မိန်းမဆန်းတစ်ယောက်
Martha Gellhom
Martha Gellhom
မသိင်္ဂံ
မြန်မာပြည်မှာရော၊ ဘယ်နိုင်ငံမှာမဆို လုပ်ငန်းတူ အနုပညာကို တစ်ယောက်ကို တစ်ယောက် ချစ်ကြင် နာစွာ ဖေးမကူညီရင်း နှစ်ဦးစလုံး လုပ်ကိုင်နေကြတဲ့ ဇနီးမောင်နှံတွေ အမြောက်အမြား ရှိပါတယ်။ ဒါပေမဲ့ မယူခင်က တစ်ယောက်ရဲ့ပညာကို တစ်ယောက် လေးစားကျေနပ်နေရာကနေ၊ ယူလည်း ပြီး ရော ခါးခါးသီးသီး ပြိုင်ဘက်တွေဖြစ်သွားခဲ့တဲ့ မောင်နှံကတော့ Hemingway နဲ့ သူ့တတိယဇနီးသည်၊ စစ်သတင်းထောက် war correspondent Martha Gellhom တို့ဖြစ်ပါတယ်။
၁၉၀၈ ဖွား မာသာဂဲလ်ဟော်န်ဟာ နမည်ကျော် ဆရာဝန်ကြီးသမီးဖြစ်ပြီး ချမ်းချမ်းသာသာကြီးပြင်းလာ ခဲ့ပါတယ်။ သူ့မိခင်ကလည်း ထက်မြက်ခေတ်မီသူဖြစ်ပါတယ်။ Bryn Mawr College ကို တစ်နှစ်ပဲ တက်ပြီး သတင်းထောက် အလုပ် စလုပ်ပါတယ်။ foreign correspondent အဖြစ် ပြင်သစ်နိုင်ငံ ပါရီမြို့ မှာ ၂ နှစ်ကျော် နေခဲ့ပါတယ်။ အဲဒီအချိန်က ဖြစ်ပေါ်ခဲ့တဲ့ ဥရောပရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ ပြီး ၁၉၃၄ မှာ အဲဒီလှုပ်ရှားမှုအကြောင်း စာအုပ် What Mad Pursuit ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ပြင်သစ် မှာနေတုန်း စာရေးဆရာမ Collette ရဲ့ သားနဲ့လည်း ချစ်သူဖြစ်ခဲ့သေးတယ်။
သူမဟာ ၁၉၃၆ မှ နာမည်ကြီး Collier's Weekly စာစောင်အတွက် စစ်သတင်းထောက်အဖြစ် Spanish Civil War ကို သတင်းယူခဲ့ပြီး ၁၉၃၈ ခုနှစ်မှာ Hitler အာဏာရှိန် စတက်လာတာကိုရော ဒုတိယကမ္ဘာစစ်ကြီးရော ၁၉၄၄ ဇွန်လ ၆ ရက်က နော်မင်ဒီကမ်းခြေကို အင်္ဂလိပ်တပ် အမေရိကန်တပ်တွေ ဆိုက်ရောက်ရာ D Day မှာရော ၁၉၆၇ အာရပ် အစ္စရေး စစ်ကိုရော ဗီယက်နမ် စစ်အထိပါ ရှေ့တန်း တွေအထိ သွားရောက်သတင်းယူခဲ့ရတဲ့ အလုပ်များ အပါအ၀င် သူမရဲ့စစ်သတင်းထောက် သက်တမ်း ဟာဖြင့် သူမအသက် ၈၀ ကျော်အထိ ကြာရှည်ခဲ့ပါတယ်။ ၀တ္ထုနဲ့ ခရီးသွား စာပေ များ၊ နိုင်ငံရေး သုံးသပ်ချက် စာအုပ်များ ကိုလည်း ရေးခဲ့ပါတယ်။ ၀တ္ထုတွေ ရေးတဲ့အခါ သူကြုံခဲ့ရတဲ့ စစ် သတင်းနဲ့ နိုင်ငံရေး ကိစ္စတွေကို အခြေခံလေ့ရှိပါတယ်။
