Sunday, March 20, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၁၇)

အခန်း ၁၂
အချစ်တံတိုင်းကိုကျော်ရာတွင်

 ကျွန်တော်ဘ၀တွင် ကြုံခဲ့ရဖူးသော  တံတိုင်းတို့တွင် ကျော်ဖြတ်တက်ဖို့ ကြောက်စိတ်အ၀င်ရ ဆုံး တံတိုင်း ကား 5 ပေနှင့် 6 လက်မမြင့်ပြီး အလွန်တရာ လှလေသည်။ သို့ရာတွင် ထိုတံတိုင်း သည် ကျွန်တော်အား မျက်ရည် တွေကျစေ၏ ကျွန်တော့်ဘ၀ကို  အသစ်တဖန် တန်းဖိုးဖြတ် သုံးသပ်စေ၏ ထို့ကြောင့်  ကျွန်တော် သည် ဆောက်တည်ရာမဲ့ကာ အဖေရယ် သည်တံတိုင်းကို ဘယ်လို ကျော်ရပါအံ့၊ လမ်းညွှန်သမှု ပြုပါဦးဟု ပြောခဲ့ရလေသည်။
ထိုတံတိုင်းကားအခြားမဟုတ်။ ဂျေးဖြစ်ပါ၏။

ကျွန်တော့် ဟောပြောချက်ထဲမှာ ပြောခဲ့သည့်အတိုင်း ကျွန်တော်သည် ကျွန်တော်၏ ပညာရေးနှင့် အသက် မွေး ၀မ်းကျောင်းဘ၀ တွင် ကြုံခဲ့ရသော တံတိုင်းဟူသမျှကို ကျွမ်းကျင်စွာ တက်နိုင်စွမ်းရှိခဲ့ သူဖြစ်သည်။ သို့ရာတွင် ကျွန်တော်သည် ထိုဟောပြောချက်ထဲ၌ ပရိသက်ကြီးအား ကျွန်တော့် ဟောပြောချက်ထဲမှာ ခံစားချက်တွေ ပါလွန်းသွားမည်ကို သိထား၍  ဖြစ်ပါသည်။ ဒါတောင်မှ စင်ပေါ်တွင်  ကျွန်တော်ပြောခဲ့သော စကား များတွင် ကျွန်တော် ဂျေးနှင့်တွေ့စဉ် စောစော ပိုင်းကာလများက ကျွန်တော် ကျင့်သုံးခဲ့သည့်များကို  ပြသည့် စကားများပါနေခဲ့သေးသည်။
အုတ်တံတိုင်းတွေ ကာထားတယ်ဆိုတာ ပြင်းပြင်းထန်ထန် လိုချင်စိတ်မရှိသူတွေကို တားဖို့ လောက်သာ  ဖြစ်ပါတယ်၊ ဒီတံတိုင်းတွေဟာ တခြားသူတွေကိုသာ တားလို့ရနိုင်မယ်။ 

ဂျေးနှင့်ကျွန်တော်တွေ့ချိန်၌ ကျွန်တော်သည် အသက် ၃၇ နှစ်အရွယ် လူပျိုကြီးဖြစ်၍နေပြီ။ ကျွန်တော် သည် ဟိုမိန်းမကလေးနှင့် ချိန်တွေ့၊ သည်မိန်းကလေးနှင့်တွဲခုတ်နှင့်သာ အချိန်တွေ ကုန်ခဲ့သည်။ အပျော် သဘော တွဲ၍ချိန်တွေ့နေခြင်းမျှသာဖြစ်ရာ တကယ် လေးလေးနက်နက် စဉ်းစားလိုသော ရည်းစားများကို လက်လွှတ် ဆုံးရှုံးသွားသည်။ နှစ်ပေါင်းအတန်ကြာအောင်ပင်  ကျွန်တော်သည် အိုးနှင့်အိမ်နှင့် အခြေတကျ နေထိုင် လိုစိတ်မရှိဖြစ်နေခဲ့သည်။ ကောင်းကောင်းမွန် မွန်နေထိုငနိုင် လောက်သည့် အမြဲတမ်း ပါမောက္ခ တစ်ဦးဖြစ်နေသည့်တိုင်အောင် ကျွန်တော်သည် တစ်လလျှင် ဒေါ်လာ ၄၅၀ပေးရသည့် ထပ်ခိုးခန်း ကလေးမှာ နေဆဲဖြစ်သည်။ မီးလောင်လျှင် ထွက်သွားနိုင်သည့် လှေကားတပ်ဆင်ထားသည့် အထက်ထပ် အခန်းကလေး ပါသည့် အခန်းက လေးဖြစ်သည်။ ထိုအခန်းမျိုးကို ကျွန်တော်တပည့်ဘွဲ့လွန် ကျောင်းသား များပင် မနေချင်ကြပါ။ သူတို့အဆင့်အတန်း နှင့် မတန်ဟူ၍ ယူဆသောကြောင့် ဖြစ်ပါသည်။ ကျွန်တော့် တပည့် များနှင့် မတန်သော်လည်း ထိုအခန်းသည် ကျွန်တော်နှင့်ကား အတော်ပင်။

