Friday, April 15, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၁)

အောင်နိုင်
စာရေးသူ - စိန်စိန်

"လူ့ဘ၀ဆိုတာ အနှောင့်အယှက် အခက်အခဲတွေနဲ့ ဒင်းကြမ်းပြည့်နေတတ်တာဗျ၊ ဒီလိုနဲ့ ဆင်းရဲဒုက္ခ တွေကို ချည်း ထပ်တလဲလဲ တွေ့ကြုံလာရတဲ့အခါမျိုးမှာ ဆိုရင်တော့ လူတွေဟာ " သန်းခေါင်ထက် ညဥ့်မနက် တော့ပါဘူး" ဆိုပြီး ရမ်းချင် ကြမ်းချင် လာတတ်တယ်၊ ဘ၀ကို အဆုံးထားပြီး ရေစုန်မျှော ပစ်ချင်တတ် ကြတယ်။
ကျွန်တော့် အနေနဲ့တော့ ဒါမျိုးကို လုံးလုံးလက်ခံလို့ မရပါဘူးဗျာ၊ သူဖြစ်ချင်သလိုဖြစ်နေတာက ကံတရားရဲ့ စေ့စားမှုဘဲဗျ၊ ကိုယ့် ကိုယ်ကျင့်တရားကို ထိန်းသိမ်းပြီး ကိုယ့်ဘ၀တက်လမ်းကို အမြဲတမ်း ရှေ့ရှုနေရမှာ ကသာ ကိုယ့်တာဝန် ကိုယ့်ဝတ္တရား ဘဲ မှုတ်လား။

ဒီလိုစိတ်ကောင်းတခုကို မပျက်မကွက် ထားနိုင်ခဲ့ရင် ဘ၀ရဲ့ တနေရာ အကွေ့တကွေ့မှာ "အောင်နိုင်" တဲ့ အကွက်ကောင်း တကွက်ကိုလဲ နင်းမိတတ်တာပါဘဲ၊ ဒါဟာ ... သန်းခေါင်ထက် ညဥ့်နက်စရာ မရှိလို့ အလင်းဘက် ကို လှည့်လာရတာလို့ကောမဆိုနိုင်ဘူးလားဗျ။

တကယ်လို့ သက်တန်းကုန်တဲ့ထိအောင် ကံတရားက အဆိုးတွေကိုချည်း ပစ်ချပေးနေမယ် ဆိုရင်တောင် အဲဒီဆိုးသမျှတွေကို ကြံ့ကြံ့ခံသွားနိုင်တာဟာ အောင်နိုင်တဲ့ သတ္တိထူးတခုဘဲဗျ"
အထက်ပါ သဘောတရားများကို စကားအလျဉ်းသင့်တိုင်း ပြောဆိုတတ်သူက ... အောင်နိုင် ကုမ္ပဏီပိုင်ရှင် သူဌေးကလေး ကိုအောင်နိုင် ပင် ဖြစ်ပေသည်။
သူ ... ဤသို့ဆိုလျှင် အကြောင်းသိသူများက ကျေနပ်စွာ ပြုံးနေတတ်ကြ၏။ အကယ်၍ ဓာတ်မသိသူ တစုံတယောက် က စောဒကတက်သည့်အနေနှင့် ဖြစ်စေ၊ အကြောင်းပြ စကားများကို တောင်းခံလာဦးမည် ဆိုလျှင်တော့ ကိုအောင်နိုင်သည် ၁၉၅၀-ခုနှစ်လောက်မှ ၁၉၅၄-ခုနှစ်လောက်ထိ သူ ကိုယ်တိုင်ဖြစ်ပျက် ကြုံတွေ့ခဲ့သော ဘ၀ဖြစ်စဉ်များကို ရုပ်ရှင်ဇာတ်လမ်းတခုပမာ ပြတ်ပြတ်သားသား မြင် ယောင်လာမိအောင် စိတ်ပါဝင်စားစွာ ပြောဆိုလိမ့်မည် ဖြစ်ပေသည်။
*
တဂျုံးဂျုံး တ၀ုန်းဝုန်းနှင့် မီးရထားကြီး ပြေးဝင်လာပြီဆိုလျှင်ပင် အောင်နိုင်သည် နောက်ကျ၍နေပြီဖြစ်သော သူ့ဆိုက်ကား ကို တအားနင်းကာ သေပြေးရှင်ပြေး ဒုန်းစိုင်းခဲ့ရလေ၏။
တကယ်ဆိုတော့ မီးရထားစီး ခရီးသည်နှင့် မမျှအောင် ဆိုက်ကားဦးရေ များပြားလှသော သူတို့ မြို့ကလေး တွင် ခရီးသည်ကို ရထားပေါ်မှ ပစ္စည်းများ သယ်ချပေးသည်အထိ ကူလီတပိုင်းလုပ်၍ ကြိုဆိုနိုင် မှသာ ဆိုက်ကားလိုက်ရ ဘို့သေချာတတ်သည်ကို အောင်နိုင် မသိသည်မဟုတ်၊ လာမိမှဖြင့် ရလို့ရငြား စောင့်ကြို ကြည့်ပါ ဦးမည်ဟူသော မလျှော့တမ်း စိတ်ဇွဲမျိုးနှင့်သာ ဇွတ်တိုး၍ လာခဲ့ခြင်းဖြစ်ရာ နထင်ဆီမှ တလိမ့်လိမ့် ကျဆင်း လာသော ချွေးစက်များကိုပင် မသုတ်နိုင်အားခဲ့ပါပေ။

