သုံးယောက်လုံး သစ်ပင်ကြီးအောက်မှ ၀ပ်နေကြရာမှာ ထလိုက်သည်။
'တို့ကို ရန်ပြုမဲ့ သတ္တ၀ါတွေတော့ မဟုတ်ဘူး'
'အေးရန်ပြုချင်ရင် တို့ဒီနေရာမှာရှိနေတာ သိနေမှာဘဲ၊ သူတို့အဖေါ်အပေါင်းတွေကို ခေါ်ပြီး ၀င်သတ်မှာပေါ့၊ အခုတော့ တို့ကို ဘာမှမလုပ်ဘဲ ပန်းပင်အောက်မှာ ရှိနေတဲ့ သတ္တ၀ါကိုသာ သူတို့ဘာသာ ဘာဝ သတိပေးပြီး ပြန်ခေါ်သွားတယ်၊ ပုံသဏ္ဍာန်ကတော့ လူအတိုင်းဘဲနော်'
ကိုထွန်းအံ့နှင့် ကိုဘသော်က တယောက်တခွန်းပြောနေကြစဉ်မှာ ကိုမြင့်ညိုသည် စကားမပြောသေးဘဲ သူ့ကင်မရာကို နေရာတကျ ပြန်သိမ်းနေသည်၊ မှန်ပြောင်းကို အရေးရှိက ချက်ချင်းကြည့်လို့ရအောင် အသင့် ထားပြီးမှ စကားပြောလိုက်သည်။
'ပန်းပင်ကြီးအောက်က ထွက်ပြေးသွားတာ မနေ့က ခင်ဗျားတို့နှစ်ယောက် တွေ့ခဲ့တဲ့ သတ္တ၀ါအမှန် ဘဲနော်'
ကိုမြင့်ညို အမေးကို နှစ်ယောက်လုံး ပြိုင်တူ ဦးခေါင်းငြိမ်းလိုက်သည်။
'သတိတော့မလစ်စေနဲ့ပေါ့၊ နားမျက်စေ့လျှင်ကြ၊ အခုတွေ့လိုက်ရတာ လူဝံလဲမဟုတ်ဘူး၊ မျောက်ဝံ လဲမဟုတ်ဘူး၊ လူမိန်းမ အစစ်ဘဲ'
မှန်ပြောင်းဖြင့် သေချာစွာကြည့်ပြီးပြောသော ကိုမြင့်ညိုစကားကို ကိုဘသော်နှင့် ကိုထွန်းအံ့တို့ ပြန်မငြင်း ကြချေ။ ထောက်ခံသည့်သဘောဖြင့် ငြိမ်နေကြသည် ကိုမြင့်ညိုက ဆက်ပြော လိုက်သည်။
'လူတော့လူဘဲ ဘယ်လိုလူမျိုးဆိုတာသာ မပြောတတ်တာ၊ သူတို့မှာ ဘယ်လောက်အင်အားများတယ်၊ ဘယ်လို အဖွဲကအစည်းမျိုး နဲ့ နေတယ်ဆိုတာကို ဘာမှမသိရခင် ကျွန်တော်တို့က ရမ်းပြီး လိုက်သွားလို့ မဖြစ်သေးဘူး၊ နောက်ပြီး ကျွန်တော်တို့ကိစ္စနဲ့ ဘာမှမပတ်သတ်တဲ့ လူတွေဆိုရင်တော့ ကောင်းမှာ၊ တချို့ လူရိုင်းတွေဆိုရင် ရွှေကို အသက်နဲ့အတူ မြတ်နိုးပြီး ရောက်လာသမျှ လူကို အသက်ရန်ရှာတတ်တယ်၊ ကျွန်တော် တို့ စခန်းကို ပြန်ကြရအောင်၊ လမ်းပြမုဆိုးကြီးကို မြန်မြန် ကျန်းမာအောင် ဂရုစိုက်ကြရမယ်'