၁၉၃၆ မှာ ဟဲမင်းဝေးနဲ့ စတွေ့ခဲ့ပေမဲ့ နောက် ၂ နှစ်လောက်ကြာမှ ရင်းနှီးလာပါတယ်။ ၁၉၄၀ ခုနှစ် သူမအသက် ၃၂ နှစ်နဲ့ ဟဲမင်းဝေး အသက် ၄၁ နှစ်မှာ လက်ထပ်ခဲ့ကြပြီး ၁၉၄၄ ဇွန်လ ၆ ရက်က နော်မင်ဒီကမ်းခြေမှာ သတင်းယူတဲ့ ကိစ္စကနေဖြစ်လာတဲ့ မကျေနပ်မှုတွေ ကြီးထွားလာရာက ၁၉၄၅ မှာ တရားဝင် ကွဲ ပါတော့တယ်။ ဟဲမင်းဝေးက ၁၉၄၀ ခုနှစ်ထုတ် For Whom the Bells Toll စာအုပ်ကို မာသာ အတွက် ရည်ညွှန်းခဲ့ပြီး အဲဒီထဲက ဇာတ်ကောင် မာရီယာ ဟာလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် မာသာ ရဲ့ရုပ်ပုံကို အခြေခံပါတယ်။
မာသာ့မှာ ချစ်သူတွေ တော်တော်များများ ရှိခဲ့ပြီး ဟဲမင်းဝေးနောက် ၁၉၅၄မှာ Time မဂ္ဂဇင်းက အယ်ဒီတာချုပ် Tom Matthews နဲ့ လက်ထပ်ခဲ့ရာက ၁၉၆၃ မှာ ကွာရှင်းခဲ့ပါတယ်။ မာသာက အိမ် ထောင် တွေ ပျက်လို့ ၀မ်းမနည်းတဲ့အပြင် လွတ်လပ်ပြီ လွတ်လပ်ပြီလို့ အော်နေမယ့် မိန်းမစားလို့ သူမရဲ့ မိတ်ဆွေ တွေက မှတ်ချက်ချကြပါတယ်။
ဟဲမင်းဝေးရဲ့ ကျန်ဇနီးသုံးယောက်လို ခင်ပွန်းသည်ကို ပြုစုယုယ အလိုလိုက်တာမျိုး၊ မိန်းမပွေတာ၊ အရက်သောက်တာကို သည်းခံပေးတာမျိုးဆို ဝေလာဝေး။ ယောက်ျားကိုထားခဲ့ပြီး ဟိုဟိုသည်သည် သတင်းယူဖို့ကိစ္စ ခရီးတွေလည်း အမြဲထွက်နေရပါတယ်။ မာသာက သူ့အလုပ်သာလျှင် သူ့ဘ၀မှာ အဓိက လို့ မှတ်ယူတဲ့မိန်းမဆိုတော့ ဟဲမင်းဝေးလို လျှမ်းလျှမ်းတောက် ကျော်ကြားနေပြီး ဗိုလ်၊ ဆရာ၊ သခင် လုပ်ချင်သူ နဲ့ အိမ်ထောင်သက် ၄ နှစ်ကျော်မှာ ကွဲကြတာဟာ အံ့သြစရာမဟုတ်ပါဘူး။ အစက တည်းက လက်ထပ် ခဲ့ကြတာကိုသာ အံ့သြစရာလို့ ဆိုနိုင်ပါတယ်။
အောင်မြင်လှတဲ့ ဟဲမင်းဝေးက သူနဲ့ ပခုံးချင်းယှဉ်နိုင်အောင် သတ္တိရှိသူ၊ ထက်မြတ်သူကို ဘယ် လောက်ပဲ ချစ်ချစ် ဘယလောက်ပဲ အထင်ကြီးကြီး ဇနီးအဖြစ် တာရှည်ပေါင်းလို့မရခြင်းဟာ ဘေးလူ တွေအနေနဲ့ နားလည်ပေးနိုင်စရာဖြစ်သလို၊ အရညအချင်းပြည့်ဝပြီး အဲဒီခေတ်ကာလမှာတောင် စစ်သ တင်းထောက် လုပ်ရဲ တဲ့ မိန်းမက ခင်ပွန်းသည်အရိပ်မှာ ရိုကျိုးစွာ မနေနိုင်တာကိုလည်း အပြစ်ပြောလို့ မရပါဘူး။
နှစ်ယောက်စလုံးက သာမာန်ယောက်ျား၊ သာမာန်မိန်းမတွေနဲ့ အရည်အချင်းအရာရော စိတ်ဓာတ်အရ ပါ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် လုံးဝမှမတူတဲ့ လူတွေကိုး။ ဟဲမင်းဝေးက မာသာ့ကို ဒီမိန်းမ လောက် မျှော်မှန်းချက်ကြီးတာ (ambitious ဖြစ်တာ) တစ်ခါမှ မမြင်ဖူးဘူးတဲ့။ မျှော်မှန်းချက်ကြီးသ လောက်လည်း လုပ်ဆောင်ချက်တွေက ဖြစ်မြောက်ခဲ့ပါတယ်။ ကြီးလာတော့ အင်မတန် အောင်မြင်ကြ တဲ့ ခပ်ထက်ထက် အစ်ကို တစ်ယောက်နဲ့ မောင်တစ်ယောက်ကြားက ကြီးပြင်းလာခဲ့ရတဲ့ မာသာက သူ ဒီလို မဖြစ်ခံနိုင်ရိုးလား လို့ ပြောဖူးပါတယ်။