သို့ရာတွင် သူ့ဆိုက်ကားဦးကို ဘူတာရုံဆီသို့ ကပ်လိုက်မိသည်တွင်မူကား ခရီးသည်လွယ်လွယ်ရသည့် ဆိုက်ကား များမှာ ဟွန်းသံတစီစီနှင့် ထွက်ခွာသွားနှင့်ကြလေပြီ။ ခရီးသည်မရရှာသည့် ဆိုက်ကားများမှာ လည်း နင်းထွက်သွားကြကုန်သည်။ ကျန်ရစ်သော ဆိုက်ကားအချို့မှာလည်း ခရီးသည်နှင့် ခရီးဆောင် ပစ္စည်း များကို နေရာချထားဆဲ ထွက်ခွာရန် ပြင်ဆင်ဆဲပင် ဖြစ်နေကြသည်။
အောင်နိုင်ကတော့ ယခုမှသာ မောရ ပန်းရမှန်း သိလာတော့သလိုဖြစ်ကာ အင်္ကျီအိတ်ထဲမှ လက်ကိုင်ပုဝါ အနွမ်းကလေး ကို ထုတ်ပြီး ချွေးသုတ်ရင်း ငိုင်နေမိလေသည်။

" ဟေး ... ကိုအောင်နိုင်ကြီး "
ခဏနေ၍ သူ့အမည်ကို အသံစာစာကလေးနှင့် လှမ်းခေါ်လိုက်သံ ကြားတော့မှပင် အသံလာရာဆီသို့ ပြန် ကြည့်ရာ သူနှင့် ခပ်လှမ်းလှမ်း ဆိုက်ကားတစင်းပေါ်မှာ အကျအနထိုင်နေသော " အေး "ကို တွေ့ရတော့ လေသည်။
အောင်နိုင်သည် အေးက သူ့ကို မှတ်မိခြင်းအတွက် ၀မ်းသာလှသော်လည်း တွေ့တွေ့ချင်းပင် အံ့အား အသင့်ကြီး သင့်သွားရလေ၏။
အေး၏ ရုပ်သွင်မှာ မှတ်မိခြင်း မရှိနိုင်လောက်အောင် ငယ်ရုပ် ပျောက်မသွားသေးပေမင့် ဤမျှ ဖွံ့ထွား လှပနေခြင်း ကိုတော့ အံ့သြမိရသည်။ ထိုထက်ဤခရီးကို အဖော်မပါ အကြိုလာဘို့မမှာ အကြောင်း မကြား ဘဲ တယောက်တည်း ပြန်လာခြင်းကလည်း ထူးဆန်းနေသေးသည်။