ကိုမြင့်ညိုက ပြောသောအခါ ကိုထွန်းအံ့နှင့် ကိုဘသော်တို့က သဘောတူသော အထိမ်းအမှတ်ဖြင့် စောဒက မတက်ဘဲ၊ ကျောက်ကမ္ဘားယံ ဆင်းရန် ခြေလှမ်းပြန်လိုက်ကြသည်။
သူတို့နှစ်ယောက်လုံးသည် ကိုမြင့်ညိုကို မေးချင်နေကြသည်၊ သူတို့မေးချင်သည့် အချက်ကား မှန်ပြောင်းဖြင့် ကြည့်လိုက်သည့် အချိန်က ထိုသဏ္ဍာန်ကို သဲကွဲစွာ မြင်လိုက်ခြင်းဖြင့် လှသလား အရုပ်ဆိုး သလား၊ ကိုယ်ပေါ်မှာ ဖုံးလွှမ်းထားသည့် အရာသည် အမွှေးအမျှင်တွေလား အ၀တ်တွေလား။
သို့သော် သူတို့အထက်အုပ်ချုပ်သူ အရာရှိကြီးဖြစ်ပြီး အနေအထိုင်ကို ရိုသေသောအားကြောင့် မမေးဝန့်ကြချေ၊ ကျောက်ကမ္ဘားယံကိုသာ သတိထား ဆင်းလိုက်ကြသည်။
သူတို့နှစ်ယောက်ကို ရှေ့မှဆင်းစေပြီး ကိုမြင့်ညိုက နောက်ဆုံးမှဆင်းသည်။
သုံးယောက်စလုံး စမ်းချောင်းကမ်းပါးသို့ ပြန်ရောက်ကြသောအခါ ကိုမြင့်ညိုသည် မှန်ပြောင်းဖြင့် ကမ္ဘားထိပ်ဆီသို့ ပြန်ကြည့်လိုက်သည်၊ ထိုအခါ ပန်းပင်ကြီးအောက်တွင် သူမြင်ခဲ့သည့် သဏ္ဍာန်သည် ကျောက်တောင် ကမ္ဘားထိပ် ခြုံတခုအကွယ်မှ သူတို့ကို ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။
ကိုမြင့်ညိုသည် ကင်မရာကို ထုတ်လိုက်သည့် အခါတွင်မူ ထိုသဏ္ဍာန်သည် လျှင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
စခန်း သို့ပြန်ရောက်ကြသောအခါ လမ်းပြမုဆိုးကြီးသည် ရောဂါအခြေအနေ အလွန်ဆိုးနေသည်ကို စိုးရိမ် စဘွယ် တွေ့လိုက်ရသည်။
တောထဲတောင်ထဲမှာ သုံးရမည့် အစွမ်းထက်သော ဆေးဝါးမျိုးစုံကို ယူဆောင်လာခဲ့ကြသည့် အလျောက် မုဆိုးကြီးစတင်ဖျားသည့် အချိန်ကစပြီး ဆေးကိုး ဂရုစိုက်တိုက်ကြွေးလာခဲ့ပါသော်လဲ မုဆိုးကြီး၏ ကံတရား ဟုပင် ဆိုရပေမည်။ သက်သာမှုမရှာရဘဲ ကိုမြင့်ညိုတို့ သုံးယောက် ကျောက်တောင်ကမ္ဘားယံတက်ရာက ပြန်ရောက် လာပြီး နောက်တရက်မှာပင် မုဆိုးကြီး စိတ်ကောင်းကြချေ။
အတူလာသည့်လူချင်း တယောက် ပဲ့ထွက်သွားသည့် အတွက် မည်သူမှ စိတ်မကောင်းကြချေ။
