Saturday, March 26, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၂၃)

ထိုညနောက်ပိုင်းတွင် နှစ်သစ်သို့လည်း ကူးတော့မည်ဖြစ်၍ ဂျေးက ကျွန်တော့်စိတ် ဓာတ်ကျနေသည် ဟု ပြောလာသည်။ ကျွန်တော့်အား ပျော်ရွှင် အားသစ်ဖြစ်စေလို သည့်အနေဖြင့် သူက ကုန်လွန် ပြီးခဲ့သော နှစ် ကို ပြန်လည်သုံးသပ်ပြပြီး တော်တော် အားရစရာကောင်းတာတွေလည်း ဖြစ်ခဲ့ကြောင်း ထောက်ပြပါသည်။ ကျွန်တော် တို့ သည် အားရက် ချစ်ခရီးလည်း ထွက်နိုင်ခဲ့ကြသည်။ 

ဘယ်သူမှမပါဘဲ ကျွန်တော်တို့ နှစ်ဦး တည်း ခရီးထွက်နိုင်ခဲ့ကြခြင်းဖြစ်သည်။ အကယ်၍သာ အချိန်သည် အဖိုးတန် လှကြောင်းကို သည်ကင်ဆာ ရောဂါ က နှိုးဆော်သတိပေးမလုပ်ခဲ့ပါလျှင် ထိုချစ်ခရီး ကို ကျွန်တော်တို့ ထွက်နိုင်ခဲ့ကြမည် မဟုတ်။ ကျွန်တော် တို့သည် သားသမီးကလေး များ သူတို့ဘာသာ သူတို့ ကြီးမား လာခဲ့ကြသည်ကို ကြည့်ခဲ့ရပြီ။ ကျွန်တော်တို့ အိမ် သည် လှပသော စွမ်းအင်များနှင့် မေတ္တာတရားတွေ အပုံအပင်နှင့်ပြည့်နေခဲ့ပြီ စ သည့် အကြောင်းများကို ပြောပြရင်း ကျွန်တော့်အား အားတက်လာအောင် ပြုပေး ခြင်းဖြစ်ပါသည်။

ဂျေးက သူသည် ကျွန်တော်နှင့် ကလေးများအတွက် ဆက်လက်၍ တည်ရှိနေဦးမည် ဖြစ်ကြောင်း ကတိပေး ပါသည်။ "ကျွန်မဟာ အလွန်ကောင်းတဲ့ အကြောင်း လေးရပ် နဲ့ ပဲ ဆက်လက်ရှင်သန်နေနိုင်မယ့် အခွင့်အလမ်း ကို အမိဖမ်းသွားဦးမှာပါ"ဟု ဂျေးက ကတိပေးပါသည်။
ဂျေးက သူ၏တစ်နေ့တာအချိန်မှ အကောင်းဆုံး အစိတ်ပိုင်းကလေးကတော့ ကျွန်တော် နှင့် ကလေးများ အပြန်အလှန် ပြောဆို ဆက်ဆံနေတာမျိုးကို ကြည့်နေရ ခြင်းပါပဲဟုလည်း ကျွန်တော့်အား ပြောပါသည်။ ချလို ကလေးက ကျွန်တော့်ကို စကားပြောလိုက်သည့်အချိန်မျိုးတွင် ကျွန်တော့်မျက်နှာမှာ လင်းလက် တောက်ပ လာကြောင်း လည်း သူက ပြောပါသည်။ (ချလို သည် ၁၈လ သမီးလေးဖြစ်ပြီး စကားလုံး လေးလုံး ပါ ၀ါကျမျိုးကို ပြောတတ်နေပြီဖြစ်ပါ၏။)

