ကိုတင်မြင့်ကလည်း ၀ါတော်ခြောက်ဆယ်ရမဟာထေရ်ကြီးသဖွယ် မျက်လွှာကို ချထားကာ အငြိမ်သက်ကြီး ငြိမ်သက် နေလေသည်။
မိနစ်ပေါင်းများစွာသည် သည်ပုံစံအတိုင်း ကုန်လွန်သွားလေ၏။
အညို သည် ကြုံ့ကြုံ့ကလေး ထိုင်နေရာမှ ခြေထောက်တွေ ညောင်းတော့ကာ ဘယ်ညာ ပြောင်းလှည့် ရသည် မှာ သုံးကြိမ်မျှ ရှိသွားခဲ့ပေပြီ။
ကိုတင်မြင့်ကား ကျောက်ရုပ်ကြီး တရုပ်ကို ချထားသလို မလှုပ်မရှားပင် ရှိနေမြဲ ရှိနေသည်။
အညိုသည် ရင်တလှပ်လှပ်နှင့် အနေခက်သလို ရှိလာလေးသည်။
"ဘာပြောစရာ ရှိသေးသလဲဟင် ကိုမြင့် ..."
ကြာသည်ထက် ကြာလာသောအခါ အညိုက မနေနိုင်တော့ဘဲ စကားစ၍ ပေးလိုက်သည်။
"ကိုမြင့် ဘာမှ မပြောနိုင်ပါဘူး အညို၊ အညိုဟာ ကိုမြင့်ဆရာပါ၊ ကိုမြင့်လဲ ..."
ကိုတင်မြင့် ၏ အသံမှာ စကားတပိုင်းတစနှင့် တိမ်ဝင် ပျောက်ကွယ်၍သွားကာ ငြိမ်သက်မြဲ ငြိမ်သက် သွားပြန် သည်။
မိနစ်တို့သည် နာရီဖွဲ့၍ ရလောက်ရုံထက် များစွာ ကျော်လာပြီ ဖြစ်လေ၏။ ထိုစဉ်ခိုက်မှာ တဖက်သော ဇရပ်ဆီ မှ သီလရှင်တပါး၏ စာဖတ်သံတသံ ထွက်ပေါ်လာသည်။
ဒဟန္တံ သတ္တ ၀ဿနိ သောကဂ္ဂိံ အသုဝါရိနာ ပါဒပိဋ္ဌေ နိဗ္ဗာပေသိ ရောဓမာနာ ယသောမူလတော် ယတော်ကြင်ဆွေ နန်းလုံးမေသည် ပါဒပိးတရာ့ရှစ်ကွက် တံဆိပ်နှက်၍ စက်လက္ခဏာ ကောင်း ပြည့်ဖြိုး အသရေတိုးတဲ့ ဘုရားရှင် ခြေဖမိုးတော်ထက် ရောဓမာနာ နဖူးဆံပင်တို့ဖြင့် ဦးတင်ပွတ် တိုက်၍ ချောမွေ့သော လက်ဖ၀ါးတော်တို့ဖြင့် ခြေတော်များကို ပွေ့ပိုက်လျက် မောဟိုက်ပူဆွေး အပန်းကြီး လွမ်းမီး တွေ ဖြာပြီးလျှင် တစာစာ ငိုကြွေးသည် ဖြစ်။ အသုဝါရိနာ ဖြေမဆည်နိုင် ငယ်က ကျွမ်းမို့ နွမ်းဆွေး ဖြိုင်ဖြိုင် သွင်သွင် ယိုစီးသော မျက်ရည်အယဉ်ဖြင့်။