ကိုမြင့်ညိုမှတပါး အားလုံးသော လူတို့သည် ကိုမြင့်ညိုကို ရိုသေခန့်ငြားခြင်းဖြင့် ဖွင့်ဟ ပြောဆိုခြင်း မပြုကြသော်လဲ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းနေကြသည်ကို ကိုမြင့်ညို အကဲခပ်မိသည်။
ထို့အပြင် စိမ်းစမ်းတောတောင် ထူထပ်အားကြီးသည့် ဤနေရာကို ရောက်လာကြသည့်အတွက် ဆေးဝါးမည်မျှပင် ကောင်းစေကာမူ ကျန်းမာရေးအတွက် ဆေးဝါးမည်မျှပင် ကောင်းစေကာမူ ကျန်းမာရေးအတွက် လူတိုင်းသည် ကိုယ့်ကိုယ် စိုးရိမ်နေကြသည်၊ အကြမ်းခံ အတေခံ မုဆိုးကြီးကား တသက်လုံး အကြမ်းခံလာခဲ့သော်လဲ အဆင်မသင့်သည့်အခါ သူ့ကံတရားနှင့်သူ သေဆုံးခဲ့သည်ကို ကျန်လူ တွေက စိတ်ဓါတ် ချောက်ချားနေကြသည်။
ကိုမြင့်ညိုသည် မုဆိုးကြီး သတင်းပေးခဲ့သည့် ရွှေသတ္တုကြောကြီးကို ဆက်လက်ရှာဖွေရန် အရေးကို လက်လျှော့လိုက်ရသည် အများ၏ စိတ်ဆန္ဒကို လွန်ဆန်ရန် မဖြစ်တော့သည့်အတွက် စခန်းသိမ်းပြီး ပြန်ရန် သာ ညွှန်ကြားလိုက်ရတော့သည်။
စခန်းက ထွက်ခွာကြသောအခါ အားလုံးသော လူတွေကို ရှေ့မှသွားစေပြီး ကိုမြင့်ညိုက နောက်ဆုံးမှ လိုက်လာသည်။ သူဓာတ်ပုံရိုက်လာခဲ့သည့် ထူးဆန်းသော လူမိန်းမအကြောင်းကို တွေးရင်း
'လူလူချင်း သတ်ဖြတ် လောက်အောင် ရိုင်းစိုင်းနေတဲ့ အတန်းအစားမျိုးတော့ ဟုတ်မယ်မထင်ဘူး၊ သူတို့ ကို ခင်မင်အောင် ယဉ်ပါးအောင်အသိအကြွမ်းဖွဲ့ပြီး ရွှေသတ္တုကြောကြီးရှိတဲ့ နေရာကို မေးရင် သိရ လေမလား'
ဟုတွေးနေရင်းမှ မှန်ပြောင်းထဲမှာ သူမြင်လာခဲ့သည့် ထိုလူမိန်းမသဏ္ဍာန်၏ မျက်နှာကို မြင်ယောင်လာသည် ကိုမြင့်ညိုသည် ထိုလူမိန်းမကို စိတ်ထဲမှာ ချစ်သောစိတ် သနားသောစိတ် ပေါ်လာသည်၊ ကိုမြင့်ညိုစိတ်ထဲမှာ ပေါ်လာသော ချစ်စိတ်သနားစိတ်သည် တဏှာပေမဖြင့် ညစ်ညမ်းစွာ ချစ်ခြင်း သနားခြင်းမဟုတ် ဖြူစင်သော မေတ္တာဖြင့် နှစ်မသားခြင်းလို ချစ်ခင်သနားသောစိတ်မျိုးဖြစ်သည်။
