Friday, March 18, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၁၆)

  အခန်း ၁၅
ကားနောက်ခန်းမှ ဆိုဒါရည်နှင့်ဖျန်း

ကာလအတန်ကြာစွာပင် ကျွန်တော်သည် 'ဦးလေးလူပျိုကြီး' ဖြစ်နေခဲ့သည်။ အသက်နှစ်ဆယ်ကျော် အရွယ် မှာရော သုံးဆယ်ကျော်အရွယ်မှာပါ ကျွန်တော့်မှာ သားသမီးဟူ၍ မရှိသေး။ အစ်မကမွေးသော ကလေး နှစ်ယောက် သာ ရှိခဲ့သည်။ ထို ခရစ္စနှင့် လော်ရာဟူသော တူတူမကလေးများသည် ကျွန်တော့်အချစ်တော် ကလေးများ ဖြစ်သည်။ ကျွန်တော်သည် လစဉ် သူတို့ထံ ရောက်သွားပြီး သူတို့အား သူတို့၏ဘ၀များကို သူများနှင့် မတူသည့် ရှုထောင့်သစ်မှ ကြည့်မြင်တတ်အောင် ပြုပေးရင်း ဦးလေးရန်ဒီ ဟု အခေါ်ခံရသည်ကို ပျော်မဆုံးဖြစ်ခဲ့သည်။

    ကလေးတွေကို ဖျက်ဆီးသည်တော့မဟုတ်ပါ။ ကျွန်တော်က ဘ၀ကို ကျွန်တော်၏ရှုထောင့်မှ ရှုမြင်ပုံကို သူတို့အား ဆင့်ကမ်းမျှဝေပေးခြင်းသာဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ထိုအတွက်ကြောင့် ကျွန်တော့် အစ်မ သည် ဒေါသူပုန်ထတ်၏။

    ခရစ္စက ခုနှစ်နှစ်အရွယ်၊ လော်ရာက ကိုးနှစ်အရွယ် လွန်ခဲ့သော ၁၂ နှစ်က တစ်ခါတွင် ကျွန်တော်သည် ကလေး တွေအား ကျွန်တော်၏ ဗောက်ဝကဂွန် ကာဘရီယို အမျိုးအစား အမိုးဖွင့်ကားဖြင့် တင်၍ ခေါ်လာခဲ့သည်။ 'ဦးလေးရန်ဒီ ရဲ့ ကားသစ် ကို စီးရင် သတိထားနော်'ဟု အစ်မက သူ့ကလေးတွေအား ပြောသည်။ 'ကားပေါ်မတက်ခင် ခြေထောက် က ဖုန်တွေဘာတွေကို သုတ်၊ ဘာမှဟိုလုပ်ဒီလုပ်မလုပ်နဲ့၊ ကားကို ပေအောင်မလုပ်နဲ့'ဟုလည်း မှာပါသည်။

    ကျွန်တော်သည် သူပြောနေတာကို နားထောင်ရင် စဉ်းစားမိသည်။ 'ဒါကတော့ ကလေးတွေကို မလိုက်နာ နိုင်မယ့် ဆုံးမစကားပဲ၊ သူတို့ဟာ ငါ့ကားကိုပေအောင် လုပ်ချင်မိလည်း လုပ်မှာပေါ့။ ဘယ် တတ်နိုင် မှာလဲ' ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ကတော့ အေးအေးဆေးဆေးပင်။ ကျွန်တော်အစ်မ စည်းကမ်းချက် တွေ ထုတ်နေစဉ်မှာပင် ကျွန်တော်သည် တမင်တကာပင် ဆိုဒါသံဘူးတစ်ဘူးကို ဖြည်းဖြည်းချင်းဖွင့်လိုက်၏။ ပြီးလျှင် ထိုဆိုဒါဘူး ကို ကား၏နောက်ပိုင်းရှိ ထိုင်ခုံများတွင် လောင်းသွန်ချလိုက်သည်။ ကျွန်တော် သိစေချင်သော အချက်ကား 'လူသည် သက်မဲ့ပစ္စည်းများထက် ပို၍အရေးကြီးသည်' ဟူသော အချက် ဖြစ်ပါ၏။ ကျွန်တော်၏အမိုးဖွင့်ကား အသစ်ကျပ်ချွတ် အရာသည်ပင်လျှင် သက်မဲ့ပစ္စည်းတစ်ခုသာ ဖြစ်ပေ သည်။

