အခန်း ၅၉
ကျွန်တော့်ကလေးများအတွက် အိပ်မက်များ
ကျွန်တော့်ကလေးများအတွက် အိပ်မက်များ
ကျွန်တော့်သားသမီးများကို ပြောချင်တာတွေကတော့ အများကြီးရှိသည်။ သို့ရာတွင် ယခုသော် သူတို့ ကလေး တွေက ငယ်လွန်းလှသေး၍ ကျွန်တော်ပြောတာတွေကို နားလည်နိုင်မည် မဟုတ်သေး။ ဒီလန် က ယခုမှ ခြောက်နှစ်ထဲ ရောက်စဖြစ်သည်။ လိုဂန်ကလေးမှာ သုံးနှစ်သားအရွယ်မျှသာ။ သမီးကလေး ချလို ကလည်း တစ်နှစ်ခွဲမျှသာ ရှိပါသေးသည်။ ကျွန်တော်က ကျွန်တော့်ကလေးတွေကို ကျွန်တော် သည် ဘယ်သူ၊ ဘာတွေကို ယုံကြည်သည်၊ သူတို့တစ်တွေကို ကျွန်တော်ဘယ်မျှ ချစ်လာခဲ့ရသည် စ သည်တို့ကို သူတို့ ကလေးတွေအား ပြောပြချင်သည်။ သို့ရာတွင် အသက်အရွယ်လေးတွေက ငယ်လှ သေးသည်ဖြစ်၍ ကျွန်တော့် ပြောစကားများမှာ သူတို့ခေါင်းထဲမှာ လျှံထွက် သွားကြမည်သာ။
ကျွန်တော် သူတို့ကလေးတွေကို ဘယ်လိုနည်းနှင့်မှ မခွဲခွာသွားလိုကြောင်းကို သူတို့တစ်တွေ သိစေ ချင်လှ၏။
ဂျေး နှင့် ကျွန်တော်သည် သူတို့အား ကျွန်တော် သေရတော့မည်အကြောင်းကို ခုအချိန်အထိ ပြောမပြ ဖူးသေးပါ။ ကျွန်တော် သည့်ထက်သည် ဆိုးလာသည့်လက္ခဏာတွေ ပြလာချိန်လောက်မှ ပြောပြပါဟု ကျွန်တော်တို့အား အကြံပေးလာကြသူများ ရှိသည်။ ယခုအနေအရသော် ကျွန်တော် နေရမည့်အချိန် သည် လပိုင်း မျှသာ ကျန်တော့သည်ဆိုပေမဲ့ ကျွန်တော်က အတော်ကြီးကျန်းမာနေသည့်ပုံပေါက်နေဆဲ ဖြစ်၏။ သို့ဖြစ်၍ ကျွန်တော့်ကလေးတွေသည် ကျွန်တော် သူတို့နှင့်တွေ့နေသမျှအချိန်တိုင်း၌ ကျွန်တော် က သူတို့ကို ခွဲခွာဖို့ နှုတ်ဆက်နေခြင်းဖြစ်ပါကလားဟူ၍ မသိနိုင်ဘဲဖြစ်နေဆဲဖြစ်သည်။
သူတို့ကလေးတွေ ကြီးလာသည့်အခါ သူတို့မှာ အဖေခေါ်စရာလူရှိတော့မှာ မဟုတ်ပါကလားဟု တွေးမိ တိုင်း ကျွန်တော့် ရင်ထဲမှာ ကျင်ကျင်သွားသည်။ ကျွန်တော် ရေချိုးရင်း ငိုမိသည့်အခါ ကျွန်တော်သည် "သူတို့ ဒါလေး လုပ်တာကို ငါမြင်ရတော့မှာ မဟုတ်၊ သူတို့ ဟိုဟာလေး လုပ်တာကို ငါမြင်ရတော့မှာ မ ဟုတ်"ဟူသော အတွေးမျိုး မတွေးတော့ပါ။ သူတို့ကလေးတွေမှာ အဖေရှိတော့မှာ မဟုတ်တော့ပါက လား ဟူသည် ကိုသာ တွေးနေမိပါတော့သည်။