ရှေ့မှ ခြေလှမ်းသွက်သွက်ဖြင့် သွားနေကြသော သူ့တပည့်တွေနှင့် ကိုမြင့်ညိုသည် တခေါ်သာသာ အကွာ အဝေးမှာ ရှိနေသည်၊ ထိုအခိုက် သူ့ဘေးတဘက်ရှိ ထူထပ်သော ခြုံကြီးတစ်ခုသည် ထူးထူးခြားခြား လှုပ်သွားသည် ကို ကိုမြင့်ညိုသတိထားလိုက်မိသည်၊ လေမတိုက်ဘဲ လှုပ်သွားသည့်အတွက် ကိုမြင့်ညိုက တောရိုင်း တိရိစ္ဆာန်ဖြစ်နေလေမည် လားဟူသော အတွေးဖြင့် လက်ထဲက သေနတ်ကို လှုပ်သွားသော ခြုံပုတ် ဆီသို့ ချိန်ပြီးကြည့်လိုက်သည်။
သို့သော် ကိုမြင့်ညိုသည် သေနတ်ကိုင်ထားသော လက်ကို ချက်ချင်းအောက်သို့ စိုက်ချထားလိုက်၏ ကိုမြင့်ညို၏ ခြေသည် မလှမ်းနိုင်တော့ဘဲ ရပ်တန့်သွားပြီး သူနှင့် ပေနှစ်ဆယ်လောက်အကွာမှာရှိနေသည့် ခြုံကြီး ဆီကိုသာ ငေးကြည့်နေမိသည်။
ခြုံကြီးအထက်တွင် မျက်နှာမျှသာ ပေးနေသော သဏ္ဍာန်ကား ကျောက်ကမ္ဘားယံ ထိပ်ပေါ်တွင် ကိုမြင့်ညို မှန်ပြောင်း ထဲမှာ တွေ့ခဲ့ရသည့် မျက်နှာပင်ဖြစ်သည်။
ချောမောလှပ၍ ချစ်စရာကောင်း မျက်နှာရှင် မိန်းမတစ်ယောက်ဖြစ်သည်။ ဦးခေါင်းထက်က ဆံပင် တွေကို နွယ်ကြိုးဟုထင်ရသော ကြိုးတစ်ခုဖြင့် စုစည်းထားသည် စူးစူးစိုက်စိုက် ကြည့်နေသော ထိုမျက်နှာ ပေါ်ဝယ် ရန်မူလိုသည့်အသွင် သဏ္ဍာန်မျိုးမပေါ်ချေ၊ နူးညံ့သိမ်မွေ့သော မျက်နှာအမူအရာကိုသာ တွေ့ ရသည်။
ကိုမြင့်ညိုက ဓာတ်ပုံရိုက်ယူရန် ကင်မရာကို ပြင်လိုက်သောအခါတွင်မူ ထိုမျက်နှာသည် ခြုံအကွယ်တွင် လျှင်မြန်စွာ ပျောက်သွားသည်။
ထိုအခိုက် တော်တော်ဝေးဝေးဆီမှ ကျောက်ကမ္ဘားယံထိပ်တွင် ကိုမြင့်ညိုတို့ ကြားခဲ့ရသည့် ငှက်အော်သံ မျိုးသည် သာယာစွာ မြည်ကြွေးထွက်ပေါ်လာသည်၊ ထိုနောက်တွင်ကား တောခြုံတွေ သွက်လက် လျှင်မြန်စွာ တိုးခွေ့ ထွက်ပြေးသွားသည့် ခြေသံကိုသာ ကိုမြင့်ညိုကြားလိုက်ရတော့သည်။
ကမ္ဘားယံထိပ် ပန်းပင်ကြီးအောက်မှ သဏ္ဍာန်ကို ခဲခဲယဉ်းယဉ်း ဓာတ်ပုံရိုက်ယူလာသည့် ဖလင်ကို ကိုမြင့်ညိုက မပျက်စီးစေရအောင် အထူးဂရုစိုက်ပြီး ကူးကြည့်လိုက်သည် ပြတ်သားကြည်လင်သည့် ဓာတ်ပုံ ကို ရသောအခါ ထိုဓာတ်ပုံကို ပိုပြီး သဲသဲကွဲကွဲဖြစ်စေရန် ဆယ်လက်မအထိ ချဲ့လိုက်သည်။
