Sunday, March 6, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၂၁)

ကြောက်မက်ဘွယ် မြည်ဟီးထွက်ပေါ်လာသော သေနတ်သံများ၏ နောက်မှဆက်တိုက် ပေါ်လာသော ကျား ဟိန်းသံကြီးများကို မောင်တင်ဦးတို့ ခိုလှုံနေရာ သစ်ပင်အောက်ဆီမှ နီးကပ်စွာ ကြွားလိုက်ရသည်။ ထို့နောက် သေနတ်ကိုင်လူတစု၏ ထိတ်လန့်စွာ အော်ဟစ်သံများမှာ ဆူညံသွားလေတော့သည်။

မောင်တင်ဦး မောင်တင်အုန်း နှင့် မာလာဒေ၀ီတို့က သတိကြီးစွာထားပြီး ချောင်းကြည့်လိုက်ကြသည်။ လူသရဲ တသိုက် နှင့် ကြီးမားသော ကျားကြီးသုံးကောင်တို့ ထွေးလုံးရစ်ပတ်ဖြင့် တိုက်ပွဲဖြစ်နေကြသည်မှာ အသဲနှလုံး တုန်လှုပ်ဘွယ် တွေ့မြင်နေရသည်။ ကြောက်မက်ဘွယ် တိုက်ပွဲကြီး ပြီးဆုံးသောအခါဝယ် ကျား သုံးကောင်လုံး သေနတ်ဒဏ်ရာဖြင့် သေသည်။ လူသရဲတသိုက်မှ လေးယောက်သေသည်။ ခေါင်းဆောင် သရဲကြီး နှင့် လူ ငါးယောက် ဒဏ်ရာရသည်ကို တွေ့ရသည်။

သူတို့ လူစုသည် ကျားသေ နှင့် လူသေတွေကို ဤအတိုင်း ထားခဲ့ပြီး ဒဏ်ရာရသူတွေကို တွဲယူဖေးမကာ လာလမ်းအတိုင်း ပြန်သွားကြသည်။ ဒေါသကြီးစွာ ကြိမ်းမောင်း ရေရွတ်ပြောဆိုသွားကြသည်၊ မောင်တင်ဦး တို့ ပထမဦးစွာ ခိုလုံနားနေခဲ့သော သစ်ပင်ကြီးကား သေနတ်ဒဏ်ရာကြောင့် အရွက်တွေ ကြွေပြတ် သစ်ကိုင်း တွေကျိုးကာ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သစ်ပင်အောက်တွင်ကား လူသေ နှင့် ကျားသေ တွေက စိတ်ချောက်ချား ဘွယ် မြင်ကွင်းဖြစ်နေကြသည်။

" ဒီ ကျားတွေ ဘယ်ကရောက်လာပါလိမ့် "
မောင်တင်ဦးက လူဆိုးတသိုက် တော်တော်ဝေးကွာသွားလေသံဖြင့် ပြော၏။
" ကျားဟိန်းသံကို ဒီသစ်ပင်ခြေရင်းက ကပ်ကြားရတာဘဲ သစ်ပင်ခြေရင်းက ချုံထဲမှာ အစထဲက ကျားတွေ ရှိလိမ့်မယ် သူတို့ အိပ်ပျော်နေလားမှ မသိတာ၊ သေနတ်သံတွေကြောင့် လန့်နိုးပြီး ဟိုလူအုပ်ကို တွယ်တာနဲ့ တူတယ်"
မောင်တင်အုန်းက ထင်မြင်ချက်ပေးသည်။

" ကျွန်မတို့ကို ခုန်မဆွဲတာ ကံကောင်းတယ်နော်" မာလာဒေ၀ီကပြော၏။
" ဟာ ဘယ်ခုန်နိုင်မလဲမမ ကျွန်တော်တို့ ရှိနေတဲ့နေရာဂွဆုံက မြေပြင်ထက် ပေလေးဆယ် ကျော် လောက် ကို မြင့်နေတာဘဲ"
မောင်တင်ဦး က သစ်ပင်ခြေရင်း ငုံ့ာကည့်ပြီး ပြော၏။

