Wednesday, April 13, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၇)

အခန်း ၅၃
ဘယ်တော့မျှ လက်မလျှော့ပါနှင့်

အထက်တန်းကျောင်းတွင် နောက်ဆုံးနှစ် ကျောင်းသားဘဝတုံးက ကျွန်တော် ဘရောင်းတက္ကသိုလ်သို့ လျှောက် ထားခဲ့၏။ ဝင်ခွင့်မရ။ ကျွန်တော့်အား တန်းစီးစာရင်းမှာ ထည့်ထားသည်။ တက္ကသိုလ်ဝင်ခွင့်ရုံးသို့ အကြိမ်ကြိမ် ဖုန်းဆက်သည်။ နောက်ဆုံးတော့ ကျွန်တော့်ကို လက်ခံမှ သင့်တော့မည်ဟူ၍ ဆုံးဖြတ် ကြသည်။ ကျွန်တော်သိတ်တက်ချင်နေမှန်း သူတို့သိကြသည်။ ဇွဲက ကျွန်တော့်အားအုတ်တံတိုင်းကြီးကို ကျော်လွှား သွားနိုင်အောင် ပြုပေးလိုက်ခြင်းပင်။

ဘရောင်းတက္ကသိုလ် မှ ဘွဲ့ရတော့မည့် အချိန်၌ ကျွန်တော်သည် အနှစ်တစ်သန်းအတွင်းမှာ ဘွဲ့လွန် သင်တန်း ကို တက်ခွင့်တစ်ကြိမ်မျှ ပေါ်လာဖွယ်မမြင်သေးပါ။ ကျွန်တော်တို့ မိသားစုမှ လူများသည် ဘွဲ့ တစ်ခုခု ရပြီးလျှင် အလုပ်တစ်ခုခု လုပ်လိုက်ကြသည်သာ ဖြစ်သည်။ နောက်ထပ် ဘွဲ့တစ်ခုခုကို ဆက်တက် မနေကြတော့။

သို့ရာတွင် ကျွန်တော့်အား မညှာမတာ ဝေဖန်ဆုံးမတတ်သော ဘရောင်းတက္ကသိုလ်မှ ကျွန်တော့်ဆရာ အင်ဒီဗန်ဒမ်း က ကျွန်တော့်အား အကြံပေး၏။ "ပီအိပ်ခ်ျဒီ ရအောင်လုပ်ကွာ၊ ပါမောက္ခလုပ်" တဲ့။
"ဘာကြောင့် ကျွန်တော်အဲဒါကို လုပ်သင့်တာလဲ" ဟု ကျွန်တော်က ပြန်မေးသည်။ ထိုအခါ  သူကပြော၏။ ဘာကြောင့် လဲဆိုတော့ မင်းဟာ အရောင်းဈေုးသည်ကောင်း တစ်ယောက်လူမျိုးဆိုတော့ မင်းကုမ္ပဏီ တစ်ခုမှာ သွားလုပ်ရင် သူတို့က မင်းကို အရောင်းဈေးသည်အဖြစ်ပဲ အသုံးချကြလိမ့်မယ်၊ အကယ်၍ မင်းဟာ အရောင်းဈေးသည် လုပ်မယ်ဆိုရင် တစ်စုံတစ်ရာ ဝယ်ဖို့ထိုက်တဲ့ ပစ္စည်းမျိုးကို ရောင်းမှသင့်မယ်၊ ပညာရေး လိုဟာမျိုးပေါ့။ ကျွန်တော်သည် ထိုအကြံဥာဏ်ပေးခဲ့ခြင်းအတွက် အစဉ်ထာဝရ ကျေးဇူးတင် နေရပေသည်။

အင်ဒီက ကျွန်တော့်အား ကာနက်ဂီမယ်လွန် တက္ကသိုလ်ကို လျှောက်ခိုင်း၏။ မယ်လွန်တက္ကသိုလ်သို့ သူ ပို့ပေးလိုက်သော တော်သည့် ကျောင်းသားတွေအများကြီးပင်။ မင်းဝင်ခွင့်ရမှာပါ။ပြဿနာမရှိပါဘူး ဟု သူက ပြောသည်။ သူကကျွန်တော့်အား ထောက်ခံစာတစ် စောင်ရေးပေး၏။
ကာနက်ဂီမယ်လွန်တက္ကသိုလ်မှ ဆရာများက သူ့စာကို ဖတ်ကြသည်။ သူတို့သည် ကျွန်တော်၏ လက်ခံ လောက်ဖွယ် အဆင့်မှတ်များနှင့် သိပ်ထူးချွန်မှု မရှိလှသော ကျွန်တော်၏ အထက်တန်းကျောင်းထွက် စာမေးပွဲ ရမှတ်များကို ကြည့်ကြသည်။ ကျွန်တော့်လျှောက်လွှာကိုလည်း ပြန်ဖတ်ကြသည်။

