ဖြစ်ရပ်မှန်
ဦးတင်ဦး (ကျူရှင် ဘာသာပြန်)
အမှာစာ
စာပေလောက ဦးမျိုးညွှန့်က ကျွန်တော်အား အင်္ဂလိပ်စာအုပ် တစ်အုပ်ပေးပြီး ဘာသာ ပြန်ပေးဖို့ ပြောပါသည်။ ဘာအကြောင်း ရေးထားသည့် စာအုပ်ပါလဲဟု ဟိုနေရာ သည် နေရာသို့ ကောက်လှန်ကာ မြည်းစမ်းကြည့် လိုက်သည့်အခါ စာရေးသူမှာ လပိုင်း အနည်းငယ်အတွင်းမှာ သေတော့မည့် ကင်ဆာ ရောဂါ သည် ဖြစ်ကြောင်းနှင့် ဤစာအုပ်မှာ စာရေးသူက သူ့အတွေ့အကြုံ ကို ပြန်ပြောသည့်အနေဖြင့် ရေး ထားကြောင်း အကြမ်းဖျင်း နားလည်မိလိုက်ပါသည်။
ရေးထားသည့် အင်္ဂလိပ်စာကလည်း ကျမ်းစာလို စာကြီးပေကြီးဆန်ဆန် ရေးထားခြင်း မဟုတ်သည့်အပြင် အကြောင်းအရာ ကလည်း ကင်ဆာရောဂါသည်၏အကြောင်း ဖြစ်နေသဖြင့် ဦးမျိုးညွှန့် မေတ္တာရပ်ခံချက်ကို ကျွန်တော် လက်ခံ သဘောတူလိုက်ပါသည်။
ကျွန်တော်သမီးကလေးသည် ကင်ဆာရောဂါ နှိပ်စက်ခံရသဖြင့် အသက် ၂၆ နှစ် အရွယ်မျှ ဖြင့် ဘ၀ကို အဆုံးသတ်သွားသည်ဖြစ်ရာ ကျွန်တော်မှာ တွေးမိတိုင်း သမီးကလေးကို အောက်မေ့နှ မြော ဖြစ်နေပါသည်။ ဤစာအုပ်ကို ဘာသာပြန်ပေးရန် ကတိခံမိခဲ့သော အဓိက အကြောင်းမှာ ဤစာအုပ်ကို ရေးသူမှာ သမီးကလေး လိုပင် လူ့ဘ၀ကို သက်တမ်းပြည့်နေခွင့်မရရှာ သူတစ်ဦး ဖြစ်နေခြင်းဖြစ်ပါ၏။
သို့ရာတွင် သူ့စာအုပ်ကို သေသေချာချာ ဖတ်ကြည့်သောအခါ အလွယ်တကူ ကောက် ပြန်၍ မရ လောက်သော ဗန်းစကားများသုံး ရေးထားသည့် အရေးအသားများကို မကြာခဏ တွေ့ ရသည်။ ကျွန်တော် နှင့် စိမ်းသည့် ကွန်ပျူတာ သိပ္ပံပညာရပ်နှင့်ဆိုင်သော အသုံးအနှုန်းများကို လည်း တွေ့ရသည်။ ထို့ကြောင့် ထင်သလောက် လွယ်လွယ်နှင့် မပြီးခဲ့ပါ။ တတ်နိုင်သမျှ စာရေးသူ ပြောသည့် အဓပ္ပါယ်အတိုင်း အမှန် ရောက်အောင် အားထုတ်ရပါသည်။ ကျွန်တော်မှာ အချိန်အား လည်း နည်းသည်ဖြစ်ရာ ကြာကြာ အချိန် ဆွဲပြီး ဘာသာပြန်မည် ဆိုလျှင်လည်း မပြီးဖို့သာ များသည်။ သို့ဖြင့် ၂၀၀၉ ခုနှစ် သင်္ကြန် အလုပ်ပိတ်ရက် အတွင်း ရက်ရှည် အနားရတုန်းမှာ ပြီးစီး အောင် ဘာသာပြန်ခဲ့ရပေသည်။
ကျွန်တော်၏ ဘာသာပြန်ပုံ ကောင်း မကောင်းကို ကျွန်တော် ပြောဖို့လိုမည် မထင်ပါ။ ထိုအတွက် စာဖတ်သူများက မိမိတို့ ဘာသာပင် ဆုံးဖြတ်ကြရန် ဖြစ်ပါသည်။ လိုတာတွေ့လည်း ဖြည့်ဖတ်သွားကြရန် ဖြစ်ပါသည်။