    ကျွန်တော်သည် ထိုဆိုဒါပုလင်းကို လောင်းသွန်ချနေရင်း ခရစ္စနှင့်လော်ရာတို့အား ကြည့်မိသည်။ ပါးစပ် အဟောင်းသား နှင့် မျက်လုံးများ ပြူးနေကြသည်။ ဤသည်ကား အရွယ်ရောက် လူကြီးများ၏ စည်းကမ်းချက် များကို ဦးလေးရန်ဒီ သည် လုံးဝလက်မခံကြောင်း ပြလိုက်ခြင်းပေတည်း။

    ကျွန်တော်သည် ဆိုဒါရည်တွေ ဖျန်းလိုက်ရသဖြင့် အလွန်ဝမ်းသာသွားသည်။ အဘယ့်ကြောင့် ဆိုသော် ထို သီတင်းပတ် နောက်ဆုံးနေ့ နှောင်းပိုင်းတွင် ခရစ္စကလေးသည် တုပ်ကွေးမိပြီး ကားနောက်ဘက် ထိုင်ခုံပေါ်တွင် အန်ချမိလိုက်သောကြောင့်တည်း။ သူကလေးသည် ကားပေါ်တွင် အန်ချမိသော်လည်း သူ့မှာ အပြစ်ရှိသည်ဟု မယူဆတော့ပေ။ စိတ်သက်သာရာရသွား၏။ သူသည် ကားကို ကျွန်တော်က ဆိုဒါရည် နှင့် ဖျန်းခဲ့သည်ကို တွေ့မြင်ခဲ့ပြီးဖြစ်ရာ သူ့ကြောင့် ကားပေသွားသော်လည်း ဘာမှမဖြစ်နိုင်မှန်း သိသွား ပေသည်။

    ကျွန်တော်သည် ကလေးများနှင့်နေသည့်အခါတိုင်း၌ စည်းကမ်းချက်နှစ်ခုသာ သတ်မှတ်သည်။
    ၁။ မညည်းညူရ။
    ၂။ ကျွန်တော်တို့ ဘာလုပ်လုပ် မေမေ့ကို မပြောကြေး။

    ကျွန်တော်တို့ လုပ်တာတွေကို မေမေ့ကို မပြောခြင်းသည်ကား ပင်လယ်ဓားပြ လုပ်ရပ်တော့ ဆန် ပေသည်။ ဘာမဟုတ်သည့် သာမန်အရာကလေးကို လုပ်ရသည်ပင်လျှင် ပျော်စရာကောင်းပေသည်။

    စနေ၊ တနင်္ဂနွေနေ့တိုင်း လိုမှာပင် ခရစ္စနှင့် လော်ရာတို့သည် ကျွန်တော့်အခန်းသို့ ရောက်လာ ကြသည်။ သူတို့ကို ချပ် အီးချိစ် သို့သော်လည်း ခေါ်သွားသည်။ တောင် သော်လည်း တက်ကြသည်။ သို့မဟုတ် လျှင်လည်း ပြတိုက်တစ်ခုခုသို့ သွားလည်သည်။ တနင်္ဂနွေ နေ့ထူးရက်များတွင်ကား ရေကူးကန် ရှိသော ဟိုတယ်တစ်ခုသို့ သွားနေကြ၏။

