ထိုသစ်ပင်အောက်သို့ မာလာဒေ၀ီ က ၀င်သွားသည့်အတိုင်း မောင်တင်ဦး နှင့် မောင်တင်အုံးတို့က ၀င်လိုက် ခဲ့ကြရသည်။ သစ်မြစ်တွေကို ကိုင်တွယ်ကာ ကိုယ်ကို ရေပေါ်ဖော့ပြီး ရပ်တည်လိုက်သည့် အချိန်မှာပင် သူတို့သုံးယောက် ရပ်နေခဲ့ရာ ချောင်းရေစပ်တွင် လူသရဲတအုပ်က ရောက်နေကြလေပြီ။
" ဟောဟိုမှာ တွေ့လား၊ လွတ်ရုံဘဲရှိတယ် မောင်ငယ်တို့"
မာလာဒေ၀ီက ရေပေါ်တွင် ဖော်ထားသော ဦးခေါင်းကို သစ်မြစ်ကြီးတခု နှင့်ကွယ်ကာ သူတို့သုံးယောက် ရပ်နေခဲ့ည့် ရေစပ်နေရာကို ကြည့်ပြီး ပြောပြသည်။ ထိုနေရာမှာ စကားတိုးတိုးပြောလျှင် ထိုလူတွေ မည် သည့် နည်းနှင့်မှ ကြားနိုင်မည်မဟုတ်အောင် ကွာလှမ်းသည်ကတကြောင်း ချောင်းရေစီးသံက မြည်ဟီးနေ၍ တကြောင်း ထိုလူတွေက လေညာမာလာဒေ၀ီတို့က လေအောက်ဖြစ်နေ၍တကြောင်း တိုးတိုးမျှသော လေသံဖြင့် စကားကို စိတ်ချလက်ချ ပြောနိုင်ကြသည်။
မောင်တင်ဦး နှင့် မောင်တင်အုန်းက မာလာဒေ၀ီစကားကြောင့် သူတို့သုံးယောက် ရပ်နေခဲ့ရာကို ပြန်ကြည့် လိုက်ကြသည်။ ချောင်းက ကွေ့ဝှိုက်နေသည်ဖြစ်ရာ လက်နက်ကိုင် လူဆိုးတွေ ရပ်နေသည်ကို ကောင်းစွာ မြင်နေရသည်။
" အမဲလိုက်ခွေးတွေ အနံ့ခံကောင်းသလို ခြေရာကောက်တကယ်ကောင်းတဲ့ အကောင်တွေပါလား"
မောင်တင်အုံးကပြော၏။
" သူတို့ဘာလုပ်မယ်ဆိုတာ စောင့်ကြည့်ပါအုံး"
မာလာဒေ၀ီကပြောသည်။
သုံးယောက်စလုံးသည် တကိုယ်လုံး ရေထဲမှာနှစ်မြှုပ်ကာ ဦးခေါင်းမျှကိုသာ ဖော်ထားကြသည်။ ရေပေါ်မှာ မိုးနေသော သစ်မြစ်ကြီးများကို မြဲမြံစွာ ဖက်တွယ်လျက် ဦးခေါင်းကို သစ်မြစ်ကြီးများဖြင့် အကွယ်အကာပြု၍ လက်နက်ကိုင် လူသရဲတစုကို အာရုံစိုက်ကြည့်နေကြသည်။
ထိုလူစုသည် မာလာဒေ၀ီတို့ ရပ်နေခဲ့ရာမှာ စုရုံးရပ်နေကြပြီး ခြေဟန် လက်ဟန် ပြသူကပြ ဒေါသမာန် တွေဖြင့် စကားပြောသူက ပြောပြီး ချောင်းရေကို လက်ညိုးထိုးကာ ပြောဆိုနေကြသည်ကို တွေ့ရသည်။
" ချောင်းကမ်းပါး အတိုင်း လိုက်လာဘို့ မလွယ်ဘူးဗျ၊ ကမ်းပါးတလျှောက် ဆူးပင်တွေချည်းဘဲ။ လူတိုးလို့ မရနိုင်ဘူး။ သူတို့ မသင်္ကာရင် ကျွန်တော်တို့ ရေစုန်မျှောသလို မျှောပြီး လိုက်ရှာမယ်ဆိုရင်တော့ ဒီ သစ်မြစ် တွေခိုနေတာကို တွေ့မှာပေါ့"
