Monday, March 21, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၁၈)

အခန်း ၁၇
နတ်သမီးပုံပြင်တိုင်း ပျော်ရွှင်စွာ ဇာတ်မသိမ်း

ဂျေးနှင့် ကျွန်တော်တို့သည် ပစ္စဘတ်မြို့ရှိ ထင်ရှား ကျော်ကြားလှသော ၀ိတိုရိယခေတ် အိမ်ကြီး၏ မြက်ခင်းပြင် မှ နှစ်၁၀၀ သက်တမ်းရှိသော ၀က်သစ်ချပင်ကြီး အောက်တွင် လက်ထပ်ခဲ့ကြသည်။ မင်္ဂလာပွဲ ကတော့ ကြီးကြီးကျယ်ကျယ်ကြီး မဟုတ်ပါ။ မင်္ဂလာပွဲသေး ကလေးမျှသာ။ သို့ရာတွင် ကြီးကျယ်သော ရိုမန်တစ် အရေးအသားများကို ကြိုက်သည်။ ထို့ကြောင့်ဂျေးနှင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ မင်္ဂလာပွဲ ကို ထူးခြားသော အသွင် တစ်မျိုးနှင့် ထွက်ကြရန် သဘောတူကြသည်။

ကျွန်တော်တို့သည် ဧည့်ခံပွဲနေရာသို့ ကားနောက်ဘက် ဘန်ပါမှ သံဘူးတွေ တချိုးချိုး တချွမ်းချွမ်း ရိုက်ခတ်သည့် အသံများကြားနေရမည့် ကားဖြင့် မသွားကြ။ မြင်း က သော ရထားကိုလည်း မစီး။ မြင်းရထားကြီး ကို မစီးဘဲ ကျွန်တော်တို့သည် ရောင်စုံခြယ်သ ထားသည့် လေပူဖောင်းကြီးကို စီးကြသည်။ ထို လေပူဖောင်းကြီး သည် ကျွန်တော်တို့အား ဆတ်ကနဲ ခါယမ်း လှုပ်ရှားကာ တိမ်တိုက်တွေကြားအထိ သယ်ဆောင်သွား၏။ မိတ်ဆွေသင်္ဂဟများနှင့် သူတို့၏ သားသမီးများက မင်္ဂလာခရီး သာယာချမ်းမြေ့ပါစေ သတည်း ဟူသော ဆုများတောင်း၍ လက်ပြနှုတ်ဆက်ကြပါသည်။ ဘယ်မျှ ဓာတ်ပုံရိုက်ဖို့ ကောင်းသည့် အခိုက်အတန့် ကလေးပါနည်။

ကျွန်တော်တို့ ပူဖောင်းကြီးထဲသို့ ၀င်သွားသောအခါ ဂျေးသည် ပြုံးရောင်ကလေးသမ်း နေသည်။ ''ဒစ္စနေး ရုပ်ရှင် ရဲ့ နတ်သမီးပုံပြင်ထဲက ဇာတ်သိမ်းခန်းလိုပဲနော်'' ဟု ဂျေးက ပြောပါသည်။
ပူဖောင်းသည် တက်သွားရာ တက်သွားရာလမ်းမှ သစ်ကိုင်းများကို တိုက်သွားသည်။ ဟင်ဒင်ဘာ့ဂ် ပျက်စီးခန်း လိုမျိုးတော့ကား မဟုတ်ပါ။ သို့ရာတွင် နားထဲမှာတော့ နားထောင် ကောင်းသည့် အသံမျိုး မဟုတ်ပါ။

'ကိစ္စမရှိပါဘူး' ဟုပူဖောင်းကို မောင်းနှင့်ပျံသန်းမည့်သူက ပြောပါသည်။ (သူ့ကိုပူဖောင်းသမားဟု ခေါ်ပါသည်။ ‘သစ်ကိုင်းတွေ တိုးတိုက်သွားလို့တော့ အများအား ဖြင့် ဘာမှ မဖြစ်တတ်ပါဘူး’ ဟု ထိုသူက ဆက်ပြော ပါသည်။ အများအားဖြင်တဲ့လား။

ကျွန်တော်တို့သည် မူလအချိန်ဇယားထက် အနည်းငယ်နောက်ကျပြီးမှ တက်လာခဲ့ရခြင်း ဖြစ်သည်။ ပူဖောင်းသမား က မှောင်လာတော့ အခက်အခဲများရှိနိုင်သည်ဟု ပြောသည်။ ထို့အပြင် လေကြောင်း ပြောင်းသွားခဲ့ပြီ။ ‘ကျွန်တော်တို့ သွားလိုရာကိုသွားအောင် ကျွန်တော် မထိန်းနိုင်ဘူး၊ ကျွန်တော်တို့ဟာ လေပြုသမျှ နုရမယ့် အခြေအနေဖြစ်နေတယ်၊ ဒါပေမဲ့လည်း အဆင်ပြေတော့ပြေမယ် ထင်ပါတယ်’ ဟု ပူဖောင်းသမား က ပြောပါသည်။