" မနက်က ကျွန်တော်တို့ကလဲ ဟို သစ်ပင်ကြီးအောက်ရောက်လာတာ တိတ်တိတ် ဆိတ်ဆိတ်နေပြီး သစ်ပင်ပေါ်ချက်ခြင်းလိုလို တက်ခဲ့ကြတာကိုး၊ ကြာကြာနေမိရင် ဒါမှမဟုတ် ဆက်ပြေးမိရင် သေနတ်စာနဲ့ ကျားစာ တခုခုဘဲဗျ"
မောင်တင်အုံးကပြော၏။
" သူတို့သွားတာ ဘယ်လောက်ဝေးပြီလဲ ကြည့်စမ်းပါအုံး"
မာလာဒေ၀ီ က ပြောရာ မောင်တင်ဦးက မှန်ပြောင်းဖြင့် အသေအချာ လှမ်းကြည့်ပြီး ...
" မမ ချော်လဲခဲ့တဲ့ ကမူနား ရောက်လုနေပြီ" ဟု ပြောသည်။

" ကျားရန် မရှိတော့ရင် ဒီနေရာက ကျမတို့ မြန်မြန်ခွာမှဖြစ်မယ်၊ ကျားသေကို ဖျက်ပြီး အရေရော အသားရော ယူလို့ သူတို့ နောက်တခေါက် ပြန်လာမယ်ဆိုတာရော ဒီသစ်ပင်ကြီးမှာ ကျမတို့ ခြေရာပျောက် သွားတာ မကျေနပ်ဘူး၊ ကျားခြေရာလဲ မတွေ့ဘူး၊ နောက်တခေါက် လူ များများ စုလာပြီး ဒီ ပတ်ဝန်းကျင်မှာ သစ်ပင်တွေပေါ်ပါ တက်ရှာမယ်လို့ ပြောသွားကြတယ်။ ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဖူး ပြေးကြပါစို့"
မာလာဒေ၀ီ က တီးတိုးလေသံဖြင့် သတိပေးသည်။

မောင်တင်ဦး နှင့် မောင်တင်အုံးတို့က ဘာမှ ပြန်လှန်ဆင်ခြေကန် မနေကြတော့ဘဲ သစ်ပင်ပေါ်မှ အမြန်ဆုံး ဆင်းကြ ရလေသည်။ အောက်မြေပြင် ရောက်သည်တွင် မောင်တင်ဦးနှင့် မောင်တင်အုံးက သူတို့ တောစီး ဘိနပ်ကြီးတွေကို ကပျာကသီစီးကြသည်။ သူတို့မှာ ပါလာသော ရှပ်အင်္ကျီတထည်ကို ထက်ပိုင်းဖြတ်ကာ မာလာဒေ၀ီ ၏ ခြေထောက်ကို စီးရန် ပေးသည်။ တော်သင့်ရုံမျှသော ဆူးခလုတ်ကိုခံနိုင်အောင် စီမံခြင်း ဖြစ်၏။ မာလာဒေ၀ီကလည်း သူ့ခြေနှစ်ဖက်ကို လျှင်မြန်စွာ ခိုင်ခိုင် ပတ်စည်းချည်နှောင်လိုက်၏။
" သွားကြစို့ "
မောင်တင်အုံး က နှိုးဆော်၏။

သုံးယောက်သား သစ်ပင်အောက်မှ ထွက်လိုက်ကြသည်။ အိမ်မြှောင်ကိုကြည့်ပြီး အရှေ့အရပ်သို့ ဦးတည် လာခဲ့ကြသည်။ အသက်ဘေး လွတ်လိုသည့်စိတ်ဇောကြောင့် မောရပန်းရမည်ပင် သတိမထားကြတော့ဘဲ တတ်နိုင် သမျှ ခြေကုန်သုတ်လာခဲ့ကြ၏။ ကံအားလျော်စွာ မိုးကမရွာဘဲ အုံ့မှိုင်းရုံမျှသာဖြစ်၍ ခရီး တော်တော် တွင်ခဲ့ကြသည်။ မာလာဒေ၀ီသည် သူ့ကို ကူညီခေါ်လာသူ မောင်တင်ဦး နှင့် မောင်တင်အုံးတို့ နှစ်ယောက် အား စိတ်ဓါတ်ပျက်စေမည့် အားနွဲ့ခွေယိုင်မှုကို မပြလို အံကြိတ်ကာ ကြိုးစားပြီး သူတို့ နှစ်ယောက်ခြေကို အမှီလိုက်ရှာသည်။
"ခြေရာခံ လိုက်ရင်တော့ လွတ်ဘို့ခဲယဉ်းတယ်၊ ချောင်းတခုလောက်တွေ့ရင် ကောင်းမှာ"
ခြေကုန်နှင်နေရာမှ မာလာဒေ၀ီက ပြော၏။