ကျွန်တော်သည် ကျွန်တော်က ဘာဆုံးရှုံးတော့မှာပါက လား ဆိုတာထက် သူတို့ကလေးတွေ ဘာ ဆုံးရှုံး မှာပါကလား ဟူသည်ကိုသာ ပို၍အလေးထား စဉ်းစား နေမိပါတော့သည်။ ကျွန်တော်၏ ၀မ်းနည်းကြေကွဲမှု ၏ တစ်ရာခိုင်နှုန်းက "ငါ မသေချင်ဘူး၊ ငါ မသေ ချင်ဘူး ငါ မသေချင်ဘူး"မျှသာဖြစ်ပြီး ရာခိုင်နှုန်းအများစုမှာ သူတို့ အတွက်ဖြစ်ရသော ၀မ်းနည်းကြေကွဲ မှုဖြစ်ပါသည်။ "သူတို့ မ..... ရဘူး၊ သူတို့ မ...... ဘူး၊ သူတို့ မ...... ရဘူး"ဟူ၍သာ ကျွန်တော် တွေးနေ တော့သည်။ စိတ်ကိုသာ လွှတ်ပေးလိုက်ပါလျှင် ကျွန်တော့်ရင်တွင်း၌ ထိုအတွေးမျိုး ကသာ ၀ဲလှည့် ကန်တော့ထိုးနေပါတော့မည်။
သူတို့သည် ကျွန်တော့်ကို ရေးတေးတေးလောက်တော့ မှတ်မိနိုင်သည်ဟု ကျွန်တော် သိထားသည်။ ထို့ကြောင့်လည်း ကျွန်တော်သည် သူတို့မေ့မသွားနိုင်လောက်ဖွယ် အရာများကို သူတို့နှင့်အတူတူလုပ် ဖို့ ကျွန်တော် ကြိုးစားနေခြင်းဖြစ်သည်။ ကျွန်တော်က သူတို့၏မှတ်ဉာဏ်သည် ဖြစ်နိုင်သမျှ ထက်မြက် စေလိုသည်။ ဒီလန်နှင့် ကျွန်တော် အားရက် အသေးစားကလေးယူကာ လင်းပိုင် တွေနှင့်အတူ ရေကူးခဲ့ ကြသည်။ ကလေးတစ်ယောက်သည် လင်းပိုင်များနှင့် ရေအတူတူကူးဖူးသည်ဟူသော ဖြစ်ရပ်မျိုးသည် မေ့ပျောက် လွယ်မည်မဟုတ်၊ ကျွန်တော်တို့သားအဖ ဓာတ်ပုံတွေလည်း အများအပြားရိုက်ခဲ့ကြသည်။
ကျွန်တော် လိုဂန် ကိုလည်း ဒစ္စနေးဝေါ့လ်သို့ ခေါ်သွားရဦးမည်။
ကျွန်တော့်တုန်းက အလွန်သဘောကျ ခဲ့သည့်နေရာဖြစ်သလို ကျွန်တော့်သားငယ် ကလေးလည်း ထိုနေရာ ကို အလွန်သဘောကျမည်သာ ဖြစ် မည်။ သူသည် မစ်ကီမောက်စ်နှင့်လည်း တွေ့ချင်မည်သာဖြစ်သည်။ ကျွန်တော် သည် မစ်ကီမောက်စ် နှင့် တွေ့ခဲ့ဖူးသည်ဖြစ်ရာ ကျွန်တော့်သားကလေးကို သူနှင့် မိတ်ဆက် ပေးနိုင်မည်ဖြစ်သည်။ ကျွန်တော် နှင့် ဂျေးသည် ဒီလန်ကိုလည်း ခေါ်လာခဲ့သည်။ လိုဂန်ကလေး တွေ့ကြုံ ရသမျှ အတွေ့အကြုံများသည် သူ့အစ်ကိုကြီးသာ မပါခဲ့ပါလျှင် ထိုအတွေ့အကြုံများသည် သူ့အဖို့ ပြည့်စုံဖွယ် မဖြစ်နိုင်သောကြောင့် ဒီလန်ကိုပါ ခေါ်ရမည်ဆိုရခြင်း ဖြစ်ပါသည်။
ညစဉ်ညတိုင်း အိပ်ရာဝင်ချိန်၌ ကျွန်ောတ်က ဒီလန်အား ထိုနေ့တွင် ဘယ်အချိန်ပိုင်းသည် သူ့အဖို့ အကောင်းဆုံးအချိန်ပိုင်းပါလဲဟု မေးသည်။ ထိုအခါ သူက "ဒီလန်နဲ့ ကစားရတာ"ဟု ဖြေလေ့ရှိသည်။ ထိုနေ့ အဖို့ အဆိုးဆုံးအချိန်ပိုင်းက ဘယ်အချိန်ပိုင်းပါလဲဟု မေးသည့်အခါတွင်လည်း "ဒီလန်နဲ့ ကစား ရတာ"ဟုပင် ဖြေပြန် လေသည်။ အတိုချုပ်ရလျှင် သူတို့သည် သံယောဇဉ်ချည်နှောင်ထားကြသည့် ညီ အစ်ကိုများ ဖြစ်ကြ ပါပေသည်။