ပူဖောင်းသည် ပစ္စဘတ်မြို့ပေါ်မှာ ပျံသန်းနေသည်။ ဤမြို့၏ ထင်ရှားကျော်ကြားလှသော မြစ်သုံးမြစ် အပေါ် တွင် ရှေ့တိုးလိုက် နောက်ဆုတ်လိုက်ဖြင့် ပျံသန်းခြင်းဖြစ်သည်။ တကယ်တော့ ပူဖောင်း ရောက်ရှိ နေသော နေရာမှ ပူဖောင်းသမား ရောက်ရှိစေချင်သော နေရာမဟုတ်ပေ။ သူ စိတ်ပူနေသည်။ ကျွန်တော် မြင်နေရသည်။ ‘ဒီကောင်ကို ဆင်းခိုင်းရမယ့် နေရာကလည်းမရှိဘူးဟု သူကပြောသည်။ သူပြောပုံမှာ သူ့ဘာသာ သူ ပြောနေပုံမျိုး ဖြစ်နေသည်။ ပြီးလျှင် ကျွန်တော်တို့အား ပြောသည်။ ‘ကျွန်တော်တို့တော့ ကြည့်နေရုံပဲ ရှိမှာပဲ’

ကျွန်တော် သည် အောက်မှ ကွင်းပြင်ကို ကြည့်လိုက်သည်။ ကွင်းပြင်မှာ အတန်ကျယ်ပါ သည်။ သို့ရာတွင် ကွင်းပြင် ၏ အဆုံးတွင် မီးရထားသံလမ်းကို မြင်နေရသည်။ မီးရထား လာနေသည်။ မီးရထားကိုလည်း မြင်လိုက်ရော။ ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် သတို့သား ဆိုတာကိုပင် မေ့သွားတော့သည်။ သတိုးသား မဟုတ်တော့ပဲ အင်ဂျင်နီယာ ဖြစ်သွားသည်။ ပူဖောင်းသမား ကို ကျွန်တော်လှမ်းပြော၏။

‘ဆရာကြီး၊ ကျွန်တော် တော့ ဒီမှာ ကိန်းရှင်တစ်ခုကို တွေ့မိတယ် ထင်တယ်’ 
‘ကိန်းရှင်၊ အဲဒါဟာ မင်းတို့ ကွန်ပျူတာသမားတွေက ပြသနာကိုခေါ်တဲ့ စကားလား’
‘ဟုတ်တာပေါ့ဗျာ၊ ကျွန်တော် တို့ မီးရထားနဲ့ တိုက်မိရင် ဘယ့်နှယ်လုပ်မလဲ’

သူက ရိုးသားစွာပင် ဖြေပါ၏။ ကျွန်တော်တို့ ပူဖောင်း၏ ခြင်းထဲတွင် ရောက်နေသည်။ ခြင်းက မီးရထားကို သွားတိုက်နိုင်သည့် ဖြစ်နိုင်ခြေမှာ အလွန်နည်းလှပါသည်ဟု ပြောပါသည်။ သို့ရာတွင် ပူဖောင်းကြီးက ဧရာမပူဖောင်းကြီး (စာအိတ်ကြီးဟု ခေါ်သည်။) ဖြစ်နေခြင်းကပင်လျှင် အန္တရာယ်က ရှိနေပြီဖြစ်သည်။ ထိုပူဖောင်းကြီးသည် ကျွန်တော်တို့ မြေကြီးနှင့် ထိမိချိန်၌ မီးရထားသံလမ်းပေါ်သို့ ကျသွားနိုင်မည့် အန္တရာယ် ရှိနေခြင်း ဖြစ်သည်။ အရှိန်နှင့် မောင်းလာသော မီးရထားသည် ထိုစာအိတ်ကြီးနှင့် ၀င်တိုးပြီး ငြိသွားပါ က ကျွန်တော်တို့သည် ခြင်းအတွင်း ဒရွတ်တိုက်ဆွဲခံရပြီး ရောက်ရမည် မဟုတ်သော ကြိုး၏တစ်ဖက်စ သို့ ရောက်သွားနိုင်သည်။ ထိုသို့ဖြစ်ခဲ့ပါလျှင် ခန္ဓာကိုယ်မှာ အကြီးအကျယ် ထိခိုက်မည်ဟု မဆိုသာ သော်လည်း ဖြစ်မည်ဆိုလျှင် ဖြစ်လို့ရနိုင်သည့် အနေရှိသည်။