ဖြူဖွေးသော ပန်းတွေပင်လုံးကျွတ်ပွင့်နေသည့် ပန်းပင်ကြီး အောက်ဝယ် ညိုညစ်ညစ်အရောင်က ကိုယ်ပေါ်မှာ ဖုံးလွှမ်းထားပြီး ရှည်လျားသော ဆံပင်တွေ ဒူးကောက်ကွေးရောက်အောင် ဖြန့်ချထားကာ အံ့အောသောအသွင် သဏ္ဍာန် ပီပြင်စွာ ဖေါ်ပြထားသော မျက်နှာဖြင့် မတ်တတ်ရပ်နေသော မိန်းမပျို တယောက်၏ ပုံသည် လက်ရာမြောက်သော ပန်းချီဆရာတယောက် စိတ်ကူးယဉ်ဆွဲထားသော ပုံနှင့်ပင် တူနေတော့သည်။
ညိုညစ်ညစ်အရောင်ဖြင့် ကိုယ်ပေါ်မှာ ဖုံးလွှမ်းထားသည့် အရာက ရင် ခါး တင်ပါး ပေါင်နှင့် ဒူးဆစ် အထိသာရှိသည်။ မျက်နှာလည်တိုင် လက်နှစ်ဘက်နှင့် ဒူးဆစ်အောက်ခြေ နှစ်ချောင်းသည် ရှင်းရှင်း လင်းလင်းဖြစ်နေသည်။
ရှည်လျားသော ဆံပင်တွေကိ ဖြန့်ချထားသည့်အတွက် မျက်နှာသည် မဲနက်သော ဆံပင်ထဲက ထင်းထင်းကြီး ပေါ်နေသည်၊ ကိုမြင့်ညိုသည် ဓာတ်ပုံကို စိတ်တိုင်းကျ ကူးပြီးသောအခါ စာဘတ်ခန်းတွင် ၀ိပဿနာ စာအုပ်တအုပ်ကို စိတ်ဝင်စားစွာဖတ်နေသော ဘခင်ကြီးထံသို့ ဓာတ်ပုံယူလာခဲ့သည်
'ဖေဖေဒီမှာ သားပြန်ေ၇ာက်လာစက ပြောတဲ့ ဓာတ်ပုံလေးကူးပြီးပြီ၊ ဖေဖေပြတ်ပြတ် သားသား ကြည့်ရအောင် ဆယ်လက်မအထိ အကြီးချဲကလာခဲ့တယ်'
ကိုမြင့်ညို က ပြောပြီး ဓာတ်ပုံကို ဖခင်လက်ထဲသို့ ရိုသေစွာ လှမ်းပေးသည်။
ကိုမြင့်ညိုဘခင်က ၀ိပဿနာစာအုပ်ကို ဘတ်နေရာမှ သားဖြစ်သူ စိတ်ကျေနပ်ပါစေဟူသော ခပ်ပေါ့ပေါ့သဘောမျိုးဖြင့် စာအုပ်ကို လက်က မချဘဲ ယလက်ဖြင့် စာအုပ်ကိုကိုင်ထားလျက်က ဘယ်လက် ဖြင့် သားဖြစ်သူ လှမ်းပေးသော ဓာတ်ပုံကို ယူကြည့်လိုက်သည်။
ကိုမြင့်ညို ဘခင်ကြီးသည် ဓာတ်ပုံကို ကြည့်လိုက်သည်နှင့် တပြိုင်နက် ပါးစပ်ဟသွားသည်၊ မျက်ခုံးကို သိသိ သာသာပင် အပေါ်သို့ ပင့်တင်လိုက်သည်၊ ထို့နောက် မျက်ခုံးကို ရှုံ့ပြီး ကြည့်သည်၊ ထို့နောက်တွင်ကား ယာလက်တွင် ကိုင်ထားသောဝိပဿနာ စာအုပ်ကို အနီးရှိ စားပွဲပုလေးပေါ် ငြင်သာစွာ တင်ထား လိုက်သည်။ ဓာတ်ပုံကို လက်နှစ်ဘက်ဖြင့် သေချာစွာကိုင်ခါ စူးစူးစိုက်စိုက် ကြည့်နေသည်။
