Tuesday, March 1, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁၆)

မောင်တင်အုန်း နှင့် အတူ လိုက်ပါသွားသော အချိန်ကာလသည် လပိုင်းမျှ ကြာချင်လဲကြာမည်။ နှစ်ပိုင်းသို့ ကူးပြီး ကြာချင်လဲ ကြာမည်၊ မည်သို့ပင်ဖြစ်စေ သုံးနှစ်ပြည့်မြောက်သည့်နေ့မှာ သူအသက်မသေသေးလျှင် ကြည်ကြည်နွဲ့ ရှိရာ ရန်ကုန်မြို့ကို ရောက်အောင်လာခဲ့သည်။ ထိုမျှသော ကြာညောင်းသည့် အချိန်ကာလ မှာ ဦးသာညွန့်တို့ အမြင်မှန်တရားကျပြီး မျှတမှန်ကန်သောစိတ် ဖြစ်ကောင်းဖြစ်လိမ့်မည်။

ကြည်ကြည်နွဲ့ အနေဖြင့် ချစ်သူအသစ်မရှာဘဲ သူ့ကိုသာ စောင့်စားနေမည်ဆိုပါက ဦးသာညွန့်တို့ မာန်မကျ ဘဲ မည်မျှပင် ရန်ပြုစေကာမူ မည်သို့ပင်ဖြစ်စေ ရင်ဆိုင်ကာ ချစ်သူ ကြည်ကြည်နွဲ့ကို အရယူမည်။ ကြည်ကြည်နွဲ့ အနေဖြင့် မိဘစကားကို နားယောင်ကာ သစ္စာမဲ့လျှင်လည်း မိန်းမတယောက်အတွက်ကြောင့် ဖြင့် သူ့ဘ၀ကို နစ်မွန်းမှု မဖြစ်စေရအောင် ထိန်းသိမ်းနေထိုင်သွားတော့မည် စသည်ဖြင့် စိတ်ကူး စီမံကိန်း ဆွဲလိုက်သည်။
" ငိုင်လှချည့်လား ကိုတင်ဦးရာ မလိုက်နိုင်ဘူးလား"
ငြိမ်သက်လွန်းနေသော မောင်တင်ဦးကို အကဲခတ် စိုက်ကြည့်နေသော မောင်တင်အုန်းက အသံပေးလိုက် သည်။
" လိုက်မယ် - ကိုတင်အုံး "
မောင်တင်ဦးက ဖြေသည်။

" တကယ်နော် ... "
မောင်တင်အုံးက ၀မ်းသာအားရမေး၏။
" တကယ်ပါ ခင်ဗျားဘယ်တော့သွားမလဲ"
" ကျွန်တော်အားလုံး အဆင်သင့်ဖြစ်ပြီ၊ ခင်ဗျားလိုက်မယ်ဆိုရင်လဲ ခင်ဗျားကိုခေါ်မယ်၊ ခင်ဗျား မလိုက်နိုင်ရင်လဲ ကျွန်တော့်အဖေထားရစ်ခဲ့တဲ့ ဘဏ္ဍာစိုးကို ခေါ်မယ်လို့ ရည်ရွယ်ပြီး လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေ နှစ်ယောက်စာ ပြင်ဆင်ထားပြီးသား၊ ခင်ဗျားဘာမှ လုပ်စရာ မလိုတော့ဘူး၊ တကယ်ဗျာ ကျွန်တော် သိပ်ဝမ်းသာတယ်"
ညီအကို လို ချစ်ခင်သော မောင်တင်ဦးက လိုက်မည်ဆို၍ မောင်တင်အုန်းသည် တကယ်ပင် လှိုက်လှဲစွာ ၀မ်းသာအားရ ဖြစ်နေသည်။