ချလိုကလေးကတော့ ကျွန်တော့်ကို မှတ်မိနိုင်မည်မဟုတ်မှန်း ကျွန်တော်သိပါသည်။ သမီးကလေးက ငယ်လွန်း လှသေး၏။ သို့ရာတွင် ကျွန်တော် သူ့ကို ပထမဦးဆုံးချစ်ခဲ့သူမှာ ကျွန်တော်သည်သာဖြစ် ကြောင်း ကို သည်သမီးကလေးအား သိစေချင်သည်။ ကျွန်တော်က ဖအေပဲ၊ သမီးပဲဆိုတာသည် အပိုပါ ဟု ထင်မိ ခဲ့၏။ သို့ရာတွင် ဖအေနှင့် သမီးဟူသည်တို့သည် တကယ်ရှိနေသောအရာဖြစ်ကြောင်းကို ကျွန်တော် ပြောပြ နိုင်သည်။ တစ်ခါတစ်ရံ သူက ကျွန်တော့်ကို ကြည့်လိုက်သည့်အခါ ကျွန်တော့်မှာ ရေ အိုင်ကလေး တစ်ခု ဖြစ်သွား ရတော့သည်။
သူတို့ကြီးလာသည့်အခါ ကျွန်တော့်အကြောင်းကို သူတို့အမေ ဂျေးကပြောပြနိုင်မှာတွေ အများကြီး ရှိပါသည်။ ဂျေးသည် ကျွန်တော်၏ အကောင်းမြင်စိတ်ဓာတ် အကြောင်းတို့၊ ကျွန်တော်ပျော်အောင် နေသွားပုံတို့၊ ကျွန်တော့်ဘ၀တွင် မြင့်မားသောစံများကို ချမှတ်သွားနိုင်အောင် ကြိုးစားခဲ့ပုံတို့ကို ပြေပြနိုင်ဖွယ် ရှိပါသည်။ ကျွန်တော်သည်ဘ၀ကိုချဉ်းကပ်ရာ၌ ခွဲခြမ်းစိတ်ဖြာနည်းကို လိုသည်ထက် ပိုစွာ သုံးတတ်ပုံ၊ ငါသာ အတတ်ဆုံး ဟု (မကြာခဏ)ဇွတ်လုပ်ချင်တတ်ပုံ စသည့် ကျွန်တော်၏ စိတ်ကုန်စရာ ကောင်းသော အရာများကိုတော့ သူ့ကလေးတွေကို အလိမ္မာနည်းသုံးကာ ပြောပြနိုင်ဖွယ် ရှိပါသည်။
ဂျေးသည် ကျွန်တော့်ထက်များစွာ မွန်ရည်သောသူတစ်ဦးဖြစ်ရာ ကျွန်တော်တို့ အိမ်ထောင်သည်ဘ၀တွင် သူ့ကို တကယ် နှစ်နှစ်ကာကာ ချစ်သည့် ယောင်္ကျား တစ်ယောက် ရှိခဲ့ကြောင်းမျိုးကိုတော့ ကလေးတွေအား ပြောပြချင် မှ ပြောပြပါလိမ့်မည်။ သူဘယ်မျှ စွန့်လွှတ် အနစ်နာ ခံရကြောင်းများကိုတော့ ပြောပြလိမ့်မည် မဟုတ်ပါ။ လူမမယ်ကလေး သုံးယောက်၏ မိခင်တစ်ယောက်အနေဖြင့် မိခင်တို့ သဘာဝ အတိုင်း ကိုယ့်ရင်သွေး ကလေးများအပေါ် အရိပ်တကြည့်ကြည့်နှင့် ဂရုတစိုက် စောင့်ရှောက်မည်သာ ဖြစ်ပါသည်။ ကင်ဆာရောဂါ သည် လင်ယောင်္ကျား တစ်ယောက်၏ ဇနီးသည်အဖြစ်သို့ ရောက်လာခဲ့မှတော့ ကိုယ့်အကျိုး ကိုယ့်ကိစ္စ ကို ဘာမှ စဉ်းစားမနေသာတော့်ဘဲ သူတစ်ပါး၏ လိုအင်တွေကို ဖြည့်ဆည်းပေးနေရသူ အဖြစ် နှင့်သာ နေရပါတော့သည်။ ကျွန်တော်သည် ကျွန်တော့်သားသမီး ကလေးများအား သူတို့၏ အမေသည် ဘယ်မျှ ကိုယ်ကျိုးစွန့် အနစ်နာခံ ရရှာကြောင်းကို သိစေချင်လှပါသည်။