သို့ရာတွင် ဤစာအုပ်ကို ရေးသားသည့် ပါမောက္ခ ရန်းဒေါ့ဖ် ဖရက်ဒရစ် ရန်ဒီပေါက်ရှ် အကြောင်း ဆောင်းပါး ရေးပေးမည် အောက်မေ့ပြီး ကျွန်တော်မြေး အကြီးအား အင်တာနက်ဆိုင် တစ်ဆိုင်သို့ စေလွှတ် ၍ ရန်ဒီပေါက်ရှ် အကြောင်း ရှာယူလာခဲ့ရန် ခိုင်းရပါသည်။ ထိုအခါတွင်မှ ဤစာအုပ် အကြောင်း ကိုလည်းကောင်း၊ ဤစာအုပ်ကို ရေးသာသူ ရန်ဒီပေါက်ရှ် ကွယ်လွန်ပြီး နောက် အကြောင်းအရာများကို လည်းကောင်း ဤစာအုပ်ထဲမှာ ဖော်ပြထားသည်ထက် ပို၍ သိလာ ရပါသည်။
ဤစာအုပ်ထဲ၌ ပေါက်ရှ်၏ မွေးဖွားသက္ကရာဇ် ဖော်ပြထားသော်လည်း ဤစာအုပ်ကို ရေးစဉ် က မသေ သေး၍ သေသည့် လ ရက် နှစ် အတိအကျ မပါပါ။ အင်တာနက်က ကျွန်တော့် မြေးအ ကြီး download လုပ်လာသည့် အထဲတွင်မှ ပါပါသည်။
ပေါက်ရှ်သည် ပင်ဆဲလ်ဗေးနီးယားပြည်နယ် ပစ္စဘတ်မြို့ရှိ ကာနက်ဂီမယ်လွန် တက္ကသိုလ် မှ ကွန်ပျူတာ သိပ္ပံပါမောက္ခ ဖြစ်သည်။ သူတို့ တက္ကသိုလ်တွင် အခါအားလျော်စွာ The last lecture ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပွဲ လုပ်လေ့ရှိသည်။ အကယ်၍ သင်သည် လူ့လောက တွင် နေရတော့မည် မဟုတ်ဟု ဆိုပါစို့။ ထိုသို့သော အခြေအနေတွင် လောကကြီးအတွက် မည်သို့သော မှတ်သားစရာများကို သင် ပြောသွားချင် ပါသနည်း ဟူသော သဘောမျိုးဖြင့် ဟော ပြောမည့် ပုဂ္ဂိုလ်ကို ကမ်းလှမ်းဖိတ်ကြား၍ ဟောပြောစေသော ဟောပြောပွဲမျိုး ဖြစ်ပါသည်။
ရန်ဒီပေါက်ရှ်အား ထိုနောက်ဆုံးဟောပြောချက်ကို ဟောပြောပေးရန် ကမ်းလှမ်းသည့်အခါ လက်ခံ ဟောပြော ခဲ့ရာမှ ဤ The last lecture ဟူသော စာအုပ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ဟောပြောခဲ့၏။ ဟောပြောသည့် ခေါင်းစဉ်မှာ The last Lecture: Really Achieving Childhood Dreams (ကလေးဘ၀ စိတ်ကူးအိပ်မက်များ တကယ် ဖြစ်လာခြင်း) ဖြစ်ပါသည်။
ထိုဟောပြောချက်ကို ဗီဒီယိုရိုက်ပြီး ယူကျုတွင် တင်ရာ ယူကျု၏ လူကြိုက်အများဆုံး ဗီဒီယိုဖြစ်သွားသည်။
ထိုဟောပြောချက်ကိုပင် အကျဉ်းချုံး၍ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် Oprah Winfrey Show အစီအစဉ် မှ နေ၍ ပေါက်ရှ် ဟောပြောထုတ်လွှင့်ခဲ့ရသေးသည်။