    ကျွန်တော်တို့တူဝရီးသုံးဦးသည် ပန်းကိတ်များလုပ်ရတာ ၀ါသနာပါကြသည်။ ကျွန်တော့်ဖခင်က မေးလေ့ ရှိသည်။ 'ဘာကြောင့် ပန်းကိတ်တွေကို လုံးဝန်းအောင် လုပ်ရတာလဲ'ဟူ၏။ ကျွန်တော်ကလည်း အလားတူ မေးခွန်းကိုပင် မေးသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အမြဲတန်း ထူးထူးဆန်းဆန်းပုံသဏ္ဍာန် ဖော်ထားသော တိရစ္ဆာန်ရုပ်ပန်းကိတ်တိုင်းသည် မရည်ရွယ်ဘဲလျက် ကိုယ်ရည်ကိုယ်သွေး စမ်းသပ် စစ်ဆေးမှု ခံရသလို ဖြစ်နေသောကြောင့်ဖြစ်သည်။ 'ဟင်ဒီပုံကြီးကလည်း ကျွန်တော်တို့ လိုချင်တဲ့ တိရစ္ဆာန်ပုံ လည်းမဟုတ်ဘူး'ဟု ခရစ္စနှင့် လော်ရာတို့က ပြောတတ်သည။် ထိုအခါ ပန်းကိတ်သည် သူရှိနေ သည့် ပုံစံအတိုင်း ပြန်ကြည့်ခွင့်ရပြီး ဘာတိရစ္ဆာန်ပုံပါလိမ့်ဟု စဉ်းစားရသည်။

    ခရစ္စနှင့် လော်ရာတို့သည် ကျွန်တော့်မျက်စေ့အောက်မှာပင် ကြီးလာကြသည်။ ယခုသော်လော်ရာ က ၂၁နှစ်၊ ခရစ္စ က ၁၉နှစ်ဖြစ်နေပြီ။ ယနေ့အချိန်အခါကျတော့ ကျွန်တော်သည် သူတို့၏ ကလေးဘ၀၏ အစိတ်ပိုင်း တစ်ရပ် ဖြစ်ခဲ့ခြင်းအတွက် ပို၍ကျေးဇူးတင် နေရသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် သည် အသက်ခြောက်နှစ်ထက်ကြီးသည့် ကလေးများ၏ ဖခင်တစ်ယောက် ဖြစ်နိုင်ဖွယ်မရှိတော့ကြောင်း သိလာ ရသောကြောင့် ဖြစ်ပေကသည်။ ထို့ကြောင့် ကျွန်တော် ခရစ္စနှင့် လော်ရာတို့နှင့်အတူနေခဲ့ရသော အချိန် သည် အလွန်အဖိုးတန်လာခဲ့သည်။

သူတို့၏ ဘ၀များတွင် ဆယ်ကျော်သက် မတိုင်မီမှာရော၊ ဆယ်ကျော်သက်အရွယ်နှင့်လူလား မြောက်သည့် အရွယ်များအထိပါ ကျွန်တော် သူတို့နှင့်အတူ ရှိခွင့်ရခြင်း လက်ဆောင်ကို သူတို့က ကျွန်တော့်အား ပေးခဲ့ကြ လေသည်။

    မကြာသေးခင်က ကျွန်တော်သည် ခရစ္စနှင့် လော်ရာတို့အား ကျွန်တော့်အတွက် ဒါလေးတော့ လုပ်ပေးကြပါကွာ ဟု မေတ္တာရပ်ခံပါသည်။ ကျွန်တော် မရှိသည့်နောက်တွင် သူတို့က ကျွန်တော့် ကလေး များကို ဟိုဟိုသည်သည် ခေါ်သွားပြီး သူတို့တတ်စွမ်းသလို ကလေးကို လုပ်ပေးစေချင်ကြောင်း မေတ္တာ ရပ်ခံခြင်း ဖြစ်ပါသည်။ ကျွန်တော် သူတို့ငယ်စဉ်က သူတို့နှင့်အတူတူ သွားလာလုပ်ကိုင်ခဲ့သည့်အတိုင်း တစ်သဝေမတိမ်း လိုက်လုပ်ပေးဖို့မဟုတ်ပါ။