အချိန်မှာ ၁၉၅၀-ပြည့်နှစ်၏ မတ်လအကုန် ကျောင်းပိတ်ရက်တွင်းဖြစ်ရာ ... ထိုအခါတွင် ရန်ကုန်အစိုးရ အဖြစ်မှ လွန်မြောက်ကာ အစိုးရတပ်များက တမြို့ပြီး တမြို့ ပြန်သိမ်းနိုင်ပြီဖြစ်သော်လည်း မြို့ရွာဒေသ အတော် များများမှာပင် သူပုန်များလက်အောက်မှာ ရှိနေကြသေးသည်။ သူပုန်များ ဆိုရာမှာပင် မကြာလှသေး သောအချိန်က ရဲဘော်ဖြူနှင့် ကွန်မြူနစ်များ ပဋိပက္ခဖြစ်လာကြသော အခြေအနေ ရှုပ်ရှုပ် ထွေးထွေး များက ရှိနေပေသေးသည်။

ပြည်သူလူထု၏ ခရီးသွားလာရမှုမှာ အင်မတန်စွန့်စားရသော အလုပ်ကြီးတခု ဖြစ်နေ၏။ သည်လို ဘေးအန္တရာယ်များထဲမှပင် ၀မ်းတထွာ အတွက်သော်လည်းကောင်း၊ အရေးတကြီး ကိစ္စများအတွက်သော် လည်းကောင်း၊ ပြည်သူလူထုသည် လှုပ်ရှားသွားလာ၍ နောကရသည်။ သည်အထဲတွင် ရန်ကုန်မှာ အေးအေး လူလူ နေနိုင်စွမ်းသော အေးတယောက်ကပါ မနေနိုင် မထိုင်နိုင် ပြန်ရောက်လာ၏။ သူ့အဖေသာ သိလျှင် အဘယ်မျှ စိုးရိမ်စိတ်မချရှိလိုက်ပါလေမည်နည်း။

အောင်နိုင်က ဤလိုတွေးပူနေရစဉ် ဘာဆို ဘာတခုမျှ ပူပင်ရကောင်းသည်ဟု သိဟန်မတူသော အေး ကတော့ ... သူ့ကိုတင်ဆောင် ထွက်ခွာလုဆဲဆဲ ဆိုက်ကားပေါ်မှ ဆင်း၍ပင် လာ---လိုက်ပြန်ချေသည်။
" ကြည့်စမ်း ... ဆိုက်ကားတွေ ဘာတွေ နင်းလို့ပေါ့လေ အေးကိုလဲ လိုက်ပို့အုံးနော် "
အေး သည် ပြုံးကာ ရယ်ကာ လာရောက် ပြောဆိုနေရုံမက " ဟိုဆိုက်ကား ဆရာကြီး အေးပစ္စည်းတွေ ဒီဆိုက်ကား ပေါ် ပြောင်းတင်ပေးပါဗျို့" ဟူ၍ပင် ကျန်ရစ်သော ဆိုက်ကားဆရာကြီးကို လှမ်းအော်ပြောနေ ပြန်သည်။

ပစ္စည်းတွေနှင့် အူကြောင်ကြောင် ကျန်ရစ်ရှာသော ဆိုက်ကားဆရာကြီးမှာ ခရီးသည်ရပြီးမှ လက်လွတ် ရမလို ဖြစ်နေသည်။ ကွက်ကနဲ မျက်နှာပျက်သွားရှာသည်။ စပ်ကြားမှ အောင်နိုင်သူပင် အေးလုပ်ပုံအတွက် တဖက်သား ကို အားတုံ့အားနာ နေရလေ၏။ အေးကတော့ သူတို့နှစ်ယောက်သား၏ ဖြစ်တွေုံးဝ ဂရုပြိုဟန် မရှိဘဲ ငွေစက္ကူ အရွယ်အစားများဖြင့် ပြည့်ဖောင်းနေသော သူ၏လက်ကိုင်အိတ် လှလှကလေးကို ဖွင့် ၍ တယောက်တည်း အလုပ်ရှုပ်နေသည်။ တအောင့်လောက်ကြာ၍ ညပ်နေသော ကျပ်တန် ကလေးတရွက်ကို ထုတ်၍ ရသွားတော့မှသာ ပါးချိုင့်ကလေးပေါ်အောင် ပြုံး--- သူတို့နှစ်ယောက်ကို ပြန်ကြည့်ဖော်ရလေသည်။