သူငယ်ချင်းတစ်ယောက်က တစ်ခါတွင် ကျွန်တော်ကို မေးသည်။
ဒီနေရာကို မိန်းကလေးတစ်ယောက်ကို မင်းခေါ်လာမယ်ဆိုရင် ဘယ်လိုမိန်းကလေးမျိုးကမှ မင်းကို အထင် ကြီးမယ် လို့မင်းထင်လဲ။
ငါနဲ့လိုက်မယ့် ဖူးစာရှင် မိန်းမမျိုးပေါ့ကွ ဟု ကျွန်တော်က ဖြေပါသည်။

သို့ရာတွင် ပြောသာပြောရသည်။ ကျွန်တော်ဘယ်သူ့ကိုများ အပြောင်အပြက်သဘော ပြောလိုက် မိပါလိမ့်။  ကျွန်တော်သည် အပျော်သမား ဖြစ်သည်။ ဂျေအမ်ဘယ်ရီ ရဲ့ ပြဇာတ်ထဲက ဇာတ်လိုက် ပိတာပန် လို လူမျိုးဖြစ်သည်။ ထမင်းစားခန်းထဲမှာတောင် သတ္တုခေါက်ကုလားထိုင်တွေ ချထားသည့် အလုပ်နှင့် လက်မပြတ် လုပ်နေရမှ ကျေနပ်သည့် အလုပ်စွဲသမားဖြစ်သည်။ ကျွန်တော်နှင့်လိုက်မည့် ကျွန်တော် ဖူးစာရှင် မိန်းမမျိုးသော်မှလည်း ငါတော့ဖြင့် သည်လိုထပ်ခိုး လေးမှာ တစ်အိုးတစ်အိမ် ထူထောင်၍ (နောင်တွင် ကျွန်တော်ဘ၀ထဲသို့ ဂျေးရောက်လာတော့ လည်း ဂျေးက မနေလိုပါ။) ကျွန်တော်မှာ အလုပ်အကိုင် ကောင်းလည်းရှိ၊ အခြားအရည်အချင်း ကောင်းလည်းရှိသည်ကား မှန်၏ သို့ရာတွင် မည်သည့် အမျိုးသမီး ကမှ သူ၏  အိမ်ထောင်ဖက် ဖြစ်ထိုက်သူဟူ၍ စိတ်ကူးမိမည်မဟုတ်ပေ။

ကျွန်တော်သည် ဂျေးကို ၁၉၉၈ ခုနှစ် ဆောင်ဦးကာလတွင် တွေ့ခဲ့သည်။ ချက်ပဲလ်ဟီလ်တွင်ရှိ သော  မြောက် ကာရိုလိုင်းနား တက္ကသိုလ်တွင် ဗာချူယယ်ရီယယ်လတီ နည်းပညာအကြောင်း ဟောပြောပေးရန် ဖိတ်ကြား ခံရချိန်တွင် ဖြစ်သည်။ ထိုအချိန်က ဂျေးသည် အသက် ၃၁နှစ်အရွယ် ဖြစ်သည်။ နှိုးယှဉ်လေ့လာမှုစာပေကို လေ့လာနေသော ဘွဲ့လွန်ကျောင်းသူတစ်ဦးဖြစ်သည်။   ထိုအချိန်က သူသည် မြောက်ကာရိုလိုင်နာတက္ကသိုလ် (UNC)တွင် ကွန်ပျူတာသိပ္ပံဌာန၌ အချိန်ပိုင်းအလုပ်လုပ်နေ၏ လူ၏အလုပ်မှာ သူတို့တက္ကသိုလ်၏ လက်တွေ့ခန်းများသို့ ရောက်ရှိလာကြသော ဧည်သည့်ဟူသမျှကို ကြိုဆို ဧည့်ခံရသည့် ဧည့်ကြိုအလုပ်ဖြစ်သည်။ ဧည့်သည်သည် နိုဗဲလ်ဆုရ ပညာရှင်ကြီးပင် ဖြစ်ဖြစ်၊ အမျိုးသမီး စကောက်တပ်ဖွဲ့ဝင်ကလေး တွေပင် ဖြစ်ဖြစ် ကြိုဆိုဧည့်ခံရမည်မှာ ဂျေး၏အလုပ်ဖြစ်ပါသည်။ ထိုနေ့ က ဂျေးသည် ကျွန်တော် အား ကြိုဆိုဧည့်ခံရမည့် တာဝန်ကျလေသည်။