သတ္တ၀ဿနိ နေ့၊ လ၊ ရက်၊ နှစ် သက္ကရာဇ်တို့ကို တွက်စစ်စုရုံး ခုနှစ်နှစ်တို့ ကာလပတ်လုံး ဒဟန္တံ သာကီနွယ် ညှောက် သားတယောက်ကို ဖွားမြောက်သန်စင် မီးရှူးတော်မြင်စဉ်က မကြင်မသနား မောင်ဘုရားနှယ် ရှောင်ရှား ထွက်ခွာ မသက်ညှာဘဲ ရက်စက်စွာ ပစ်သွားလေခြင်းဟု အတွင်းက မကြေ ပြင်းပြသည့်အနေနှင့် ဖြေမဆည် အစွဲတည်းလျက် အသဲတည်းဟူသော မီးစာမှာ ကြီးစွာ တောက်လောင်၍နေသော သောကဂ္ဂိံပါရမီ ဖြည့်ဖက်ဦးကြီးမို့ မဖူးတွေ့ရသမျှ မျက်ရည်စနှင့် တနေ့ကမှ မမေ့ တမြေ့မြေ့ တရှိန်ရှိန် ထိန်ထိန်ပြောင်ညီး သောကတည်းဟူသော လောင်မီးကို နိဗ္ဗာပေသိ ယခုနေ့မှ ဖူးတွေ့ရသဖြင့် လွမ်းစကိုပယ် လွမ်းစွယ်ကို ဖျောက် လွမ်းပေါက်ကိုဆီး လွမ်းမီးကိုအုပ် လွမ်းရုပ်ကိုပြင် လွမ်းချင်တာတွေ ရှိသမျှ တစိကမှ မကျန် ကျေနပ်၍ လွမ်းဇာတ်ကို ရုပ်သိမ်းပြီး အေးငြိမ်းစွာ ကန်တော့လိုက် ရပါတော့သည် ဘုရား။
သီလရှင်ကလေး ၏ အသံသည် ကြည်လင်နွဲ့ပျောင်းစွာ ထွက်ပေါ်လာရာမှ ငြိမ့်ငြိမ့်အေးကလေးပင် အဆုံးသတ် ၍ သွားလေသည်။
မိမိတို့နှင့် ဆီဆိုင်ဆက်စပ်ခြင်း မရှိသော်လည်း သည်တရားစာ ရွတ်ဖတ်နေသံမှာ အညို၏ ရင်ထဲ တွင် သိမ့်လှိုက် ၍ လာစေသည်ဟု ထင်ရသည်။ အညိုသည် မိမိကိုယ်ကို ဘာဖြစ်သည်ဟု မသိ လိုက်ရမီမှာပင် မျက်ရည်များ ဝေ့၍ ဝေ့၍ ကျလာကာ တိုးတိုးညင်ညင် ရှိုက်လိုက်မိလေ၏။
"ဟင် ..."
ကိုတင်မြင့်ထံမှ သည်အသံတချက် ထွက်ပေါ်လာသည်တွင်ကား ... အညိုသည် သူ၏ မျက်နှာကို လက်ဝါးကလေး နှစ်ဖက်တွင် နှစ်မြှုပ်ကာ တသိမ့်သိမ့်ရှိုက်ငင်ရင်းမှ နောက်ဖေးဆောင်သို့ ထွက်ပြေး သွားတော့ လေသည်။

(၄)
အိပ်မပျော်သော ညများကို ၃-၄ ည လွန်မြောက်၍ လာသောအခါ အညို၏ ပြည့်ဝိုင်းသော မျက်နှာကလေး မှာ သွယ်လျလျ ဖြစ်လာသလို ထင်ရသည်။
တန်ဆောင်တိုင် ပွဲတော်ရက်အလွန်တွင် နေရောင်ဝင်းပကာ ရာသီဥတုသစ် လန်းနေသော်လည်း အညို၏ စိတ်ကဖြင့် မလန်းဆန်းနိုင်ပါချေ။
"ငါ့အဖြစ်နှယ် ဘယ်လိုဖြစ်ရပုံများပါလိမ့်နော် ... သူများမင်္ဂလာဆောင်မယ့်ဆဲဆဲမှာ ဘာများ သက်ဆိုင်တာ လိုက်လို့ဘဲ မိညိုရယ်၊ နင်ဘာဖြစ်လို့ ငိုလိုက်ရတာများပါလိမ့်၊ အောင်မယ်လေး ... ရှက်စရာ ကောင်းလိုက် လေခြင်းနော် ... "