မကြာသေးခင်က မိမိတို့ အလွန် ငယ်ရွယ်သေးစဉ်တွင် မိဘများ ဆုံးပါသွားကြသူများနှင့် စကားပြောဖြစ်လုနီး ဖြစ်ခဲ့သည်။ သူတို့သည် အခက်အခဲများကို ဘယ်ပုံကျော်လွှား ဖြတ်သန်း လာခဲ့ကြသည်၊ ဘယ်လို အမှတ်တရ လက်ဆောင်များက သူတို့အတွက် အဓိပ္ပယ်အရရှိဆုံးဖြစ်ခဲ့သည် စသည် တို့ကို ကျွန်တော်က သိချင်သည်။
ထိုအခါ သူတို့က ပြောပြသည်မှာ သူတို့၏ မိခင် ဖခင်များက သူတို့အပေါ် ဘယ်မျှ ချစ်ခဲ့ကြပါ ကလားဟု သိလိုက်ရခြင်းသည် သူတို့အဖို့ နှစ်သိမ့်စရာ ဖြစ်ခဲ့ကြသည်ဟု ဆိုပါသည်။ မိဘများ၏ မေတ္တာကြီးပုံကို သိလေလေ ထိုမေတ္တာ ကို သူတို့ ခံစား၍ ရနိုင်လေလေ ဖြစ်သည်ဟု ပြောကြပါသည်။
သူတို့က ဂုဏ်ယူဖွယ် အကြောင်းတွေကို လိုချင်ကြသည်။ သူတို့၏ မိဘများသည် မယုံကြည် နိုင်လောက်ဖွယ် ထူးခြားသူများဟု ယုံကြည်ယူဆချင်ကြ၏။ အချို့ကမူ သူတို့ မိဘများ၏ စွမ်းဆောင်မှု များနှင့် ပတ်သတ်၍ ထူးခြားချက်များကို ရှာဖွေကြသည်။ အချို့ကမူ ဒဏ္ဍာရီယုံ တမ်းသဖွယ် ဖြစ်နေစေချင် ကြသည်။ သို့ရာတွင် အားလုံးက တောင့်တကြသည်မှာ သူတို့၏ မိခင် ဖခင်တို့ ထူးခြားအောင် ပြုပေးသည် မှာ ဘယ်အရာများပါလဲဟု သိလိုကြခြင်းဖြစ်သည်။
ထိုမိဘမဲ့များက ကျွန်တော့်ကို ပြောခဲ့ကြတာ ရှိသေးသည်။ သူတို့သည် သူတို့၏ မိဘများကို မှတ်မိသည့် အရာ များက နည်းလှကြသည် ဖြစ်၍ သူတို့မိဘများသည် သူတို့ကို လွမ်းဆွတ် သတိရရင်းဖြင့်ပင် သေသွား ကြသည် ဟူသော အချက်ကို စိတ်ချလက်ချ သိလိုကြခြင်း ဖြစ်ပါသည်ဟု ဆိုပါသည်။
ထိုအတိုင်းဆိုသော် ကျွန်တော်၏ ကျွန်တော့် ကလေးများကို အောက်မေ့ သတိရမူသည် ကျွန်တော့် ခေါင်းထဲ ၌ ပြည့်၍ နေပါသည်ဟု ဆိုပါမည်။
ဒီလန်အကြောင်းပဲ ပြောကြပါစို့။ သည်သားကလေးသည် အလွန် ချစ်ဖွယ်ကောင်းလှပြီး ပြတ်သားလှသူ ဖြစ်သည်။ အခြား ကလေးတစ်ယောက်ယောက် ခိုက်မိသွားသည် ရှိသော် ဒီလန်သည် ထိုကလေးထံသို့ ကစားစရာ ကလေး တစ်ခု ဖြစ်စေ၊ စောင်ကလေးတစ်ခု ဖြစ်စေ ယူပေးလေ့ရှိသည်။
ဒီလန်မှာ တွေ့ရသည့် အခြားဥာဉ်ကောင်း ကလေးလည်း ရှိသေး၏ သူသည် လူကြီးများကဲ့သို့ ပိုင်းခြားစိတ်ဖြာ ကြည့်တတ်သူ ဖြစ်သည်။ သူသည် အဖြေထက် အမေးက ပိုအရေးကြီးကြောင်းကို စဉ်းစားတတ်သူ ဖြစ်သည်။ ကလေးအများ အပြားက `ဘာဖြစ်လို့လဲ` ဟု မေးတတ်ကြသည်။ ကျွန်တော်တို့ အိမ်တွင် စကားလုံး တစ်လုံးတည်း ပါသော မေးခွန်းမျိုးကို မထုတ်ရဟု စည်းကမ်း