ဂျေးသည် ယခင်နှစ်နွေရာသီက အော်လန်ဒိုတွင် ကျင်းပသော ကွန်ပျူတာဂရပ်ဖစ် ညီလာခံတွင်  ကျွန်တော် စကားပြောသည်ကို မြင်ခဲ့ဖူးသည်။ နောက်မှ သူပြောပြသည်မှာ ထိုညီလာခံနောက်ပိုင်း တွင် ကျွန်တော်ဆီ အထိလာပြီး သူ့ကိုယ်သူ မိတ်ဆက်ပေး၇န် စဉ်းစားခဲ့သေးသည်ဟူ၏ သို့ရာ တွင် သူတစ်ကြိမ် မျှ ပေါ်မလာပါ။ ကျွန်တော်UNC တက္ကသိုလ်သို့ လာလိမ့်မည်။ သူက ကျွန်တော်ကို ကြိုဆို ဧည့်ခံ ရမည်ဟု သိရသည့်အခါ သူသည် ကျွန်တော်အကြောင်းကို ပိုမိုပြည့်စုံစွာ သိနိုင်ရန် ကျွန်တော် ၀က်ဘ်ဆိုက် ထဲမှာ လိုက်ရှာရင်း ကျွန်တော်နှင့် စပ်ရာ (ဂျင်းနံ့ကိတ်မုန့် အိမ်ဆောက်ခြင်းနှင့် အပ်ချုပ် ၀ါသနာ လည်း ပါတတ်သည်ဆိုသော) ထူးထူးဆန်း ဆန်းသတင်းအချက်အလက်များကိုပါ တွေ့သွားသည်။ အသက် ဘယ်အရွယ် ရှိပြီး ဇနီးမယားသော် လည်းကောင်း၊ ရည်းစားသော် လည်းကောင်း ဖော်ပြ ထားခြင်းမရှိ။ သို့ရာတွင် ကျွန်တော်၏ တူ၊ တူမများ၏ ဓာတ်ပုံများကတော့ တစ်လှေကြီးပါပဲတဲ့။ ကျွန်တော် ၀က်ဘ်ဆိုက်မှာ သူတွေ့ရသည်။

သူက ကျွန်တော်ဟာ တကယ်တော်ပြီး စိတ်ဝင်စားစရာကောင်းသူဖြစ်မည်ဟု ထွက်သည်။ ကွန်ပျူတာသိပ္ပံ အသိုင်းအ၀ိုင်းထဲက သူ့သူငယ်ချင်းများထံ ဖုန်းဆက် မေးကြည့်မိလောက်အောင် ပင်  သူစိတ်ဝင်စား သွားခဲ့သည်။

ရန်ဒီပေါက်ရှ်အကြောင်း သိသလား၊ သူကအခြောက်လားဟင်''
သို့နှယ် မေးသည့်အခါ သူ့အား မဟုတ်ကြောင်း ဖြေကြသည်။ ကျွန်တော်သည် ဘယ်တော့မှ အတည်မယူသည့် အပျော်ကြံသမားတစ်ဦး ဖြစ်ကြောင်းလည်း သူ့အား ပြောပြကြသည်။
ဂျေးအနေနှင့် အိမ်ထောင်ကျဖူး၏။ သူ၏ ကောလိပ်ကျောင်းသားရည်းစားနှင့် ခဏတာမျှသာ အိမ်ထောင်ကျခဲ့ခြင်း ဖြစ်သည်။ နောက်တော့ လင်မယားချင်း ကွားရှင်းလိုက်ကြသည်။ ကလေးမရခဲ့။ သူသည် နောက်ထပ်အလေးအနက်ထား၍ စဉ်းစားရမှာကို ကြောက်နေသော ခဲမှန်ဖူးသော စာသူငယ် ဖြစ်နေ ပေသည်။

