုက်စားလိုက်သည်ကို မြင်လိုက်သော အခါ လူဝံကြီးသည် သူ့လက်ထဲမှ ရှိနေသော ပျားသလက် အပိုင်းကို ညာမေတင် ရှိရာသို့ ချိန်သားကိုက်စွာ ငြင်ငြင်သာသာ ရောက်အောင် ပြစ်ပေးလိုက် ပြန်သည်။

    လူဝံကြီးနှစ်ကောင်က သူ့အပေါ်မျာ ရန်မမူဘဲ ကြင်နာသော မေတ္တာစိတ်ထားသည်ကို ညာမေတင်သည် လူဝံကြီးနှစ်ကောင်က သူ့ကိုချစ်ကြသည်။ ထို့ကြောင့် အစာကြွေးသည်ဟု ခလေးပြီပြီး တွေးလိုက်သည်။ ကြောက်သည့်  စိတ်သည် လျော့သည်ထက် လျော့သွားသည်။
    ဆာလောင်ခြင်းဖြင့် လူဝံကြီး ပြစ်ပေးလိုက်သော ပျားသလကိကို တော်တော် များများစား လိုက်ပြီးသောအခါ ညာမေတင်သည် ရေသောက်ချင်လာသည်။ ရေကိုဘယ်နေရာမှာ သွားရှာရ မည်ကို မသိ၊ သိသည့်တိုင်အောင် ညာမေတင်သည် လူဝံကြီးနှစ်ကောင် မျက်စေ့အောက်မှ လှုပ်ရှား ခြင်းမလုပ်ဝန့်သေးချေ။

    ရေသောက်လိုသော ဆန္ဒဖြင့် နှုတ်ခမ်းကိုလျှာဖြင့် လျက်နေသော ညာမေတင်ကို မြင် ကြ သောလူဝံကြီးနှစ်ကောင်သည် တကောင်ကို တကောင်ကြည့်လိုက်ကြသည်။ ထို့နောင် ညာမေတင် ကိုပျားသလက် ပြစ်ပေးခဲ့သော လူဝံကြီးက နေမြဲတိုင်းနေခဲ့ပြီး တကောင်သော လူဝံ ကြီးသည် သစ်ပင်ပေါ်မှ လျှင်မြန် စွာ ဆင်းသွားသည်။

    နာရီဝက်သာသာ ကြာသောအခါ ခွက်သဏ္ဌာန်ဖြစ်နေသော သစ်ခွံတခုဖြင့် ရေထည့်ခါ လူဝံကြီးသည် သစ်ပင်ပေါ် ပြန်တက်လာသည်။ ရေထည့်ထားသည့် သစ်ခွံကို ပါးစပ်ဖြင့် ကိုက်ခါ သစ်ပင်ပေါ်သို့ ကျင်လည် စွာ တက်လာသော လူဝံကြီးကို ကြည့်နေသော ညာမေတင်သည် သူကြည့်ခဲ့ဘူးသည့် ဆပ်ကထဲက ဂျွမ်းဘား ကစားသည့် သူတွေကို ပြန်လည်သတိရ မြင်ယောင် လိုက်မိသည်။
    လူဝံကြီးက ရေထည့်ထားသည့် သစ်ခွံကို ကိုင်မြှောက်ပြသည်။ ညာမေတင်က ရေကို အလွန်အမင်း သောက် လိုသော်လဲ ကြောက်စိတ်က ကွယ်ပျောက်သွားခြင်း မရှိသေးသောကြောင့် ငြိမ် သက်စွာကြည့်မြဲ တိုင်းပင် ကြည့်နေလိုက်သည်။

    ရေခွက်ကို လက်တဖက်က ကိုင်လျှက်နှင့် လူဝံကြီးသည် ညာမေတင် ရှိရာသို့ ခြေတ ဘက်ကို ဖြေးညှင်းစွာ လှမ်းလိုက်သည်၊ ညာမေတင်သည် အသက်ကို အောင့်ထားလိုက မိသည်။
    လူဝံကြီးက တလှမ်းခြင်း ရှေ့တိုးလာသည်၊ ညာမေတင်သည် သူ့ကို ရန်မူဟန် မရှိမှန် သိလျှက်နှင့် ကြေက်သည့် စိတ်ကိုထားဆီးမရချေ၊ ထို့ကြောင့် လူဝံကြီးရှေ့သို့ တိုးလာသည်ကို မျက်လုံး ပြူးကြည့်ရင်း.....
    "ငါ့ကို ဘာမှမလုပ်ပါစေနဲ့၊ ဘုရား တရား သံဃာ မိဘဆရာ ကြီးကြီးမေကို ရှိခိုးပါ၏"

    အသံမထွက်ဝန့်ဘဲ စိတ်ထဲက တမ်းတရှိခိုးခါ လက်ကလေး နှစ်ဘက်ကို ယှက်ပြီး ရှိခိုး ရင်းသူ့ ဆီသို့လာနေသော လူဝံကြီးကို သနားစဖွယ် ကြည့်နေရှာသည်။
    လူဝံကြီး သူ့အနားရောက်လာသောအခါ ကြောက်စရာကောင်းသော သွင်ပြင် ရုပ်ရည် ကြောင့်မကြည့်ဝင့်တော့ဘဲ မျက်လုံးကို မှိတ်ထားလိုက်ရှာသည်။ သူ့ရှေ့ ရောက်လာသော လူဝံကြီး ၏ ငြိမ်သက်နေခြင်း ကို သတိထားမိသောအခါ ညာမေတင်ကို မျက်လုံးကို ဖွင့်ကြည့် မိပြန် သည် လူဝံကြီးသည် ညာမေတင် မျက်လုံးဖွင့်ကြည့်သော အခါမှ ညာမေတင်အနားမှာ ထိုင်လိုက် သည်။ လူဝံကြီး၏ ဆိုးရွားသော ကိုယ်နံ့ကြီး ကြောင့် ညာမေတင်သည် အံချင်စိတ်ပင် ပေါ်လာမိ သည်။

    လူဝံကြီးသည် ညာမေတင်ကို သူ့ရင်ခွင်ထဲသို့ ငြင်သာစွာဆွဲယူပွေ့လိုက်သည်။ ညာမေ တင်ကား ဆတ်ဆတ်တုံ နေရှာတော့သည်၊ ရုန်းလဲ မရုန်းဝင့် အော်လဲ မအော်ဝင့်၊ လူဝံကြီးကို ပြူးကြောင်သော မျက်လုံးများဖြင့် ကြောက်ရွံ့စွာ မော်ကြည့်နေသည်။
    လူဝံကြီးသည် သူယူလာသည့် သစ်ခွံခွက်ကို ညာမေတင်၏ ပါးစပ်နားသို့ တေ့ပေးသည်၊ သစ်ခွံခွက်ထဲတွင်မူ ကြည်လင်အေးမြသော ရေက ရေငတ်နေသော ညာမေတင်ကို ကြောက်သည့် စိတ် ဖယ်ထုတ် လိုက်သည်။

ဆက်ရန်
.

No comments: