Tuesday, April 12, 2011

တောလား (စာရေးသူ - စိုးလှိုင်တင့်)

တောလား
စာရေးသူ - စိုးလှိုင်တင့်

    ဒေါ့ရင်းရယ်မြည်၊
ပင်ရည်ကခန်း
ထန်းလျက်ချက်၊
နို့ပက်လက်၊
မြူအိုးကောက်
ငေါက်တောက်။

ပုစဉ်းရင် ကို ဒီအညာအရပ်က ဒေါ့ရင်းကောင်လို့ ခေါ်ကြတာ။ ထန်းဖိုဆိုရင် ထန်းနို့က၊ ထန်းမဆိုရင် ထန်းသီးနုခိုင် ကရတဲ့ ထန်းရည်ချိုကို ပင်ရည်လို့ပြေ၊ ဆန်တစ်ပြည်ကျော်ကျော် ဆန့်တဲ့၊ နှုတ်ခမ်းလန်လန် ထန်းရည်စုခံတဲ့အိုး ကို မြူအိုးလို့ လွယ်လွယ် သတ်မှတ်ခေါ်တာတွေဟာ၊ ကျုပ်တို့အညာက ထန်းရိပ်ညိုညိုနဲ့ နီးစပ် တဲ့ လူတွေအတွက် ရှင်းပြစရာ မလိုလောက်ပါ။ ရင်းနှီးကျွမ်းဝင် ပြီးသားလေ။ ပြောခဲ့တဲ့ စာချိုးလေးက အညာကျေးတော က ထန်းသမားဘဝ တစ်စိတ်တစ်ပိုင်းကို သရုပ်မှန်မှန် ပြောထားတာပါ။

ကျုပ်တို့ ညီအစ်ကိုနှစ်ယောက် အမေ့ဇာတိရွာ လေးထဲဝင်တော့ နေကထန်းတစ်ဖျားကျော်ပြီ။ ကိုးနာရီ လောက် ရှိပြီပေါ့။ ကျုပ်တို့နေတဲ့ မြို့လေးနဲ့ နှစ်တိုင် (၄-မိုင်)လောက် ဝေးတာကို နှစ်လောက်ကြာ လမ်းလျှောက် လာခဲ့ကြတာ။ ရွာထိပ်ကနေ စီးကြည့်တော့ ရွာပတ်လည်ကို ဆီးခက်၊ ဆီးခလောက်ခက်၊ ခံပင် ၊ ဆီးဖြူခက်တွေနဲ့ အထပ်ထပ် ပိတ်ဆို့ထားတဲ့ အထပ်ထပ်ပိတ်ထားတဲ့ 'ဆူးတာ ' ကတစ်လံလောက် ထူပါ။ ရွာလေးရဲ့ မဟာတံတိုင်းကြီးပေါ့ဗျာ။ ရွာထိပ်ဝင်ဝင်ချင်း မြောက်ဘက် ထိပ်ဆုံးက အမေ့ရဲ့ဇာတိအိမ်။ ကျုပ်တို့ ညီကိုတစ်တွေလည်း အမေက ရွာကိုပြန်ပြီး မွေး ထားတော့ ကျုပ်တို့ရဲ့ ဇာတိချက်မြုပ်ရာ အိမ်ပါပဲ။

အိမ်ရှေ့မှာ စောင်ချမ်းပင်ကြီးက ထီးထီးမားမား ထီးကြီးတစ်လက်လို အရိပ်မိုးပေးထားတယ်။ အိမ်အိုရဲ့ ပတ်လည် မှာ တမာပင်၊ မန်ကျည်းပင် ၊ထနောင်းကပင်တွေက အုပ်အုပ်ဆိုင်းဆိုင်း၊ အိမ်နောက်ဖေးမှာ အဝေရာ ပင် တွေ၊ အတန်းလိုက် ပြွတ်သိပ်စိုက်ထားတာ ခြံစည်းခတ်စရာမလိုတော့ပါ။ ထင်းအတွက် အဝေရာပင် တွေကို လက်ခုပ်တစ်ဖောင်လောက်မှာ ညီညီတိခုတ်ထားလို့ စိမ်းစိုစို အတက်အကိုင်းတွေ လေမှာတလူနော့လို့။ အဝေရာပင်ရဲ့ အညွန့်နုနဲ့ အဖူးလုံးလေးတွေကို ပြုတ်ပြီး ငါးပိချက်နဲ့ တို့စားရင်း ထမင်းမြိန် စရာပါ။

အိမ်ရှေ့ ဝိုင်းအကာ အဖြစ် ရှားနှစ်သား တိုင်တွေကိုတစ်လံကွာ စီတန်းရိုး၊ ဝါးတန်း တွေအပေါ်မှာ ထန်းလက်အရင်းပိုင်းဖြတ်ထားတဲ့ ' ထန်းပလပ်ခွာ 'တွေကို ခပ်စိပ်စိပ် ခွတင်ထားတယ်။ နွားလှည်းဝင်နိုင်တဲ့ တံခါး ဖောက်ထားတယ်။ ပိတ်ဖို့တံခါးရွက် မရှိပါ။ ညအချိန်ပိတ်ဖို့ ဝါးလုံးတန်းလေးလုံး တွေ့ရတယ်။
ခြံဝင်းတံခါးပေါက် ဝင်တာနဲ့ ခွေးပိန်သုံးကောင်ထွက်ပြီး ထိုးဟောင်နေကြတာ ပွက်ပွက်ညံ နေတာပါပဲ။ ခွေးဟောင်သံ တွေကြားက စူးစူးတုန်တုန်အသံ တစ်သံ တိုးထွက်လာတယ်။
'ဟဲ့ ၊ခွေးတွေ ဟောင်လှချေလား၊ ဘယ်သူလဲ ကြည့်ပေးစမ်းပါဦး။ 'ရှင်' စန်းရီရေ----'

ဒါ ဖွားလေးဂေါက် အသံပဲ။ ကျုပ်တို့အမေကြီးတဲ့ ဒွေးလေးတော်သူ ငယ်စဉ်ကပင် မျက်စိအလင်း မရသူ၊ အသက်၉၀ ကျော်ပေမယ့် ရွာရိုးကိုးပေါက် သွားနိုင်သေးတဲ့ ဖွားသက်ရှည်ပါ။
'' ဒွေးဂေါက် ရေ၊ တော့်မြေး ရှင်ဘဲမ ရဲ့ သားတွေတော့ ၊မင်းတို့နှယ် အသံမပေး ဘာမပေးနဲ့ ခွေးဆွဲမှ ဟုတ်ပေ့ ဖြစ်နေမယ်။''
ကျုပ်တို့ အမေ ရဲ့ ငယ်နာမည်က 'မဘဲ' တဲ့လေ။

အရီးလေး ဒေါ်စန်းရီက လက်ရက်ကန်းစင်မှာ ရက်ကန်းရက်နေတာ ခြေမအား လက်မအား ။ ထိုင်နေတဲ့ တန်းလျားဘေး က သူ့နို့စို့ကလေးကို 'မနော်နွယ်နို့ရှည် ' နောက်ပစ်ပေးပြီး နို့တိုက်ပေးနေတာပါ။
'' ဖွားလေးပေါက်၊ ဒွေးကျင်နဲ့ ဦးလေးစံတို့ ဘယ်သွားကြတုံး။''
''ဟဲ့...၊ ဟဲ့ ငစိုးနဲ့ ငမြင့်တို့လား၊ နင်တို့ ဒွေးလေးကျင်တို့ တစ်မိသားစုလုံး ရွာတောင် ထန်းတော မှာ ထန်း တက် နေကြတယ်လေ''
ဖွားလေးဂေါက်ရဲ့ အိပ်ရာခုတင်အိုကြီးနားကျုပ်တို့ ကပ်သွားတော့ ဖွားလေးဂေါက်က ကျုပ် တို့ ညီအစ်ကို ရဲ့ခေါင်း၊ ပခုံး၊ လက်မောင်းတွေ ကိုင်စမ်းကြည့်တယ်။

''နင်တို့တွေတောင် လူပျိုကြီးဖားဖားဖြစ်နေပြီပဲ။ နင်တို့မလာတာကြာလှပေါ့''
ကျုပ်တို့မှာပါတဲ့ လက်ဖက်နဲ့ ထန်းသီးမုန့်ထုပ်တွေကို ဖွားလေးဂေါက်လက်ထဲ ထည့်ပြီး ကန် တော့ကြတော့ ဆုတွေအလီလီပေး၊ ခုတင်ခေါင်းရင်း၊ ဒေါက်တိုင်စင်လေးပေါ်က လက်ဖက်ဗူး ဒန်ကြုပ် ကလေး ကို စမ်းယူပြီး လက်ဖက်တစ်နှိုက်စီ ကျွေးပါတယ်။ ဖွားလေးဂေါက်ရဲ့ လူအို ကိုယ်သင်း နံ့ကို လစ်လျူရှု လို့ ဆီအိနေတဲ့ လက်ဖက်ကို ၀ါးမျိုလိုက်တယ်။ နှစ်စဉ် ဘုရားပွဲချိန်တိုင်း အမေနဲ့ရွာ ကို လာလည် နေကျ။ အမေကျန်းမာရေးချူချာလို့ ရွာကို မလာဖြစ်တာ သုံးနှစ်သုံးမိုးကြာပေါ့။

''ဒွေးကျင်တို့ ထန်းတောဆီ လိုက်သွားဦးမယ်၊ ဖွားလေး''
ရွာထိပ်က ရွာဦးဘုန်းတော်ကြီးကျောင်းဘက် မျှော်ကြည့်မိတယ်။ ထုံးသင်္ကန်းဖွေးဖွေး၊ ဆည်း လည်းသံ 'တလွင်လွင်' စေတီကြီးနဲ့ ရှေးကျောင်းအိုကြီးကို ညောင်ကြတ်၊ ညောင်ချုဉ်၊ ညောင်မုတ် ဆိတ်ပင်ကြီးတွေ ဖားဖားဝေေ၀၊ စိမ်းညို့ညို့ကြားက ဖူးတွေ့ရသလို၊ ကျောင်းထိပ်က ပင်စည်ပါးပျဉ်း ထနေတဲ့ လက်ပံပင်ကြီး မှာ ဆက်ရက်သံ ညံစီစီနဲ့ နီနီရဲရဲ လက်ပံပွင်တွေ ပင်အောက်ဆီ တလည် လည် ကျနေတာက ပန်းချီကား လှလှ တစ်ချပ်လို ကျုပ်တို့နှစ်ယောက် သဲဖုံဖုံလှည်းလမ်းအတိုင်း ရွာ တောင် ထန်းတောဘက် ဆက် ထွက်ခဲ့ကြတယ်။

ရွာတောင်ဖျား ဆူးတာ ဆုံးတာနဲ့ လက်ကန်သင်းရိုးတွေ တွေ့ရတယ်။ ပတ်ကြားအတ်နေတဲ့ လယ်ကွက် ထဲမှာ ၀ါခြောက်ခြောက် ရိုးပြတ်ငုတ်တိုကြား သမန်းမြက်၊ မြက်ပတော်မြက် မျှင်မျှင်သေး သေးတွေ ညပ်သိပ်ပေါက်နေတော့ 'ဖုန်းဆိုး' ဖြစ်တော့မယ်ဗျို့လို့ လယ်ကွက်တွေက ပြောနေသ ယောင်ပါ။ လယ်ကို အထပ်ထပ်စိုက်နေကြတော့ မြေဆီ၊ မြေသြဇာခမ်းနေပြီကော။ ကန်သင်းရိုးပေါ်က မျောက်ခေါင်း သရက်ပင် က သီးကင်းတွေ ပြွတ်တွဲသီးနေတာက လှလို့ပင်နေသေး။ လက်တစ်ကမ်းက သရက်ကင်းတွေကို ငါးပိချက် နဲ့တို့စားဖို့ ပုဆိုးခါးပုံ မှာ တစ်လုံးအပြည့် ခူးခဲ့ကြတယ်။ ကန်သင်းရိုး တစ်လျှောက်မှာ သန်းပင်၊ ဒဟပ်ပင်၊ ရှားပင်၊ ခံတက်ပင်တွေက အရွက်တွေခါချ၊ အရိုးပြိုင်ပြိုင်ထနေ တာပါ။ အဲဒီအပင်တွေ အောက်ခြေမှာ နဘူးပင်၊ မွန်းနံပင်တွေက အလုအယက် ခြံရံနေကြတယ်။

လက်ကွက်တွေကျော်၊ တစ်ခေါ်လောက်မှာ ကုက္ကိုပင်ကြီးတွေ၊ မန်ကျည်းပင်ကြီးတွေ အုပ်အုပ် ဆိုင်းဆိုင်း စိမ်းညို့ညို့မြင်ရပြီ။ အဲဒီနေရာလေးမှာ တစ်ထောက်နားဖို့ ၀င်လိုက်ကြတယ်။ ဟော... သစ်ပင်ကြီးတွေရဲ့ အလယ်တည့်တည့်မှာ ရေတွင်းလေးတစ်တွင်းပါလား။ တွင်းဝမှာ ထန်းပင်စည်တုံး နှစ်တုံး ကန့်လန့် ဖြတ် တင်ထားတယ်။ ထန်းတုံးပေါ် တက်ကြည့်တော့။ ရေတွင်းက ၁၅ ပေလောက် နက်လိမ့်မယ်လို့ မှန်းမိတယ်။ မြေတွင်းဖြစ်လို့ ရေစားပြီး တွင်းနံရံတွေမှယ ချိုင့်ရာတွေ ဗရပွတွေ့ရ တယ်။ ရေကြည်ကြည် စက်ဝိုင်းပုံ ကွက်ကွက်လေး မြင်ရတာက အမောပြေစရာပါပဲ။

တောင်ဘက်ထန်းတောစပ်ဆီက ကောင်မလေးတစ်ယောက်၊ အိုးလေးရွက်လို့ ရေတွင်းဆီလာ နေတယ်။ ရေတွင်းနှုတ်ခမ်းစပ်မှာ အိုးကိုတည်ချပြီး ထန်းတုံးပေါ်ကနေ ရေပုံးကြိုးစလက်ကကိုင်၊ နှီးရေ ပုံးလေးကို ရေတွင်းထဲပျစ်ချလိုက်တယ်။ "ဗွမ်းခနဲ" နှီးရေပုံး၊ ရေနဲ့ထိတာနဲ့ ရုတ်ခနဲရေပုံးကြိုးက သူမ လက်ထဲက လွတ် ထွက် သွားတယ်။

"ဟောတော့ ကျသွားပြီ"
ကြိုးအထွေးလိုက်နဲ့ ပုံးညက်သုတ်၊ နဘူးကိုင်းတတ်နှီးရေပုံးလေးက ရေတွင်းထဲ ပေါလောပေါ် နေတယ်။ အသားဖြူဝင်းဝင်း၊ မျက်ခုံးထူထူ၊ နှာတံပေါ်ပေါ်၊ သိပ်ချောတဲ့ ကောင်မလေး၊ အုပ်လုံးသွပ် ဗျာပါဆံကလေးသပ်ကာ၊ မျက်နှာငယ်ကလေးက အကြံအိုက်နေပုံ၊ စိတ်အားငယ်နေပုံပါ။ ကောင်မ လေးရဲ့ မျက်နှာလေးမြင် ခဏလေးမှာပဲ ကျုပ်စိတ်တွေ လှုပ်ရှားသွားတယ်။ ကောင်မလေးကို ကူညီဖို့ ကျုပ်စိတ် တွေ က စေ့ဆော်တွန်းထိုးနေပြီလေ။

"အစ်ကို သတိထား ဆင်းနော်၊ ချော်ကျနေမယ်"
ကျုပ်ညီ သတိပေးစကားက တွင်းဝမှာ ကျန်ရစ်ခဲ့။ ပုဆိုးခါးတောင်းကျိုက်နဲ့ ကျုပ်က ရေတွင်း အလယ်မှာ၊ ခြေကားယားနဲ့ ရောက်နေပြီ၊ နှီးရေပုံးလေးရဲ့ကြိုးစကို ကိုင်ပြီး ရေတွင်းဝငုံ့ကြည့်နေတဲ့ ကောင်မလေး လက်ထဲ ထည့်လိုက်တယ်။ ကောင်မလေးရဲ့ အံ့သြကျေးဇူးတင်၊ မျက်ဝန်းလဲ့လဲ့လေးက မေ့ရက်စရာ မရှိ။

"မင်း နာမည်ဘယ်လိုခေါ်လဲ"
"အေး... အေးကြည်မ ပါ"
တွင်းရေကို ဗျာကယာရေငင်ခပ်၊ ရေအိုးပြည့်တော့ ပုဆိုးနွမ်းလေးခေါင်းခုခွေလုပ်၊ ခေါင်းပေါ် တင်၊ ရေအိုးကို ခေါင်းခု ပေါ် ပင့်တင်ရွက်လို့ ထန်းတောဘက် ထွက်သွားတယ်။ ကောင်မလေးမြင်ကွင်းက ပျောက်သွားချိန် ကျုပ် ဆင်းခဲ့တဲ့ တွင်းထဲအမှတ်တရငုံ့ကြည့်မိတယ်။ နေရောင်နဲ့ဟပ်လို့ ထနေတဲ့ စက်ဝိုင်း ရေဂယက် လေးတွေ မြင်ရသလို ကျုပ်ရင်မှာလည်း လှိုင်းဗောင်ဗင်ခတ်နေပြီကော။
ကျုပ် တို့ ဒွေးကျင့်ထန်းတောဆီ ဆက်ထွက်ခဲ့ကြတယ်။ ထန်းတောအလယ်က ငွေလမင်း၊ ကောင်မ လေးက ကျုပ် ရင်မှာ စိုးမိုးနေရာယူထားဆဲပါ။

ဒွေးလေးတို့ ထန်းတောဝိုင်းထဲ ၀င်ဝင်ချင်း ထန်းလက်မိုး၊ အမိုးကမြေစိုက် ထန်းလျက်ချက်တဲ့ ဖိုတဲ ကို လှမ်း မြင်ရတယ်၊ ထန်းတဲမြောက်ဘက်ဘေး၊ မန်းကျည်းငုတ်တို အရိပ်အောက်မှာ ထန်းလုံး ထွင်းနွားစားကျင်းထဲ ခေါင်းစိုက် လို့ အစာစားနေတဲ့ နွားဖြူပေါက်ကလေးနှစ်ကောင်။ အမွေးတူ၊ သွေးတူမို့ စာဥနွားပိုက်လေးနှစ်ကောင်ဟာ ညီအစ်ကိုဖြစ်ပုံရတယ်။ လည်တညိတ်ညိတ်၊ အမြီးတခါ ခါ စားနေကြတာ၊ ဘို့ လုံးလုံး ရှေ့ ချိတ်ကောက်ကောက်၊ လည်တံကြော့ကြော့လေးတွေမှာ ပန်းစီး ကြိုးကျစ်၊ လည်ပတ် ကလေးတွေက ခြူသံတချွင်ချွင်၊ မျက်စိပြူးပြူးကြည်ကြည်လေးတွေမို့ အလွန် လှမယ့်နွားတစ်ရှဉ်း ဖြစ် လာမှာပဲ။

နွားစားကျင်းနောက်ဘက်မှာ ဒွေးကျင်သားအလတ် "၀င်းကို"က ထန်းပလပ်ခွာ အပြားနှစ်ပြားနဲ့ နွား ချေးကျုံး နေတယ်။
"အစ်မရေ၊ အစ်ကိုကြီးစိုးတို့ လာကြတယ်ဗျို့"

ဝင်းကိုရဲ့အသံက ထန်းတစ်တောလုံး ဟိန်းထသွားတယ်။ ဒွေးကျင်ရဲ့ထန်းလျက်အိုးမွှေသံ "ဂလု၊ ဂလု"သံရပ်သွားပြီး ဒွေးကျင်က ထန်းတဲပေါက်ဝမှာ ရုတ်ခနဲပေါ်လာတယ်။ နို့စို့ကလေးတစ် ယောက်၊ ရင်ဘတ် ဗလာနဲ့၊ ခေါင်းကဆံပင်နဲ့ တစ်ကိုယ်လုံးအိုးမည်းတွေ၊ ပြာတွေပေပွလို့၊ ကလေးနို့ စို့ခဲ့တဲ့ နို့သီးခေါင်း က လွဲလို့ မည်းသဲနေတာပါ။
"ဟဲ့ ငစိုး၊ မမရော နေကောင်းရဲ့လား၊ ရွာကိုမရောက်တာကြာလို့ လွမ်းနေတာ၊ ညကတောင် အိပ်မက် မက် နေသေး။ မနေ့က ရွာမ မှာ ၀က်ပေါ်လို့ ၀က်သားချက်ထားတာ။ မနေ့ကတော့ မလာကြ ဘူး"
"မနေ့က ၀က်သားချက်တာ မသိလို့ပါဗျ"

ဒွေးကျင်ရဲ့ ဗျစ်တောက်၊ ဗျစ်တောက်အပြောကို ကျုပ်ညီက ရယ်ရွှမ်းပတ်ရွှမ်း ပြန်ပြောတယ်။
ကလိုင် ကို လက်ကကိုင် တိုတိုဝတ်ထားတဲ့ပုဆိုးကို ခါးပတ်ပြားပတ်။ ခါးပတ်မှာ ထန်းလှီးဓားအိမ် ကောက် ကောက်ချိတ်၊ ဓားအိမ်အဖျားစွန်းက သံချိတ်မှာ ထန်းရည်ချိုပါတဲ့ မြူအိုးသုံးလုံးက တန်း လန်းနဲ့ ဦးလေးစံ၊ ထန်းတဲ ထဲဝင်လာတယ်။ ဦးလေးစံနောက်က အောင်မြင့်ဟာ ထန်းရည်ချိုပြည့် မြူအိုးတစ်ဖက် ငါးလုံးဆီ ပါတဲ့ ထမ်းပိုးဆိုင်းတန်း နဲ့ ထမ်းလိုက်လာတယ်။
"ကဲ ကဲ၊ ငါတူတွေ ရောက်တုန်း ရောက်ခိုက် "တောကြက်၊ ကာလသားချက်"ချက်ကျွေးရဦးမယ်"

ဦးလေးစံ က ပြောပြောဆိုဆို ရှားသားထင်းဖြတ်နဲ့ အစာကောက်နေတဲ့ မြီးကောက်ပေါက်ညောင် ကန် ကြက်ဖလေး ရဲ့လည်ပင်းဖြတ်ရိုက်လိုက်ပါတယ်။ ကြက်ဖလေးက "ဖျပ်ဖျပ်လူး"ပြီး ငြိမ်သက် သွားတယ်။

ဆက်ရန်
ကလျာမဂ္ဂဇင်း မေလ ၂ဝ၁၁
.

2 comments:

စန္ဒကူး said...

တောလား..ဖတ်သွားတယ်..
ဆက်ဖတ်အုံးမယ်.. ဥရေ..

Angelhlaing(May everybody be happy and healthy! said...

မမရေ စောင့်မျှော်အားပေး နေပါတယ်လို့..
ကောင်းသောနေ့လေးဖြစ်ပါစေ။