Sunday, March 27, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၂၄)

တစ်မြန်မနေ့လောက်က ဂျေးသည် ကျွန်တော့်အား စားသောက်ကုန် ပစ္စည်းများ အ၀ယ်လွှတ်လိုက်သည်။ ၀ယ်ရမည့် စာရင်းပါပစ္စည်းများ အားလုံးကို တွေ့ပါသည်။ အကြွေးဝယ်ကဒ်ကို ကိုယ့်ဘာသာကိုယ် ပြ၍ ထွက်သွားနိုင်သော မင်းလမ်းကို အသုံးပြုလိုက်ပါလျှင် စတိုးဆိုင်ထဲမှ မြန်မြန်ထွက်သွားနိုင်မည်ဟု  ကျွန်တော် တွေးမိသည်။

ကျွန်တော်သည် အကြွေးဝယ်ကဒ်ကို စက်ထဲသို့ ထိုးပြလိုက်သည်။ ညွှန်ကြားချက်များအတိုင်း လိုက်နာကာ ကျွန်တော့် ပစ္စည်းများကို ကျွန်တော့် ဘာသာပင် စတင်ဖတ်ကြည့်ပါသည်။ စက်က ကျွီကျွီဟူသော အသံမျိုး ပင် ထွက်ပေါ်လာကာ ၁၆ ဒသမ ၅၅ ဒေါ်လာ ကျသည်ဟု ပြပါသည်။ သို့ရာတွင် ငွေလက်ခံဖြတ်ပိုင်းကား ထွက်ပေါ် မလာ။ ထို့ကြောင့် ကျွန်တော် ကျွန်တော်၏ အကြွေးဝယ်ကဒ်ကို နောက်တစ်ကြိမ် ထပ်မံ၍ ပြလိုက်ပြီး အစက ပြန်လုပ်ရသည်။ မကြာလိုက်ပါ ဖြတ်ပိုင်းနှစ်ခု ထွက်လာ၏။ စက်က ကျွန်တော့်အား ကျသင့်ငွေ နှစ်ခါတောင်းထားသည်။

ဤတွင် ကျွန်တော့်မှာ ဆုံးဖြတ်ချက် တစ်ခုကို ချရတော့သည်။ ကျွန်တော်သည် မန်နေဂျာကို လိုက်ရှာမည် ဆိုလျှင် လည်း တွေ့ရလောက်ဖွယ် ရှိပါသည်။ ပုံစံစာရွက် တစ်ခုကို ဖြည့်စရာ ဖြည့်ပြီး ကျွန်တော့် အကြွေးဝယ် ကဒ်ကို မှတ်ပုံတင်စာရင်း စာအုပ်ဆီယူသွား၊ ၁၆ ဒသမ ၅၅ ဒေါ်လာ နှစ်ကြိမ် ကြေးသင့် ပေးထား သည့် အနက် တစ်ကြိမ်ကို ဖယ်ရှားပေးခိုင်လိုက်မည်ဆိုလျှင် ဖြစ်လောက်ဖွယ် ရှိပါသည်။ သို့ရာတွင် ထိုပင်ပန်းငြီးငွေ့ဖွယ် အလုပ်မှာ ၁၀ မိနစ် သို့မဟုတ် ၁၅ မိနစ် ကြာသွားနိုင်သည်။ ထိုအလုပ်သည် ကျွန်တော့် အတွက် ပျော်စရာအလုပ် မဖြစ်နိုင်လောက်ပေ။