ကျွန်တော်သည် ထိုတက္ကသိုလ်သို့ ရောက်သွားသည့် နေ့၌ သူနှင့်တွေ့တွေ့ချင်းမှာပင် သူ့ကို စိုက်ကြည့်နေမိကြောင်း ကိုယ့်ဘာသာ သတိထားမိသည်။ သူသည် အလှမယ်တစ်ပါးပင်။ ထိုနေ့က သူ၏ ရှည်လျားသော ဆံပင်သည် လှပကြော့ရှင်းနေ၏။ သူ့အပြုံးမှာ အဓိပ္ပာယ်အများကြီး ဆောင်နေသည်။ သူ၏နွေးထွေးမှုကိုရော မခိုးမခံ့ အမူအယာကိုပါ ဖော်ပြနေသည်။ ကျွန်တော့်အား လက်တွေ့ခန်းတစ်ခုသို့ ခေါ်သွားသည်။ ကျောင်းသားများက သူတို့ဖန်တီးထားသော ဗာချူယယ် ရီယယ်လတီ ပရောဂျက်ကို သရုပ်ပြမည်။ ယင်းကို ကျွန်တော်ကြည့်နိုင်ရန် ခေါ်သွားခြင်းဖြစ်သည်။ ကျွန်တော်သည် ဂျေးက ထိုအခန်း ထဲတွင် ရပ်နေသဖြင့် ကျောင်းသားများအပေါ် အာရုံစူးစိုက်ဖို့ အခက်တွေ့ နေခဲ့လေသည်။

မကြာလိုက်ပါချေ။ ကျွန်တော်သည် က္ကုနြေမဆောင်နိုင်ဘဲ ချစ်မူချစ်ဟန် တွေကိုအတင်းကာရော ပြမိ နေချေတော့ပြီ။ လုပ်ငန်းသဘောရလည်း သင့်တင့်လျောက် ပတ်ရုံမျှမဟုတ်တော့ဘဲ မျက်လုံးချင်း အကြိမ်ကြိမ် ဆုံအောင် ပြုမိတော့သည်။ နောင်အခါတွင် ဂျေးက ပြောသည်။ မောင်ဟာ တွေ့တဲ့ မိန်းမ တိုင်း ကို အဲဒီလိုပဲ ကြည့်တတ်သလား၊ ဒါမှမဟုတ် ကျွန်မတစ်ယောက်တည်းကိုပဲ ဒီလိုကြည့်တာလားလို့ ဝေခွဲမရ ဖြစ်မိခဲ့တယ် ယုံပါမေရယ်၊ တစ်ယောက်ဆို တစ်ယောက်တည်းသာပါကွယ်။

ထိုနေ့က တစ်နေရာတွင် ဂျေးသည် ကျွန်တော်နှင့်အတူ ထိုင်၍ UNC ကိုဆော့ဖ်ဝဲတွေ ယူလာဦးမလားဟု မေးသည်။ ထိုအချိန်ကမူ ကျွန်တော်သည် သူ့အပေါ်သာ အာရုံရောက်နေ၏။ ကျွန်တော်သည် ထိုညတွင် တက္ကသိုလ်က တရားဝင် တည်ခင်းဧည့်ခံ သည့် ညစာစားပွဲကို တက်ရမည်ဖြစ်သည်။ ညစာစားပွဲအပြီးတွင် ကျွန်တော် နှင့်အတူတူ တစ်ခုခု စားသောက်နိုင်ပါမည်လားဟု မေးသည့်အခါ သူက သဘောတူသည်။