ဘခင်ဖြစ်သူ၏ ထူးခြားသော အမူအရာကို ကိုမြင့်ညိုက စိတ်ထဲမှာ ထူးဆန်းနေသည်။ ဘခင်ကြီးသည် ကိုမြင့်ညိုငယ်စဉ်ကပင် ဇနီးသည်သေဆုံးပြီး မုဆိုးဖိုဘ၀ဖြင့် သားကိုမြင့်ညိုကို အသက်ပုံပေး ချစ်လာ ခဲ့သည် ကို ကိုမြင့်ညိုကောင်းစွာသိခဲ့သည်။
ဘခင်ကြီးသည် မိန်းမယူရန် နောက်အိမ်ထောင် ထူရန်ဝေး၍ အမျိုးသမီးတွေနှင့် ရောဝင် ရင်းနှီးစွာပင် နေထိုင်ပြောဆိုခြင်း မပြုခဲ့ချေ၊ ယခု သားဖြစ်သူပြသည့် ဓာတ်ပုံကို ကြည့်နေပုံမှာ စိတ်ဝင်စားလွန်းသည်၊ အာရုံစိုက်လွန်းသည်၊ စူးစိုက်လွန်းသည် မျက်တောင်မခပ် ကြည့်နေသော ဘခင်အား ကိုမြင့်ညိုက အကဲခပ် နေသည်။
ဘခင်ကြီးသည် ဓာတ်ပုံကို လက်ထဲကမချဘဲ သက်ပြင်းချလိုက်သည်၊ ထို့နောက် ကိုမြင့်ညိုကို မေးလိုက် သည်။
'ဓာတ်ပုံထဲက ခလေးမ ၀တ်ထားတာက တောထဲတောင်ထဲမှာ ရှိနေတဲ့ သစ်ပင်တမျိုးက ပြော့ပြောင်းတဲ့ သစ်ခေါက်မျိုး ဖြစ်ပါလိမ့်မယ်၊ လူတွေယက်တဲ့ အ၀တ်အထည်တေ့ ဟုတ်ဟန်မတူဘူး သားရဲ့'
'ကျွန်တော်လဲ ဒီလိုဘဲ ယူဆမိတယ် ဖေဖေ'
'ဒီမိန်းခလေးရဲ့ တကိုယ်လုံးကို၊ တကိုယ်လုံးဆိုတာက အထူးသဖြင့် ခြေသလုံးကိုသားသဲသဲကွဲကွဲ မြင်ခဲ့ ရလား'
ဘခင်ဖြစ်သူ၏ ထူးထူးဆန်းဆန်းအမေးကြောင့် ကိုမြင့်ညို စိတ်ဝင်စားလာသည်။ ထို့ကြောင့် နေရာကို ပြင်ထိုင်ပြီး ဖြေလိုက်သည်။
"ဒီမိန်းခလေး ပန်းပင်ကြီးအောက်က ပြေးထွက်သွားတာကို ကျွန်တော် မှန်ပြောင်းနဲ့ သေသေချာချာ ကြည့်လိုက် ပါတယ် ဖေဖေ၊ သူ့ခြေသလုံးကြွက်သားနှစ်ဘက်လုံးမှာလေ ဂုံညင်းဒိုးလောက်ရှိတဲ့ အမှတ် ကြီးလို မဲမဲကြီးနှစ်ခု တွေ့လိုက်ရတယ်၊ နောက်ကနေပြီး ကြည့်ရတာဆိုတော့ သေသေချာချာမြင်လိုက် ရတာပေါ့၊ အမှတ်မဲမဲကြီး နှစ်ခုက သေးသေးလေးမှ မဟုတ်တာ"
သားဖြစ်သူ စကားကို နားစိုက်ထောင်နေသော ဘခင်ကြီးသည် ကိုမြင့်ညို စကားဆုံးသောအခါ...