" ဘယ်နေ့လောက် ခရီးထွက်မယ်ဆိုတာ ပြောစမ်းပါအုံး"
မောင်တင်ဦးက သူမေးပြီးသားမေးခွန်းအဖြေမရ၍ ဒုတိယအကြိမ် ထပ်မေးသည်။
" သဘက်ခါ ထွက်မယ်ဗျာ ... ခင်ဗျားအိမ်တံခါး ပိတ်ထားခဲ့ပြီး အခု ကျွန်တော်နဲ့ တခါတည်းလိုက်ခဲ့ပါလား၊ ယူစရာရှိတာယခူခဲ့ပေါ့။ ကျွန်တော့်မှာ မော်တော်ကားပါတယ်။ ခင်ဗျားအဖြစ်က တယောက်ထဲနေလို့ လုံခြုံမှု ရှိမှာလဲ မဟုတ်ဘူး။ ကျွန်တော်နေတဲ့အိမ်မှာ လိုက်နေဗျာ"
မောင်တင်အုံး အစီအစဉ်ကကောင်းသည်။ မောင်တင်ဦးကလည်း သဘောတူသည်။

" ခင်ဗျား စီစဉ်တာကောင်းတယ် အခုချက်ခြင်း တနာရီအတွင်းမှာတော့ ပြီးမျာမဟုတ်ဘူး။ သိမ်းစရာရှိတာ သိမ်း၊ ယူစရာရှိတာ ထုပ်ပိုး အိမ်အပ်ခဲ့ရမဲ့လူကို ပြောရဆိုရအုံးမှာကိုး ခင်ဗျားစောင့်နိုင်မလား ကိုတင်အုံး"
" စောင့်နိုင်ပါတယ်"
" ဒီလိုဆိုရင် ထမင်းစား ကျွန်တော် ထမင်းချက်ပြီးနေပြီ ဟင်းကတော့ ဖြစ်သလိုပေါ့ဗျာ "
ဗမာ နှင့် ပေါင်းကာ ဗမာရည်ဝပြီး ဗမာ ထမင်းဟင်းကို စားသောက်တတ်နေပြီဖြစ်သော မောင်တင်အုံး အကြောင်းကိုသိ၍ မောင်တင်ဦးကပြော၏။
" ဟင်း အရေးမကြီးပါဘူး၊ ကျွန်တော့် ဒရိုင်ဘာ ပါတယ်လေ၊ သူ့ကို ဟင်းဝယ်ခိုင်းမယ် ခင်ဗျားလုပ်စရာ ရှိတာ သွားလုပ်စမ်းပါ။ ကျွန်တော်က ဘာတာဝန်မှ ရှိတာမဟုတ်ဘူး။ ညနေအချိန်ထိ စောင့်ဆိုလဲ စောင့် မယ်"

မောင်တင်အုံးက ပြောပြီး သူ့မော်တော်ကား ဒရိုင်ဘာကို လှမ်းခေါ်ကာ ပိုက်ဆံထုတ်ပေးပြီး ဟင်းဝယ်ခိုင်းလိုက်သည်။
မောင်တင်ဦးသည် လုပ်ဆောင်စရာရှိသည်များကို သွက်လက်လျင်မြန်စွာ လုပ်ဆောင်ပြီး သူ့ ဘခင် ရှိစဉ် ကပင် ခင်မင်ခဲ့သော အိမ်ချင်းကပ်နေသည့် ပင်စင်စားအရာရှိ မိသားစုအား ခရီးရက်ရှည်ထွက် မည်ဖြစ်၍ အိမ်ကို စောင့်ရှောက်ကြည့်ရှုပါရန် သွားရောက်အပ်နှံ မှာကြားလိုက်သည်။ ထို့နောက် ကြည်ကြည်နွဲ့ထံ ပေးရန် စာတစောင်ကို လျင်မြန်စွာ ရေးနေသည်။
မောင်တင်အုံး က ဘာအနှောက်အယှက်မှ မပေးဘဲ။ မောင်တင်ဦး လုပ်ဆောင်နေသမျှကိုသာ ငြိမ်သက်စွာ ကြည့် နေသည်။