သတ်မှတ်ထားရာ ဒီလန်က ထိုစိတ်ကူး အယူဆကို သဘောကျသည်။ သူသည် ၀ါကျအပြည့်နှင့် မေးသောမေးခွန်များကို ဆောက်တည် မေးမြန်းရန် ၀ါသနာပါသည်။ ထို့ပြင် သူ၏ သိလိုစိတ်သည် အရွယ်နှင့် မလိုက်ပေ။ သူ၏ မူကြို ဆရာမများက ပြောဖူးတာကို ကျွန်တော်သွား သတိရမိသည်။ `ဒီလန်နဲ့သာ နေရရင် ကိုယ်ပါ စဉ်းစား နေရတော့တာပဲ၊ ကျွန်မဖြင့် ဒီကလေးလေး ကြီးလာရင် ဘယ်လိုလူမျိုး ဖြစ်သွားမယ် ဆိုတာ ကြည့်ချင် လိုက်တာ` တဲ့။
ဒီလန်သည် စပ်စုရာတွင် ဘုရင်တစ်ဆူပင်။ ဘယ်နေရာ ရောက်ရောက်၊ ရောက်ရာနေရာတွင် တစ်နေရာရာကို ကြည့်ပြီး `ဟေး၊ ဟိုမှာ ဘားလေးလဲ မသိဘူး၊ ကြည့်ရအောင်၊ ကိုင်ကြည့်မယ်၊ တစ်စစီဆွဲယူမယ်` စသည့်ဖြင့် စဉ်းစားနေတတ်သူ ဖြစ်သည်။ အချို့ကလေးတွေက အဖြူရောင် ၀င်းထရံ တစ်ခုကို တွေ့သည်ဆိုလျှင်တောင် တုတ်တစ်ချောင်းနှင့်တို့က `တောက်တောက် တောက်တောက်` ဟူသော အသံကို နားထောင်ရင်း လျှောက်သွားတတ်သည်။ ဒီလန်ကား အသုံးချလေသည်။ တိုင်က တုတ်ချောင်းထက် ပိုထူသဖြင့် တောက်တောက် အသံမှာ တုတ်ချောင်းနှင့် ပြုသည်ထက် ပို၍ မြည်လေသည်။
လိုဂန်ကမူ ဒီလန်နှင့်မတူ။ သူ့မှာ အရာရာတွင် စွန့်စွန့်စားစားချည်းနှင့် ကြုံရသည်။ သူ့ကို မွေးစဉ်က မွေးလမ်းကြောင်း တွင် ကပ်တွယ်ပြီး ပိတ်နေသလိုဖြစ်၍ ဆရာဝန်နှစ်ဦးက ညှပ်များနှင့် ဆွဲထုတ်ယူရသည်။ ဆရာဝန် တစ်ယောက်သည် စာပွဲပေါ်ကို ခြေကန်ကာ အားကုန်ထုတ်၍ သူ့ကို ဆွဲယူရပုံကို ကျွန်တော် မှတ်မိ နေသေး၏။ တစ်ချက်တွင် ဆရာဝန်က ကျွန်တော့်ဘက်လှည့်ကား `ကျွန်တော်ဖြင့် ဒါနဲ့ မရရင် သံကြိုး တွေ ဘာတွေရှာပြီး မြင်းနဲ့ ဆွဲယူရမလား အောက် မေ့တယ်` ဟု ပြောသည်။
လုဂန် လူ့လောကထဲသို့ ရောက်လာပုံမှာ ခက်ခက်ခဲခဲ ဖြစ်ပါ၏။ မွေးလမ်းကြောင်းမှာ အချိန် ကြာညောင်းစွာ ပိတ်နေသဖြင့် သူ့လက်များသည် မွေးဖွားလာပြီးသည့်တိုင် လှုပ်ရှား၍ မရ ဖြစ်နေ ပေသည်။ ကျွန်တော်တို့မှာ ပူလိုက် ရတာ။ အချိန် မကြာလိုက်ပေ၍ တော်သေးပေတော့သည်။ သူသည် ဤသို့နှယ် ထူးခြားလှသည့် အကောင်းလက္ခဏာ အင်အားများရှိသူဖြစ်ရာ သူသည် ရုပ်ပိုင်းဆိုင်ရာ အရရော ပေါင်းသင်း ဆက်ဆံရေး အရပါ အားကောင်းသူဖြစ်လေသည်။ သူသည် ပြုံးလိုက်လျှင် မျက်နှာ တစ်ခုလုံးဖြင့် ပြုံးသူဖြစ်၍ တကယ့်ကို `တစ်ဂါး` တစ်ယောက် ပါပေ။ သူသည် ဘာအတွက် မဆို အသင့်ဖြစ်နေပြီး မည်သူနှင့် မဆို အဆွေခင်ပွန်း ဖွဲ့နိုင်သူ ဖြစ်၏။ သူ့အသက်သည် သုံးနှစ်သာ ရှိသေး၏။ သို့်ရာတွင် ကျွန်တော် အတက်ဟောဝံ့သည်။ သူသည် သူ့တက္ကသိုလ် သဟာယ အသင်း၏ ဥက္ကဌ ဖြစ်မည့်သူဖြစ်သည်။