အညိုသည် တစိမ့်စိမ့်ရှက်ကာ တသိမ့်သိမ့်ဝမ်းနည်းနေလေ၏။ မိမိကိုယ်မိမိ စိတ်ဆိုးလိုက်သည်မှာ လည်း ပြောစရာ မရှိတော့ပေ။
"ငါ ဘာဖြစ်တာပါလိမ့်နော်... ငါဘာဖြစ်ရတာပါလိမ့်။ တကယ်ဆိုတော့ ကိုမြင့်ဟာ ငါရဲ့ချစ်သူ ရည်းစား တယောက်လဲမဟုတ်ရပါလား၊ အမယ်လေး ဒီလိုတွေးရတာတောင် ရှက်စရာကောင်းလှ နေပြီဘဲ၊ ငါ..ငါ..ငါ ဘားများဖြစ်မိသွားပါလိမ့်၊ ကိုမြင့်ကကော ငါ့ကို ဘယ်လိုထင် ဘယ်လိုတွေးနေ မှာပါလိမ့်၊ သူ့စိတ်က မရည်ရွယ်ဘူးဆိုတဲ့တိုင် သီလရှင်လောင်းတယောက်အတွက် သူပေးသွားတဲ့ လက်ဆောင်ကလဲ ဆံထိုး တခုတဲ့၊ ငါ့ဘ၀ ငါ့ဖြစ်အင်ကိုဘဲ လှောင်လေရော့သလား၊ နင့်ဖြစ်ပုံက အရုပ်ဆိုးလှချည့် မိညို၇ယ်၊ ဒီပြင် လူတွေများ သိသွားကြရင် ဘယ်သူ့မျက်နှာကိုမှ ရဲရဲကြည့်ဝံ့ စရာမရှိတော့ပါဘူး"
အညို့စိတ်ထဲတွင် သည်အတွေးများသည်သာ အချိန်နှင့် အမျှ လွှမ်းထပ် ကပ်ငြိ၍ နေလေသည်။ နေထိုင် သွားလာ စားသောက်နေသမျှမှာ စိတ်ရုပ်တရုပ်လိုသာ အားယူလှုပ်ရှားနေရကာ သည်စိတ် သည် အတွေးတို့၏ ချောက်လှန့်ခြင်းကိုသာ ခံယူနေရသည်။ ကြာတော့ အညိုသည် အတူနေရသော ဖွားလေး ဘုရား ၏ မျက်နှာကိုပင် ရဲရဲမကြည့်ဝံ့တော့သလို ဖြစ်လာ၏။
သည်တွင်မှ ထွက်ပေါက်ကို ရှာတွေးသောအခါ မိဖများ မကွယ်လွန်မီ သူမြို့ထဲမှာနေစဉ်က တရပ်တည်း တလမ်းတည်း မှာ အတူနေထိုင်ခဲ့ဘူးသော အကိုသန်းအောင်၊ အကိုကြီး ကိုဘမောင်၊ ဦးလေးဇော်နှင့် မမဒေါ်ခင်သစ် တို့ကို သတိရမိလာလေ၏။
သည်အထဲမှာ အကိုသန်းအောင်ဆိုလျှင် ငရုတ်သီး ဆယ်တောင့်မှာ တတောင့်လောက်သာ စပ်သော ဆွေမျိုး ဖြစ်သော်လည်း မောင်နှမအရင်းတမျှ ခင်မင်ကျွမ်းဝင်ခဲ့လေသည်။
"အညိုရေ မဂ္ဂဇင်းအသစ်တွေ ရလာပြီဟေ့"
လခထုတ်ပြီးစ ရက်များတွင် ရုံးမှပြန်လာသော အကိုသန်းအောင်က ခြံဝင်းပေါက်ဝမှ အောင်ပြောလိုက်လျှင် အညို သည် ၀မ်းသာအားရနှင့် ခုန်ဆွခုန်ဆွလုပ်ကာ ပြေးထွက် ကြိုဆိုတတ် လေ၏။
တခါတွင်တော့ ယင်းသို့ ထွက်အကြိုတွင် အုတ်ခဲကျိုးတခုကို ခလုတ်တိုက်မိ၍ လဲကျကာ အညို ဒူးပြဲ သွားခဲ့သည်။