‘ဒီပူဖောင်းကြီး မြေကြီးနဲ့ သွားတိုက်မိပြီဆိုလျှင် ခြေကုန်သုတ်ပြီးသာ ပြေးပေတော့’ ဟု ပူဖောင်းသမား ကပြောသည်။ ဤစကားမျိုးမှာ မိမိတို့၏ မင်္ဂလာဆောင်နေ့မှာ ကြားရလိမ့် မည်ဟု သတို့သားအများစုတို့ စိတ်ကူးထဲ ထည့်မထားမိသော စကားမျိုးဖြစ်သည်။ တိုတို ပြောရလျှင် ဂျေးသည် ဒစ္စနေရုပ်ရှင်ထဲက မင်းသမီးကလေး အဖြစ် မည်သို့မျှ စိတ်ကူး၍ မရတော့ပေ။ ကျွန်တော်ကလည်း သဘာဝ ဘေးအန္တရာယ်ကို ရိုက်ပြ သည့် ရုပ်ရှင်ထဲမှ ဇာတ်လိုက်အဖြစ် ကိုယ့်ကိုယ်ကို ပြင်ထားလိုက်ပေပြီ။ ဘေးအန္တရာယ်ဆိုးကြီး ကျရောက် တော့မည့် အခြေအနေသည် ထင်ရှားစွာ ဖြစ်ပေါ်လာသည့် အခါမျိုးတွင် ငါသည် ဂျေးကို ဘယ်လို ကယ်ရပါ့ ဟူ၍သာ စဉ်းစားနေမိတော့သည်။

ကျွန်တော်သည် ပူဖောင်းသမား၏ မျက်လုံးကိုကြည့်မိသည်။ ကျွန်တော်သည် ကိုယ့်မှ မရှိသော ကျွမ်းကျင်မှု မျိုး ရှိသူတို့ အပေါ်၌ မကြာခဏ အမှီအထား ပြုလေ့ရှိပေရာ ဤကိစ္စတွင် ထိုပူဖောင်းသမားသည် မည်သို့သော အနေအထားမျိုး ရှိမည်ကို ရှင်းရှင်းလင်းလင်း သိချင်နေသည်။ သူ့မျက်နှာကို ကြည့်လိုက်သည့် အခါ စိုးရိပ်ပူပန်မှု မျှ လောက်သာ မဟုတ်။ တုန်လှုပ်ချောက်ချားမှု အသေးစားကလေးကိုပါ တွေ့နေရသည်။ ဂျေး ကို ကြည့်လိုက်သည်။ ကျွန်တော်တို့သည် ယခုအထိတော့ ကျွန်တော်တို့၏ မင်္ဂလာ လက်ထပ်ပွဲ အတွက် ပျော်ခဲ့ကြပြီတကား။

    ပူဖောင်းသည် ဆင်းနေပြီဖြစ်သည်။ ပူဖောင်းအောက်သို့ ဆင်းနေခိုက်တွင် ကျွန်တော်သည် တို့ ဘယ်လောက် မြန်မြန် ခြင်းထဲကထွက်ပြီး ပြေးမှအသက်ဘေးမှ လွတ်နိုင်မည်ကို တွက်ကြည့်နေ၏။ ပူဖောင်းသမား ကတော့ သူ့ဘာသာသူ ထိန်းနိုင်ကောင်းရဲ့ ဟုတွေးကြည့်သည်။ မထိန်းများ မထိန်းနိုင် လျှင်ကား။ ကျွန်တော်သည် ဂျေးကို အရင်ဆုံးဆုပ်ကိုင်ထားမိသည်။ ကျွန်တော် သူ့ကိုချစ်သည်လေ။ ဖူဖောင်းသမား ကိုကား ကျွန်တော်ခုန သူ့ကိုတွေ့ရပြီးပြီ မဟုတ်လော။

    ပူဖောင်းသမားသည် ပူဖောင်းထဲက လေတွေကို ထွက်သွားအောင် လုပ်နေ သည်။ သူသည် သူဆွဲလို့ ရနိုင်သည့် လီဗာ ဟူသမျှကို ဆွဲဥည်။ သူသည်တစ်နေရာရာသို့ အမြန်ဆင်းချင်နေပြီ။ ထိုအချိန်တွင်ကား အရှိန် နှင့် မောင်းလာသော ရထားကို တိုက်မိဖို့ ထက်အနီးအနားမှာ အိမ်များကို တိုက်မိဖို့က ပိုများ နေပေသည်။