ချလို ကလေးကတော့ တကယ့်ကို မိန်းကလေးပီသသူဖြစ်သည်။ ကျွန်တော် ပထမတွင် ဘာမှ မပြောဝံ့သေး။ နောက်တော့မှသာ ထိုသို့ ပြောနိုင်ခြင်းဖြစ်သည်။ သူ့ကို ပထမတွင် ဗိုက်ခွဲမွေးရမည့် အနေရှိသည်။ သို့ရာတွင် ဂျေးသည် ဆေးရုံးသို့ ရောက်၍ မကြာမီမှာပင် ရေမြွှာပေါက်သွားရား ရေမြွှာနှင့် အတူ ချလို ကလေးလည်း လျှောကျလာသည်။ ဤသမီးကလေးချလိုကို ပထမဦးဆုံး အကြိမ်း ကောက်ချီ မရင်း သူ့မျက်နှာကလေးကို ကြည့်နေမိစဉ် အချိန်ကလေးသည် ကျွန်တော့်ဘ၀တွင် အပြင်းထန်ဆုံး စိတ်ပိုင်း ဆိုင်ရာ အချိန်ကလေးတစ်ခု ဖြစ်ခဲ့ပေသည်။ ကျွန်တော့်မှာ ဤဆက်သွယ်မှု ခံစားချက် ကလေးရှိသည်။ သို့ရာတွင် ထိုခံစားချက်သည် ယောက်ျားကလေးများနှင့် ရှိခဲ့ရသော ဆက်သွယ်မှု ခံစားချက်နှင့် ခြားနား လှပေသည်။ ကျွန်တော့်သမီးကလေး၏ လက်ချောင်းကလေးကို ထွေးပတ်ပေးသော ကလပ်၏ အသင်းဝင် တစ်ဦးဖြစ်၍ နေပေပြီ။
ကျွန်တော်သည် သမီးကလေး ချလိုလုပ်မျှ ကြည့်နေရတာကို သဘောကျလှသည်။ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် များစွာ ရဲတင်းသည့် ဒီလန်နှင့် လိုဂန် တို့လို မဟုတ်ဘဲ ချလိုသည် အလွန်သတိရှိ၏။ သိမ်မွေ့ သည်ဟုပင် ဆိုနိုင်သည်။ ကျွန်တော်တို့၏ လှေကားထိပ်တွင် အန္တာရယ်ကို တားဆီးပေးမည့် တံခါးကလေး တပ်ဆင်ထားသည်။ သို့ရာတွင် ချလိုသည် ထိုအခါးကို အသုံးပြုလေ့ မရှိတတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သူထုတ်လိုက်သော အားအင်သည် သူ့ကို အနာတရ ဖြစ်စေလောက်အောင် မဟုတ်သောကြောင့်တည်း။ အကြောက်အလန့် မရှိ လှေကားကို ဒုန်းဒုန်း ဒိုင်းဒိုင်းနှင့် ဆင်းပြေး တတ်ကြသော အစ်ကို နှစ်ယောက် ကြားတွင် ကြီးလာရသဖြင့် သူပြုမူပုံကို မြင်တွေ့ရသည့် ကျွန်တော်နှင့် ဂျေးတို့မှာ အတွေ့အကြုံသစ်တစ်ခု ရသည့် သဘောပင်။
ကျွန်တော်သည် ကျွန်တော့်သားသမီး သုံးယောက်စလုံးကို ကြွင်းမဲ့ဥဿုံ ချစ်ပါ၏။ ချစ်ပုံချစ်နည်းကား တစ်ဦး အပေါ်နှင့် အခြားတစ်ဦးအပေါ် မတူပေ။ ကျွန်တော်သည် သူတို့တတွေ အသက်ရှင် နေသမျှ ကာလ ပတ်လုံး ချစ်သွားမည် ဆိုတာကို သူတို့ကလေးတွေ သိစေချင်လှပါ၏။ ကျွန်တော်သည် သူတို့ကို ချစ်သွားမည်သာ ဖြစ်ပါသည်။