" ချောင်းတွေ့တော့ ရေထဲဆင်း ကူးရမှာလားမမ" မောင်တင်ဦးက မေး၏။
" ဟုတ်တယ် သူတို့က ခြေရာပျောက်ရင် ဆက်လိုက်မှာ မဟုတ်တော့ဘူး၊ ချောင်းတခု လောက်တွေ့လို့ ဟိုဘက်ကမ်းမြန်မြန်ကူးနိုင်မှ လွတ်မှာ "
ထိုအခါ မောင်တင်အုံးက ပြော၏။
" တိရစ္ဆာန်တွေလိုပေါ့ အနံ့ခံလိုက်တတ်ပြီး အနံ့ပျောက်တော့ လက်လျှော့သွားတဲ့ သဘောနဲ့တူပါတယ်"
" ဘာလဲ ဖြစ်ဖြစ်လေ ချောင်းတခုလောက် တွေ့ဘို့အရေးကြီးတယ် မောင်ငယ်တို့"

မာလာဒေ၀ီက မောင်တင်ဦး နှင့် မောင်တင်အုံးကို ပထမဆုံးအကြိမ်အဖြစ် " မောင်ငယ်တို့" ဟူသော အသုံးအနှုန်းကို သုံးလိုက်သည်။ မောင်တင်ဦးနှင့် မောင်တင်အုံးတို့ စိတ်ထဲမှာ ယခုကဲ့သို့ မာလာဒေ၀ီက ခေါ်ဝေါ်သုံးနှုန်းသည်ကို စိတ်ထဲမှာ အလွန်ပင် ကျေနပ်မိသည်။

ချောင်းကမ်း နဖူးထိပ်ဝယ် မာလာဒေ၀ီ ပထမဆုံးငိုကြွေးနေသည်ကို တွေ့ရစဉ်ကပင် သူတို့နှစ်ယောက်လုံး စိတ်ထဲမှာ စင်ကြယ်သန့်ရှင်းသော ကြင်နာစိတ် ပေါ်လာခဲ့ကြ၏။ ယခုသူတို့ ထွက်ခွာရာကို အကြွင်းမဲ့ ယုံကြည် အားကိုးသောစိတ်ဖြင့် မာလာဒေ၀ီ လိုက်လာသောအခါ ကြင်နာရင်းစွဲရှိရာမျာ ပိုပြီး သနားကြ ရသည်။

နိးနီးကပ်ကပ်ကြည့်မျ တစိမ့်စိမ့်အကြည့်ခံနိုင်အောင် ချောမောလှပသည့် ရုပ်ရည်ပိုင်ရှင်မာလာဒေ၀ီကား သူတို့နှစ်ယောက်လုံးထက် အသက်ကြီးရင့်ဟန်ကို အကဲခတ်မိသော်လည်း အလွန်ဆုံးပိုလွန်းပါမှ ငါးနှစ်မျှသာရှိပေမည်။ ထိုမျှ အသက်အရွယ် ကွာခြားရုံဖြင့် မာလာဒေ၀ီ၏ ရုပ်ရည်ကား ရင့်ရော်ခြင်းမဖြစ်ပေ။ သူတို့နှစ်ယောက်နှင့် ရွယ်တူလိုပင် နုပျိုလန်းဆန်းလှ၏။
သို့သော် သူတို့နှစ်ယောက် လက်ခုပ်ထဲကရေ၊ သူတို့နှစ်ယောက် ပြုသမျှ နုရမည်ဖြစ်သော မာလာဒေ၀ီကို သူတို့ နှစ်ယောက်က စိတ်နှင့်ပင် မပြစ်မှားကြပေ။ ဖြူစင်သန့်ရှင်းသော မေတ္တာစေတနာကိုသာ ထားလာ ခဲ့ကြ သည်။

သူတို့နှစ်ယောက်၏ အတွင်းစိတ် သဘောထားကိုလည်း မာလာဒေ၀ီက ရိပ်စားမိဟန်ပေါ်သည်။ ထို့ကြောင့် သာလျှင် တုန့်ပြန်သော မေတ္တာဖြင့် သူတို့ နျစ်ယောက်အား " မောင်ငယ်တို့ " ဟူသော အသုံးအနှုန်းကို အသဲနှလုံးထဲမှ ဖြစ်ပေါ်လာသည့် စေတနာဖြင့် ခေါ်ခြင်းဖြစ်ပေသည်။
" ကြိုးစားကြတာပေါ့ မမရယ်၊ တွေ့လိမ့်မယ်ထင်ပါတယ်"
မောင်တင်ဦးက ဖြေ၏။

" မြန်မြန်လှမ်းကြဟေ့ သူတို့က ဒို့ထက် ခြေသာတယ်နော်"
မောင်တင်အုံးက နှိုးဆော်သည်။
သုံးယောက်လုံး စကားတခွန်းမှ မပြောကြတော့ဘဲ အားခွန်ရှိသမျှ ခြေကုန်နှင်ကြရသည်။
အချိန်မှာ နံနက် ဆယ့်တစ်နာရီ ထိုးလုနေပေပြီ။ မနေ့ညကစ၍ အစားအစာတစုံတရာမှ ၀မ်းထဲမသွင်းခဲ့ရဘဲ အသက်ဘေးကြောင့် ပြေးလမ်းလုလာခဲ့ကြရသည်ဖြစ်ရာ သုံးယောက်လုံး အာခံတွင်းတွေပင် ခြောက်ကာ အသက်ရှူမှားလုမျှဖြစ်နေကြသည်။

မောင်တင်ဦးက မာလာဒေ၀ီကို လှည့်ကြည့်၏။ မာလာဒေ၀ီသည် သူတို့နှစ်ယောက်ခြေလှမ်းကို မှီအောင် အားတင်းအံခဲပြီး လိုက်လာသော်လည်း သူ၏ ချောမော လှပသော မျက်နှာမှာ မောပမ်းနွမ်းနယ်ခြင်း၊ အား အင်ကုန်ခမ်းခြင်း၊ ဆာလောင် မွပ်သိတ်ခြင်းတို့ကြောင့် ရုပ်ဆင်းပျက်လုပင် ဖြစ်နေသည်ကို မောင်တင်ဦးက ကောင်းစွာ အကဲခတ်လိုက်မိ၏။ ထို့ကြောင့် ကြီးမားသော သစ်ပင်ကြီးတပင် အခြေရောက်အောင်သွားပြီး ရပ်တန့် လိုက်၏။

" ကိုတင်အုံး မုံ့မှုန့်နဲ့ အသားမှုန့်နဲနဲတော့ စားလိုက်ကြရအုံးမှ၊ ခြေမသယ်ချင်အောင် အခြေအနေမျိုး ရောက်လာရင် ဒုက္ခတွေ့လိမ့်မယ်"
မောင်တင်ဦးက ပြောပြောဆိုဆို သူ့ကျောပိုးအိတ်ထဲက မုံ့ခြောက် အမှုန့်အိတ်ကို လျင်မြန်စွာ ယူထုတ်ပြီး မောင်တင်အုံး နှင့် မာလာဒေ၀ီကို သင့်လျော်သလောက် အညီအမျှ ဝေပေးသည်။ သူကိုယ်တိုင်လည်း ဝေစု အညီအမျှ အတိုင်းကဗျာအခြေအနေကို သိကြပြီးဖြစ်၍ စကားတခွန်းမှ ပြောဆိုမေးမြန်းခြင်းမပြုဘဲ မုံ့ခြောက်မှုန့်ကို ကဗျာကသီစားကြ၏။ ထို့နောက် မောင်တင်အုံးက သူ့ကျောပိုးအိတ်ထဲက အသားခြောက် အမငန့်ထုတ်ကို ယူပိတ်ပြီး သုံးယောက်သင့်လျော်သလို အညီအမျှ ခွဲဝေစားကြသည်။ ရေဘူးထဲကရေကို ချွေတာ သောက်လိုက်ကြသည်။

ထို့နောက် မောင်တင်ဦးက သူ့တောစီးဘိနပ်ကို လျှင်မြန်စွာ ချွတ်ကာ သစ်ပင်ကြီးပေါ်သို့ မျောက် တကောင်၏ လျင်မြန် ပေါ့ပါးခြင်းမျိုးဖြင့် တက်သွားကာ အရပ်လေးမျက်နှာကို မှန်ပြောင်းဖြင့်ကြည့် လိုက်သည်။ မှန်ပြောင်းထဲမှ မြင်ရသော မြင်ကွင်းကို အသေအချာ မှတ်သားကာ သစ်ပင်ပေါ်မှ လျှင်မြန်စွာ လျှော့ဆင်း လာခဲ့သည်။
" မြန်မြန်ပြေးကြမှ "
မောင်တင်ဦးက တေစီးဘိနပ်ကို လျှင်မြန်စွာ ပြန်စီးရင်းပြော၏။

" ဟိုလူသရဲတွေ လိုက်လာတာ မြင်ရတယ် "
မာလာဒေ၀ီရော မောင်တင်အုံးပါ မျက်လုံးပြူးသွားကြသည်။
" သူတို့ ခြေရာကောက်မိကြပြီလား သိပ်နီးနေပြီပေါ့ "
မာလာဒေ၀ီက ခြေလှမ်းသွက်သွက်ဖင့် အပြေးကလေးသွားရင်းကမေးသည်။

" တနာရီလောက်ကြာရင် မှီနိုင်မယ်ထင်တယ်၊ မမ ဟိုဘက်ကို မပြေးနဲ့ ဒီဘက်ကိုလာ "
သူတို့နှစ်ယောက်ရှေ့က ထိတ်လန့်စိုးရိမ်စွာ အပြေးသွားနေသော မာလာဒေ၀ီကို မောင်တင်ဦးက အသံတိုးတိုး ဖြင့်ပြောသည်။
" ခင်ဗျား သစ်ပင်ပေါ် တက်ကြည့်တာချောင်းတခုခုများ မတွေ့ဘူးလား "
ပြေးလွှားနေကြရင်းကပင် မောင်တင်အုံးက အသံအုပ်ပြီးမေးသည်။
" တွေ့တယ် ကျွန်တော့်နောက်သာ လိုက်ခဲ့ကြပါ"

သုံးယောက်စလုံး စကားမပြောနိုင်ကြတော့ချေ။ အသက်ကို လုရတော့မည်ဖြစ်ရာ မောင်တင်ဦး နောက်သို့သာ မောင်တင်အုံးရော မာလာဒေ၀ီပါ အပြေးကလေး လိုက်ကြရသည်။ ပိတ်ဆီးနေ သော တောချုံ သစ်ပင်တွေကို ခက်ခဲပင်ပန်းစွာ တိုး၍ စူးမိ ထိမိ ခြစ်မိသည့် ဒဏ်ရာ ဒဏ်ချက်တွေကို ဂရုစိုက် မနေအားကြတော့ဘဲ ရှေ့ကိုသာ အတင်းတိုးနေကြရသည်။ တိုးရင်းသွားရင်း နှင့်ပင် နောက်က လိုက် လာသူတွေက နီးသည်ထက် နီးလာနေပြီဖြစ်ကြောင်းကို ကျေးငှက်တွေ၏ လန့်ဖျတ်ပျံသန်းလာသံတွေကို ထောက်ပြီး သုံးယောက်လုံး စဉ်းစားမိကြသည်။

သို့သော် ကုသိုလ်ကံသည် သူတို့သုံးယောက် ဘက်မှ ဖေးကူဟန်တူသည်။ မကျဉ်းလွန်း မကျယ်လွန်းသော တောင်ကျ ချောင်းငယ်တခုက သူတို့ရှေ့မှာ မြင်နေရပြီဖြစ်သည်။ သုံးယောက်စလုံး သေဘေးက " လွတ် တော့မည်" ဟူသော စိတ်ဇောဖြင့် ချောင်းထဲကို အပြေးအလွှား ဆင်းလိုက်ကြ၏။
" ဟိုဘက်ကမ်း မကူးနဲ့အုံး မောင်ငယ်တို့၊ ရေထဲဆင်းပြီး ရေစုန်မျောလိုက်ကြ၊ မမနောက် လိုက်ခဲ့မြန်မြန်"
ရေစပ်မှာ တောစီးဘိနပ်တွေ့လျှင် မြန်စွာချွတ်ခါး၌သိုင်းချီပြီး တဖက်ကမ်းသို့ ကူးတော့မည့် ဟန် ပြင်နေသော မောင်တင်ဦး နှင့် မောင်တင်အုံးကို မာလာဒေ၀ီက အရေးတကြီးတားမြစ်သည်။

မာလာဒေ၀ီသည် ပြောပြောဆိုဆိုပင် ရေထဲလျှင်မြန်စွာ ခုန်ဆင်းကာ ရေစုန်မျှောချသွားသည်။ မောင်တင်အုံးနှင့် မောင်တင်ဦးတို့သည် ရေကူးရန် အရှိန်ပြင်ထားသည်ကို တုံ့ဆိုင်းပြီး စကားသံနှင့်အတူ လျှင်မြန်စွာ ပြုမူသွားသော မာလာဒေ၀ီကို လှမ်းကြည့်လိုက်ကြ၏။ တယောက်ကို တယောက် စောဒကတက်နေရန် အချိန်မဟုတ်ဘဲ အသက်ဘေးလွတ်ရန် တယောက်ပေးသည့် အကြံဥာဏ်ကို နှစ်ယောက်က လိုက်နာကြရမည်ဖြစ်၍ မောင်တင်ဦး နှင့် မောင်တင်အုံးတို့သည် ရေထဲသို့ လျှင်မြန်စွာ ခုန် ဆင်းကာ မာလာဒေ၀ီနောက်သို့ ရေစုန်မျှောလိုက်ခဲ့ကြသည်။

ချောင်းငယ်သည် တောင်ကျချောင်ဖြစ်သည့်အလျောက် ရေစီးက မြန်သည်ဖြစ်ရာ ကိုယ်ကို ဖော့ပြီး ရေစုံ မျှော်လိုက်ခဲ့ကြသော သူတို့သုံးယောက်သည်။ ဆယ်မိနှစ်မျှ အကြာတွင် သူတို့သုံးယောက်ရပ်နေခဲ့သော နေရာမှ တော်တော်ပင်ကွာသော နေရာ ချောင်းအကွေ့တခုသို့ ရောက်လာကြသည်။

ထိုနေရာမှာ ကမ်းစပ်တွင်ပေါက်သော သစ်ပင်ကြီးတပင်မှ ဝေဆာပိတ်ဆီးနေသော အရွက်တွေအပြည့်ဖုံး နေသည့် သစ်ကိုင်းများသည် ချောင်းရေကိုထိအောင် ကိုင်းညွတ်အုပ်မိုးနေသည်။ တသွင်သွင်စီးနေသော ရေအလျဉ်က သစ်ကိုင်းတွေကို တိုက်ခတ်စီးဆင်းနေသည် ဖြစ်ရာ သစ်ကိုင်းတွေက သွက်သွက်ခါ လှုပ်ရမ်း နေသည်။ ချောင်းရေဘက်မှာ ရှိနေသော သစ်မြစ်တွေက ရေတိုက်စားထားသည့်အတွက် ကိုင်တွယ်စရာ မြေကြီး မရှိတော့၍ ရေမျက်နှာပြင်ပေါ်မှာ လက်တွေ ယှက်ဖြန့် အုပ်မိုးထားသလိုဖြစ်နေသည်။

ဆက်ရန်
.

3 comments:

Anonymous said...

Thank you

Anonymous said...

အစ်မရေ
ဖတ်လို့ မ၀ဘူး
နဲနဲ ရှည်ရှည်လေး တင်ပေးပါလားဟင်
အဆင်ပြေရင်ပေါ့

ကျေးဇူးတင်စွာဖြင့်

chit su said...

Thank you so much.....