"ဓာတ်ပုံရှင် မိန်းခလေးက အသားဖြူတယ်နော်" ဟု မေးပြန်သည်။
"ဖြူပါတယ် ဖေဖေ၊ ဖြူတာမှ တောရိပ်တောင်ရိပ်ကြောင့် စိမ်းစိုနေတယ်လို့တောင် ထင်ရတယ်၊ နောက် ပြီး ဖေဖေ သူ့မျက်နှာကို သေသေချာချာကြည့်၊ မဲနက်နေတဲ့ မျက်ခုန်းနှစ်ခုဟာ ဆက်နေတယ်၊ ဆက် တာမှ ရိုးရိုး မဟုတ်ဘူး၊ ဆက်တဲ့နေရာမှာ ဗွေလေးလှည့်ပြီး ၀ိုင်းဝိုင်းလေးဆက်နေတာ ကင်မရာများ တပ်ထားတဲ့ မှန်ဘီလူး က အဝေးရိုက်မှန်ဘီလူး အကောင်းစား၊ အားကလဲ ကောင်းတော့ သိပ်ပြတ်သား ပါတယ် ဖေဖေ" ဘခင်ကြီး က ဦးခေါင်းငြိမ့်လိုက်သည်။
"အေး ဓာတ်ပုံကို ဖေဖေ သေသေချာချာကြည့်လို့ မျက်ခုံးဆက်နေတာတွေ့တယ်၊ ဒါကြောင့် ခြေသလုံး ကို ကြည့်ခဲ့လား လို့ မေးနေတာ"
ဘခင်ကြီး စကားကို တွေးကြည့်လျှင် ဤဓာတ်ပုံရှင် တောကြီးပျော် မိန်းခလေးနှင့်ပါတ်သတ်ပြီး ထူးခြား ဆန်းကြယ် သည့် လျှို့ဝှက်ချက်တွေကို ဘခင်ကြီးသည် အံ့အောစရာကောင်းအောင်ပင် သိနေလေသ လား ဟု ကိုမြင့်ညိုက မမျှော်လင့်နိုင်သော အတွေးမျိုးကိုပင် တွေးလိုက်မိသည်။
"ဖေဖေ ဒီဓာတ်ပုံရှင် တောထဲက မိန်းခလေးအကြောင်းကို ဖေဖေ ဘယ်လိုကြားဘူးထားလို့ မေးနေတာ လဲ ဖေဖေ၊ ဖေဖေ မေးမြန်းနေပုံက တော်တော်အံ့သြစရာ ကောင်းနေပါတယ်"
ကိုမြင့်ညိုက ပြောသောအခါ ဘခင်ကြီးသည် သားဖြစ်သူ ကိုမြင့်ညိုကို ဘာမှပြန်မပြောသေးဘဲ ထိုင်နေ ရာက ထသွားသည်။ ကိုမြင့်ညိုက သိလိုသောစိတ်ဖြင့် ဘခင်ကြီး မည်သည့်နေရာကို ထသွားသည်ကို လိုက်ကြည့်မည် ဟူသော စိတ်ကူးဖြင့် ထိုင်ရာကထမည်ဟန် ပြင်လိုက်သောအခါ သားဖြစ်သူ၏စိတ်အ ကြံ ကို ရိပ်မိဟန်တူသော ဘခင်ကြီးက
"သား နေခဲ့ပါလေ၊ ဖေဖေ အခုဘဲ ပြန်လာခဲ့ပါမယ်၊ သား တသက်တာမှာ မမြှော်လင့်တဲ့ မသိခဲ့ရသေး တဲ့ ကြေကွဲစရာ အကြောင်းလေးကို ဖေဖေ ပြောပြမယ်လို့ပါကွယ်"
ဟု ပြောလိုက်သော ဘခင်ကြီး၏အသံသည် စိတ်အလွန်အမင်း ထိခိုက်သည့်အသံ၊ အလွန်အမင်း လှိုက်လှဲဆွေးမြေ့သည့်အသံမျိုး ဖြစ်နေကြောင်းကို ကိုမြင့်ညို သေချာစွာ သတိထားလိုက်မိသည်။ ကိုမြင့်ညိုသည် အလွန်အမင်း စိတ်ဝင်စားခြင်းဖြင့် အခန်းထဲသို့ဝင်သွားသော ဘခင်ကြီး ပြန်ထွက်လာ မည် ကို စောင့်နေသည်။