ထိုသို့ပြုပြီးသကာလ ကျွန်တော့်အား ပယ်လိုက်ကြလေသည်။ ကာနက်ဂီမယ်လွန် တက္ကသိုလ်က ကျွန်တော့် ကို မလိုချင်ခဲ့သော်လည်း ကျွန်တော့်အား အခြားပီအိပ်ခ်ျဒီ အစီအစဉ် တစ်ခုတွင် လက်ခံလိုက်သည်။ ထို့ကြောင့် ကျွန်တော်သည် အင်ဒီ၏ ရုံးသို့သွားကာ ပယ်စာကို သူ့စားပွဲပေါ်မှာ ချထားလိုက်သည်။ "ဆရာ့ရဲ့ ထောက်ခံချက်ကို ကာနက်ဂီမယ်လွန် တက္ကသိုလ်က ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ဆရာ သိစေချင်လို့ပါ" ဟု ကျွန်တော်ကပြောသည်။

 သူ့စားပွဲပေါ်သို့ ပယ်စာကျသွားလိုက်ပြီး စက္ကန့်ပိုင်း အတွင်းမှာပင် အင်ဒီသည် တယ်လီဖုန်းကို ကောက်ကိုင် လိုက်သည်။ "ဆရာဒီကိစ္စကို ရှင်းမယ်၊ မင်းဝင်ခွင့်ရစေမယ်" ဟု သူကပြောပါသည်။
သို့ရာတွင် ကျွန်တော်က သူ့ကိုတားလိုက်၏။ "ဆရာ၊ ကျွန်တော် အဲဒီနည်းနဲ့ ဝင်ခွင့်မရချင်ဘူးဆရာ" ဟု ပြော၏။

သို့ဖြင့် ကျွန်တော်တို့ ဆရာတပည့် သဘောတူညီချက်တစ်ခု ပြုကြ၏။ ကျွန်တော်က ကျွန်တော့်ကို လက်ခံသည့် တက္ကသိုလ်များကို စစ်ဆေးကြည့်မည်။ ထိုတက္ကသိုလ်တွေအားလုံးက ကျွန်တော့်စိတ်မှာ သိပ်ဟန်မည် မထင်ပါက ဆရာ့ထံတစ်ခေါက်ပြန်လာကာ ကျွန်တော်တို့ပြောကြဆိုကြ မည်ဟူသော သဘော တူညီချက် ဖြစ်ပါ၏။
အခြားကျောင်းများသည် ကျွန်တော်နှင့် ဘယ်လိုမှ မတော်ကြောင်းတွေ့ရပေရာ နောက်ဆုံး၌ ကျွန်တော် အင်ဒီထံ သို့ ပြန်လာသည်။ ဘွဲ့လွန်သင်တန်းတက်မနေဘဲ အလုပ်တစ်ခုပဲ လုပ်တော့မည် ဖြစ်ကြောင်း သူ့ကို ပြောပြသည်။

"ဟေ့၊ မလုပ်ရဘူး၊ မလုပ်ရဘူး၊ မင်း ပီအိပ်ခ်ျဒီ ရကို ရရမယ်ကွ၊ မင်းကာနက်ဂီမယ်လွန် တက္ကသိုလ်ကို တက် ကို တက်ရမယ်"
ဆရာသည် တယ်လီဖုန်းကို ကောက်ကိုင်ကာ နီကိုဟာဘာမန်းထံ လှမ်းဆက်သည်။ ဟာဘာမန်းသည် ကာနက်ဂီ မယ်လွန်တက္ကသိုလ် သိပ္ပံဌာနမှူးဖြစ်ပြီး အင်ဒီလို ဒတ်ခ်ျလူမျိုး တစ်ဦးလည်း ဖြစ်နေသည်။ သူတို့ နှစ်ဦးသည် ကျွန်တော်အကြောင်းကို ခဏကြာမျှ ဒတ်ခ်ျလို ပြောကြသည်။ ထို့နောက် အင်ဒီသည် တယ်လီဖုန်း ကို ချလိုက်ပြီး ကျွန်တော့်အား ပြောသည်။  "မနက်ဖြန် မနက် ၈ နာရီမှာ သူ့ရုံးကို သွားလိုက်ပါ"