ညစာစားချိန်တွင်လည်း ကျွန်တော်ကိုယ့်စိတ်ကို တည်ငြိမ်အောင် လုပ်၍မရပါ။ ကျွန်တော့်စိတ်မှာ သည် ပါမောက္ခကြီး တွေ အမြန်သာ ၀ါးမျိုချလိုက်ပါတော့ဟု ကျိတ်ဆုဆောင်းနေမိသည်. ကျွန်တော် အချို တည်းမည့် အစားအစာများကို မမှာတော့ ပါဘူးဟုလည်း သူတို့အားလုံးအား ပြောခဲ့ရသည်။ ကျွန်တော်သည် ည ၈နာရီခွှဲတွင် ညစာစားပွဲမှာ ထွက်လာကာ ဂျေးထံ ဖုးန်ဆက်သည်။
ကျွန်တော်တို့နှစ်ယောက်သည် ၀ိုင်အရက်ရောင်းချရာ စားသောက်ခန်းတစ်ခုသို့ သွားကြသည်။ တကယ်တော့ ကျွန်တော်သည် သောက်တတ်သူကား မဟုတ်။ ကျွန်တော့်စိတ်မှာ သံလိုက်ဓာတ် အဆွဲ ခံလိုက်ရသလို သည်အမျိုးသမီးနှင့် မခွဲတမ်းသာ အတူတကွ နေလိုက်ချင်စမ်းတော့ဟူသော ခံစားချက်မျိုး တစ်မုဟုတ်ချင်း ၀င်လာသည်။ ကျွန်တော်သည် နောက်မနက်တွင် လေယာဉ်ဖြင့် အိမ်ပြန်ဖို့ စီစဉ်ထားပြီး ဖြစ်သော်လည်း နောက်နေ့တွင် ကျွန်တော်နှင့်အတူ လျှောက်လည်နိုင်မည်ဆိုပါက ကျွန်တော် မူလ အစီအစဉ် ကို ပြောင်းလိုက်ပါမည်ဟု သူ့အား ပြောသည်။ သူကလည်း ခေါင်းညိတ်ခဲ့လေရာ ကျွန်တော် တို့သည် အလွန်ပျော်စရာကောင်းသော အချိန်ကလေး ရခဲ့ကြလေသည်။

ပစ္စဘတ်သို့ ပြန်ရောက်ပြီး နောက်ပိုင်းတွင် ကျွန်တော်သည် သူထံသို့ မိုင်ပေါင်းများစွာ ဝေဟင် လေယာဉ် စီး၍ အကြိမ်ကြိမ်သွားရောက်ခဲ့၏။ သူ့ကိုလည်း ကျွန်တော်ထံ လာလည်ပါဦးဟု ဖိတ်မန္တက ပြုခဲ့သည်။ သူသည် ကျွန်တော့်အပေါ် ညွှတ်နေကြောင်းကား ပေါ်လွင်နေသည်။ သို့ရာတွင် သူက ကြောက်နေသည်။ ပါမောက္ခကြီး ဟူသော ကျွန်တော်၏ ဂုဏ်ဒြပ်ကိုလည်း ကြောက်၊ သူကျွန်တော့်ကို တကယ် ချစ်မိသွားမှာလည်း ကြောက်နေသည့်သဘော ဖြစ်သည်။

ကျွန်မ မလာတော့ပါဟု သူအီးမေးလ် ပို့သည်။ ကျွန်မအကြိမ်ကြိမ်အထပ်ထပ် စဉ်းစားကြည့်ပြီးပါပြီ၊ ကျွန်မတို့ချင်း နောင် ကာလရှည်ကြာတိုင် ဆက်ဆံသွားရမည့်  ဆက်ဆံရေးမျိုးကို ကျွန်မရှာနေသည် မဟုတ်၍ ၀မ်းနည်းပါသည် ဟုသူ့အီးလ်မေးလ်တွင် ရေးလိုက်ပါသည်။
ကျွန်တော်သည် ငါးစာကို ဟပ်မိလေပြီ။ ဤတံတိုင်းသည် ငါကျော်ဖြတ်၍ ရနိုင်လောက်သော တံတိုင်းဖြစ်သည်ဟုကျွန်တော် တွေးမိသည်။ ကျွန်တော်သူ့ထံသို့ အီးမေးလ်တွေ အထပ်ထပ်ပို့ကာ ကဒ်တစ်ခုကိုလည်း ပို့လိုက်သည်။

မင်းရဲ့ဆုံးဖြတ်ချက်ကြောင့် ကိုယ့်မှာ အကြီးအကျယ် စိတ်ဆင်းရဲရသော်လည်း မင်းရဲ့ဆုံးဖြတ်ချက်ကို လေးစားပါသည်၊ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းရုံမှအပ အခြားဆုတောင်းစရာ မရှိပါ၊ ရန်ဒီ ဟူ၍ ထိုကဒ်ပြားတွင် ဖော်ပြပါရှိရာ ချက်တည့် သွားသည်ဟု ဆိုရမည်။ ဂျေး လေယာဉ် ပေါ် ရောက်လာ ခဲ့လေသည်။
ကျွန်တော်သည် ကုမရသော အချစ်ရူးသော် လည်းကောင်း၊ ကိုယ်လိုရာ ရအောင်လိုပ်နိုင်လျှင် ဘယ်နည်း နှင့် လုပ်လုပ်ထိုနည်းသည် မှန်၏ဟူသော မက္ခိယာဗဲလန် ၀ါဒသမား သော်လည်းကောင်း တစ်ယောက်ယောက်ကား ဖြစ်မည်ဟူသည်ကိုလည်း ကျွန်တော်ဝန်ခံပါ၏။ သို့ရာတွင် ကျွန်တော့်ဘ၀ထဲမှာ သူ ရောက်လာစေချင်သောကြောင့် သာပြုရခြင်းဖြစ်ပါ၏။ အကယ်၍ သူသည်ကျွန်တော့်ထံမှ ပုန်းရှောင် ပြေးမည် ဆိုသော်တောင်မှလည်း ကျွန်တော်က သူ့ကိုချစ်မိနေခဲ့ပြီး ဖြစ်ပါသည်။