ခရစ္စမတ်နေ့ကျတော့ ခရစ္စမတ်သစ်ပင်ကို မီးတွေထွန်းသည်။ ထိုမီးထွန်းခြင်းမှနေ၍ ကျွန်တော်က စွန့်စားမှု တစ်ခု လုပ်ယူကြည့်လိုက်သည်။ ဒီလန် နှင့် လိုဂန် တို့ကို သေသေချာချာ ဂရုတစိုက်နှင့် ဟောဒီလို လုပ်ရတယ်ကွ ဟု ပြမနေတော့ဘဲ သူတို့အား ခရစ္စမတ်သစ်ပင်ကို အမှတ်တမဲ့ တွေ့သွားစေသောနည်းဖြင့် တွေ့မြင် စေလိုက် သည်။ သို့ရာတွင် ယခုသော် သူတို့မီးထွန်းချင်ခဲ့သော သစ်ပင်ကြီးကို ကျွန်တော် မီး ထွန်း ပေးလိုက်ပေပြီ။ ကျွန်တော်တို့သည် ရှုပ်ပွေနေသော မြင်ကွင်းတစ်ခုလုံးကို ဗွီဒီယိုရိုက်ကြ၏။ ဂျေး ကလည်း "တကယ့်ကို ထူးခြားဆန်းကြယ်တဲ့ ကာလကလေးပါ ပဲ"ဟု ပြောသည်။ ကျွန်တော်တို့ မိသားစု အတူတကွ ပေါင်းစည်းမိကြသည့် သူ၏ အမှတ်ရဖွယ် အကောင်းဆုံး အချိန်ကလေးတစ်ခု ဖြစ်ပေလိမ့်မည် ဟုလည်း ဆိုပါ သည်။

ဂျေးသည် ၀က်ဘ်ဆိုက် တွင် ကင်ဆာလူနာများနှင့် ၎င်းတို့၏မိသားစုများအကြောင်း ကို လိုက်ရှာသည်။ ဤတွင် အဖိုးတန်အသုံးဝင်သော သတင်းအချက်အလက် တစ်ခု ကို ရလိုက်သည်။ သို့ရာတွင် သူသည် ၀က်ဘ်ဆိုက် တွင် အကြာကြီးဆက်၍မကြည့် နိုင်။ "ဒီအထဲ ရေးသွင်းထားတဲ့ အကြောင်းအရာတွေ အားလုံး ဟာ ဘော့ရဲ့တိုက်ပွဲ ကား ပြီးဆုံးပြီ၊ ဂျင်မ်၏ တိုက်ပွဲကား ပြီးဆုံးပြီ ဆိုတာမျိုးတွေနဲ့ပဲ စထားတာချည်း ဖြစ် နေတယ်။ ဒီဟာတွေ အားလုံးကို လိုက်ရှာဖတ်နေရင်းလည်း အကျိုးထူးမယ်မထင်ပါ ဘူး မောင်ရယ်"ဟု သူက ပြောသည်။

သို့ရာတွင် အကြောင်းအရာတစ်ခု ကို သူ တွေ့လိုက်ရသည့်အခါတွင်မူ ဂျေးသည် တစ်ခုခု လုပ်ချင် လာတော့သည်။ ထိုအကြောင်းအရာမှာ အမျိုးသမီးတစ်ဦးက ရေးထားသော ပန်ကရိယ ကင်ဆာ ရောဂါသည်ပင်။ သူတို့လင်မယားသည် တစ်မိသားစု လုံး အားလပ်ရက်ယူဖို့ စီစဉ်ကြသည်။ သို့ရာတွင် ရက်ရွှေ့ဆိုင်း လိုက်ကြသည်။ သူ့ ယောက်ျားသည် အားလပ်ရက်ယူမည့်ရက် ပြန်လည် မသတ်မှတ် နိုင်မီတွင်ပင် သေ ဆုံးသွားသည်။ "ကိုယ်သွားချင်တဲ့ ခရီးတွေကို သွားဖြစ်အောင် သွားကြပါ"ဟု ထိုအ မျိုးသမီး က အကြံပေးသည်။ "နေရသမျှ အချိန်ကလေးမှာ နေလိုက်ပါ"ဟုလည်း ထို အမျိုးသမီးက ဆိုပါသည်။ ဂျေးသည် ထိုအမျိုးသမီးအကြံပေးချက်အတိုင်း လုပ်သွား မည်ဟု သန္နိဋ္ဌာန်ချလိုက်ပေသည်။

ဂျေးသည် ကုမရသော ရောဂါခံစားနေရသည့်မောင်နှံများအား လိုက်လံအကူအညီ ပေးနေကြသည့် ဤဒေသအတွင်းမှ လူများနှင့်သိကျွမ်းမှုရှိထားသည်။ ထိုသူများကို ပြောကြည့်သည်။ အကူအညီရကြောင်း တွေ့ရသည်။ ကျွန်တော်နှင့်ပတ်သက်၍ သူ ညည်းညူပြောဆိုချင်သောအခါတွင် ဖြစ်စေ၊ သူ့အပေါ်ကျရောက်နေသည့် ဖိအား များမှ ထွက်ပြေးလွတ်မြောက်လိုသောအခါတွင်ဖြစ်စေ၊ ထိုသူများနှင့်ရင်ထဲမှာ ရှိတာ တွေ ပြောဆိုလိုက်ရသည့်အခါ သူ့အဖို့ ထွက်ပေါက်ကောင်းတစ်ခု ရသွားတော့ သည်။

တစ်ချိန်တည်းမှာပင် ဂျေးသည် ကျွန်တော်တို့၏ အပျော်ဆုံးအချိန်ကလေးဖြစ်အောင် အာရုံစိုက် ကြိုးပမ်း သည်။ ကျွန်တော် သူ့ကို ပိုးပန်းနေစဉ်က ကျွန်တော် သူ့ထံသို့ တစ်ပတ်တစ်ခါပန်းများ ပို့ပေးသည်။ သူ့ရုံးခန်းတွင် အဆာသွတ် တိရစ္ဆာန်ရုပ်များကို ချိတ်ထားပေးသည်။ ကျွန်တော့်မှာ စိတ်အားတက်ကြွ ခြင်း ဖြစ်သလို သူ့မှာလည်း (ကျွန်တော့်က သူ့ကို ကြောက်အောင် မလုပ်သည့်အခါ) ပျော်ရွှင်ဝမ်း သာ ဖြစ်ပါ သည်။ မကြာသေးခင်ကပင် သူက ပြောသေးသည်။ သူသည် ရိုမန်တစ် ဖြစ်သော ရန်ဒီအကြောင်းကို ပြန်ပြောင်း အောက်မေ့ခြင်း တွေမပြုတော့ကြောင်း၊ ထိုသို့ ပြုလိုက်မှသာလျှင် သူ့မှာ ပြုံးနိုင်ရယ်နိုင် နှင့် ဖြစ်လာပြီး အဆိုးလောကဓံ ကို ကျော် လွှားသွားလိုစိတ် ဖြစ်လာကြောင်း ပြောပြခြင်းဖြစ်ပါသည်။

စကားမစပ်ပြောရလျှင် ဂျေးသည် သူ၏ကလေးဘ၀ အိပ်မက်များမှ တော်တော်များ များအတိုင်း နေလာ နိုင်ခဲ့သူ ဖြစ်ပါသည်။ သူ ကလေးဘ၀တုန်းက မြင်းတစ်ကောင် ရလိုခဲ့၏။ (သူ့ဆန္ဒအတိုင်း မြင်းတစ်ကောင် ပင် မရခဲ့သော်လည်း မြင်းကိုကား အကြိမ်များများ စီးခဲ့ဖူးပါသည်။) သူ ကလေးဘ၀တုန်းက ပြင်သစ်ကို သွား လိုသော ဆန္ဒဖြစ်ခဲ့၏။ (ထိုဆန္ဒ ပြည့်ခဲ့ကာ ပြင်သစ် မှာ ကောလိပ်ကျောင်းသူ အဖြစ် တစ်နွေ နေခဲ့ဖူး ပါသည်။) ထိုထို အိပ်မက်တွေထဲ၌ သူ အိပ်မက်မက်ဖူးခဲ့သည်မှာ တစ်နေ့သောအခါတွင် ငါ့ရင်ကဖြစ်သော ကလေးတွေ ရလိုပါ၏ဟူသော ဆန္ဒလည်း ပြည့်ခဲ့သည်သာ ဖြစ်ပေသည်။

ကျွန်တော်သည် သူ၏ အခြားသော ကလေးဘ၀ အိပ်မက်များကိုလည်း တကယ် ဖြစ်လာစေချင်ပါ၏။ ကလေး တွေ ရလိုက်ခြင်းကား သူ့အိပ်မက်အတိုင်း  တကယ် ထူးထူးခြားခြား ဆန္ဒပြည့်သွားခြင်း ဖြစ်ပါသည်။ ထိုအတွက် ကျွန်တော်တို့ နှစ်ဦးစလုံးအတွက် တကယ်ကို ကျေနပ်နှစ်သိမ့်စရာ ဖြစ်ရပါသည်။

ကျွန်တော်တို့ သွားခဲ့ကြသော ခရီးမှ သူရရှိခဲ့သော သင်ခန်းစာတွေ အကြောင်းကို ဂျေးနှင့် ကျွန်တော်တို့ ပြောဆိုဆွေးနွေးကြသည့်အခါ ဂျေးက ကျွန်တော်တို့နှစ်ဦး ပုခုံးချင်း ယှဉ်လျက် အတူတွဲရပ်နေခြင်း၌ ကျွန်တော် တို့ နှစ်ဦး အင်အားတွေ ဘယ်လို ရလာခဲ့သည်ဆိုသည့် အကြောင်းကို ပြောပါသည်။ ကျွန်တော်တို့်နှစ်ဦး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောဆို နိုင်ကြခြင်းအတွက် ၀မ်းမြောက်ကျေးဇူး တင်ရသည် ဟုလည်း ဂျေးက ပြေပါသည်။ ထို့အပြင် သူက ပြောသေးသည်။ ကျွန်တော် အ၀တ်အစားတွေ တစ်ခန်းလုံး အနှံ့ အပြန့် နေတာကတောည အတော်ကို စိတ်နောက်စရာပဲတဲ့။ သို့သော်လည်း သူက ကျွန်တော် ကြိုက်သလို စိတ်ရှိသလောက်ပြုပါ။ ခွင့်လွှတ်ပြီးသား ဖြစ်သည်ဟု ဆိုပါသည်။ သူ၏ မှတ်တမ်း စာအုပ်ထဲ၌ ချမရေးမီ ကျွန်တော် ပစ်စလက်ခတ် လုပ်ထားမိသမျှတို့ကို နေသားတကျ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပေးခြင်းအတွက် သူ့ကို ကျေးဇူးတင်ရ ပါပေသည်။ နောင်တော့ ကျွန်တော်လည်း ယခုထက် ပို၍ ကြိုးစားရပေမည်။ ဤသည်ကား ကျွန်တော်တို့ နှစ်ဦး၏ သန္နိဌန်ပါပေတည်း။