မောင်တင်အုံးက ထင်မြင်ချက်ပေးသည်။
" ရေထဲကမျှောလိုက်ပြီး ရှာမယ်လို့တော့ မထင်ပါဘူးလေ"
မောင်တင်ဦးကဆိုသည်။
မာလာဒေ၀ီကမူ ဘာမျမပြောဘဲ လက်နက်ကိုင် လူသရဲတွေကိုသာ စူးစူးစိုက်စိုက် ကြည့်နေသည်။
လူသရဲတအုပ်လည်း ထိုနေရာမှ တော်တော် နှင့် ထွက်ခွာသွားခြင်းမပြုဘဲ အချင်းချင်း ငြင်းခုန် နေကြဟန် ကို တွေ့ရသည်။ ဒို့သုံးယောက်ကို မတွေ့မချင်း လိုက်ရှာလိုသူတွေနဲ့ မရှာဘဲ လက်လျော့ ပြန်ချင်သူ တွေရယ် လို့ နှစ်စုကွဲပြီး ငြင်းခုန်နေကြတာထင်ပါရဲ့၊ လိုက်မရှာဘဲ မြန်မြန်ပြန်ကြပါစေ ဘုရား ကယ်တော်မူပါ" ဟူသော ပူပန်စိုးရိမ်သည့် ဆုတောင်းကို မာလာဒေ၀ီရော မောင်တင်ဦး နှင့် မောင်တင်အုံး ရော စိတ်ထဲက ကျိတ်ပြီး ဆုတောင်းနေကြသည်။ ရေထဲမှာ စိမ်နေကြရသည်မှာလည်း သက်သာ သည် မဟုတ်။ တောင်ကျချောင်းပြီပြီ ရေစီးအဟုန်က ငြင်သာသည်ဟု မဆိုနိုင်ချေ။ ရေစီးတွင် မျောပါ မသွားစေရန် သစ်မြစ်ကို မြဲမြဲဆွဲကိုင်ထားရသည်မှာလည်း လက်အံသေလုနေပေပြီ။ ရေထဲမှာ စိမ်နေရ၍ ချမ်းကလည်း ချမ်းနေကြပေပြီ။ သူတို့အဖို့ ကံကောင်းနေသည့်အချက်ကလေးတခုကမူ ရှိနေ သည်၊ ထိုအချက် မှာ မိုးမရွာဘဲ နေရောင်ခြည် ဖျော့ဖျော့လင်းနေသည်၊ လေငြိမ်နေသည်။
အကယ်၍သာ နေရောင်မပြဘဲ တမိုးလုံး မှိုင်းမှောင်ပြီး လေရောမိုးရော ရွာသွန်းတိုက်ခိုက်မည်ဆိုပါက တောင်ကျချောင်း ၏ ကြောက်မက်ဖွယ် ရေအဟုန်ကို သူတို့သုံးယောက်စလုံး ခံနိုင်မည်မဟုတ်တော့ဘဲ တကွဲစီ တခြားစီ ချောင်းရေစီးရာ မျောပါသေကြေပျက်စီးခြင်း ကြုံကောင်းကြုံပေလိမ့်မည်။
ရေထဲတွင် သုံးယောက်လုံး နာရီဝက်ကျော်ကျော် ကြာအောင် ရေစိမ်ခံနေရပြီးမှ လူသရဲတသိုက်သည် စိတ်ပျက်လက်လျော့ဟန်ဖြင့် ပြန်သွားကြလေသည်။ ကမ်းပါးရေစပ်မှ သူတို့ တတွေက အရိပ်အရောင် ပျောက်ကွယ် သွားသည့်တိုင် စောင့်ကြည့်နေကြရပြီး သူတို့ မည်သည့်နည်းနှင့်မှ မမြင်နိုင်တော့ဟု ယူဆ ရသောအခါမှ သုံးယောက်သား စိမ်နေသော ရေထဲမှ သစ်မြစ်ပေါ်တွယ်တက်ကာ သစ်ပင်ရင်းမှာ ထိုင်ကြ ရသည်။
သူတို့ ထိုင်နေရာကို မြစ်ကမ်းပါးပေါ်မှ ရုတ်တရက်ကြည့်လျှင် မမြင်နိုင်အောင် ထူထပ်သော ဆူးပင်တွေက ပိတ်ဖုံးနေသည်။ သို့သော် လူသရဲတသိုက် ရပ်နေခဲ့ရာမှ တစုံတယောက် ကျန်ခဲ့ပြီး ကြည့်မည်ဆိုက သူတို့ သုံးယောက် ငုတ်တုတ်ကလေးတွေ ထိုင်နေသည်ကို ကောင်းစွာ မြင်နိုင်မည်ဖြစ်၏။
" စိတ်ချ လက်ချနေလို့ မဖြစ်ကြသေးဘူး မောင်ငယ်တို့၊ ချောင်းဟိုဖက်ကမ်းကို ဖြစ်နိုင်တဲ့နည်းနဲ့ အမြန်ဆုံး ကူးကြ ရအောင် "
မာလာဒေ၀ီက သတိပေးသည်၊ သူတို့ သုံးယောက်ကုသိုလ်ကံပင် ထင်သည်။ ကောင်းကင်ပြင်မှာ ခပ်မှိုင်းမှိုင်း ဖုံးနေသော မိုးတိမ်တွေက လေယူရာသို့ လျှင်မြန်စွာ ရွေ့လျားလွင့်ပါသွားကြရာ၊ ဖုံးကွယ်နေခဲ့ သောနေမင်းက ၀င်းတောက်သော အရောင်ဖြင့် ထွက်ပြူလာသည်။
မိုးထဲလေထဲ ရွှံ့ရေထဲမှာ ဖြစ်ချင်တိုင်း ဖြစ်လာခဲ့ရသော လက်ပတ်နာရီတွေက ရပ်နေကြပြီဖြစ်ရာ မောင်တင်ဦး နှင့် မောင်တင်အုံးက လက်ပတ်နာရီအားကိုး၍ မဖြစ်တော့ချေ။ ထွက်လာသော နေကို မော့ ကြည့်ကာ အချိန်ကို မှန်းလိုက်ကြသည်။ နေလုံးက အနောက်ဖက်သို့ တော်တော်ပင် စောင်းနေလေပြီ၊ ညနေ သုံးနာရီကျော် လောက်တော့ ရှိလေပြီဟု ခန့်မှန်းမိကြ၏။
" ဘယ်လို ကူးမလဲ ကိုတင်အုံး "
အကြံထုတ် စဉ်းစားနေဟန်တူသော မောင်တင်အုံးကို ကြည့်ပြီး မောင်တင်ဦးက မေးလိုက်၏။
" ကျွန်တော်တော့ ရေကောင်းကောင်း ကူးတတ်တယ်၊ ကိုတင်ဦးနဲ့ မမရော"
" ကျွန်တော် ကူးတတ်ပါတယ်"
" မမလဲ ကူးတတ်တယ်"
မာလာဒေ၀ီ နှင့် မောင်တင်ဦးက ပြိုင်တူလိုပင် အဖြေပေးကြသည်၊ မောင်တင်အုံးက ဆက်ပြော၏။
" ရေကူးတတ်ကြတယ်ဆိုပေမဲ့ လူတွေက သိပ်ပန်းနေကြပြီ။ ချောင်းရေကလဲ ရေစီးမြန်တယ် မဟုတ်လား။ အဲဒီတော့ တယောက်အကွဲ ချောင်းထဲမြောပါ မသွားရအောင် ကျွန်တော်တို့မှာ ပါလာတဲ့ နိုင်လွန်ကြိုးနဲ့ တယောက်နဲ့ တယောက် ရေကူးသာရုံခွာပြီး ခါးကိုချည်ပြီးမှ ကူးရအောင်။ ဒါမှ တယောက်ယောက် လက်ပန်း ကျရင် ကျန် နှစ်ယောက်က ဖေးမပြီး မနစ်အောင် မြောပါမသွားအောင် ထိန်းနိုင်မယ် မဟုတ်လား ကိုတင်ဦး၊ မမရော သဘောတူလား"
ထိုအကြံကို မောင်တင်ဦးရော မာလာဒေ၀ီပါ သဘောတူကြသည်။ အချိန်ကုန်မခံဘဲ ထိုအကြံအတိုင်း လျင် မြန်စွာ အကောင်အထည်ဖော်ကြ၏။ ရေနစ်စိုရွှဲနေသော ကျောပိုးအိတ်ထဲမှ တယောက်တချောင်းစီ ဆောင် လာသော နိုင်လွန်ကြိုး နှစ်ခွေကို နှစ်ယောက်လုံး ပြိုင်တူ ထုတ်ယူ လိုက်သည်။ ကြိုးကို နှစ်ပင်ပူးပြီး တယောက် နှင့် တယောက် ရေကူးရာ၌ ငြိမိ၊ ထိခိုက်မိခြင်း မရှိစေရန် ခြောက်ပေသာခွာပြီး ခါးမှာ ချည်လိုက် ကြသည်။ ထို့နောက် သုံးယောက်လုံး ပြိုင်တူ ရေထဲခုန်ဆင်းကာ၊ ချောင်း ဟိုဘက်ကမ်းရောက်အောင် ကြိုး စားကူး ကြသည်။ တနေ့လုံး မိုးမရွာဘဲနေပြီး ယခုညနေ စောင်းမှာ နေကလည်း ပူလိုက်သည်ဖြစ်၍ ချောင်း ရေစီးက အတန်ငယ် အရှိန်လျော့နေသည် ဖြစ်၍သာလျှင် သူတို့သုံးယောက်သည် ချောင်းရေစီးရာ မျောပါ မသွားဘဲ ချောင်းဟိုဘက်ကမ်းသို့ ရောက်သွားကြလေတော့သည်။
စိတ်ဆောင်ခြင်းဖြင့် ချောင်းကမ်းပါးပေါ် တက်ကာ ကမ်းပါးနှင့် ခပ်လှမ်းလှမ်းမှာရှိသော အုပ်အုပ် ဆိုင်းဆိုင်း သစ်ပင်ကြီးတပင်အောက်ရှိ ထူထပ်သော ချုံတချုံသို့ ရောက်အောင် ကြိုးစားသွားကြသည်။ ချုံကြီးထဲကို သူတို့ သုံးယောက်တိုးဝင်မိသည့် အချိန်တွင်ကား မိုးစုပ်စုပ် ချုပ်နေလေပြီ၊ မိုးရောလေပါ မည်သို့ စိတ်ကောင်း ၀င်နေသည်မသိ ငြိမ်ချက်သားကောင်းနေသည်။
ချုံကြီးထဲ ရောက်လျှင်ပင် သေဘေးမှ အခိုက်အတန့် လွတ်လေပြီဟု စိတ်ချကာ သုံးယောက်လုံး စိတ်ကို လျှော့ လိုက်ကြသည်တွင် ထိုင်ပင်မထိုင်နိုင်ကြတော့ဘဲ ခြေပစ် လက်ပစ် လှဲလျောင်းလိုက်ကြသည်။ စိုရွှဲနေ သော အ၀တ်တွေကြောင့် သုံးယောက်လုံးမှာ ခိုက်ခိုက် တုန်အောင် ချမ်းနေကြသည်။
" အအေးမိပြီး ဒုက္ခတော့ ဖြစ်ကုန်ကြတော့မယ် ထင်တယ်၊ တခုခုတော့ လုပ်အုံးမှ ကျွန်တော်တို့ လိုလို မယ်မယ် ယူလာတဲ့ အအေးမိ ကာကွယ်ဆေး၊ အဖျား ကာကွယ်ဆေးတွေ ပုလင်းအဆို့ လုံအောင် လုပ် လာတာ ဘဲ၊သုံးလို့ ရပါလိမ့်မယ်ထင်တယ်"
အနည်းငယ် အသက်ရှူမှန်လာသည်တွင် မောင်တင်အုံးက ပြောရင်း သူ့ကျောပိုးအိတ်ထဲကို မှောင်မှောင် မဲမဲ ထဲ မှာ လက်နှင့်နှိုက်စမ်းနေသည်။