ကျွန်တော်တို့သည် စနေ၊ တနင်္ဂနွေနေ့တိုင်းမှာလိုပင် တစ်ဦးနှင့် တစ်ဦးတွေ့လာခဲ့ကြ သည်မှာ ဆောင်းရာသီသို့တိုင် ဖြစ်ပါသည်။ ကျွန်တော်၏ တုံးတိပြောတတ်သော အကျင့်၊ အရာရာငါသိပါတယ် ဟူသော စိတ်ဓာတ်တို့ကို ဂျေးသည်ရင်ခုန်ဖြင်း မရှိပါသော်လည်း သူတွေ့ဖူးသမျှ ယောက်ျားတို့တွင်တော့ ကျွန်တော်ဟာ အပြုသဘော စိတ်ဓာတ်အရှိဆုံး၊ အတော်ဆုံးသူတစ်ဦး ဖြစ်ကြောင်းကား ပြောလေသည်။ ကျွန်တော်ကလည်း အခြားအရာ တို့ထက်သူ၏ကောင်းကျိုးချမ်းသာနှင့် ရွှင်လန်းချမ်းမြေ့မှုကို ဦးစားပေး စဉ်းစားနေ မိတော့သည်။

နောက်ဆုံးတွင် ကျွန်တော်က သူ့အား ပစ္စဘတ်ကို ရွှေ့လာပါလားဟု ပြောသည်။ သူ့အား စေ့စပ် ကြောင်းလမ်းခြင်း လက်စွပ်တစ်ကွင်း ပေးသည်။ သို့ရာတွင် သူသည် ယခုတိုင် ကြောက်နေဆဲဖြစ်ကြောင်း၊ ထိုကြောက်စိတ်ကပင်လျှင် သူ့အား အရူးအမူး ဖြစ်သွားစေ နိုင်ကြောင်း ကျွန်တော်သိသည်။ ထို့ကြောင့် ကျွန်တော် အတင်း ဖိအားမပေး။ သူကလည်း ပထမအဆင့်အနေဖြင့် ပစ္စဘတ်သို့ ရွှေ့လာကာ သူ့ဘာသာ ကိုယ်ပိုင် အခန်းလေး ရှာနေရန် သဘောတူလေသည်။

ဧပြီလ ရောက်သောအခါ ကျွန်တော်သည် UNC တွင် သီတင်းတစ်ပတ်ကြာမျှ သုတေသန ကျောင်းသားများအား သင်ကြားပို့ချမည့် အစီအစဉ်ကြောင့် ကျွန်တော် သူ့ပစ္စည်းပစ္စယများ ကိုကူညီ၍ သိမ်းဆည်း ထုပ်ပိုးပေးနိုင်မည်။ ကျွန်တော်အပြန်တွင် သူ့ပစ္စည်းတွေကို ကားပေါ်တင်ဆောင်ပြီး ပစ္စဘတ်သို့ ခေါ်လာနိုင်မည်ဖြစ်သည်။
ချက်ပဲလ်ဟီးလ်သို့ ရောက်သွားသောအခါ ဂျေးက ပြောစရာရှိတာ ပြောကြဖို့တော့ လိုမည်ဟု ပြောသည်။ သူသည် ယခင် သူ့ကို မြင်တွေ့ခဲ့ရသည်ထက်ပို၍ အလေးအနက် ထား၍စဉ်းစားနေပုံပေါ်နေသည်။
ကျွန်မ ပစ္စဘတ်ကို မလာနိုင်တော့ဘူး၊ ၀မ်းနည်းပါတယ် ဟုသူကပြောသည်။