ဘယ်လိုဟာလေးတွေနှင့် ကလေးတွေ ပျော်မလဲ ဆိုတာကို သူတို့ စိတ်ကူးရှိသလို လုပ်ပေးရန်သာ ဖြစ်ပါသည်။ သူတို့က ကလေးတွေစပြီး ပြောခိုင်းမည်ဆိုလျှင် ဖြစ်နိုင်သည်။ ဒီလန်သည် ဒိုင်နိုဆောများကို သဘောကျ ၏ ခရစ္စနှင့် လော်ရာတို့သည် ဒီလန်အား သဘာဝသမိုင်းပြတိုက် တစ်ခုခုသို့ ခေါ်သွားလျှင် ရသည်။ လိုဂန်သည်အားကစားဝါသနာပါ၏။ စတီလား အသင်းကစားရာသို့ ခေါ်သွားပြီး ပြသနိုင်သည်။ ချလို သည် အကကို နှစ်သက်၏။ သူတို့သည် ကလေးတွေ ဘယ်သွားချင်၊ ဘာလုပ်ချင်သလဲ စဉ်းစားကြည့် ၍ ရနိုင်ပါလိမ့်မည်။

    ထို့အပြင် ကျွန်တော်သည် ကျွန်တော့်တူ၊ တူမတို့က ကျွန်တော့် ကလေးများကို ပြောပြစေချင် တာလေး များလည်း ရှိသည်။ ပထမဦးစွာ သူတို့က ကလေးတွေကို ဤသို့ ပြောပေးနိုင်၏။ 'မောင်လေး၊ ညီမလေး တို့၊ မင်းတို့ အဖေရှိစဉ် တို့ငယ်ငယ်တုန်းက မင်းတို့အဖေနဲ့ တို့မောင်နှမ အတူတူ အားချိန်တွေ ကုန်လာ ခဲ့ကြ သလို တို့ကလည်း မင်းတို့လေးတွေနဲ့အတူ အားချိန်တွေ ကုန်သွားစေချင်တာကွဲ့' ကျွန်တော်သည် အသက်ရှင် လျက်နှင့် နေနိုင်အောင် အဘယ်မျှ ခက်ခဲပင်ပန်းစွာနှင့်ဘ၀ကို နေထိုင် သွားရသည့် အကြောင်း များကိုလည်း ကျွန်တော့်တူ၊ တူမများက ပြောပြကြလိမ့်မည်ဟု ကျွန်တော်မျှော်လင့်သည်။

    ကျွန်တော်သည် ကျွန်တော့်သားသမီးကလေးများအတွက် သူတို့နားမှာပဲ အချိန်ကြကြာ နေနိုင်သမျှ နေချင် သေးသည်နှင့်ပင် အလွန်အခံရခက်စေနိုင်မည့် ကုသမှုအစီအစဉ်ကို လက်ခံသဘောတူကြောင်း လက်မှတ် ရေးထိုး လိုက်သည်။ ထိုအကြောင်းကိုလည်း ခရစ္စနှင့် လော်ရာတို့က ပြန်ပြောပြစေချင်၏။

    သြော်၊ ပြောပြစရာ တစ်ခုကျန်သေး၏ အကယ်၍များ ကျွန်တော့်ကလေးများက သူတို့၏ ကားတွေကို ပေညစ်အောင် လုပ်မိလိုက်မည်ဆိုပါလျှင် ခရစ္စနှင့် လော်ရာတို့သည် သူတို့ဦးလေး ကျွန်တော့်ကို ပြန်လည် သတိရပြီး ပြုံးကြလိမ့်မည်ဟုလည်း မျှော်လင့်မိပါ၏။

အခန်း (၁၆) အချစ်တံတိုင်းကိုကျော်ရာတွင် ဆက်ရန်
.

1 comment:

Angelhlaing(May everybody be happy and healthy! said...

တစ်ခါတစ်လေ အသက်ရှင်ရတာ အရမ်းခက်ခဲတဲ့
အလုပ်လို့ ညီမလေးလည်းတွေးမိတယ်။
ကျေးဇူးပါ မမရေ ။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။