" ကဲ ရှင့်ဆရာကြီး ... ဆိုက်ကားခ အချောင်ရတာကိုလဲ ပစ္စည်းတွေလဲ ပြောင်းတင်ပေးပါအုံး"
အေးက ကျပ်တန်ကလေးကို လှမ်းပေး လိုက်တော့မှသာ ဆိုက်ကားဆရာကြီးမှာ ပြုံးလာနိုင်ရှာသည်။ " ကွာ ... ဒီလိုတော့လဲ အားနာစရာကြီးဘဲ ခလေးမရယ် ... "
" အားနာတာ တွေကို ထားစမ်းပါရှင် ... ပစ္စည်းတွေ ပြောင်းပေးစမ်းပါဆိုမှဘဲ ... အေး မြန်မြန် အိမ်ရောက် ချင်လှပြီ သိလား "
အေးက နှုတ်ခမ်းကလေး စူစူနှင့် ခြေကလေး ဆောင့်ပြီး ပြောနေတော့မှပင် ဖွံ့ထွားလာသော ကိုယ်ကာယ ထဲမှ နွဲ့ဆိုးရုပ်မှာလည်း ငယ်မူ ငယ်ဟန်အတိုင်း ပေါ်လာတော့လေသည်။ အောင်နိုင်မှာ ဒါကိုပင် သဘောကျစွာ ခစ်ကနဲ ရယ်မိရလေ၏။ သည်ကလွဲ၍တော့ ဘာမျှ ပြောဆိုနိုင်ခြင်း မရှိတော့ပါချေ။

ယခုအချိန်မှာ သူသည် အေး၏အလိုကို အတတ်နိုင်ဆုံးလိုက်လျော ရတော့မည်ကိုသာ စိတ်ထဲမှာ ပြဌာန်းပြီး ဖြစ်ပေ၏။ ထို့ကြောင့်နှင့် ကူညီကာသူ့ဆိုက်ကားပေါ်သို့ ဘယ်ယူရွှေ့ပြောင်းပေးလိုက်ရသည်။ ဆိုက်ကား ရှေ့ပိုင်းမှာ အေးက တက်ထိုင်ပြီးတော့မှာသာ ဆိုက်ကားကို နင်းထွက်ရင်းနှင့် စကားစနိုင်တော့ လေ၏။
''ဘာဖြစ်လို့ တယောက်ထဲ ပြန်လာရတာလဲ အေးရယ်..... အေးဖေဖေသိရင် တော်တော်စိတ်ပူရှာအုံမှာ''

အောင်နိုင်က ဤစကားကို တကယ်စိတ်ရင်းတိုင်းနှင့် ပြောပြနေခြင်း ဖြစ်လေသည်။ အေး၏အဖေ ဦးဖေတင် သည်မိတဆိုးသမီးထွေးကလေး အေးအား အဘယ်မျှ ကြင်နာယုယ၍ အဘယ်မျှ အလိုလိုက်ခဲ့သည်ကို အောင်နိုင် သိပြီးဖြစ်လေ၏။ ယခုလိုရန်ကုန်သူ့ အမေကြီး၏အကူအညီဖြင့် ကွန်ဗင့်ကျောင်းမှာ သွားထားရခြင်းမှာပင် ဖခင်တယောက်တည်း၏ အုပ်ထိန်းမှုအောက်မှာ လောကရေးရာ သမီးကလေး မရေလည် မတတ်သိမည် စိုးရိမ်လွန်း၍သာ ဖြစ်ပေသည်။ ဦးဖေတင်သည် သူ့သမီးအကြောင်းကို မပြော ရလျှင် တနေ့မျှ နေနိုင်သူလည်းမဟုတ်ပေ။
သို့ရာတွင် အေးကတော့မူ အောင်နိုင်စကားဆုံးလျှင် ဆုံးချင်းပင် အောက်နှုတ်ခမ်းကလေးကို ရှေ့ထော်ပြီး မဲ့မဲ့ရွှဲ့ရွှဲ့ ကလေးလုပ်ကာ မျက်စောင်းချိတ်ပစ်လိုက်လေသည်။