ကွင်းထဲသို့ ထိုးကျလိုက်သောအခါ ကျွန်တော်တို့ ၀င်နေသည့် ခြင်းသည် မြေပြင်နှင့် ပြင်းထန်စွာ တိုက်မိ လေသည်။ အကြိမ်အနည်းငယ်မျှ ခုန်ဆွခုန်ဆွ ဖြစ်နေပြိးနောက် အလျားလိုက် ရွေ့လျားသွားသည်။ စက္ကန့်ပိုင်း အတွင်း လေလျော့သွားသည့် ပူဖောင်းကြီးသည် မြေပြင်ပေါ်သို့ ဖြန့်ကျက်လိုက်သလို ဖြစ်သွားသည်။ သို့ရာတွင် ကံကောင်းသည်ဟု ဆိုရမည်။ ပြေးနေသော ရထားနှင့် လွတ်သွား၏။

ထိုအချိန်မှာပင် အနီးအနားရှိ ဟိုင်းဝေးလမ်းမပေါ်မှ လူများသည် ကျွန်တော်တို့ မြေပြင်သို့ ဆင်းလာသည်ကို မြင်တွေ့ကြ ၍ သူတို့၏ ကားများကို ရပ်ထားခဲ့ပြီး ကူညီရန် ကျွန်တော်တို့ ဆီသို့ပြေးလာကြသည်။ ကြည့် လို့တော့ အတော်ကောင်းသည့် မြင်ကွင်းပေပင်။ ဂျေးမှာ မင်္ဂလာဝတ်စုံကြီးနှင့်။ ပူဖောင်းကြီးကလည်း ပျက်စီးလို့။ တော်ပါသေးရဲ့ ပူဖောင်းသမား ဘာမှမဖြစ်။
ကျွန်တော်တို့ သည် အတော်ကလေး ကြောက်လန့်သွားသည်။ ပူဖောင်းကျမည့် နောက်သို့ မြေပြင်ပေါ်မှ လိုက်လာသည့် ကားထဲတွင် ကျွန်တော့်သူငယ်ချင်း ဂျက်လည်းပါသည်။ ကျွန်တော့်ဆီသို့ သူရောက် လာသောအခါ သေမင်း နှင့် တွေ့လုနီးအခြေအနေကြုံပြီးမှ ဘေးမသီ ရန်မခသည့် ကျွန်တော်တို့ကို တွေ့လိုက်ရ၍ သူ ၀မ်းသာသွားသည်။

ပျက်ကျခဲ့သော ပူဖောင်းကြီးကို ပူဖောင်းသမား၏ ထရပ်ကားပေါ်သို့ တင်နေစဉ် ကျွန်တော်တို့သည် နတ်သမီး ပုံပြင်လို ပျော်စရာအခါမျိုးမှာပင် အန္တာရာယ်နှင့် မကင်းပါကလားဟု တွေးမိရင် ပုံမှန် အခြေအနေ ပြန်ရောက်အောင် အချိန်အတန်ကြာ စောင့်ရသေးပေသည်။ ထို့နောက် ဂျက်က ကျွန်တော့်အား အိမ်ကို ပြန်ပို့ပေးမည် ပြုစဉ် ပူဖောင်းသမားသည် ကျွန်တော်တို့ထံ ခပ်သုတ်သုတ်လှမ်းလာသည်။ နေဦး၊ နေဦး ဟု သူက လှမ်းတားသည်။ မင်းတို့ မင်းတို့ မင်္ဂလာပစ္စည်း မှာထားသေးတယ် မဟုတ်လား၊ ဟောဒီမှာ ရှန်ပိန် ပုလင်းလေ ဟုပြောပါသည်။ သူသည် သူ၏ ထရပ်ကားထဲမှာ ပုလင်းတစ်လုံးကို ထုတ်၍ ပေးလိုက်ရင်း ကွန်ဂရက်ကျူလေးရှင်း ဟု ပြောလိုက်ပါသည်။

ကျွန်တော်တို့သည် အားမရှိသော အပြုံးနှင့် ပြုံးပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်ရပါတယ်။ ကျွန်တော် တို့၏ မင်္ဂလာဦးနေ့တွင် မှောင်ရီသမ်းခဲ့ပုံပါတည်း။ သို့ရာတွင် ကျွန်တော်တို့သည် အန္တာရာယ်ကတော့ ကျော်လွှား လွတ်မြောက်ခဲ့ပါပေ၏။

ဆက်ရန်
.

1 comment:

Anonymous said...

ဒီအခန်းကတော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ မမရေ...အနော်ဖြင့် ဂျေးတို့ပူဖေါင်းကြီး ရထားနဲ့ ၀င်တိုက်မှာ စိတ်ပူလိုက်ရတာ.... အနော်။