ထိုဟောပြောချက်ကို ချဲ့ထွင်ကာ သတင်းထောက် ဂျက်ဖရီး ဇပ်စလိုနှင့် ပူးတွဲ၍ စာအုပ် တစ်အုပ်ရေးရာ The Last lecture ဟူသော စာအုပ်ဖြစ်လာသည်။
ထိုစာအုပ်ကို ဝေါ့လ်ဒစ္စနေး ကုမ္ပဏီပိုင် ထုတ်ဝေသူ Gyperion က စာအုပ်ထုတ်ဝေခွင့် အတွက် ဒေါ်လာ ၆ ဒသမ ၇ သန်း ပေးပြီး ပုံနှိပ်ထုတ်ဝေသည်။ ၂၀၀၈ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ တွင် နယူးယော့တိုင်းမ် သတင်းစာကြီး၏ ရောင်းအကောင်းဆုံး စာအုပ် စာရင်းဝင်သွားသည်။ နယူး ယော့တိုင်းမ် သတင်းစာ၏ ရောင်း အကောင်းဆုံး စာရင်းတွင် သီတင်း ၈၅ ပတ်ကျော် တည်ရှိနေခဲ့ သည်။
ပထမအကြိမ် အုပ်ရေ ၄၀၀,၀၀၀ (လေးသိန်း) ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယခုအခါ အမေရိကန် တစ်နိုင်ငံ တည်း မှာပင် အုပ်ရေ လေးသန်းခွဲကျော် ပုံနှိပ်ထုတ်ဝေထားပြီး ဖြစ်သည။ ဘာသာ စကား ၄၆ မျိုးဖြင့် ဘာသာပြန် ထားပြီးလည်း ဖြစ်ပေသည်။
စာရေးသူ ရန်ဒီပေါက်ရှ်သည်လည်း ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့တွင် အေဘီစီ ၀ါ့လ်နယူးစ်တွင် Person of the Week (သီတင်းပတ်၏ အထူးခြားဆုံးပုဂ္ဂိုလ်) အဖြစ် သတ်မှတ်ခံ ရသည်။
ပေါက်ရှ်၏ The Last Lecture သည် အင်တာနက်တွင် ပထမ တစ်လမှာပင်လျှင် အကြိမ် တစ်သန်းကျော် အကြည့်ခံရသည့် အင်တာနက် 'ဟစ်' ဖြစ်ခဲ့သည်။ ABC ရုပ်သံက The Last Lecture: A Love Story for Your Life ဟူသော ခေါင်းစဉ်ဖြင့် ပေါက်ရှ်အကြောင်း ရုပ်သံ ဇာတ် လမ်းကို Diane Sawyer ပါဝင်သရုပ်ဆောင်လျက် ၂၀၀၈ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် တစ်နာရီကြာ ထုတ်လွှင့်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင်လည်း ပေါက်ရှ်ကို အောက်မေ့သတိရသည့် အထိမ်းအမှတ် The Last Lecture ဖြင့် အထူး အစီအစဉ် ၏ အဆက်အဖြစ် ထုတ်လွှင့်ခဲ့သေးသည်။
ပေါက်ရှ်ကို အနည်းနည်း ဂုဏ်ပြုကြသည်မှာလည်း အောက်ပါအတိုင်း ဖြစ်သည်။
ပစ္စဘတ်မြို့ တော်ကောင်စီက ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့ကို ဒေါက်တာ ရန်ဒီပေါက်ရှ် နေ့ အဖြစ် ကြေညာခဲ့သ့ည်။
တိုင်းမ် မဂ္ဂဇင်းက ၂၀၀၈ ခုနှစ်၊ မေလတွင် ကမ္ဘာ့သြဇာ အလွှမ်းနိုင်ဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်း၌ ပေါက်ရှ်ကို ထည့်သွင်းခဲ့သည်။