ရှေ့တွင် သွားရမည့် ခရီးကား အတိုပင်ဖြစ်သည်။ သို့ရာတွင် ၁၆ ဒသမ ၅၅ ဒေါ်လာ ပြန်အမ်းငွေ ကလေး အတွက် ထိုအဖိုးတန်အချိန် ၁၀ မိနစ် ၁၅ မိနစ်ကို ငါဖြုန်းပစ်လိုပါသလား (ကိုယ့်ဘာသာ မေးကြည့်သည်။ ဖြုန်းမပစ်နိုင် ပါဟု (အဖြေရသည်။) ၁၆.၅၅ ဒေါ်လာ ကို အဆုံးခံနိုင်သ လား။ ခံနိုင်သည်။ ထို့ကြောင့် ကျွန်တော် သည် ၁၆.၅၅ ဒေါ်လာ  ပြန်ရ၍ ပျော်ရွှင်ရမည်ထက် အချိန်၁၅ မိနစ် ရခြင်းအတွက် ပို၍ ပျော်ရွှင်စွာ ဖြင့် ဆိုင်ထဲမှ ထွက်လာခဲ့လေသည်။

ကျွန်တော်ဘ၀တစ်လျှောက်လုံးတွင် အချိန်ဟူသည် အကန့်အသတ်နှင့် ဖြစ်သည် ဟူသော အချက်ကို ကျွန်တော် သည် နေရာများစွာတို့၌ လိုသည်ထက် ပို၍ ယုတ္တိနည်းကျချင်လွန်းသူ ဖြစ်သည်ကိုလည်း ကျွန်တော် ၀န်ခံပါသည်။ သို့ရာတွင် ကျွန်တော်သည် အချိန်ကို စနစ်တကျ စီမံခန့်ခွဲရမည်ဟု အခိုင်အ မာ ယုံကြည် ပေသည်။ ဤသည်မှာလည်းကျွန်တော်ဥပါဒါန် အစွဲအလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။

ကျွန်တော်သည် ကျွန်တော်တပည့်ကျောင်းသားများကို အချိန်စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍  ပြင်းပြင်း ထန်ထန် ပြောဆိုခဲ့သူဖြစ်သည်။ အချိန်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍လည်း ဟောပြောပို့ချခဲ့၏။ ကျွန်တော် သည် အချိန်ကို စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ထိုမျှ ကျွမ်းကျင်နိုင်နင်းခဲ့သူဖြစ်ပေရာ ကျွန်တော်၏ ဘ၀ တစ်ခုလုံး ကို ကျွန်တော်ရရှိထားသည့် ဘ၀တိုတို ကလေးထဲမှာ စနစ်တကျ ထုပ်ပိုး၍ ထည့်ထားနိုင်စွမ်း ရှိသည် ဟု ကျွန်တော်တကယ်ပင် ယူဆလျက်ရှိသည်။

ကျွန်တော် သိထားသမျှကို အောက်တွင် ချပြလိုက်သည်။

အချိန်ကို ငွေလို သဘောထား၍ ရှင်းတိကျစွာ စီမံရမည်။
ကျွန်တော့်ကျောင်းသားများသည် သူတို့ "ပေါက်ရှဝါဒ"ဟု ခေါ်ချင်ကြသည့် ကျွန်တော့် အယူအဆကို ကြားရသည့် အခါ လာပြန်ပြီတစ်ခါဟု ထင်ကြ၊ ငြီးငွေ့ကြသည်။ သို့ရာတွင် ကျွန်တော်ကမူ ကျွန်တော် အယူအဆ ယုံကြည်ဆဲသာ ဖြစ်သည်။ ကျွန်တော်က သူတို့အား ဘာမဟုတ်သည့် အသေး စိတ်ကိစ္စများမှာ အချိန် မကုန်စေနှင့်ဟု ပြောသည်။ "မင်းတို့ လှေကားလက်ရန်း ရဲ့ အတွင်းဘက်မှာ ဘယ်လောက် ပြောင်အောင် သုတ်ထား သုတ်ထား ဘာမျှ မထူးဘူးကွ" ပြောပါသည်။

သင်၏ အစီအစဉ်ကို အမြဲတမ်း ပြောင်းလဲနေနိုင်သည်။ သို့ရာတွင် ပြောင်းစရာ အစီအစဉ်တော့ ရှိရမည်။
ကျွန်တော် သည် လုပ်ရမည့် အစီအစဉ်အတိုင်း လုပ်သွားခြင်းကို အကြီးအကျယ် ယုံကြည်သူ ဖြစ်သည်။ ဤသို့ အစီအစဉ်အတိုင်း လုပ်ခြင်းဖြင့် ဘ၀ကို အဆင့်အသေးကလေးများအဖြစ် ပိုင်းပစ်နိုင်သည်။  တစ်ခါက ကျွန်တော် လုပ်ရမည့် လုပ်ငန်းစာရင်းတွင် တက္ကသိုလ်က အလုပ်တွင် ထာဝ ရနေနိုင်ရန် ဟူ၍  ထည့်သွင်းခဲ့ဖူး၏။

ဒါကတော့ အလွန် ရိုးအခြင်းပါပဲ။ လုပ်ငန်းအစီအစဉ်များသည် အသုံးအကျဆုံးဖြစ်ပြီး လုပ်ရမည့် တာဝန် များကို  သေးငယ်သော အဆင့်များအဖြစ်သို့ ပိုင်းပေးသည်။ ဘာနှင့်တူပါသနည်းဆိုသော် ကျွန်တော်သည် ကျွန်တော့် သား လိုဂန် အား တစ်ကြိမ် တစ်ကြိမ်တွင် အမှိုက်တစ်စ ၊ တစ်စ ကောက်ကောက်သွားခြင်းဖြင့် သူ့အခန်း ကို ရှင်းလင်းအောင် ပြုခိုင်းခြင်းနှင့် တူပေသည်။

သင့်ကိုယ်သင် မေးကြည့်ပါ။
သင် အချိန်ကို သုံးသင့်သည့်နေရာတွင် သုံးနေသလား။

သင့်မှာ လုပ်ထိုက်၍ လုပ်ရမည့် အလုပ်တွေ၊ ရည်မှန်းရချက်တွေ၊ သင်စိတ်ဝင်စားစရာတွေ ရှိပေလိမ့် မည်။ ထိုအလုပ် တွေကို လုပ်ထိုက်ပါသလား။ ကျွန်တော်သည် ဗာဂျင်းနယားပြည်နယ် ရုန်းနုတ်မြို့၌ သတင်းစာ ဖြတ်ပိုင်း တစ်ခု ကို ထိန်းသိမ်းထားခဲ့သည်မှာ အတော်ပင် ကြာခဲ့ပေပြီ။ 

ထို သတင်းစာဖြတ် ပိုင်းမှာ ဒေသအတွင်းမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ ဓါတ်ပုံပါသော ဖြတ်ပိုင်းဖြစ်သည်။ ထိုအမျိုးသမီးက ဆောက်လုပ်ရေး လုပ်ငန်းခွင် မှ ကွန်ကရစ်လမ်းများ၊ အုတ်နံရံများကို ထိုးခွဲသည့် လွန်ကြီးများ၏ အသံတို့သည် မမွေးသေး သော သူ့ရင်သွေး ကလေးကို ထိခိုက်စေမှာကို စိုးရိမ်မိကြောင်း ပြောသည်။ သို့ရာတွင် ဓါတ်ပုံထဲ၌ ထိုအမျိုးသမီး သည် လက်ထဲ၌ စီးကရက်တစ်လိပ်ကို ကိုင်ထားသည်။

အကယ်၍သာ မမွေးသေးသော ကိုယ့်ရင်သွေးကလေးအပေါ် တကယ်ပဲ ဂရုစိုက်သည်ဆိုပါက ထိုအမျိုးသမီး သည် ဖော်ပြပါ လွန်သံကြီး များကို ကန့်ကွက်ပြောဆိုခြင်းဖြင့် အချိန်ဖြုန်းနေမည့်အစား ထိုအချိန်ကို သူ့လက်ထဲ မှ စီးကရက်မီးငြိမ်း သတ်ခြင်းတွင် သုံးလိုက်ပါက ပို၍ မကောင်းပါလား။

ဆက်ရန်
.

1 comment:

Anonymous said...

Thanks Sis.
I like this article very much.

Ray