သို့ရာတွင် ယခုအခါ ကျွန်တော်နေရမည့် အချိန်က နည်းသွားလှပြီဖြစ်၍ ကျွန်တော်သည် သူတို့နှင့် တိုး၍ နှောင့်ဖွဲ့ ထားသော သံယောဇဉ် နှောင်ကြိုးကို ဘယ်ပုံဘယ်နည်း တိုး၍ ခိုင်အောင် ပြုရမည်ကိုသာ စဉ်းစားနေရတော့သည်။ ထို့ကြောင့် ကျွန်တော်သည် သူတို့တစ်ဦးချင်း နှင့်စပ်သည့် ကျွန်တော်၏ နောက်ဆုံးဟောပြောချက် ဗွီဒီယိုကိုလည်း ရေးနေရသည်။ ကျွန်တော့်မှာ နောက်ဆုံး ဟောပြောချက် ဟောပြောပြီးချိန် နောက်ပိုင်း၌ ကျွန်တော့်ဆီသို့ ပို့ခဲ့ကြသည့် စာတွေ အပြည့်ထည့်ထားသည် ပလပ်စတစ် ပုံးကြီးလည်း ရှိသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော့် သားသမီးများသည် ဘာတွေပါလိမ့် ဟူ၍ ဤပုံးကြီး ကို ကြည့်မိချင် ကြည့်မိကြလိမ့်မည်။
ထိုသို့သော အခါတွင် ကျွန်တော်၏ မိတ်ဆွေများကရော ကျွန်တော်နှင့် မသိသည့် သူစိမ်းများကပါ ကျွန်တော် ၏ ဟောပြောချက်မှာ အဓိပ္ပယ် အပြည့်အ၀ ရှိကြကြောင်း ယူဆကြသည်ကို သူတို့ ကလေးတွေ သိရှိ သွားနိုင်လိမ့်မည်ဟု ကျွန်တော် မျှော်လင့်သည်။
ကျွန်တော်သည် ထိုဟောပြောချက်၌ ကျွန်တော်၏ ကလေးဘ၀ စိတ်ကူးအိမ်မက် များအကြောင်းကို တော်တော် များများ ပြောထားခဲ့သဖြင့် မကြာသေးမီက ကျွန်တော်၏ ကလေးများ အတွက် စိတ်ကူး အိပ်မက်တွေ ကကော ဘာပါလဲဟု မေးမြန်းသူများ ရှိလာကြသည်။
ကျွန်တော့်မှာ ထိုသို့မေးမြန်းသူများ အတွက် စိတ်ကူးအိပ်မက် တွေကကော ဘာပါလဲဟု မေးမြန်း သူများ ရှိလာကြသည်။
မိဘများအနေဖြင့် သူတို့၏ သားသမီးများအတွက် ဘယ်သူက ဘာဖြစ်ရမည်ဟူသော တိကျသော စိတ်ကူး အိပ်မက်မျိုး ထားရှိရန်မှာ အလွန်တရာ ဖျက်လိုဖျက်ဆီး လုပ်ရာကျပါသည်။ တက္ကသိုလ် ပါမောက္ခ တစ်ဦး အနေဖြင့် အဓိကဘာသာ အရွေးမှားကြသူ တက္ကသိုလ် ကျောင်းသား မြောက်များစွာကို တွေ့ဖူးပါပြီ။ ကျွန်တော် ၏ ရုံးချိန်အတွင်း ငိုယိုကြသံများကို အကဲဖြတ်ရသော အားဖြင့် မိဘများသည် သူတို့သားသမီး များကို ရထားပေါ် သို့ တင်ပေးလိုက်ကြသည်။ ရလဒ်က ရထားပျက်ခြင်းနှင့် ကြုံလိုက်ရခြင်း ဖြစ်နေ လေတော့သည်။