"ကောင်းတယ်၊ ရှပ်တပ်တပ်နဲ့ မော့ကန်း မော့ကန်း လုပ်လာတာကိုး"
အကိုသန်းအောင်က ပါးစပ်မှ မာန်မဲလိုက်သော်လည်း လက်မောင်းအိုးမှ ကိုင်စွဲ ထူမကာ အိမ်ထဲ အရောက် တွဲခေါ် လာခဲ့သည်။
"ဒေါ်ကြီးရေ ... ပရုပ်ဆီပေးစမ်းပါ၊ ဟောဒီမှာ မိညို ဒူးပြဲလာလို့"
အိမ်ထဲရောက်တော့လည်း အညို့ မေမေထံမှ ပရုပ်ဆီတောင်းယူကာ ဒူးနာကို ကိုယ်တိုင် သုတ်လိမ်းပြီး ပတ်တီး စည်းပေးပြီးမှ "နောက်ကို ကဲအုံး" ဆိုကာ အညို့ နောက်ကျောကို ခပ်စပ် ရိုက်လေသည်။
သည်လိုအဖြစ်မျိုးတွေမှာ အညို့အတွက် ဘာမျှ ဆန်းသည် မထင်မိပေ။ အကိုသန်းအောင်ဖက် ကလည်း လူလား မမြောက်သေးသည့် နှမရင်းတယောက်ပမာသာ ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
နောက် အကိုသန်းအောင်ကြီး မင်္ဂလာဆောင်တော့မည် ဆိုတော့လည်း အညိုတယောက်ပါ ၀မ်းသာ အူမြူး နေရကာ သူချစ်သော ယောင်းမလောင်းထံ ကူးချည် သန်းချည် ပြုရသည်မှာ ချောင်းပေါက်လုနီးနီးပင် ဖြစ်တော့ သည်။
ကျောင်းနေစဉ် တုန်းကလည်း အညိုမှာ ယောက်ျားလေး သူငယ်ချင်းတွေ အတန်ပင် ပေါများကာ ရင်းရင်းနှီးနှီး နေဘူးပါ၏။
သည်အချိန် သည်အချိန်တွေတုန်းက ဘာမျှမဖြစ်ခဲ့ဘူးဘဲနှင့် ယခု မိမိကိုယ်ကို သီလရှင်လောင်း တယောက် အဖြစ် သတ်မှတ်ပျိုးထောင်နေဆဲတွင်မှ ယောင်းမ မြင်းစီးပြသည်နှယ် ဖြစ်တတ်သည်မှာ မိမိကိုယ်နှင့် မိမိပင် နားမလည် နိုင်လောက်အောင် ရှိတော့သည်။
"သည်သက် သည်ရွယ် ရောက်ခါမှ ရူးဘဲ ရူးနေပြီလား မိညိုရယ် ... နင့်မှာ အရိုင်းစိတ်တွေ ၀င်နေပြီ ထင်ပါရဲ့"
တွေးလေ ... တွေးလေ ... ဖြေမရနိုင်လေ ဖြစ်ရပြန်လေသည်။
"ဒါတွေကို အကိုသန်းအောင်နဲ့ အကိုကြီး ကိုဘမောင်၊ ဦးလေးဇော်တို့ကို ပြောပြလိုက်ရရင်ဖြင့် အမလေး ... ရှက်ပြီး တော့သာ လဲသေလိုက်ပါတော့ မိညိုရယ် ... မဖြစ်ပါဘူး၊ မဖြစ်ပါဘူး"
"သြော် ... မမသစ်ကြီး တယောက်တော့ဖြင့် ရှိလေသေးရဲ့၊ ဟုတ်တယ်၊ မမသစ်ကိုတော့ နောက်နောက် ကလဲ ကောင်းကောင်းဆိုးဆိုး တိုင်ပင်နေကျဘဲ မဟုတ်လား ..."