နီကို သည် တည်ကြည်ခန့်ညားသူတစ်ယောက် ဖြစ်၏။ ရှေးဆန်သော ဥရောပဟန် ပညာရှင် တစ်ဦး ဖြစ်လေသည်။ ကျွန်တော်နှင့် သူတွေ့ကြခြင်းမှာ သူ့မိတ်ဆွေဟောင်း အင်ဒီ မျက်နှာကြောင့် ဖြစ်ကြောင်း ကား ရှင်းနေပါသည်။ သူ့ဌာနက ကျွန်တော့်လျှောက်လွှာကို စဉ်းစားသုံးသပ်ပြီး ဖြစ်ပါလျှက် အဘယ့်ကြောင့် ကျွန်တော့် လျှောက်လွှာကိုသာ ပြန်လည် စဉ်းစားထိုက်ပါသလဲဟု မေးပါသည်။ 

ကျွန်တော်လည်းဂရုထား၍ ဖြေပါသည်။ "ကျွန်တော့်ကို စစ်ဆေးသုံးသပ်ချိန်ကတည်းက ကျွန်တော်ဟာ ရေကြောင်း သုတေသနရုံး က ပေးတဲ့ သုတေသနထောက်ပံ့ကြေး အပြည်အ၀ကို ရရှိထားပြီး ဖြစ်ပါတယ်" ထိုအခါ နီကိုက "တို့တိုင်းတာတဲ့ စံထဲ မှာ ပိုက်ဆံရထားပြီး မရထားပြီး ဆိုတာ မပါပါဘူး တို့က တို့ကျောင်းသားတွေကို သုတေသန ခွင့်ပြုငွေထဲက ထောက်ပံ့ပေးပါတယ်" ဟု ပြောပါသည်။ ထို့နောက် ကျွန်တော့်အား စိုက်ကြည့် လိုက်ပါသည်။ ပို၍ တိကျအောင် ပြောရလျှင် ကျွန်တော်ကို ထွင်းဖောက် သွားအောင် ကြည့်လိုက်ပါသည်။

လူတစ်ယောက်၏ ဘ၀တွင် အရေးပါသော အခိုက်အတန့် ကာလကလေးများ ရှိကြသည်။ လူတစ်ယောက် သည် မိမိမှားသွားမှန်းကို နောက်မှ သိလိုက်ပြီး အခြေအနေနှင့် အညီ ပြန်တည့်၍ ပြောလိုက်နိုင်ပါလျှင် ထိုသူသည် ကံကောင်းသည်ဟု ဆိုရပေမည်။ ကျွန်တော်သည် တစ်ခဏအတွင်း မှာပင် ငါဖြင့် မှားသွားလေပြီ ဟု သိလိုက်သည်။ အတတ်နိုင်ဆုံး လေးစားစွာဖြင့် ကျွန်တော် ပြန်ဖြေသည်။ 

"ကျွန်တော် ပြောလိုက်တာ ငွေကြေအကြောင်းကို ပြောလိုက်သလိုဖြစ်သွားလို့ ကျွန်တော်တောင်းပန် ပါတယ်၊ ကျွန်တော် ပြောလိုရင်းက ငွေကြေးအကြောင်း မဟုတ်ပါဘူး၊  ဒီသူတေသန ထောက်ပံ့ကြေး ဆိုတာ က ဒါဟာ ကျောင်းဝင်ခွင့် ရထိုက်ဖို့အတွက် ဂုဏ်တစ်ဂုဏ်ပဲလို့ ယူဆပါတယ်။ ကျွန်တော်ပြောခဲ့ပုံက အဂါရ၀ သဘောမျိုးဖြစ်သွားခဲ့ရင်လည်း ကျွန်တော် တောင်းပန်ပါတယ်"
ကျွန်တော့် မှာ ထိုသို့ ပြောရန်မှတစ်ပါး အခြားမရှပါ။ သို့ရာတွင် ထိုစကားသည် မှန်သော သစ္စာ စကားဖြစ်၏။ ဖြည်းဖြည်းချင်းနှင့် နီကို၏ တင်းနေသောမျက်နှာသည် ပြေလျော့ကျသွာကာ ကျွန်တော်တို့ နောက်ထပ် မိနစ်အနည်းငယ်ကြာ စကားပြောကြသေးသည်။