နံနက်စာ ထမင်းစားသောက် ပြီးစီး၍ အိမ်အတွက်လည်းကောင်း၊ ယူဆောင်သွားမည့် ပစ္စည်းအတွက်လည်း ကောင်း၊ အားလုံး ပြီးစီးအဆင်သင့် ဖြစ်သောအခါ မောင်တင်ဦးက တအိမ်လုံးရှိ ပြူတင်းပေါက်တွေ တံခါး တွေ ကို သေချာစွာ ပိတ်သည်။ လျှပ်စစ် ဓါတ်ကြိုးတွေအတွက် စိတ်ချရစေရန် ဓါတ်မီးအဖွင့် အပိတ်ခလုတ် ကြီး ကို ချပြီး ပိတ်ထားလိုက်သည်။ ဘုရားကို ဦးချကန်တော့သည်။ မိဘဓါတ်ပုံကို ရှိခိုးသည်။ ထို့နောက် အိမ်ပြင် သို့ ထွက်ကာ တံခါးမကြီးကို ဆွဲပိတ်ပြီး သေချာစွာ သော့ခပ်လိုက်၏။
" သွားစို့ ကိုတင်ဦးရေ "

မောင်တင်အုံးက မော်တော်ကား တံခါးကို ဖွင့်ရင်း အသံပြုလိုက်၏။
" သွားမယ်လေ၊ ကျွန်တော်ဝင်ချင်တဲ့ အိမ်တအိမ် ရှိတယ်၊စာတစောင် ပေးခဲ့ချင်လို့ အဲဒီအိမ် ပို့ပေးအုံး ကိုတင်အုံး"
" သွားလေ ၊ ခင်ဗျားဝင်ချင်တဲ့ အိမ်နေရာကို ဒရိုင်ဘာကို ပြော"
မောင်တင်အုံးက ကြည်ဖြူစွာပင်ပြော၏။ မောင်တင်ဦးသည် ကြည်ကြည်နွဲ့တို့ တုက်ခန်းရှိရာကို မောင်းစေ၏။ ဤအချိန်ကား နေ့လယ် ဆယ့်နှစ်နာရီခွဲအချိန်ဖြစ်သည်။ သူတဦးတည်းမဟုတ်ဘဲ မောင်တင်အုံး နှင့် ကားဒရိုင်ဘာတို့ပါသည်။ ထို့ကြောင့် ဦးသာညွန့်သြဇာခံ လူမိုက်နှစ်ယောက်က မည်သည့် နည်း နှင့်မှ ရာဇ၀တ်မှုကြီးကို ဗြောင်ကျကျ ကျူးလွန်မည်မဟုတ်ကြောင်း မောင်တင်ဦးက အသေအချာတွေး ပြီး သူ ရေးထားသောစာ ကို ပေးခဲ့ရန် ရည်ရွယ်ပြီး သွားခြင်းဖြစ်သည်။

မောင်တင်ဦး၏ အတွေးမှန်သည်ဟု ဆိုရပေမည်။ ဦးသာညွန့်တို့နေရာ တိုက်ခန်းမှာ သံဆွဲတံခါးက သော့ခပ် ထားသော်လည်း တိုက်ခန်းထဲတွင် ဦးသာညွန့်နှင့် ဒေါ်ကြည်သာရှိသည်။ ကြည်ကြည်နွဲ့ နှင့် ခလေး တွေကို မတွေ့ရချေ။

တိုက်ခန်းရှေ့တွင် နိုင်ငံခြားသားပိုင် နံပါတ်ပြား တပ်ထားသော သစ်လွင်တောက်ပသည့် ကားတစီးက ငြင်သာစွာ ထိုးရပ်လိုက်သောအခါ၊ ဦးသာညွန့်နှင့် ဒေါ်ကြည်က အံ့အားသင့်သွား၏။ သို့သော် ကားတံခါးကို ဖွင့်ပြီး ဆင်းလာသူမှာ မောင်တင်ဦး ဖြစ်နေသည်ကို တွေ့ရသောအခါ၊ သူတို့ နှစ်ယောက်လုံး မျက်နှာက အံ့အား သင့်ဟန် ပျောက်သွားပြီး ခက်ထန်တင်းမာ သွားကြသည်။
" ဟေ့ကောင် မင်းလာစရာ အကြောင်းမရှိဘူးကွ၊ ထွက်သွား"