''အမလေး .. ဒါလောက်တောင်လဲ အထင်မကြီးစမ်းပါနဲ့ ရှင်ကြီးရယ်၊ တယောက်ထဲများ ပြန်ရပါလိမ့် မယ် အားကြီးကြီး ကိုကိုလွင်တို့ညီအကိုနဲ့ ကြုံလို့သာ အန်တီက အပ်ထည့်လိုက်တာသိလား ...၊ ဘူတာ ရောက်တာ တောင် အေးပစ္စည်း တွေကို ကိုကိုလွင် တို့ဘဲ ချပေးသွားသေးတာ၊ ဟင်း ... ဒီလိုမှ လူကြုံနဲ့ မလိုက် လို့ အန်တီလိုက်ပို့အောင် ဖေဖေ လာခေါ်အောင် စောင့်နေရရင်လဲ အေးဟိုမှာဘဲ အပျိုဖြစ်၊ ဟိုမှာဘဲ လင်ရပြီး အိုသေရတော့မလား ... မသိတော့ဘူး''

အောင်နိုင် မှာ အေး၏စကားထဲမှ  ကိုကိုလွင်ဆိုသူကို မသိခဲ့ဘူး၍ မေးမည် ကြံမိသော်လည်း အေး၏ စကးပြောပုံ ကို ရယ်ချင်လှသဖြင့် မရယ်မိအောင် ထိန်းချုပ်နေရသည်နှင့် မမေးဖြစ်ခဲ့ပေ။
အေး ဆိုသော အေးကဖြင့် ဤမြို့သို့ ပြန်မရောက်ခဲ့သော ၄-နှစ်မျှ အချိန်တွင်းဝယ် ဂါဝန်ကို ချွတ်၍ ထမီကို စွပ်လာတတ်ခဲ့သည်တိုင် စကားအပြောအဆို ပြောင်းလဲခြင်း မရှိသေးပါတကား၊ ယခုဆိုလျှင် မိမိသည်ပင် အသက် ၂၂နှစ် ရှိလာပြီဖြစ်၍ အေးမှာ ၁၆-နှစ်မျှတော့ ရှိတန်လောက် ပေပြီ။
အောင်နိုင် က ဤသို့ တွေးလာရဆဲမှာ အေးက သူ့စကားကို အမျှင်မပြတ်ရအောင် ဆက်ပြောနေ ပြန်သည်။

''ဟိုနှစ် ... ဟိုနှစ်က ကျောင်းပိတ်ရက်တွေမှာလဲ တခါလာအခြေအနေ မကောင်းသေးဘူး၊ လမ်းပန်း စိတ်မချရဘူး နဲ့ဘဲ အေးတခါမှ မပြန်ဘဲနေရတာ အခုတော့ ကိုကိုလွင်တို့ညီအကိုတွေနဲ့ လဲ ကြုံကြိုက် နေတယ်လေ ...၊ ကိုကိုတင်က ဒုဗိုလ်ကြီး မှုတ်လား ...၊ ဒီလိုတာဝန်ရှိတဲ့ လူတယောက်လုံးက ဒီနယ် အခြေအနေ ကို စိတ်ချရပြီဆိုနေတာကိုမှ အေးက မပြန်ရရင် နေနိုင် ပါတော့မလား ...၊ ဒါနဲ့ အန်တီကြီး လိုက်မပို့ ရင် အေးတယောက်ထဲ ပြန်တော့မယ်လို့ အကြပ်ကိုင် တော့မှ အန်တီက ကိုကိုလွင်တို့နဲ့ ထည့်ပေး လိုက်တာပေါ့ ...''
ထိုအချိန်က အောင်နိုင်မှာ ကုန်းအတက်ကလေးတွင် ဆိုက်ကားကို အားစိုက်၍ နင်းနေဆဲဖြစ်ရာ ဖြစ်ချင်ရာ ဖြစ်နိုင်စွမ်း  ရှိနေသော အေး၏ ဘ၀လေးကို မိမိဘ၀နှင့် နှိုင်းစားပြီး အားကျမိရသေး သည်။
ပြီးတော့ ''အဲဒီ ကိုကိုလွင်ဆိုတာ ဘယ်ကလဲ'' ဟူ၍လည်း မေးဖြစ်အောင် မေးလိုက်ရသည်။