အခြားတက္ကသိုလ်ဆရာ အတော်များများနှင့်လည်း တွေဆုံခဲ့ရပြီးနောက် ကျွန်တော့်အား ကာနက်ဂီမယ်လွန် တက္ကသိုလ် က လက်ခံလိုက်ခြင်းဖြင့် အပြီးသတ်သွာပါသည်။ ကျွန်တော်လည်း ပီအိတ်ခ်ျဒီ ရခဲ့လေသည်။ မြင့်မားသော အုတ်တံတိုင်းကြီးကို ဆရာသမား၏ ကြီးမားသောမြှောက်တင် အားပေးမှုနှင့် ဖြူစင် ရိုးသားသော ၀ပ်တွားခယမှုတို့ဖြင့် ကျော်လွှားခဲ့ရခြင်း ဖြစ်ပေသည်။
ကျွန်တော်သည် ကျွန်တော့် တပည့်များကိုသော်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များကို သော် လည်းကောင်း ကာနက်ဂီမယ်လွန် တက္ကသိုလ် ၀င်ခွင့်လျှောက်ရာ အပယ်ခံရဖူးကြောင်းကို တစ်ခါမှ ပြောမပြ ဖူးခဲ့။ ကျွန်တော်၏ နောက်ဆုံးဟောပြောချက်ကို ပြောဖို့ စင်မြင့်ပေါ်ရောက်မှသာ ပြောပြခဲ့ခြင်း ဖြစ်သည်။ မပြောခဲ့သည်မှာ ဘာကိုကြောက်၍ပါလဲ။ သူတို့နှင့် ပေါင်းသင်းဆက်ဆံ ရနိုင်လောက်အောင် မတော်ပါဘူး ဟု လူတွေက ထင်သွားကြမှာစိုး၍လား။

ကိုယ့်ဘ၀၏ နောက်ဆုံးအချိန်တွင်မှ လျှို့ဝှက်ချက်တစ်ခုကို ဖွင်ဖော်ပြောလိုက်ရန် ဆုံးဖြတ်ရခြင်းမှာ စိတ်ဝင်စား ဖွယ်တော့ ကောင်းပါသည်။
တကယ်တော့ ကျွန်တော်သည် ဤဖြစ်ရပ်ကို ယခင် နှစ်အတော်ကြာကတည်းက ပြောလာခဲ့ဖို့ ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်ရပ်က "တစ်ခုခုကို သိပ်လိုချင်နေလျှင် လက်မလျှော့ပါနှင့်၊ (အားပေးကူညီပြုလာလျှင်လည်း လက်ခံပါ) " ဟူသော သင်ခန်းစာကို ပေးနိုင်သောကြောင့် ဖြစ်ပါသည်။

အုတ်တံတိုင်းများ ထားရှိခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ ယင်းတို့ပေါ်သို့ ကျော်တက် လိုက်နိုင်သည်နှင့် တပြိုင်နက် (တစ်ယောက်ယောက်က ပစ်တင်ပေးလိုက်ရသည့်တိုင်) အခြားသူများ အား သင် ဘယ်လို ကျော်တက် နိုင်ခဲ့ကြောင်းကို ပြောပြသွားနိုင်သောကြောင့် ဖြစ်ပေသည်။
အခန်း (၅၄)
လူမှုအသိုင်းအ၀ိုင်းသမားဖြစ်ပါစေ

ကျွန်တော်တို့ နိုင်ငံတွင် ပြည်သူ့အခွင့်အရေးဟူသော အယူအဆအပေါ်တွင် အာရုံစိက်မှု အင်မတန် များသည်။ အခွင့်အရေး ဆိုတာကတော့ ရသင့်သည်မှန်ပါ၏။ သို့ရာတွင် တာဝန်အကြောင်းပါ ပြောဆိုခြင်းမရှိဘဲ အခွင့်အရေးအကြောင်းချည်း ပြောနေခြင်းမှာမူ အဓိပ္ပါယ်မရှိလှပေ။