ကျွန်တော်သိသမျှ ပြောရသော် မိဘများ၏ အလုပ်မှာ ကလေးများ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်ပြီး သူတို့၏ စိတ်ကူးအိပ်မက်များကိုပင် အကောင်အထည်ဖော်သွားနိုင်အောင် အားပေးခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် အကောင်းဆုံး လုပ်ပေနိုင်သည်မှာ သူတို့၏ ဘ၀ရည်မှန်းချက် တာဝန်ကို ထမ်းဆောင်ရန် အတွက်လိုအပ်သည့် ကိရိယာ တန်ဆာပလာများ ရရှိလာအောင် ကူညီ ပေးရန်သာ ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော့်သားသမီးများ အတွက် ကျွန်တော်၏ အိပ်မက်များမှာ တိကျလှပါသည်။ ကျွန်တော့်က သူတို့သည် သူတို့ရည်မှန်းချက် ပြည့်စေရန် သူတို့လမ်းကို သူတို့ဘာသာ ရှာစေလိုသည်။ ကျွန်တော်က ရှိတော့မည် မဟုတ်၍ ကျွန်တော်က ဤအချက်ကိုလည်း ကျွန်တော်ကလေးများ ရှင်းရှင်းလင်းလင်း နားလည် သွားကြစေလိုသည်။ သားတို့ သမီးတို့၊ တို့အဖေ ဘာဖြစ်စေချင်ခဲ့ပါလိမ့် ဟူ၍ သိရန် အားထုတ် မနေကြပါနှင့်၊ အဖေကနေတော့ သားတို့ သမီးတို့ ဖြစ်ချင်သည့် အတိုင်း ဖြစ်လားဖို့သာပဲ လိုလားပါသည်။
ကျွန်တော့် စာသင်ခန်းများကို ဖြတ်သန်းသွားခဲ့ကြသော ကျောင်းသားများစွာကို မြင်တွေ့လာခဲ့သည့် အလျောက် မိဘများစွာတို့သည် မိမိတို့ စကား၏ ခွန်အားကို အမှန်အတိုင်း မသိကြကြောင်းကို ကျွန်တော် သိလာခဲ့ရသည်။ ကလေးငယ်၏ အသက်အရွယ်၊ ကလေးငယ်၏ ကိုယ့်ကိုယ်ကိုယ် သိနားလည်မူတို့ အပေါ် မူတည်လျက် မိခင်ဖခင်တို့က လက်တန်း ပြောဆိုလိုက်သည့် စကားတစ်ခွန်းသည် မြေတူးစက်ကြီးက ထိုးဖယ် လိုက်သည့် ထိုးဖယ်ချက်တစ်ခုနှင့် တူနေတတ်သည်။
ကျွန်တော်က လိုဂန်သည် ကြီးလာလျှင် သူ့တက္ကသိုလ် ကျောင်းက သဟာယအသင်း ဥက္ကဌ ဖြစ်လာလိမ့်မည် ဟူသော နိမိတ်ဖတ်ချက်တောင် မှန်မမှန် ကျွန်တော် အသေအချာ မပြောနိုင်ပေ။ ကျွန်တော် သည် ငါ့အဖေက ငါ့အား တက္ကသိုလ် သဟာယအသင်း၏ ဥက္ကဌဖြစ်ရန် မျှော်လင့် ထားပါကလား၊ တခြား ဘာလား သို့မဟုတ် တက္ကသိုလ်တွင် ခေါင်းဆောင် ဖြစ်စေချင်ပါကလား၊ တခြား ဘာလားညာလား ဟူ၍ တွေးနေခြင်းဖြင့် သူ၏တက္ကသိုလ် ကျောင်းသာဘ၀ အဆုံးမသတ် သွားစေ လိုပေ။ သူ့ဘ၀သည် သူ၏ ဘ၀သာဖြစ်စေချင်ပါသည်။ ကျွန်တော်ကကျွန်တော့် ကလေးတွေအား ကိုယ့်လမ်းကို လိုလိုလားလား ထက်ထက် သန်သန်နှင့် ရှာကြဟူ၍သာ အားပေး တိုက်တွန်းလိုပါသည်။ ကျွန်တော်က သူတို့ ဘယ်လမ်း ရွေးရွေး ကျွန်တော်သည် သူတို့နှင့် အတူ ရှိနေဘိ သကဲ့သို့ သူတို့စိတ်မှာ ထင်နေစေချင်သည့် ဆန္ဒ လောက်သာ ရှိပါသတည်း။
ဆက်ရန်
.
No comments:
Post a Comment