''ကိုကိုလွင်တို့က အန်တီကြီးတို့ ခေါင်းရင်းအိမ်ကလေ ...၊ ဆွေတွေ မျိုးတွေလို သိပ်ခင်နေတဲ့ လူတွေပေါ့၊ ဒါနဲ့ ကိုအောင်နိုင်ကြီး ရှင်ကော အခုဘယ်မှာနေသလဲဟင် ...''
အေး၏ စကားဦးမှာ အောင်နိုင်ဘက်သို့ လှည့်လာခဲ့ပြန်၏။
"ကိုယ်လား ... ကိုယ် ... အေးတို့အိမ်မှာဘဲ နေတယ်လေ ..." အောင်နိုင် ကလည်း ရိုးရိုးသားသားပင် ပြန်ပြော လိုက်ခြင်း ဖြစ်သည်။

သို့ရာတွင် အေးမှာ ဘယ်လိုအဓိပ္ပာယ် တချော်တလွဲကိုများ တွေးမိလိုက်ပြန်သည်မသိ "ဟင် ... လူကြီးကိုက ကောင်းကောင်း ပြောတာဖြင့် မဟုတ်ဘူး" ဟု ဆိုကာ အောင်နိုင်ခါးကို လက်သီးဆုပ် နှင့် ပစ်ထု လိုက်တော့ သည်။
သို့ရာတွင် သူ့လက်သီးဆုပ်မှာ အောင်နိုင့်ခါးကို မထိဘဲ အောင်နိုင့်နဘေး မှာ လွယ်ထားသော စာအုပ် လွယ်အိတ် ကိုသာ ထိလေရာ အေးသည် နှုတ်ခမ်းစူကာ တဘက်သို့ မျက်နှာလှည့်ထား လိုက်လေ၏။
"ဘာဖြစ်လို့လဲ အေးရယ် ... ကိုယ်ကောင်းကောင်းပြောတာပါ၊ ကိုယ့်မှာ နေစရာမရှိလို့ အေး ဖေဖေက ခေါ်ထားတာ နဲ့ အေးတို့ကားရုံ အထပ်ခိုးကလေးပေါ်မှာ ဒရိုင်ဘာ ကိုစိုးကြီးနဲ့ လာနေရ တာ ၆လ ၇လ လောက် ရှိနေမှဘဲ"

အောင်နိုင်က သည်လိုထုချေလွှာ ထပ်သွင်းလိုက်မှ အေးက ပြုံးစိစိ လုပ်နေလေသည်။ တော်တော် ကြာတော့မှ "လွယ်အိတ်ထဲက ဘာစာအုပ်တွေလဲဟင် ..." ဟု စပ်စုလာပြန်သည်။
"မဂ္ဂဇင်း အဟောင်းတွေပါ အေးရာ အဟောင်းဆိုင်က ၀ယ်ဖတ်ရတာပါ"
အောင်နိုင့် အသံကလည်း သူ့ဘ၀အပေါ်မှာ မနှစ်လိုနိုင်ဟန်ပါသည်။

အိမ်ရောက်ရင် အေးကိုလဲ စာအုပ်ငှါားပါလား ...၊ အေးမှာ ရှိတဲ့ စာအုပ်တွေလဲ ပေးမယ်လေ ..."
သည်တခါတော့ အောင်နိုင်က ခေါင်းညိတ်ရုံသာ ညိတ်ပြနိုင်သည်။ သူတို့ဆိုက်ကားမှာ ၀င်းခြံ ကျယ်ကြီး ထဲတွင် တည်းတည်းမားမားရပ်တည်နေသော အေးတို့အိမ်ကြီးနှင့် နီးကပ်ပြီ ဖြစ်ပေ၏။
ထို့ကြောင့် အောင်နိုင်မှာ အေးပြန်လာကြောင်းကို ဦးဖေ သိလျှင် ထွက်ကြိုချင်ကြိုပါစေတော့ဟု အသံပြုရန် ဆိုက်ကား ဟွန်းကို လှမ်းကိုင်လိုက်ရသည်။ သည်ခဏမှာပင် မမြှော်သော အဖြစ်ကို တွေ့ကြုံလိုက်ရပြန်၏။