အခွင့်အရေးသည် တစ်နေရာရာကလာရသော အရာဖြစ်သည်။ ထိုတစ်နေရာရာမှာ လူမှုအသိုင်း အ၀ိုင်း ဖြစ်သည်။ သို့ဖြစ်၍ အခွင့်အရေးသည် လူမှုအသိုင်းအ၀ိုင်းက လာခြင်းဖြစ်သည်။ အခွင့် အရေးသည် လူမှု အသိုင်းအ၀ိုင်းက လာသည်ဖြစ်၍ အတုံ့အပြန်အားဖြင့် ကျွန်တော်တို့ကလည်း လူမှု အသိုင်းအ၀ိုင်း အပေါ်တွင် ယူပေးရမည့် တာဝန်ရှိနေပေသည်။ အချို့သူများက ဤသဘောကို လူမှုအသိုင်းအ၀ိုင်း လှုပ်ရှားမှု ဟု ခေါ်ကြသည်။ သို့ရာတွင် ကျွန်တော်ကမူ ဘ၀ပေးအသိဟု ခေါ် ချင်ပေသည်။

ကျွန်တော်တို့ အများအပြားတွင် ဤအသိပျောက်လျက်ရှိသည်။ ကျွန်တော်၏ ပါမောက္ခသက်တမ်း အနှစ် ၂၀ အတွင်း၌ ကျွန်တော် သတိပြုမိသည်မှာ ကျောင်းသားများတွင် ဤအသိမရှိကြသူတို့ သည် တိုး၍ တိုး၍သာ များလာသည်ဟူသော အချက်ဖြစ်သည်။

နှစ်စဉ် စာသင်နှစ်ဝက်တစ်ခု စပြီဆိုလျှင် ကျွန်တော်သည် ကျောင်းသားများအား သဘောတူညီ ချက် တစ်ခု ကို လက်မှတ်ရေးထိုးခိုင်း၏။ ထိုသဘောတူညီချက်ထဲတွင် သူတို့၏ တာဝန်များနှင့် အခွင့်အရေးများကို အကြမ်းဖျင်းအားဖြင့် ဖော်ပြပေးထားသည်။ ကျောင်းသားများက အစုအဖွဲ့များ တွင် အပြုသဘောဖြင့် ပါဝင်လုပ်ပါမည်။ အချို့သော အစည်းအဝေးများကို တက်ပါမည်။ မိမိတို့၏ အတန်းတူသူငယ်ချင်းများကို ရိုးသားဖြူစင်သည့် အကြံဥာဏ် ဝေဖန်မှုများ ပြုပေးပါမည်ဟု သဘောတူရပါသည်။ ထိုသို့သော တာဝန် များကို ယူရသဖြင့် အတုံ့အပြန်နေဖြင့် ၄င်းတို့သည် အ တန်းထဲမှာ တက်ရောက်သင်ကြားပိုင်ခွင့် မိမိတို့၏ လုပ်ဆောင်ချက်များကို ဆန်းစစ်ဝေဖန်ခံပိုင်ခွင့် နှင့် ခင်းကျင်းပြသခံပိုင်ခွင့်များ ရရှိကြသည်။

ကျောင်းသားအချို့က ကျွန်တော်၏သဘောတူညီချက်ကို ကဖျက်ယဖျက် လုပ်ချင်ကြသည်။ ထိုသို့ ဖြစ်ရသည်မှာ ကျွန်တော်တို့ လူကြီးများမှာ သူတို့စံနမူနာယူ အားကျလောက်သည့် လူမှုအ သိုင်းအ၀ိုင်းပုဂ္ဂိုလ်များ မဟုတ်ကြသောကြောင့်ဟု ထင်ပါသည်။ သာဓကဆောင်ပြရသော် ကျွန်တော်တို့မှာ  ခုံသမာဓိအဖွဲ့ နှင့် စစ်ဆေးခံပိုင်ခွင့်ရှိသည်ဟု ကျွန်တော်တို့ အားလုံ ယုံကြည်ကြ ၏။ သို့ရာတွင် လူများစွာ တို့က ဂျူရီတာဝန်မှ လွတ်ရန် ကြိုးစားကြသည်။

ထို့ကြောင့် ကျွန်တော်က ကျွန်တော့်တပည့် ကျောင်းသားများအား သိစေချင်၏။ လူတိုင်းလူတိုင်း သည် အများအကျိုး အတွက် ကျရာတာဝန်ကို ထမ်းကြရသည်။ ထိုသို့မှ မပြုချင်ဘူဆိုသော် စကား တစ်လုံးတည်း နှင့် ဖော်ပြရလျှင် တစ်ကိုယ်ကောင်း ဆန်ခြင်းသာ ဖြစ်သည်။