ကျွန်တော်သည် မကြာသေးမီက သတိမထားမိဘဲ တစ်နာရီလျှင် ဘယ်နှစ်မိုင် နှုန်းသာ မောင်းရမည် ဟူသော သတ်မှတ်မိုင်နှုန်းထက် မိုင်အနည်းငယ် ပို၍ မောင်းသွားနေမိရာ ကျွန်တော့်အိမ်နှင့် သိပ်မဝေး လှသော နေရာမှပင် ရဲက သတ်မှတ်မိုင်နှုန်းထက် ကျော်၍ မောင်းနှင်မှုဖြင့် ကျွန်တော့်ကားကို လမ်ဘေး ထိုး ရပ်ခိုင်း လေသည်။
"လူကြီးမင်းရဲ့ လိုင်စင်နဲ့ ကားမှတ်ပုံတင်ကို ကြည့်ပါရစေခင်ဗျ" ဟု ရဲအရာရှိက ကျွန်တော့်အား ပြောပါသည်။ ကျွန်တော်သည် သူတောင်းသည့် နှစ်ခုစလုံးကို ထုတ်ပေးလိုက်သည်။ ပင်ဆဲလ်ဗေးနီးယား ယာဉ်မောင်း လိုင်စင်ပေါ်က ကျွန်တော်၏ ပစ္စဘတ်လိပ်စာကို သူတွေ့သွားသည်။

"ခင်ဗျား ဒီမှာ ဘာလုပ်နေတာုလဲ၊ ခင်ဗျား စစ်ဘက်ကလား" ဟု သူက မေးသည်။
"မဟုတ်ပါဘူး ခင်ဗျား"

ကျွန်တော်သည် ဗာဂျင်းနယားသို့ ရွှေ့လာတာ မကြာသေးကြောင်း၊ မှတ်ပုံတင် အသစ် ပြန်လုပ်ဖို့ အချိန်မရ ၍ မလုပ်ရသေးကြောင်း ကျွန်တော် သူ့အား ရှင်းပြပါသည်။
"ဒါဖြင့်ရင် ခင်ဗျား ဘာကြောင့် ဒီကို ရောက်နေတာလဲ"
သူသည် သွယ်ဝိုက် မနေဘဲ လိုချင်ရာအဖြေအတွက် ဒဲ့ပဲ မေးလိုက်ပါသည်။ ကျွန်တော်ကလည်း အထွေ အထူး စဉ်းစားမနေတော့ပဲ့ ဒဲ့ပင် ဖြေလိုက်ပါ၏။ "ဟုတ်ကဲ့ ခင်ဗျား၊ လူကြီးမင်းက မေးနေမှတော့ ဖြေရ တော့မှာပေါ့၊ ကျွန်တော်က ကုမရတဲ့ ကင်ဆာရောဂါရနေသူပါ။ ကျွန်တော်ဟာ လပိုင်းလောက်သာ နေရဖို့ ရှိပါတော့တယ်၊ ကျွန်တော် ဒီကို ရွှေ့လာရတာကတော့ ကျွန်တော့် မိန်းမ ရဲ့ မိသားစုနဲ့ နီးနီးကပ်ကပ် နေရအောင်ပါ"

ရဲအရာရှိသည် ခေါင်းကိုမော့လိုက်ပြီး ကျွန်တော့်အား စွေကြည့်လေသည်။ "သြော်၊ ခင်ဗျားက ကင်ဆာရောဂါ ရနေတာကိုး" ဟု သူက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။ သူသည် ကျွန်တော့်အား အမှန် အတိုင်း သိရန် ကြိုးစားနေသည်။ သည်လူ သေတော့မယ်ဆိုတာ တကယ်ပဲလား၊ ငါ့ကိုများ လိမ်နေတာလား၊ သူသည် သို့နှယ် စဉ်းစားနေပုံရပြီး ကျွန်တော့်အား တော်တော်ကြာအောင် ကြည့်နေလေသည်။ "ခင်ဗျားပြောတော့ နေရဖို့ လပိုင်းလောက်သာ ရှိတော့တယ်လို့ ဆိုရတယ်၊ ခင်ဗျားကို ကြည့်ရတာ ကျတော့လည်း လူကောင်းလိုပါပဲလား"ဟု သူက ပြောလိုက်သည်။
"မှန်ပါတယ်၊ ရဲအရာရှိကြီး ခင်ဗျား၊ ကျွန်တော်ဟာ ခင်ဗျားပြောသလိုပဲ ကျန်းမာနေတဲ့ ပုံပါပဲ၊ ဒီဟာက တော်တော် တော့ ခွကျတယ်ခင်ဗျာ၊ ကျွန်တော်ဟာ အပြင်ပန်း အမြင်အရတော့ ကျန်းမာနေသူပဲ၊ သို့သော် လည်း ကင်ဆာကျိတ် တွေက အတွင်းမှာ ရှိနေတာခင်ဗျ" ထိုနောက်တွင် ကျွန်တော်လည်း ဘယ်လို ဖြစ်သွားသည် မသိ။ ကျွန်တော့် ရှပ်အင်္ကျီကို လှန်၍ ဗိုက်ခွဲထားသော အမာရွတ်များကို ပြလိုက်မိသည်။