အညိုသည် မမသစ်ကို တွေးမိသည်နှင့်တပြိုင်နက် ရင်ထဲမှာ အနည်းငယ်ပေါ့ပါးသွားသယောင် မှတ်ထင် ရလေသည်။
မမသစ်ခင်ပွန်း ဦးကိုကိုကြီးမှာ ကုန်သွယ်ရေးဌာန ဦးစီးမန်နေဂျာချုပ်ဖြစ်၍ ယခုအချိန်အမှာ ရုံးသွား နေမည် ကိုလည်း တွေးမိသည်။
သို့နှင့် ကြာရှည်ဆိုင်းငံ့ မနေတော့ဘဲ ဖွားလေးဘုရားထံမှာ ခွင့်တောင်းကာ မြို့ထဲသို့ ထွက်ခွာလာခဲ့ တော့ လေသည်။
ဒေါ်ခင်သစ်သည် အပ်ချုပ်စက်မှာထိုင်ကာ ဇင်းမယ်ထမီး တထည်ကို တကုန်းကုန်း တဂျုံးဂျုံးနှင့် ချုပ်လျက် ရှိနေ၏။ သူ့အိမ်ပေါ်သို့ အညို တက်သွားသောအခါ ...
"ဟဲ့ အညိုပါလား ... ခုမှဘဲ ပေါ်လာတော့တယ်၊ ထိုင်အုံးကွာ ... ခဏကလေး ထိုင်နေအုံး" ဟု ပြောလျက် သူ့ထမီးကိုသာ ချုပ်မြဲ ချုပ်နေသည်။
အညိုက ဧည့်ခန်းကုလားထိုင် ပုကလေးတလုံးမှာ ထိုင်မိသောအခါ စားပွဲပေါ်သို့ အလိုလို မျက်စိ ရောက်သွားသည်။ စာအိတ်တခြား စာကဒ်တခြား ဖြစ်နေသော စာပွဲပေါ်မှ ဖိတ်စာတစောင်သည် သူ့ကိုပင် တမင် စောင့်ဆိုင်းကာ လှောင်ပြောင်နေလေရော့သလား မသိ။
"မောင်တင်မြင့် နှင့် မ၀င်းဝင်း တို့၏
မင်္ဂလာ ဧည့်ခံပွဲ ဖိတ်ကြားစာ"
ဟူသော ရွှေစာလုံးခေါင်းစီးကို အထင်းသား အ၀င်းသား တွေ့နေရတော့လေသည်။
အညိုသည် မင်္ဂလာဖိတ်စာကဒ်ကို အမှတ်မထင် ကောက်ကိုင်လိုက်ကာ ရင်ထဲမှာ ကုန်ရီလှုပ်ရှား၍ လာရ ပြန်လေသည်။
"အဲဒါပေါ့ အညိုရဲ့ ... အကိုကြီးတို့ရုံးက လက်ထောက် မန်နေဂျာမိန်းကလေး မ၀င်းဝင်းဆိုတာလေ၊ နက်ဖြန် သူ့ မင်္ဂလာဆောင် သွားဖို့အတွက် မမသစ်ထမီချုပ်နေတာပေါ့"
မမသစ်က အေးဆေးစွာ ပြောသော်လည်း အညို၏ မျက်လုံးအိမ်ထဲမှာတော့ မျက်ရည်ပူတွေ ဝေ့၍ ဝေ့၍ တက်ကာ လျှံကျလာလေသည်။
"သတို့သားကိုတော့ မမသစ်တို့ မသိပါဘူး၊ အင်မတန် ရိုးသားပြီး သိက္ခာရှိတဲ့ လူတယောက် လို့တော့ ကြားဘူးမိပါရဲ့။
ချုပ်ပြီးနေသော ထမီကို စက္ကူအိတ်ထည်းသို့ သပ်ယပ်စွာ ခေါက်ထည့်နေသော ဒေါ်ခင်သစ်က အညို၏ ဖြစ်အင် ကို မမြင်မိသေးဘဲ သူပြောချင်တာတွေကိုသာ ဆက်ပြောနေသည်။
ပြီးတော့မှ အညို့ဖက်သို့ မျက်နှာလှည့်လာ၏။
ဆက်ရန်
.
No comments:
Post a Comment