ကျွန်တော်ဖခင်က ဤပရဟိတသဘောကို ကျွန်တော်တို့အား နမူနာပြ၍ သင်ကြားပေးခဲ့သည်။ သို့ရာတွင် ကျွန်တော် ဖခင်သည် ဤသဘောကို အခြားသူများအား သင်ပြပေးရာတွင် သိမ်မွေ့ သော နည်းများ ကိုလည်း ရှာဖွေခဲ့သည်။ သူသည် လစ်တဲလ်လိဂ်ဘေ့စ်ဘော ကော်မရှင်နာဖြစ်စဉ်က သင်ပြပေးခဲ့ပုံမှာ အလွန် ကျွမ်းကျင်လိမ္မာသည်ဟု ဆိုရပေမည်။

သူသည် မိမိသဘောဆန္ဒအလျောက် ဒိုင်လူကြီးလုပ်ပေးမည့် ဗော်လံတီယာ ဒိုင်လူကြီးများကို ဒုက္ခ ခံ၍ ရှာဖွေ ရသည်။ ဤဒိုင်လူကြီးအလုပ်မှာ ကျေးဇူးတင်မခံရသောအလုပ် ဖြစ်၏။ အဘယ့်ကြောင့် ဆိုသော် ဘောလုံးကို ရိုက်ဟု အော်လိုက်သည့်အခါတိုင်း အချို့ကလေး သို့မဟုတ် မိဘက ဒိုင်လူ ကြီး မှားပြန်ပြီဟု ဆိုကြသောကြောင့် ဖြစ်သည်။ ထို့ပြင် ကြောက်ရသည့် ပြဿနာကလည်း ရှိ သေး၏။ ကစားသည့် ကလေး များက ဘက်တံကိုကိုင်ရာတွင် မထိန်းနိုင်ဘဲဖြစ်ပြီး သူတို့၏ ရိုက်ချက် က ကိုယ့်ဆီသို့ ဘောလုံး လာမှန်မည့် အနေမျိုးတွင်လည်း ဒိုင်လူကြီးလုပ်သူက ရပ်နေရသည် ကြောင့် ဖြစ်သည်။
နောက်ကတော့ ကျွန်တော့်ဖခင်သည် အကြံတစ်ခုရလာ၏။ လူကြီးများကို ဗော်လံတီယာဒိုင်လုပ် ခိုင်းမည့် အစား သက်ကြီးအုပ်စုထဲမှ ကစားသမားတစ်ဦးဦးအာ ငယ်ရွယ်သူကလေးများအတွက် ဒိုင် လုပ်ခိုင်းလျှင် ကောင်းမည် ဟူသော အကြံဖြစ်သည်။ ဒိုင်အဖြစ် အရွေးခံရလျှင် ဂုဏ်ယူဖွယ်ဟူ၍ ဖြစ်လားအောင်လည်း ဖခင်လုပ်ထား၏။

ဤသို့ ပြုလိုက်သဖြင့် အကျိုးတော်တော်များများ ရလာသည်။
ဒိုင်အဖြစ်ရွေးခံရ၍ ဒိုင်လုပ်ရသူများသည် အလုပ်တစ်ခုမှာ ဘယ်မျှခက်ခဲကြောင်း သိနားလည်သွား ပြီး နောင်တွင် ဒိုင်လုပ်သူနှင့် စောဒက မတက်တော့ပေ။ ထို့ပြင် ဒိုင်လုပ်ရသူများသည် မိမိတို့မှာ မိမိတို့ထက် အသက် ပိုငယ်သော အုပ်စုမှ ကလေးများကို ရှေ့ဆောင်မှုပေးနေရသူများ ဖြစ်ပါသလားဟု ကျေနပ် သွားသည်။ တစ်ချိန်တည်းမှာပင် ငယ်ရွယ်သော ကလေးများကလည်း ဗော်လံတီ ယာ ဒိုင်အလုပ်ကို လိုလိုလားလား လုပ်ကိုင်ပေးကြသူများကို မိမိတို့ အားကျ စံနမူနာယူရမည့် သူ များဟု မြင်သွားကြသည်။

ကျွန်တော်ဖခင်သည် လူမှုအသိုင်အ၀ိုင်းသမား အစုအသစ်တစ်ရပ်ကို ဖန်တီးပေးခဲ့ပေ၏။
လူများသည် အခြားသူများနှင့် ဆက်စပ်သွားသည့်အခါပို၍ ကောင်းသောသူများ ဖြစ်လာကြောင်းကို ကျွန်တော် ဖခင်က သိရှိခဲ့ပေသည်။

ဆက်ရန်
.

No comments: