Sunday, March 6, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၆)

အခန်း(၄)
မိဘထီ

ကျွန်တော်က မိဘထီ လည်းပေါက်ခဲ့သူပါ။
ကျွန်တော်က မွေးကတည်းကပေါက်မည့်ထီလက်မှတ်နှင့် မွေးလာခဲ့သူဖြစ်သည်။ ကျွန်တော်၏ ကလေးဘ၀ စိတ်ကူး အိမ်မက်များအတိုင်း ဖြစ်လာခြင်းမှာ ဤသို့မိဘကံကောင်းခဲ့ ခြင်းကအဓိကအကြောင်းဖြစ်သည်။

ကျွန်တော်မိခင်မှာ ဇွဲလုံ့လအလွန်ကြီးမားသည့် ရှေးဆန်သောအင်္ဂလိပ်ဆရာမကြီးတစ်ဦး ဖြစ်သည်။ စည်းကမ်း အလွန်ကြီးသည်။ သူသည် သူ့တပည့်ကျောင်းသားများအတွက် အလုပ်ကို အလွန်လုပ်သည်။ သူ့ကျောင်းသား များကိုလည်းအပြင်းအထန် ကြိုးစားစေသည်။ ကျောင်းသား မိဘများက ဆရာမသည် သူ့တပည့် တွေအပေါ်မှာ မျှော်လင့်ချက်ထားလွန်းသည်ဟု ညည်းညူပြော ဆိုကြသည်။ သို့ရာတွင် သူက ထို အပြောအဆို မျိုးကို ခံနိုင်သည်။ ကျွန်တော်သည် သူ့သားတစ်ယောက် အနေဖြင့် ကျွန်တော် မိခင်၏ မြင့်မားသော မျှော်လင့်ချက်များနှင့် ပတ်သက်သည့် အကြောင်း တစ်ခုနှစ်ခု ကို သိထားသည်။ ထို့သို့ ကျွန်တော့် မိခင်မျှော်လင့်ချက်ကြီးခဲ့ခြင်း သည်ပင်လျှင် ကျွန်တော်အဖို့ ကံကောင်းခြင်းပင် ဖြစ်သည်။

ကျွန်တော်ဖခင် သည် ဒုတိယကမ္ဘာစစ်အတွင်းက ဆေးဝါးကျွမ်းကျင်သူအဖြစ် ဘာ့လ်ဂ်ျ တိုက်ပွဲတွင် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်သည်။ သူသည်ပြည်ပမှ အမေရိကန်နိုင်ငံ အတွင်းသို့ ၀င်ရောက်လာကြသူများ၏ ကလေးငယ် များအား အင်္ဂလိပ်စာသင်ပေးသည့်၊ အမြတ်အစွန်းအတွက် မဟုတ်သောအဖွဲ့တစ်ဖွဲ့ကို တည်ထောင် ခဲ့သည်။ သူ၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းအနေဖြင့် မူဘောလ်တီမိုး မြို့တွင်းပိုင်း၌ မော်တော်ကား အာမခံများ ရောင်းသည့် စီးပွားရေးလုပ်ငန်း ကလေး တစ်ခုကိုလုပ်ကိုင်သည်။ သူ၏ ဖောက်သည် အများစု မှာ ဆင်းရဲသော သူများဖြစ်ကြပြီး ကြွေးဆုံးသည့် သမိုင်းရှိသူများ ဖြစ်ကြသည်။ ဘာမှ သိပ်ရှိကြသူ များလည်း မဟုတ်ကြပေ။ သူသည် ထိုသူများအား အာမခံထားနိုင်အောင် နှင့် လမ်းပေါ်မှာ သွားလာ နိုင်အောင် နည်းလမ်းရှာပေးခဲ့သည်။ ကျွန်တော့် ဖခင်သည် ကျွန်တော် ၏ သူရဲကောင်း ဖြစ်သည် ဟု ပြောနိုင် လောက်သော အကြောင်း အမြောက်အမြား ရှိပေသည်။

ကျွန်တော် သည် မာရီလန်းပြည်နယ် ကိုလံဘီယာတွင် လူလတ်တန်းစား မိသားစု အတွင်း၌ ခြေမွေး မီးမလောင် လက်မွှေးမီးမလောင် ကြီးပြင်းခဲ့သူဖြစ်သည်။ ကျွန်တော်တို့ အိမ်တွင် ပိုက်ဆံ ဟူသော အရာ သည် ဘယ်အခါတွင်မှ ပြဿနာမဟုတ်ခဲ့။ ထိုသို့မဟုတ်ခဲ့ခြင်းမှာလည်း ကျွန်တော် မိဘများက များများ စားစား သုံးစရာဟူ၍ မမြင်ခဲ့ခြင်းက အဓိကအကြောင်းဖြစ်သည်။ ကျွန်တော် မိဘများသည် အလွန် စစ်စီ ကြသူများ ဖြစ်သည်။ ညစာကိုအပြင်ထွက်စားရသည်ဟု ရှိခဲလှသည်။ ရုပ်ရှင်ဆိုလျှင်လည်း တစ်နှစ်တွင်မှ တစ်ကြိမ် နှစ်ကြိမ် လောက်သာကြည့်ကြရ၏။ ရုပ်မြင်သံကြားကို ကြည့်ရင် ပြီးတာပဲကွာဟု မိဘများက ပြောလေ့ ရှိသည်။ စာကြည့်တိုက် သွားတာက ပိုကောင်းသေး၊ ပိုက်ဆံလည်းပေးရတာမဟုတ်ဘူး၊ စာအုပ်တစ်အုပ် ငှားဖတ်ပေါ့ ဟုလည်း ပြောတတ်သည်။

ကျွန်တော် က နှစ်နှစ်သားအရွယ်၊ ကျွန်တော့်အစ်မက လေးနှစ်သမီးအရွယ်တွင် ကျွန်တော့်မိခင်သည် ကျွန်တော် တို့မောင်နှမ အား ဆပ်ကပ်ပွဲ သို့ခေါ်သွားသည်။ ကျွန်တော် ကိုးနှစ် သားအရွယ်ရောက်သော အခါ ဆပ်ကပ် ကြည့်ချင်ပြန်သည်။ သို့ရာတွင်အမေပြော၏ မင်းသွားဖို့မလို တော့ဘူးလေ၊ မင်း ဆပ်ကပ် ကြည့်ဖူးပြီ ပဲ တဲ့။

ယနေ့ခေတ်မျက်စိ နှင့် ကြည့်လိုက်လျှင်ကား ဖိနှိပ်ချုပ်ချယ်သည်ဟု ထင်စရာရှိသည်။ သို့ရာတွင် ကျွန်တော် ၏ ကလေးဘ၀ သည် တကယ်ပင်ပျော်စရာ ကောင်းပေသည်။ ကျွန်တော် ကိုယ့်ဘာသာ ပြန်ကြည့် မိသည့်အခါ ကျွန်တော့်မှာ မယုံနိုင်လောက်သည့် အထောက်အပံ့ကောင်း ရခဲ့သည့်သူ တစ်ယောက် ပါကလား ဟု တွေးရပေသည်။ အဘယ့်ကြောင့် ဆိုသော် အရာများစွာမှာ အတော်ပင် မှန်အောင် တွေးနိုင် ကျင့်နိုင် သော မိဘနှစ်ပါး ကို ရရှိထားခဲ့ခြင်းကြောင့်တည်း။

ကျွန်တော်တို့သည် များများစားစား ၀ယ်ခြမ်းခြင်းမျိုး မရှိကြ။ သို့ရာတွင် တွေးတော စဉ်း စားသည်ကတော့ ဘာမျှ မကျန်။ အရာတိုင်းကို စဉ်းစားသည်။ ဤသို့ဖြစ်ခြင်းမှာလည်း လက်ရှိ ဖြစ်ပျက်နေသော အရာများ၊ သမိုင်း၊ ကျွန်ုပ်တို့၏ နေထိုင်မှုဘ၀ အစရှိသည်တို့အပြင် အစစ အရာရာကိုသိချင်လှသည့် ကျွန်တော် ဖခင် ၏ အရာရာကိုသိချင်သည့် ရောဂါ ကူးစက်လာခြင်း ကြောင့် ဟုဆိုရမည်။ ကျွန်တော်ကြီးလာသည့် အခါ စဉ်းစား ကြည့်သော အခါ မိသားစုနှစ်မျိုးရှိကြောင်း တွေ့ရသည်။

၁။ ညစာကိုပြီးမြောက်အောင်စားရန် အဘိဓါန်လိုသည့် မိသားစုများ။
၂။ ထိုသို့မလိုသည့်မိသားစုများ ဟူ၍ဖြစ်သည်။

ကျွန်တော် သည် မိသားစုမှာနံပါတ်၁မိသားစုမျိုး ဖြစ်သည်။ ညတိုင်းနီးပါးကျွန်တော်တို့ သည့်အဘိဓါန်ကို ကြည့်ရင်းဖြင့် သာလျှင် အဆုံးသတ်ကြသည်။ အဘိဓာတ်ကိုထမင်းစားပွဲမှ ခြောက်လှမ်းလောက် ဝေးသော နေရာရှိ စင်ပေါ်တွင်ထားသည်။ မင်းတို့မှာ မေးစရာမေးခွန်းရှိရင် အဖြေကိုအဘိဓါန် ထဲမှာ ရှာပေါ့ဟု မိဘ များက ပြောလေ့ရှိသည်။
ကျွန်တော်တို့အိမ် မှာ လူပျင်းများလို ၀ိုင်းထိုင်နေကြပြီး ဟိုတွေးသည်တွေး လုပ်နေတာမျိုး ဘယ်တော့မှ မရှိကြ။ ကျွန်တော် တို့က ထို့ထက်ပိုကောင်းသောနည်းကို သိထားကြသည်။ စွယ်စုံ ကျမ်းကိုဖွင့်ထားမည်။ အဘိဓါန် ကိုဖွင့်ထားမည်။ စိတ်ကို ဖွင့်ထားမည်။

ကျွန်တော့် ဖခင်သည် ပုံပြောအလွန်ကောင်းသူ ဖြစ်သည်။ သူက ပြောလေ့ရှိသည်။ အကြောင်း တစ်ခု ကြောင့် ပုံများကို ပြောသင့်သည်တဲ့။ သူသည်ရယ်ရွှင်ဖွယ် အဖြစ်အပျက်များကို စာရိတ္တပြုပြင်ရေး ပုံပြင် တစ်ခု အဖြစ်သို့ရောက်အောင် ပြောတတ်၏။ ထိုသို့သော ပုံများကို ပြောရ မည်ဆိုလျှင် ကျွန်တော်ဖခင် သည် ၀ိဇ္ဇာဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် သူ၏ပုံပြောနည်း များတွင်နစ်နေခဲ့သည်။ ထို့ကြောင့်ပင် ကျွန်တော် အစ်မ တစ်မီ က ကျွန်တော်၏ နောက်ဆုံးဟောပြောချက် ကို အွန်လိုင်းတွင် ကြည့်ရသည့်အခါ သူသည် ကျွန်တော် ပါးစပ်လှုပ်ရှား နေတာကိုသာ မြင်ရပြီး ကျွန်တော်အသံမဟုတ်သည့် အသံကို ကြားနေရခြင်း ဖြစ်သည်။ သူကြားရသည့် အသံက ကျွန်တော်ဖေဖေ့အသံ ဖြစ်နေသည်။

ကျွန်တော်သည် ကျွန်တော့်ဖေဖေ၏ လက်ရွေးစင်ပုံပြောနည်းကို တစ်ခုနှစ်ခုမက ပြန်လည်၍ သုံးကာ ပြောနေကြောင်း ကျွန်တော်အစ်မ က သိလေသည်။ ကျွန်တော်ကလည်း ထိုအချက်ကို မငြင်းပါ။ အမှန်ပင် ကျွန်တော် သည် တစ်ချက်တစ်ချက် ၌ စင်ပေါ်တွင် ကျွန်တော် ဖေဖေ ကို တင်ပေးထားသလို ဖြစ်နေ ပါသည်။

ကျွန်တော်သည် နေ့စဉ်နေ့တိုင်း ဆိုသလိုပင် လူများနှင့် စကားပြောသည့်အခါ ၎င်းတို့ အား ကျွန်တော့် ဖခင် ပြောခဲ့သော စကားများကိုပြန်လည်ကိုးကား၍ ပြောလေ့ရှိ၏။ ထိုသို့ပြုရခြင်း အကြောင်း တစ်ကြေင်း မှာ လူတစ်ယောက်သည် မိမိသိထားသော အတွေးအမြင်ကို ပြောလိုက်သည် ရှိသော် အခြား သူများက လက်မခံချင်တတ်ကြပေ။ တတိယလူတစ်ဦး ၏ အတွေး အမြင်ကို ပြောလိုက်သည့် အခါတွင်မူ ပြောသူ မှာ မာန်ဝင့်သည့် ဟန်မျိုးနည်းသွားပြီး ထိုသူ၏ စကားသည် လက်ခံချင်စရာ ဖြစ်သွား တတ်သော ကြောင့် ဖြစ်ပေသည်။ တကယ့်တော့လည်း သင့်မှာ သင့်နောက်တွင် ကျွန်တော်ဖခင်လို လူမျိုး ရှိနေ ပါလျှင်လည်း သင်သည် ထိုပုဂ္ဂိုလ်၏ ပြောစကားမျိုးကို မကိုးကားဘဲ နေနိုင်မည် မဟုတ်ပါ။ အခွင့် ရသမျှ ကိုးကား ပြောဆို မိမည်သာ ဖြစ်ပါသည်။

ကျွန်တော့်ဖခင် က ကျွန်တော်ဘ၀ခရီးလမ်းတွင် မည်သို့မည်ပုံ အပေးအယူညှိနှိုင်း ဆွေးနွေးယူသွားရမည် ဖြစ်ကြောင်း ကို အကြံပေးလေ့ရှိသည်။ သူပြောတတ်သည့်စကားများမှာ ဤသို့ဖြစ်၏။ ဆုံးဖြတ်ချက်ကို မချရင် မဖြစ်တဲ့ အချိန်ကျမှ ချကွ သူကဤသို့လည်း သတိပေး၏။ အလုပ်ထဲမှာဖြစ်စေ ဆက်ဆံပေါင်းသင်း ရာမှာ ဖြစ်စေ ကိုယ်က အားကြီးသည့် အနေအထားများ ရောက်နေသည့်ဆိုဦးတော့ ကိုယ့်ဖက်က မျှတ ပါစေ ဟူ၍ ဖြစ်သည်။ မင်းက ယာဉ်မောင်းရဲ့ ခုံမှာ ထိုင်နေရတာ နဲ့ မင်းမှာ တွေ့ရာလူကို ဖြတ်ကြိတ် မောင်း သွားခွင့် ရှိတယ်လို့ အဓိပ္ပာယ်မရဘူးကွ ဟုလည်းပြောတတ်ပါသည်။

မကြာသေးခင်က ကျွန်တော်သည် ကျွန်တော့်ဖေဖေ မပြောခဲ့သော စကားကိုပင်လျှင် သူ့စကားဟူ၍ ကိုးကား သုံးမိသွားခဲ့သေးသည်။ ကျွန်တော် ပြောလိုသည့် စကားတိုင်းသည် ကျွန်တော့်ဖခင်ထံမှ ရလာ သော စကားများလိုပင် ဖြစ်နေခဲ့သည်။ ကျွန်တော်ဖခင်သည် မသိတာဟူ၍လည်းမရှိသည့်ပုံ ဖြစ်နေ ပေသည်။

ကျွန်တော်မိခင် ကလည်း အများကြီးသိသူပင်။ ကျွန်တော်ဘ၀တစ်လျှောက် လုံးတွင် ကျွန်တော်မိခင်သည် ကျွန်တော် ၏ ကိုယ့်ကိုယ်ကိုယ် ယုံလွန်း တတ်ခြင်းကို ထိန်းပေးဖို့မှာ သူ၏တာဝန်တစ်စိတ်တစ်ပိုင်း ဟုပင် ခံယူ ထားသည်။ ယခုပြန်ကြည့်သော် ကျွန်တော် သည်ထိုအတွက် များစွာကျေးဇူးတင်ရပေသည်။ ယနေ့ အချိန် အထိတိုင်ပင် တစ်ယောက်ယောက်က ကျွန်တော် ဟာ ကလေးဘ၀တုန်းက ဘယ်လို နေသလဲဟု မေးလာခဲ့လျှင် သိလွယ်မြင်လွယ်ဖျတ်လတ်မှုတော့ ရှိပါရဲ့၊ ဒါပေမဲ့သူများတကာတွေထက်တော့ သိပ်ပြီး ပိုတော်တာ မျိုးမဟုတ်ပါဘူးဟု ပြောလေ့ရှိသည်။

ယနေ့အခါတွင်မူ ကျွန်တော်တို့သည် မိဘများက သူ တို့သားသမီးများကို ပါရမီရှင်ကြီးတစ်ဦး ပမာ ချီးကျူး ပြောဆို နေကြသော ခေတ်သို့ရောက်နေပေပြီ။ ဤတွင် ကျွန်တော့်မိခင်၏ သိလွယ် မြင်လွယ် ဖျတ်လတ်မှု တော့ ရှိပါရဲ့ ဟူသော စကားကို ဖြည့်စွက် ချက်အနေဖြင့် အနည်းငယ်ဖြည့်စွက်တင်ပြဦးမှ သင့်မည် ထင်သည်။

ကျွန်တော် သည် ပီအိပ်ခ်ျဒီဘွဲ့ယူရန်   the theory qualifier ဟူသော ဘာသာရပ် ကို သင်ယူခဲ့ရသည်။ ကျွန်တော့် ဘ၀တွင် ခီမိုသာရာဖီခေါ် ကင်ဆာရောဂါ အတွက် ဆေးသွင်း ကုခြင်း ပြီးလျှင် ဒုတိယ အဆိုးဆုံး ပင် ဖြစ်သည်။ ကျွန်တော် က  ထို ဘာသာရပ် နှင့်ပတ်သက်၍ မည်မျှခက်ကြောင်း၊ စာမေးပွဲ ကလည်း တကယ်ပင် ခက်လှကြောင်း စသည်တို့ကို ညည်းညူပြောဆိုသည့်အခါ ကျွန်တော့် မိခင် သည် ကိုယ်ကို ညွတ်လျက် ကျွန်တော်လက်မောင်း ကို ပွက်သပ်ကာ ဤသို့ပြောသည်။ သား၊ မင်းစိတ်ထဲမှာ ဘယ်လို ဖြစ်နေတယ် ဆိုတာ မေမေ တို့ သိပါ တယ်၊ မင်းဖေဖေ ဟာ မင်း အရွယ် တုန်းက ဂျာမန်တွေကို တိုက် နေရတာ ကွဲ့၊ အဲဒါကို သားသတိ ရပါ။

ကျွန်တော်ပီအိပ်ခ်ျဒီဘွဲ့ ရပြီးသောအခါ ကျွန်တော့်မိခင်သည် ကျွန်တော်ကိုမိတ်ဆက် ပေးရမှာကို အလွန် ခံတွင်း တွေ့နေတော့သည်။ ဒါကျွန်မသားလေး၊ သူကဒေါက်တာ တစ်ယောက်ပဲ၊ ဒါပေမဲ့လူတွေကို ကူညီ ပေး တဲ့ ဒေါက်တာ တော့ မဟုတ်ပါဘူး။
ကျွန်တော့် မိဘများသည် လူများကို ကူညီရန် တကယ်တန်း ဘာလိုသည်ကို သိထားပြီးသူ များဖြစ်သည်။ သူတို့ သည် အမြဲသဖြင့် သူတစ်ပါးလုပ်ဖူးသော လမ်းက ခွဲထွက်သည့် စီမံကိန်းများကို ရှာဖွေလုပ်ကိုင်သော ထိုလုပ်ငန်း များတွင် ဘ၀ကိုပုံပေးထားခဲ့သူများ ဖြစ်သည်။

ဆက်ရန်
.

4 comments:

Anonymous said...

Thanks sis.
I've never read this article.
Interesting.

Ray

Anonymous said...

အရမ်းဖတ်လို့ကောင်းပါတယ် မမရေ...ကျေးဇူးအများကြီးတင်ပါတယ်။ဆက်ဆက် ဆက်ဆက် ဖတ်ချင်နေတော့တာပဲ။
အနော်

ကာဆင်ကျောက် said...

ဖတ်ရတာကောင်းလိုက်တာနော်....

Angelhlaing(May everybody be happy and healthy! said...

မမရေ..အဆက်မပျက်အားပေးလျှက်ပါ။
အခန်းဆက်လေးများ..စောင့်မျှော်လျှက်..
ကောင်းသောနေ့လေးဖြစ်ပါစေ။