အကြောင်းကတော့ ဆိုက်ကားဟွန်းတီးမည်ကို မလိုလားနိုင်သော အေးက မဆင်ခြင် မစူးစမ်းနှင့် အောင်နိုင့် လက်ကို တအား လှမ်းပြီး လှမ်းဆွဲလိုက်ခြင်း ဖြစ်ပေသည်။
ဘာမသိ ညာမသိနှင့် အံ့အားကြီး သင့်သွားတော့သော အောင်နိုင်မှာလည်း သူ့ဆိုက်ကားကို ထိန်းမနိုင် သိမ်းမရဖြစ်တော့ရာ ဘေးတစောင်းကြီး တိမ်းမှောက်သွားသော ကားအောက်တွင် ထွေးလားလုံးလား လဲကျ နေတော့မှပင် ထိတ်ပျာပျာ ဖြစ်သွားရလေ၏။
သူ့ခြေဖ၀ါးစောင်း မှာလည်း ပုလင်းကွဲလား ... ကျောက်ခဲအချွန်ကြီးလားမသိ စူးဝင်ထိခိုက်ခံရကာ သွေးရဲရဲ ကျနေ တော့ပေသည်။

သို့ရာတွင် ဤဒဏ်ရာကို သူဂရုမစိုက်အားနိုင် ... အကျိုးလို့ ညောင်ရေလောင်းမှ ပက်ထမ်းနှင့် တွေ့ရသလို ကိုယ့်ကျေးဇူးရှင်၏ သမီးရယ်လို့ တဆောင်တယောင် ခေါ်လာခဲ့ပါမှပင် ဤသို့ဖြစ်ရ ခြင်းကို စိတ်မကောင်းနိုင် ဖြစ်သွားကာ အေးကို စိုးရိမ်ကြီးစွာနှင့် အလျင် ဆွဲထူးလိုက်ရသည်။
ဤအခိုက်အတန့်မှာ သူတို့အား အိမ်ထဲမှ လှမ်းမြင် လိုက်သော ဦးဖေတင်မှာလည်း ပျာပျာသလဲ ပြေးထွက်လာတဲ့ပြီးလျှင် "သမီး ... သမီး ... ဘယ်လိုများ ဖြစ်ရပါလိမ့်ကွယ်၊ ဘယ်နား နာသွားသလဲဟင် ... မင်းအန်တီကြီးကောဟင်"နှင့်သာ စိုးရိမ်တကြီး မေးနေတော့သည်။

အေးကလည်း မျက်ရည်စမ်းစမ်းနှင့် မျက်နှာကလေး ရှုံ့မဲ့လိုက်တာ သူ့အဖေကို ပြန်ကြည့်ပြီး ...
"အေးပြန်ချင် တယ်ဆိုလို့ အန်တီက ကိုကိုလွင်နဲ့ထဲ့လိုက်တာ ဖေဖေ ... အဲဒါ အေးက ဖေဖေ အံ့သြ သွားအောင် တိတ်ကလေး ၀င်လာချင်တယ်ကို ကိုအောင်နိုင်ကြီးက ဟွန်းတီးမယ်လုပ်လို့ လှမ်းဆွဲလိုက်တာ တခါ ထဲ မှောက်သွားတော့တာပေါ့" ဟု ပြောနေသည်။
အောင်နိုင်ကလည်း "ကျွန်တော်လဲ အမှတ်တမဲ့မို့ ထိန်းလို့မနိုင် ဖြစ်သွားရတာပါဘဲ ဦးရယ်" ဟု မျက်နှာပူပူ နှင့် တောင်းပန်သလို ၀င်ပြောရသည်။ ဦးဖေတင်ကတော့ အောင်နိုင်အား ခွင့်လွှတ် ဟန်ဖြင့် ပြန်ပြုံးကြည့် လေသည်။

ဆက်ရန်
.

1 comment:

အိန်ဂျယ် said...

မမရေ ဆက်ရန်ကို စောင့်မျှော်နေပါတယ်။။။
စာလာဖတ်ရင်းရေလောင်းသွားတယ် မမရေ..
ဗွမ်းးးးးးး:):):) ဟိဟိ..
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်သစ်လေး ဖြစ်ပါစေမမ။