ဤကဲ့သို့သော အချိန်မှာ ဤကဲ့သို့ လာမည်ဟု မမြှော်မှန်းမိသောကြောင့် ဦးသာညွန့်က သူ့ လူနှစ်ယောက် ကို ယနေ့မှ လည်ပတ်ခွင့် ပေးလိုက်မိသည်ကို နောင်တရသောအနေဖြင့် မောင်တင်ဦးကို နှင်၏။
" ကျွန်တော် ကြည်ကြည်နွဲ့နဲ့ တွေ့ချင်လို့ပါ ... ကြည်ကြည်နွဲ့ရေ ... "
မောင်တင်ဦးက ပြောရင်း အသံမြှင့်ကာ ကြည်ကြည်နွဲ့ရှိလိုရှီငြား အော်ခေါ်လိုက်၏။

" ဟေ့ကောင် သွား "
" နင့်သမီး ... "
ဤစကား နှစ်ခွန်းကို ဦးသာညွန့်က ဒေါသသံ၊ စိုးရိမ်သံဖြင့် ဗလုံးဗထွေးပြောလိုက်၏။
ဒေါ်ကြည်က သူ့လင်ကို မျက်စိမှိတ်ပြလိုက်သည်ကို မောင်တင်ဦးက ကောင်းစွာ မြင်လိုက်သည်။
" သြော် ကြည်ကြည်နွဲ့ ရုပ်ရှင်သွားကြည်တယ်၊ မောင်တင်ဦး ညဘက်ကျမှ လာခဲ့နော် သမီးနဲ့ စကားပြောရ အောင်လေ ... "

ဒေါ်ကြည်က ချိုသာသော လေသံဖြင့် ပြော၏။ သံဆွဲတံခါးကိုကား ဖွင့်မပေးချေ၊ သို့သော် ဒေါ်ကြည်၏ မျက်စိမှိတ်ပြခြင်း နှင့် ညအချိန်လာရန် မှာကြားခြင်း အဓိပ္ပါယ်ကို မောင်တင်ဦးက ကောင်းစွာသိသည်။ သူ့ကို လုပ်ကြံဖောက်ဖျက်မည့် အစီအစဉ်ပင် ဖြစ်ပေသည်။ ထိုအခိုက် အတွင်းခန်းထဲမှ ကြည်ကြည်နွဲ့က ပူပုံဟန်ဖြင့် ပြေးထွက်လာ၏။
" ကိုဦး ညဘက်မလာနဲ့ နေ့လဲမလာနဲ့ ကိုဦး သတိထားနော် ... "

ကြည်ကြည်နွဲ့က အရင်းအဖျား မရှိသော စကားကို စိုးရိမ်ပူပန်စွာပြောခိုက်၊ မောင်တင်ဦးက သံဆွဲတံခါး အကြား မှ သူရေးလာသောစာကို ကြည်ကြည်နွဲ့ထံ ရောက်အောင် ပစ်ပေးလိုက်သည်။ စာကို ဒေါ်ကြည်က လုယူနေခိုက် ...
" နွဲ့ရေ ... သုံးနှစ်စောင့်နော် သုံးနှစ် ... "
မောင်တင်ဦးက ကြည်ကြည်နွဲ့ ကြားအောင် ပီပီသသ ပြောပြီး၊ ကားရှိရာပြန်လာခဲ့သည်။ ဦးသာညွန့်က ရာဘာစွပ်ထားသည့် ပိုက်လုံးတို့ကို ကိုင်ကာသံဆွဲတံခါးကို ဒေါသကြီးစွာ ဖွင့်နေဆဲဝယ်၊ မောင်တင်ဦး တက်ထိုင် မိပြီဖြစ်သော မော်တော်ကားက လျင်မြန်သော အရှိန်ဖြင့် တိုက်ခန်းရှေ့မှ ထွက်လာခဲ့လေသည်။
---------------------------

ဆက်ရန်
.

2 comments:

rose said...

မမရွှေစင်... ဆရာမ မ၀င်းမြင့် ၀တ္ထုလေး လာဖတ်ပါတယ်။ ဇာတ်သိမ်းပိုင်းလေး မျှော်နေမယ်နော်။ မမ အချိန်တွေ ပေးပြီး ရိုက်တင် ပေးတာ ကျေးဇူး အထူး။

Anonymous said...

Thanks