ပေါက်ရှ်ကို ၂၀၀၈ ခုနှစ်၏ ပစ္စဘတ်မြို့သားအဖြစ် သတ်မှတ်ခဲ့သည်။
၂၀၀၈ ခုနှစ်၊ မေလ ၃၀ ရက်တွင် နိုင်ငံ၏ လူငယ်များးအတွက် သူ၏ ဆောင်ရွက်ချက် များကို ကျေးဇူး တင်ကြောင်း ဖော်ပြသည့် သမ္မတ ဂျော့ဒဗလျူ ဘွတ်ရှ်၏ စာကို လက်ခံရရှိခဲ့သည်။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ဝေါ့လ်ဒစ္စနေး ကုမ္ပဏီက ရန်ဒီပေါက်ရှိအား ဂုဏ်ပြုသည့် ကျောက်ပြား စိုက်ထူကာ ထိုကျောက်ပြား၌ 'တစ်ခုခုမှာ တော်အောင် လုပ်ပါ၊ သင် အဖိုးတန်လာလိမ့်မည်' အစရှိသော ပေါက်ရှ်၏ စကားကို ရေးသားထားသည်။
ဝေါ့လ်ဒစ္စနေးကုမ္ပဏီက ကာနက်ဂီ မယ်လွန် တက္ကသိုလ်တွင် ဒစ္စနေး၏ ပေါက်ရှ် အမှတ် တရ ဖဲလိုးရှစ်ပညာသင်ဆုကို တီထွင်ပေးလိုက်သည်။ ဘွဲ့ရ ကျောင်းသားနှစ်ဦးကို ထောက်ပံ့မည့် ပညာသင်ဆု ဖြစ်သည်။
The Last Lecture ဟောပြောသည့် နေ့တွင် ကာနက်ဂီ မယ်လွန် တက္ကသိုလ်၏ ကွန်ပျူ တာသိပ္ပံ အဆောက်အုံနှင့် ၀ိဇ္ဇာဘာသာရပ်များ ဌာနတို့ကို ဆက်သွယ်သည့် တံတားကို ပေါက်ရှ် အမည် ပေးခဲ့သည်။
ဤမျှဆိုလျှင် ဤစာအုပ်ကို ရေးသူ ရန်ဒီပေါက်ရှ်နှင့် သူ၏ စာအုပ်အကြောင်းတို့ကို အတော်အတန် သိနိုင် လောက်ပြီ ထင်ပါသည်။
ဤစာအုပ်ကို ရန်ဒီပေါက်ရှ် ကိုယ်တိုင်က ၀တ္ထုရေးဆရာလို ရေးဖွဲ့ထားသည် မဟုတ်၍ သူ့အရှိ အတိုင်းပင် ကျွန်တော် ဘာသာပြန်ပါသည်။ စာရေးသူ၏ ဘ၀မှာ စိတ်ဝင်စားစရာ ကောင်း သလို စာအုပ် တွင် သူပေးခဲ့လိုသော ဘ၀သင်ခန်းစာများကလည်း မှတ်သားဖွယ် ကောင်းပါသည်။ စာဖတ်သူ များသည်။ ဤစာအုပ်မှ တစ်စုံတစ်ရာ ရနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

နိဒါန်း
ကျွန်တော့်မှာ အင်ဂျင်နီယာအတတ်ဆိုင်ရာ ပြဿနာတစ်ခု ရှိနေပါသည်။
ကျွန်တော်တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်လျှင် ကျွန်တော်သည် ကိုယ်လုံးကိုယ်ပေါက် တကယ်လှသူလို့ ဆိုရပါမည်။ သို့သော်လည်း ကျွန်တော် အသည်းမှာက အကျိတ် ၁၀ ခုနှင့် ဖြစ်နေသည်။ နေရဖို့အချိန်မှာ လ အနည်းငယ်မျှသာ ကျန်ပါတော့သည်။
ကျွန်တော်သည် ကလေးသုံးယောက်ဖခင် ဖြစ်၏။ ရထားသည့် မိန်းမမှာလည်း ကျွန်တော့် အိမ်မက်ထဲက အမျိုးသမီး တစ်ဦးပင်။ ကျွန်တော်သည် ကိုယ့်ဘာသာကိုယ် ၀မ်းနည်းနေမည်ဆို လျှင် အလွယ်တကူ ၀မ်းနည်း နေ၍ ရသော်လည်း ထိုသို့ ၀မ်းနည်းနေရုံမျှနှင့် သူတို့အတွက်သော် လည်းကောင်း၊ ကျွန်တော် အတွက်သော် လည်းကောင်း ဘာအကျိုးမျှ ရှိမည်မဟုတ်ပါ။
ထို့ကြောင့် ကျွန်တော်သည် နေရဖို့ နည်းလှတော့၊ သည်အချိန်ကလေးကို ဘယ်နည်း ဘယ်ပုံ ကုန်ဆုံး စေရပါမည်နည်းဟု စဉ်းစားရပါသည်။
တစ်ဖက်က ကြည့်မည်ဆိုလျှင်ကား ကျွန်တော်သည် ကျွန်တော့်မိသားစုနှင့်အတူ ရှိနေကာ သူတို့အား ဂရုစိုက် သွားဖို့သင့်သည် ဟူသော အချက်ကား ထင်ရှားနေပါ၏။ နေရသမျှ အချိန်ကလေးတွင် အချိန်တိုင်း အချိန်တိုင်း ၌ သူတို့နှင့်အတူ ရှိနေကာ သူတို့အား ယုယပိုက်ထွေး လုပ်နေဖို့ သင့်ပါ၏။ ကျွန်တော် သည့်နောက်မှာ သူတို့၏ ဘ၀လမ်းကြောင်း ချောမွေ့သွားအောင် လိုအပ်ရာရာကို လုပ်ပေးသွားဖို့ ရှိပါ၏။
အခြားတစ်ဖက်က ကြည့်ပြန်သောအခါ အထက်မှာကဲ့သို့ ထင်ရှားလှသည့်အချက်ပင် မဟုတ်သော်ငြား၊ ကျွန်တော် သူတို့ကို နောင်အနှစ်နှစ်ဆယ်လောက်အတွင်းမှာ သင်ကြား ဆုံးမ သွားရမည့် အရာများကို သူတို့အား ဤအချိန်တိုကလေးအတွင်း မည်သို့ သင်ကြား ဆုံးမသွားရပါ မည်နည်းဟု စဉ်းစားဖွယ်ရှိသည်။ သူတို့သည် ကျွန်တော် ပြောတာ ဆိုတာတွေကို နားလည် လက်ခံနိုင်လောက်သည့်အရွယ်သို့ မရောက်ကြသေး။ သူတို့က ငယ်လွန်းလှသေးပေသည်။
မိဘတိုင်းသည် မိမိတို့၏ သားသမီးများကို အမှားအမှန် ခွဲခြားနာလည်အောင် သင်ကြား ဆုံးမလ ကြသည်သာ ဖြစ်၏။ အမှားမှန်း အမှန်မှန်း ခွဲခြားသိဖို့ဆိုသည်ကလည်း အရေးကြီးသည် မဟုတ် လော။ တစ်ဖန် ဘ၀တွင် ကြံလာကြရမည်ဟူ၍လည်း သင်ကြား ဆုံးမသွားလိုကြသည်သာ ဖြစ်သည်။ မိဘများသည် ကိုယ့်သားသမီးများကို ကိုယ့်ဘ၀တွင် ကြုံခဲ့ရသည့် ဖြစ်ရပ် ဇာတ်လမ်း များကို သိသွားစေချင်ကြသည်။ ဤသို့ သိစေချင်ကြသည်မှာလည်း ကိုယ့်သားသမီးများသည် မိမိတို့ မိဘများ၏ ဘ၀အတွေ့အကြုံမှ သင်ခန်းစာယူကာ သူတို့၏ဘ၀ကို သူတို့တည်ဆောက် သွားနိုင်ရန်အတွက် ဖြစ်ပေသည်။ မိဘတို့ သဘာဝအတိုင်း ကျွန်တော့် သားသမီးများကို သင်ကြား ဆုံးမသွားလိုသော လိုဆန္ဒကြောင့်ပင်လျှင် ကျွန်တော် သည် ကာနက်ဂီ မယ်လန် တက္ကသိုလ်တွင် 'နောက်ဆုံးဟောပြောချက်' ကို ဟောပြော ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။
တက္ကသိုလ်မှာ ဤသို့သော ဟောပြောချက်များကို ပုံမှန်အားဖြင့် ဗွီဒီယိုတိတ်ခွေဖြင့် မှတ်တမ်းတင် ထားလေ့ ရှိသည်။ ထိုနေ့က ကျွန်တော် ဘာလုပ်နေသည်ကို ကျွန်တော် သိပါသည်။ ကျွန်တော်သည် ပညာရှင် များ ဟောပြောလေ့ရှိသော ဤသို့သော ဟောပြောချက်မျိုးကို ဖုတ်ပူမီး တိုက် ပြုလိုက်ခြင်းမှာ ကျွန်တော့်ကိုယ် ကျွန်တော် ပုလင်းတစ်ခုထဲသို့ ထည့်သွတ်လိုက်သည့် သဘောဖြစ်ပါ၏။ တစ်နေ့သော အခါ တွင် ဤပုလင်းကို လှိုင်းများက ကျွန်တော်သား သမီးများ အတွက် ပင်လယ်ကမ်းသောင်ပေါ်သို့ ပုတ်ခတ် ၍ တင်ပေးလိုက်ကြပေလိမ့်မည်။
အကယ်၍သာ ကျွန်တော်သည် ပန်းချီဆရာတစ်ဦး ဆိုပါက ကျွန်တော်သားသမီးများအတွက် ပန်းချီရေးဆွဲ၍ ထားခဲ့မည် ဖြစ်ပါ၏။ အကယ်၍သာ ကျွန်တော်သည် ဂီတပညာရှင်တစ်ဦး ဖြစ်ပါက ကျွန်တော့်သား သမီးများ အတွက် တေးဂီတဖွဲ့ခဲ့မည် ဖြစ်ပါ၏။ သို့ရာတွင် ကျွန်တော်သည် ပန်းချီဆရာလည်း မဟုတ်၊ ဂီတပညာရှင် လည်း မဟုတ် ဟောပြောပို့ချနေရသည့် ပါမောက္ခတစ်ဦးမျှသာ ဖြစ်ပေရာ ကျွန်တော်သည် သူတို့ အတွက် ဟောပြောချက်ကိုသာ ဟောပြောခဲ့ရပါပေသည်။
ကျွန်တော်သည် ဘ၀သည် ဘယ်မျှပျော်ရွှင်ဖွယ် ကောင်းပုံကို ဟောပြောခဲ့၏။ ကျွန်တော့် တွင် နေရမည့် ဘ၀ အချိန် အလွန်ပင် နည်းနေပြီဖြစ်သည့်တိုင် ကျွန်တော်သည် ဘ၀ကို မည်မျှ တန်ဖိုးထားကြောင်း ဟောပြော ခဲ့၏။ ကျွန်တော်သည် ကျွန်တော့်ဟောပြောချက်ထဲတွင် ရိုးသားမှု အကြောင်း၊ ကိုယ်ကျင့်သိက္ခာ အကြောင်း၊ ကျေးဇူးတရားအကြောင်းတို့ကို ထည့်ပြောခဲ့၏။ ကျွန် တော် နှစ်သက်မြတ်နိုးသည့် အခြား အခြားသော အကြောင်းများကိုလည်း ထည့်ပြောခဲ့သည်။
ထိုသို့ဟောပြောခဲ့ရာ၌ ကျွန်တော်သည် နားထောင်သည့် ပရိသတ် ငြီးငွေ့မှု မဖြစ်အောင်လည်း ကြိုးစား ခဲ့ ပါသည်။
စာဖတ်သူများ ဖတ်ကြရမည့် ဤစာအုပ်သည်ကား ကျွန်တော် ဟောပြောစင်ပေါ်မှာ ပြောခဲ့သည့် (၀ါ) စခဲ့သည့် အကြောင်းအရာများကို ကျွန်တော် ဆက်ရေးသွားခြင်းဟု ဆိုနိုင်ပါ သည်။ ကျွန်တော်အဖို့ အချိန် သည် တန်ဖိုးရှိလှသဖြင့် ထိုအဖိုးတန်အချိန်ကလေးကို တတ်နိုင်သ မျှ ကျွန်တော့် ရင်သွေးကလေး များနှင့်နေရင်း ကုန်ဆုံးစေချင်ပါသေး၏။ ထို့ကြောင့် ကျွန်တော်က ဂျက်ဖရီဇာဆလိုအား ကူပါဦးဟု ပြောရသည်။ ကျွန်တော်သည် နေ့တိုင်း ကျွန်တော် နေထိုင်ရာရပ် ကွက်ထဲမှာ ပတ်ပြီး စက်ဘီစီးသည်။ စက်ဘီးစီးပြီး ကျွန်တော့် ကျန်းမာရေးအတွက် အရေးကြီး သော လေ့ကျင့်ခန်းကို ရယူခြင်းဖြစ်ပါသည်။ စက်ဘီး အပတ်ပေါင်း ၅၃ ပတ် စီးနေရင်း ကျွန်တော်သည် ကျွန်တော်၏ ဆဲလ်ဖုန်းမှနေ၍ ဂျက်ဖရီအား ပြောပြသည်။ သူသည် ထိုပြောချက် များကို နာရီပေါင်းများစွာ အချိန်ကုန်ခံကာ ယခုစာဖတ်သူ ဖတ် ရတော့မည့် စာအုပ်အဖြစ်သို့ ရောက်အောင်ကူညီခဲ့သည်။ (ထိုပြောပြချက်များကို ဟောပြောချက် ၅၃ ဟုပင် ခေါ်တွင်ရနိုင်မည် ထင်သည်။)
ဤစာအုပ်တွင် ပါသည့် မည်သည့်ဇာတ်လမ်း အကြောင်းအရာကမှ သက်ရှိထင်ရှား ဖခင်တစ်ဦးကို အစား ထိုး ပေးနိုင်မည် မဟုတ်ကြောင်းကို ကျွန်တော်တို့ အစကတည်းက အမှန်အတိုင်း သိထားပြီးဖြစ်ပါသည်။
သို့ရာတွင် အင်ဂျင်နီယာ အတတ်ဟူသည် ပြီးပြည့်စုံ ကောင်းမွန်သော အဖြေမျိုးကို ရှာပေးနိုင်သည် မဟုတ်။ အင်ဂျင်နီယာ အတတ်ဟူသည် ရှိသမျှ ပစ္စည်းပစ္စယ ကလေး နှင့် တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခြင်းမျှသာ ဖြစ်သည်။ ကျွန်တော်၏ ဟောပြောချက်သည် လည်းကောင်း ဤစာအုပ် သည် လည်းကောင်း ဖော်ပြပါ ဥပမာအတိုင်း ကျွန်တော် ကြိုးပမ်းကြည့်ခြင်းမျှသာ ဖြစ်ပါသည်။
အပိုင်း (၁) နောက်ဆုံး ဟောပြောချက် ဆက်ရန်
.
.
The Last Lecture
Randy Pausch
.
6 comments:
The Last lecture
ဒီအကြောင်းအရာ အတိုလေးတွေ ဖတ်ဖူးတယ် အစ်မ။
ဒီလို အရှည်တော့ မဖတ်ဖူးဘူး။ ကိုယ် စိတ်ဝင်စားတဲ့ စာဆိုတော့ ဒီအတွဲလေးကို စောင့်ဖတ်လိုက်ဦးမယ်။
မူလစာအုပ်တွေ့ဖူးတယ်..အဲဒီတုန်းက သိတ်စိတ်မဝင်စားလို့ မဖတ်မိခဲ့ဘူး..
ကိုယိတိုင် ဖြစ်လာတော့ စိတ်ဝင်စားချိန် ဘာသာပြန်လေး တွေ့ရတော့ အဆင်ပြေလိုက်တာ..ငါ့နှမများကို ကျေးဇူးတင်ပါ့ဗျာ..
အခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ်..။ စောင့်ဖတ်မယ်နော်..
Longing for next chapter.Thanks for your good choice.
Gyidaw
မမရေ...စိတ်ဝင်စားတယ်။စောင့်ဖတ်နေမယ်ဗျို့။
အနော်
မကြီးရွှေစင်ရဲ့ စေတနာကိုတော့ အရမ်းလေးစားတယ်..။
ကိုယ့်ဖာသာဆိုရင် ဖတ်ဖြစ်မှာ မဟုတ်ဘူး..
အခုတော့ ဖတ်ရတာ အဆင်ပြေလို့ ကျေးဇူးပါ...
Post a Comment