ငါးမိနစ်မျှ ကြာသောအခါ၊ ဘခင်ကြီးသည် လက်ထဲမှာ ငွေဘောင်ကွပ်ထားသော ဓာတ်ပုံနှစ်ပုံကို ကိုင် ပြီး ပြန်ထွက်လာသည်။ မူလ သူထိုင်နေခဲ့သည့်နေရာတွင် ပြန်ထိုင်လိုက်သည်။ ထို့နောက် ဓာတ်ပုံတပုံ ကို ကိုမြင့်ညို လက်သို့ ကမ်းပေးလိုက်သည်။
"ဒီဓာတ်ပုံထဲက လူတွေကိုတော့ သား သိပါလိမ့်မယ်"
ကိုမြင့်ညိုက ဘခင်လက်ထဲက ဓာတ်ပုံကိုယူကြည့်လိုက်သည်။ ဓာတ်ပုံကား မိသားစုတစု ဓာတ်ပုံဖြစ်သည်။
"ဒီနှစ်ယောက်ကတော့ ဖေဖေနဲ့ မေမေဘဲ၊ ဒါကတော့ ကျွန်တော်ဖြစ်မယ်လို့ မှန်းမိတယ်၊ ဒီခလေးမ လေးက ဘယ်သူလဲ ဖေဖေ"
ကိုမြင့်ညိုက ဓာတ်ပုံကို သေချာစွာကြည့်ပြီး ပြောလိုက်သည်။ သူ့မိခင်နှင့် ဘခင်ဖြစ်ကြောင်းကို သူ သေချာစွာ သိသည်။ သူငယ်စဉ်က တယောက်ထဲရိုက်ထားသည့် ဓာတ်ပုံတွေရှိနေသဖြင့် မိသားစုပုံထဲ က အသက်လေးနှစ်ခွဲ အရွယ်ရှိနေသော သူ့ရုပ်ပုံကို သူသိနေသည်။ သို့သော် မိခင်ဖြစ်သူ ရင်ခွင်မှာ ပွေ့ပိုက်ထားသည့် ချစ်စရာကောင်းသော ခလေးငယ်လေးကိုမူ ကိုမြင့်ညို မမှတ်မိနိုင်ချေ။ ခလေးငယ် သည် ကိုမြင့်ညို စိတ်ထင် ခြောက်လအရွယ်လောက်သာ ရှိပေမည်။
"သား တကယ် မမှတ်မိတော့ဘူးလား"
ဘခင်ဖြစ်သူက မေးသည်။
ကိုမြင့်ညိုက စဉ်းစားသလိုတွေးနေသည်။ သူ့စိတ်ထဲမှာ သိသလိုလို မသိသလိုလို၊ သို့နှင့်ပင် မသိသည့် ဘက်က အလေးသာသွားသည်။ ဘယ်လိုမှစဉ်းစား၍ မပေါ်တော့ချေ။
"ကျွန်တော် ဘယ်လိုမှစဉ်းစားလို့ မပေါ်တော့ဘူး ဖေဖေ" ကိုမြင့်ညိုက ဖြေလိုက်သည်။
"အေးကွယ် သားအနေနဲ့ ဘယ်မှာမှတ်မိနိုင်မလဲ၊ အဲဒီအချိန်က သားအသက်က လေးနှစ်ခွဲရှိနေသေး တာကိုး၊ ဓာတ်ပုံထဲမှာ သားရဲ့မေမေ ချီပွေ့ထားတဲ့ ခလေးဟာ သားရဲ့ညီမလေးအရင်းဘဲ သားရယ်"
ဘခင်ကြီး၏အသံသည် ဆို့နင့်ကြေကွဲနေသည်။
ကိုမြင့်ညိုသည် ဘခင်ကြီးမျက်နှာကို စိုက်ကြည့်နေရာမှ သူသိသလိုလို မသိသလိုလိုဖြစ်နေခဲ့သော အမှတ် သညာ တစ်ခုသည် အလွန့်အလွန် မှေးမှိန်စွာပေါ်လာသလိုလို ရှိသည်။
ဆက်ရန်
.

No comments:
Post a Comment