ဘာအတွေးတွေးများ သူ့ခေါင်းထဲ ရောက်သွားပါလိမ့်။ မလာနိုင်တော့သည့် အကြောင်းကိုလည်း ရှင်းပြပါဦးဟု သူ့အား ပြောပါသည်။
သူ့အဖြေက ဒီနည်းနဲ့ ဘယ်တော့မှ ဖြစ်မှာမဟုတ်ပါဘူးတဲ့။ ဘာကြောင့်တုန်းဟု မေးသည့်အခါ ကျွန်မလေ၊ ကျွန်မ ရှင်ချစ်စေလိုတဲ့ နည်းမျိုးနဲ့ မချစ်နိုင်လို့ပါဟု ဖြေသည်။ ပိုလေးနက်သွားအောင် ဆက်ပြီး ပြောသေးသည်။ ကျွန်မရှင့်ကို မချစ်ဘူး။

ကျွန်တော်သည် တုန်လှုပ်ချောက်ချားသွား၏။ အသည်းလည်း ကွဲပါလေတော့သည်။ အရှိုက်ကို အထိုးခံလိုက်ရသကဲ့သို့ ရှိတော့သည်။ သူတကယ်ပြောတာကော ဟုတ်ပါရဲ့လား။
ကျွန်တော်တို့ နှစ်ယောက်၏ မြင်ကွင်းမှာ အတော့်ကို ကသိကအောက် ဖြစ်သော မြင်ကွင်းဖြစ်ပါသည်။ သူလည်း ဘယ်လိုခံစားရမည်မသိ။ ကျွန်တော်လည်း ဘယ်လိုခံစား ရမည်မသိ။ ဟိုတယ်ကို ကားဖြင့် အမြန်ပြန်ပြေးမှ ဖြစ်တော့မည်။
မင်းကိုယ့်ကို ကားမောင်းပို့ပေးနိုင်မလား။ ဒါမှမဟုတ် ကိုယ်တက္ကစီခေါ်လိုက်ရမလား။

သူက ကားမောင်းပို့ပါသည်။ ကျွန်တော်တို့ ဟိုတယ်ရောက်သည့်အခါ ကျွန်တော်သည် သူ့အိတ်ကြီးထဲမှာ ကျွန်တော့် အိတ်ကို မျက်ရည်မကျအောင် ဆည်ရင်းဆွဲထုတ်သည်။ တစ်ချိန်တည်းမှာပင် စိတ်ကြီးဝင်ခြင်း၊ အကောင်းမြင်ခြင်းနှင့် လုံးဝစိတ်အပျက်ကြီးပျက် ခြင်းတို့ဖြစ်လို့ရစတမ်းဆိုပါလျှင် ကျွန်တော်သည် ထိုအတိုင်း ဖြစ်ပြလိုက်မည်။ ဤသို့ပြော ပစ်လိုက်မည် ထင်သည်။
ကြည့်စမ်း၊ ကိုယ်က ငါပျော်ရွှင်မှုရအောင် လုပ်မယ်၊ တကယ်ရင်ထဲအသည်းထဲက ချစ်ပြီး မင်းနဲ့အတူ ပျော်ရွှင်မယ်ဆိုပြီး ကြိုးစားခဲ့တယ်၊ ဒါပေမယ့်ကိုယ်ဟာ မင်းနဲ့အတူ ပျော်ရွှင်ဖို့ရာ မဖြစ်နိုင်တော့်ဘူးဆိုရင် မင်းမပါဘဲ မင်းမရှိတော့ဘဲ ပျော်ရွှင်မှုကို ရအောင်ရှာမယ်။

ဟိုတယ်သို့ ရောက်သောအခါ တစ်နေ့လုံးနီးပါး ကျွန်တော့်မိဘများထံ ဖုန်းဆက်နေခြင်းဖြင့် ပင် အချိန်ကုန်သည်။ သူတို့အား ကျွန်တော်မကြာသေးမီကလေးကမှ ၀င်ဆောင့်မိခဲ့သော အုတ်တံတိုင်း အကြောင်းကို ပြောပြသည်။ မိဘများ၏ အကြံပေးချက်ကား မယုံနိုင်လောက် စရာပေတည်း။