ရဲအရာရှိသည် ကျွန်တော့် အမာရွတ်များကို ကြည့်၏။ ကျွန်တော့်ကိုလည်း မျက်လုံးများထဲသို့တိုင် ကြည့်သည်။ သူ့မျက်နှာပေါ်တွင် "ငါတော့ သေတော့မယ့် လူတစ်ယောက်နဲ့ စကားပြောနေရပါကလား" ဟူသော အမူအရာမျိုးကို ကျွန်တော်တွေ့ရသည်။ ကံအားလျော်စွာပင် သူတား၍ စစ်ဆေးခဲ့သမျှ သူများတွင် ကျွန်တော်သည် တစ်ဖက်သားကို ယုံကြည်အောင် လုပ်ရာ၌ အရဲရင့်ဆုံးသူ အဖြစ်သို့ ရောက်သွား ပေတော့ရာ သူသည် ဆက်လက်၍ ကြာရှည် စဉ်းစားမနေတောဘဲ ကျွန်တော့် လိုင်စင်ကို ကျွန်တော့် အား ပြန်ပေးပါသည်။ "ဒီက ရှေ့မှာတော့ ဖြည်းဖြည်းမောင်းပါနော်" ဟု လည်းပြောလေသည်။

မြတ်သော အမှန်တရားက ကျွန်တော့်အား လွှတ်ပေးလိုက်ပေပြီ။ သူသည် သူ၏ ရဲကားဆီသို့ ပြန်လျှောက် သွားစဉ် ကျွန်တော် ကိုယ့်အဖြစ်ကို အမှန်အတိုင်း သိနားလည်လိုက်သည်။ တကယ်တော့ ကျွန်တော်သည် မျက်တောင် ကလေး တစ်ချက်နှစ်ချက် ပုတ်ခတ်လိုက်ရုံနှင့် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် ဒဏ်ငွေ ဆောင်ရခြင်းမှ လွတ်ကင်းစေနိုင်စမ်းသော လှယမင်းကလေးတစ်ဦးလည်း မဟုတ်ပေတကား။

ကျွန်တော်သည် သတ်မှတ်ထားသော မိုင်နှုန်း လျှော့၍ပင် ကားကိုမောင်း၍ အိမ်ပြန်လာခဲ့သည်။ လှယမင်း ကလေးတစ်ဦးလိုလည်း ပြုံးနေမိလေသည်။

ဆက်ရန်

3 comments:

Anonymous said...

စာပိုဒ် အဆုံးနားလေး ပြုံးမိသွားပါတယ်။ အနော်။

Anonymous said...

Thanks for sharing!!!

Ray

Angelhlaing(May everybody be happy and healthy! said...

ကျွန်တော်သည် သတ်မှတ်ထားသော မိုင်နှုန်း လျှော့၍ပင် ကားကိုမောင်း၍ အိမ်ပြန်လာခဲ့သည်။ လှယမင်း ကလေးတစ်ဦးလိုလည်း ပြုံးနေမိလေသည်။..ဟုတ်ပနော်..အဟီး...
မမရေ စောင့်မျှော်လျှက်ပါ။
ကောင်းသောနေ့လေးဖြစ်ပါစေ။