" ၀မ်းထဲကို ဆေးရောအစာရော ရောက်သွားရင်တော့ ခံနိုင်ရည် ရှိလိမ့်မယ်လို့ မြော်လင့်ရတာဘဲ၊ ရိက္ခာ ထုပ် ကလေးတွေ စမ်းကြည့်ရအုံးမယ်"
မောင်တင်ဦးကပြောပြီး အသားခြောက် မှုန့်အိတ်နှင့် မုံ့ခြောက်မှုန့်အိတ်ကို ယူထုတ်လိုက်သည်။ စားစရာ ထည့်ထားသောအိတ်မှာ ပလပ်စတစ်အထူစား အိတ်ဖြစ်ပြီး သေချာစွာ စည်းနှောင်ပိတ်ထားခဲ့သဖြင့် လေလုံ မိုးလုံဖြစ်၍ စားစရာအမှုန့်တွေမှာ လုံးဝမပျက်စီးခဲ့ပေ။
" စားစရာတွေ ဘာမှမဖြစ်ဘူး၊ တော်သေးရဲ့"
မှောင်ထဲမှာ လက်ဖြင့် စမ်းသပ်ကြည့်ပြီး၊ မောင်တင်ဦးက ၀မ်းသာအားရပြောသည်။
" ဟုတ်လား ... ကဲ ပေးစမ်းဗျာ မြန်မြန်၊ ဆာလိုက်တာ "
မောင်တင်အုံး ကပြောသည်။ မာလာဒေ၀ီကမူ မိန်းမသားကလည်းဖြစ်၍ ပိုပြီးပင်ပန်း နွမ်းနယ်ဟန်တူသည်။ နှုတ်ဆိတ်စွာဖြင့် ငြိမ်နေသည်။
" မမ အိပ်ပျော်နေသလား ဖျားနေသလား "
မောင်တင်အုံးက မေးသည်။
" မအိပ်ပါဘူး မောင်ငယ်၊ မောလွန်းလို့ပါ။ အ၀တ်တွေ ရေစိုတော့ ချမ်းတာက အလွန်ပါဘဲ"
အားနည်းသော အသံဖြင့် မာလာဒေ၀ီက ပြန်ပြောသည်။
" အမော ပြေအောင် အစာကို အရင်စားလိုက်အုံး မမ။ ၀မ်းထဲကို အစာရောက်ရင် အအေးဒဏ် အတော် အသင့် ခံနိုင်ပါလိမ့်မယ်"
" ဟုတ်တယ်ရော့ ... မမ စား"
မောင်တင်ဦး နှင့် မောင်တင်အုံးက မုံ့ခြောက် မှုန့်နှင့် အသားခြောက်မှုန့်ကိုပေးသည်။ မှောင်ထဲမှာ မျက်စေ့ က အတော်အတန် အကျင့်ရနေပြီဖြစ်၍ စားသောက်ရာမှာ မဖိတ်မစင်ဘဲ ချောချော မောမောပင် စားသောက်၍ ဖြစ်သွားကြသည်။ စားသောက်ပြီးသောအခါ မောင်တင်ဦးက ပြန်လည်သိမ်းဆည်းနေစဉ်မှာ မောင်တင်အုံး က သူ့ မိုးကာအင်္ကျီကို မာလာဒေ၀ီအား လှမ်းပေးသည်။
" ဘာလုပ်ဘို့လဲ မောင်ငယ် " မာလာဒေ၀ီက မေး၏။
" မမ အဲဒီ မိုးကာကိုဘဲ ၀တ်ထားပြီး မမကိုယ်က ရေစိုအ၀တ်တွေကို ရေညှစ်ပစ်လိုက်ပါလား။ ရေစင်သွား ရင်ရွှဲရွှဲစိုနေတာထက်တော့ တော်သေးတာပေါ့။ ကျွန်တော်တို့ ချုံအပြင်ထွက်နေပါ့မယ်။ မမ အားနာမနေနဲ့"
စကားဆုံးလျှင်ပင် မောင်တင်အုံးက ...
" လာဗျာ ကိုတင်ဦး" ဟု ခေါ်ကာ ချုံပြင်သို့ ထွက်လာခဲ့ကြသည်။
အမှောင်ထဲမှာဖြစ်၍ သူတို့နှစ်ယောက် သည်လည်း သူတို့ကိုယ်မှ အ၀တ်တွေကိုချွတ်ကာ ရေစင်စင် ညှစ်ပြီးမှ ပြန်ဝတ်လိုက်ကြသည်။ မ၀တ်၍မဖြစ်ချေ။ သွေးစုပ်မည့် တောခြင်ရိုင်းကြီးတွေ၏ ရန်က တမှောင့် ဖြစ်နေသည်။ ကျောပိုးအိတ်တွေထဲမှ အပိုထည့်ယူလာသော အ၀တ်ကလေးများကို ရေညှစ်ဖြန့်ခါ ပြီး ကျောပိုးအိတ်ထဲ ပြန်မထည့်သေးဘဲ လေသလပ်ပြီး ခြောက်တန်သရွေ့ ခြောက်အောင် ချုံပေါ်မှာပင် ဖြန့် လှန်း ထားလိုက်ကြသည်။
" မမရေ ကိစ္စအားလုံး ပြီးပြီလား " မောင်တင်ဦးက အသံပေး၏။
" ပြီးပြီ မောင်ငယ်တို့ လာနိုင်ကြပါပြီ" မာလာဒေ၀ီက တုံ့ပြန်သည်။
" ဒီညတော့ ကင်းတွေဘာတွေ ထားမနေကြပါနဲ့တော့ဗျာ၊ ပင်ပန်းလွန်းအားကြီးတယ်။ ဖြစ်ချင်ရာဖြစ် ပြိုင်တူ ဘဲ အိပ်လိုက်ကြပါစို့"
မောင်တင်ဦးက အဆိုသွင်းသည်။ ကိုတင်အုံးက ထောက်ခံသည်။ ထို့နောက် မိုးကာ တထည်ကို မာလာဒေ၀ီ အား တပိုင်းခင်း တပိုင်းခြုံအိပ်စက်ရန် ပေးလိုက်သည်။ ကျန်မိုးကာ တထည်ကို၊ မောင်တင်ဦး နှင့် မောင်တင်အုံး က မခင်းဘဲ နှစ်ယောက်သား ပူးခြုံလိုက်သည်။
" ဘုရားတန်ခိုးတော် အနန္တကြောင့် ဒီည မိုးမရွာ ပါစေနဲ့ဘုရား"
မောင်တင်ဦးက ဆုတောင်း၏။
" လေတော့ တိုက်ချင်တိုက်ပါ၊ လေတိုက်မှ ချုံပေါ်လှန်းထားတဲ့ အ၀တ်တွေ ခြောက်မယ်"
မောင်တင်အုံးက ဆန္ဒပြုလိုက်သည်။
ထို့နောက် အလွန်အမင်း ပင်ပန်းလာသော သူတို့ သုံးယောက်လုံးသည် ဖြစ်ချင်ရာဖြစ် ဟူသော စိတ်ကို ထားကာ အိပ်လိုက်ကြရာ၊ အိတ်လျော့လိုက်သည်နှင့် တပြိုင်တည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားကြ လေတော့သည်။
နောက်တနေ့ သူတို့ အိပ်ရာက နိုးလာသော အချိန်ဝယ် မိုးကောင်းကင်သည် ကြည်လင်သာယာလျက် ပူနွေး သော နေရောင်ခြည် က ချစ်စဖွယ် တောက်ပနေသည်ကို တွေ့ရသောအခါ များစွာ ၀မ်းသာမိကြလေ သည်။
" ဒီနေရာမှာ သိပ်ကြာကြာ မနေချင်ကြနဲ့ မောင်ငယ်တို့၊ သူတို့တတွေက ယုံရတာ မဟုတ်ဘူး၊ ချောင်းကူး လိုက်လာ လို့ ဒုက္ခဖြစ်ကြမယ်။ ဝေးဝေးလံလံ မလိုက်ရင်တောင် ရာသီဥတုသာတော့ ဒီဘက် ချောင်းကမ်းပါး လောက် ရောက်ချင်ရောက်လာမှာ ရေကူးသိပ်သန်တဲ့လူတွေ"
မာလာဒေ၀ီ က သတိပေးသည်။
တညတာ နှစ်ခြိုက်စွာ အားပါးတရ အိပ်စက်အနားယူလိုက်ရပြီဖြစ်၍ သုံးယောက်လုံး လန်းဆန်း နေကြသည်။ အအေးမိ ကာကွယ်ဆေး သောက်ထား၍လား မသိပေ။ သုံးယောက်လုံး နေထိုင်ကောင်း နေကြသည်။ ညကချုံပေါ်လွှားထားသည့် အ၀တ်တွေက တညလုံး လေသလပ်ခြင်းဖြင့် အတော်အသင့် အခြေအနေ ကောင်းနေသည်။ ရေစင်စင်ညှစ်ပြီး ပြန်ဝတ်ထားသော သူတို့ကိုယ်ပေါ်မှ အ၀တ်တွေကလည်း တညလုံး သူတို့ကိုယ်ငွေ့ကြောင့် အတော်အသင့် ခြောက်နေပေပြီ။
ခရီးထွက်ရာမှာ ခြေလှမ်းသွက်စေရန် မုံ့ခြောက်မှုန့်နှင့် အသားခြောက်မှုန့်သောက်ရေကို သုံးယောက်သား ဝေပုံကျစံနစ်ဖြင့် သင့်တင့်ရုံ စားသောက်ပြီး လျင်မြန်စွာ သိမ်းဆည်းထည့်သိုကြသည်။ ထို့ နောက် နေရောင် ပွင့်ချိန်မှာ ထိုနေရာကို စွန့်ခွာ၍ ခြေလှမ်းသွက်သွက် ခရီးပြင်းနှင်ခဲ့ကြ၏။
နေမွန်းတည့်ချိန်တွင်ကား တမနက်လုံး သာယာကြည်လင်ခဲ့သော မိုးကောင်းကင်သည် ချက်ခြင်းပင် မင်အိုး မှောက်ချ လိုက်သလို တမိုးလုံးမဲလာသည်။ တက်လာသော မိုးတိမ်တွေနှင့်အတူ မိုးသက်လေပြင်းကပါ အစွမ်းပြလာသည်။
" ခိုလှုံစရာတော့ အမြန်ဆုံးရှာမှ၊ ဒီတခါ ခြောက်ပြီးသားလေးတွေ ပြန်စိုရင်ခက်မယ်"
" ဟုတ်တယ် ... ဟောစို တောင်ကမ္ဘားယံ ကလေးကို ကပ်ရင် မကောင်းဘူးလား "
သူငယ်ချင်းနှစ်ယောက် တောင်ကမ္ဘားယံဆီ လှမ်းကြည့်ပြီး ...
" မမရေ ... မြန်မြန်လာ ... "
ဟု ခေါ်ကာ တောင်ကမ္ဘားယံဆီ အပြေးလာခဲ့ကြသည်။ မာလာဒေ၀ီကလည်း သူတို့ ခြေမှီအောင် ပြေးလိုက် ရှာပါသည်။
" အောက်ခြေမှာ မနေနဲ့ မောင်ငယ်တို့ အပေါ်ရောက်အောင်တက်ကြ"
တောင်ကမ္ဘားယံ အခြေမြေကြီးကိုကြည့်ပြီး မာလာဒေ၀ီကပြောသည်။ အကြောင်းရှိ၍ ပြောခြင်းဟု စဉ်းစား မိသော မောင်တင်ဦး နှင့် မောင်တင်အုံးတို့ကလည်း ပြန်မေးမနေတော့ဘဲ တောင်စောင်းတလျှောက် ပေါက် နေသော သစ်ပင်များကို ဆွဲကိုင်အားပြုကာ ကမ္ဘားထိပ်ပေါ် ရောက်အောင်တက်ကြသည်။
" အပေါ်ကနေပြီး ကြိုးချပေးမယ် မမ "
မောင်တင်ဦးက တွယ်တက်နေရာမှပြော၏။
" ကိစ္စမရှိဘူးမောင်ငယ် မမ လိုက်နိုင်တယ် "
မာလာဒေ၀ီက ပြောကာ သူ့မောင်ငယ် နှစ်ယောက်နည်းတူ သစ်ပင်တွေကို ဖက်တွယ်ဆွဲကိုင်ကာ တက် လိုက်လာသည်။ ကမ္ဘားယံထိပ် ရောက်ကြသောအခါ မိုးလုံမည့်နေရာကို ကပျာကသီရောက်ကြသောအခါ မိုးလုံမည့် နေရာကို ကပျာကသီရွေးကြရသည်။ ကမ္ဘားအစွန်းတွင် ကြီးမားသော ကျောက်တုံးကြီးနှစ်တုံးက ကမ္ဘားအစွန်းတွင် ကြီးမားသော ကျောက်တုံးကြီးနှစ်တုံးက ကမ္ဘားအောက်ဖက်ကို ခပ်မိုးမိုး အနေအထားဖြင့် တဖက်ရပ် တဲငယ်အမိုးသဖွယ် ဖြစ်နေသည်ကိုတွေ့ရ၍ ထိုကျောက်တုံးကြီးနှစ်ခု ဆိုင်နေသော အောက်သို့ သုံးယောက် စလုံး ၀င်လိုက်ကြည်။
သူတို့သုံးယောက် ကျောက်တုံးကြီးအောက် ရောက်မိသည်ဆိုလျှင်ပင် တဝေါဝေါ မြည်လာသည် မိုးသက် လေပြင်းအသံနှင့်အတူ မိုးက သည်းထန်စွာ ရွာချလိုက်၏။ ကျောက်တုံးကြီးနှစ်တုံး အကာအကွယ်ကြောင့် တကြောင်း၊ မိုးကာတွေ ခေါင်းမြီးခြုံထား၍တကြောင်း သူတို့သုံးယောက်လုံး မိုးလုံးဝမစိုကြပေ၊သူတို့နေရာ ကား ကမ္ဘားအောက်ခြေမှ အထက်ပေသုံးဆယ်နီးပါးမျှမြင့်၍ ပတ်ဝန်းကျင်တ၀ိုက်ကို အထက်စီးအနေဖြင့် အတော် လှမ်းလှမ်း ကြည့်နိုင် မြင်နိုင်၏။
ညနေစောင်းလော်တွင် မိုးစဲသွားပြီး နေခြည်ဖျော့ဖျော့ကလေးက ဖြာဆင်းလာသည်။
" ကဲ အခုစားမဲ့ ညစာကတော့ ရိက္ခာအကြွင်းအကျန်အကုန်ဘဲ"
မိုးစဲသွားပြီဖြစ်၍ မိုးကာကို ဘေးဖယ်ကာ မောင်တင်ဦးက ကြွင်းကျန်သရွေ့ စားစရာကလေးကို ထုတ်ပေး လိုက်၏။ မောင်တင်အုံးက စားသောက်စရာကို မကြည့်သေးဘဲ မှန်ပြောင်းဖြင့် ပတ်ဝန်းကျင်ကို လှမ်းကြည့် နေရာမှ -
" ကိုတင်ဦး ဟောဟိုမှာ ရွာကလေးတရွာတော့တွေ့တယ်။ ဒီနေရာကဆိုရင် ဆယ့်ငါးမိုင် ကျော်ကျော် လောက်ဘဲရှိမယ်ထင်တယ်၊ ခင်ဗျားအိမ်မြှောင်ထုတ်စမ်းဗျာ၊ အရပ်လေးမျက်နှာသိရအောင် "
ဟုပြော၏။ မောင်တင်ဦးက အိမ်မြှောင်ကို ထုတ်သည်။ မောင်တင်အုံးတွေ့သည်ဆိုသော ရွာကလေးမှာ သူတို့ရှိနေရာ အရှေ့မြောက်ဆီလောက်မှာ တွေ့နေရသည်။
" ကျွန်တော် သစ်ပင်ပေါ် က တွေ့ခဲ့ရဘူးတဲ့ မမတို့ စခန်းမျိုးဖြစ်နေပါအုံးမယ်" ဟု မောင်တင်ဦးကဆိုသည်။
" ဒါကတော့ အကောင်းနဲ့ဘဲ တူပါတယ်လေ"
မောင်တင်အုံးက ပြန်ပြောသည်။
" အင်း အရှေ့ မြောက်ဘက်မှာ ဆိုတော့ ကျွန်တော်တို့ တိုင်းပြည်အတွင်းထဲမှာဘဲ၊ နယ်စပ်နဲ့ဝေးတော့ အကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လို သဘောရလဲ၊ အခု ခရီးဆက်ချင်သလား"
မောင်တင်ဦးကမေး၏။
" ဆက်ရင် ဘယ်လိုနေမလဲ" မောင်တင်အုံးက ပြန်ပြီးမေးခွန်းထုတ်၏။
ထိုအခိုက် သူတို့စကားကို ငြိမ်သက်စွာ နားထောင်နေသောမာလာဒေ၀ီက ပြောသည်။
" အခု နေ၀င်တော့မယ် မောင်ငယ်တို့၊ ဒီညအဖို့ ဒီနေရာက အောက်ကိုဆင်းဘို့ လုံးဝမသင့်လျော်ဘူး၊ မောင်ငယ် တို့ကို ကမ္ဘားယံ အခြေမှာ မနေဘဲ ကမ္ဘားထိပ် ရောက်အောင် တက်ကြလို့ မမပြောခဲ့တာ အဓိပ္ပာယ် ရှိတယ်"
ဆက်ရန်
.

2 comments:
plt htun : i am 1st :)
Thank you
Post a Comment