ကြည့်လေကွာ ကျွန်တော့်ဖခင်က ပြောပါသည်။ ခု သိရသမျှ သူ့အပြုအမူအတိုင်း ဆိုရင်တော့ သူဟာ သူ့စကားနှင့် သူ့အပြုအမူ ရှေ့နောက်မညီဘူးကွာ၊ အဖေစိတ်ထင်တော့ သူတကယ်ပြောတာ မဟုတ်နိုင်ဘူး၊ မင်းက သူ့ကို သူ့ဟိုမှာ ရှိတာတွေကို အကုန်သိမ်းဆည်း အစဖျောက်ပြီး မင်းနဲ့အတူ ခိုးရာလိုက်ဖို့ပြောတော့ သူ့စိတ်ထဲမှာ ဝေခွဲမရဖြစ်မယ်၊ အလွန်လည်း ကြောက်သွားလိမ့်မယ်၊ အေးကွာ သူဟာမင့်ကို တကယ် ချစ်တာ မဟုတ်ရင်တော့ ဒီမှာတင်ပြည်ဖုံးကား ချပြီပေါ့၊ အကယ်၍ သူဟာ မင့်ကို တကယ်ပဲချစ်တယ်ဆိုရင် နောက်ဆုံး ချစ်မေတ္တာက အနိုင်ရသွားမှာပဲကွ။
ကျွန်တော် ဘာလုပ်သင့်သလဲဟုလည်း မိဘများကို မေးပါသည်။

မေမေက မင်းသူ့ကို ချစ်တယ်ဆိုရင် သူ့ကို ဖေးမကူညီပေါ့ကွာ ဟုပြောပါသည်။
ထို့ကြောင့် ကျွန်တော်သည် မေမေ့စကားအတိုင်း လိုက်နာသည်။ ကျွန်တော်ထို သီတင်းပတ်တွင် ကျောင်းသားများအား သင်ကြားပြသည်။ ဂျေး၏ ခန်းမအထက်မှ ရုံးခန်းထဲမှာပင် အချိန်ဖြုန်းသည်။ သို့ပင် ဖြစ်သော်လည်း ကျွန်တော်သည် သူများ အဆင်မှပြေပါ့မာလားဟု သို့ထံသို့ နှစ်ခါလောက် သွားကြည့် သေးသည်။
မင်း ဘယ်လိုနေသလဲဆိုတာ သိချင်ရုံသက်သက်ပါ။ ကိုယ်ကူညီနိုင်တဲ့ ဟာမျိုးရှိရင်လည်း သိပါရစေ ဟု သူ့အား ပြောပါသည်။

 တစ်ရက်နှစ်ရက် ကြာသောအခါ ဂျေးက ဖုန်းဆက်သည်။ ရန်ဒီရယ်၊ ကျွန်မီမှာထိုင်ရင်း ရှင့်ကိုလွမ်းနေတယ်၊ ရန်ဒီများ ဒီနားမှာရှိရင် ကောင်းမှာပဲလို့ စိတ်ထဲမှာ ဆန္ဒဖြစ်မိတယ်၊ ဒီလိုဖြစ်ခြင်းဟာ အဓိပ္ပာယ်တစ်ခုခု ဆောင် တယ်နော်၊ ဟုတ်တယ်မဟုတ်လား။

ဂျေးသည် အမှန်အတိုင်း သိသွားသည်။ တကယ်တော့ သူသည် ချစ်နေသည်သကား။ ဤတစ်ကြိမ်လည်း ကျွန်တော့် မိဘများသည် ကျွန်တော့်အတွက် လိုအပ်ရာကို လုပ်ပေးလိုက်နိုင်ပြန်ပေပြီ။ ချစ်မတ္တာက အနိုင် ရသွားလေသည်။ သီတင်းတစ်ပတ် အကုန်မှာပင် ဂျေးသည် ပစ္စဘတ်သို့ ရွှေ့လာခဲ့သည်။
တံတိုင်း ဆိုသည်မှာ တစ်ခုသော အကြောင်းကြောင့်သာ ရှိနေခြင်းဖြစ်သည်။ တံတိုင်းများက တစ်စုံတစ်ခုကို ကျွန်တော်တို့ အဘယ်မျှ ပြင်းပြင်းထန်ထန် လိုချင်နေကြောင်းကို ပြသရန် အခွင့်အလမ်း ပေးထားခြင်းသာ ဖြစ်လေသည်။

ဆက်ရန်
.

3 comments:

Anonymous said...

Thankssss.

Ray

Anonymous said...

ဒီနေ့ အသစ်လေးဖတ်လိုက်ရလို့ကျေးဇူးပါမမရွှေစင်ရေ...အနော်

Angelhlaing(May everybody be happy and healthy! said...

မမရေ ..စောင့်မျှော်အားပေးလျှက်ပါ။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။