ကျန်ဇနီးတွေက ဟောင်းဟောင်း၊ သစ်သစ် မစ္စက်ဟဲမင်းဝေး အနေနဲ့သာ လူသိကြတာဆိုတော့ ကိုယ် ပိုင် အရည်အချင်း နဲ့ ရပ်တည်နိုင်တဲ့ နာမည်လည်း အတော်ပဲ ကျော်ကြားတဲ့ မာသာက သူ့ကို မစ္စက်ဟဲ မင်းဝေး လို့ ရည်ညွှန်းရင် ဒေါသူပုန်ထတတ်ပါတယ်။ သူ့ကို ဗျူးသူတွေကို ဟဲမင်းဝေးအကြောင်းမမေးဖို့ ကြိုတင် တားထားလေ့ ရှိပါတယ်။ ဒီအထဲက မေးများမေးမိလို့ကတော့ သေဖို့သာပြင်လို့ သတင်းလောက မှာ ပြောစမှတ် ရှိပါတယ်။
၁၉၇၈ ခုနှစ်ထုတ် ခရီးသွားစာအုပ် Travels With Myself and Another ထဲမှာ အိမ်ထောင်ကျစ ၁၉၄၁ တုန်း က တရုတ်ပြည်နဲ့ အာရှနိုင်ငံတခွင် ခရီသွားခဲ့တဲ့အကြောင်း Mr Ma's Tigers ဆောင်းပါး ရှည်ထဲမှာ ဟဲမင်းဝေး အကြောင်း ချစ်ချစ်ခင်ခင် ရေးထားပေမဲ့ UC (Unwilling Companion) ဆိုတဲ့ နာ မည်ဝှက်ပဲ သုံးပါတယ်။ ဟဲမင်းဝေးကလည်း မာသာခေါ်လို့သာ ဂျီတိုက်ပြီး လိုက်လာတာကိုး၊ နောက် ပိုင်းမှာတော့ ပေါင်းသင်း စရာ စရိုက်တူတွေ တွေ့ပြီး အင်မတန်ကို ပျော်သွားပါတယ်။
UC လို့သာဆိုတားပေမဲ့ သူမှန်းတော့ သိသာလှပါတယ်။ တရုတ်ပြည်ကိုရောက်တော့ သူတို့ကို ဂုဏ်ပြု တဲ့ ထမင်းဝိုင်းမှာ ဟဲမင်းဝေးတစ်ယောက်တည်းနဲ့ အိမ်ရှင်ယောက်ျား ၁၄ ယောက်တို့ အပြန်ပြန်အလှန် လှန် ကမ်ပေ့ ကြတာ UC ကလွဲလို့ ကျန်လူတွေ အကုန်မှောက်ကုန်ကြသတဲ့။ ဟဲမင်းဝေး မှ မဟုတ်ရင် ဘယ်သူ ဖြစ်နိုင် မှာတုန်း။
တရုတ်ပြည်ကနေ မြန်မာပြည်ကိုလည်း လားရှိုးဘက်ကနေ ခဏရောက်ခဲ့ကြပါတယ်။ မာသာက မြန်မာ မိန်းကလေး ချောချောလေးတွေ ရေဘုံဘိုင်အောက်မှာ ရေချိုးနေကြလေရဲ့လို့ ရေးပါတယ်။ စင်္ကာပူကို ဆက်မသွားခင် ရန်ကုန်ကို ခဏရောက်ကြပြန်တော့ မိုးမကျခင်ကလေး ကြုံရတဲ့ အပူဒဏ်ကို မခံနိုင် တာတစ်ကြောင်း၊ တရုတ်ပြည်ကနေ မာသာလက်နှစ်ဖက်လုံး ၀ဲစွဲလာလို့ လက်အိပ်ထူထူစွပ်ပြီး အနူရုပ် ပေါက်နေတာတစ်ကြောင်းတို့ကြောင့် ဘယ်ဘုရားမှလည်း မဖူးလိုက်ရပါဘူး၊ ရန်ကုန်မြို့ကို အာရှတိုက် ရဲ့ ပုလဲ Pearl of the Orient လို့ တင်စားကြတာလည်း သူမျက်မြင်တွေ့ကြုံခွင့်မရခဲ့ပါဘူးလို့ ခပ် ညည်းညည်း ရေးပါတယ်။
အဲဒီ ခရီးစဉ်မှာ ချန်ကေရှိတ်အာဏာရနေချိန်ဆိုတော့ ချူအင်လိုင်းနဲ့ ခိုးတွေ့ခဲ့ကြရသေးတယ်။ မာသာ က ချူအင်လိုင်းကို မြင်မြင်ချင်း အထင်ကြီးပါတယ်။ တိုင်းပြည်ခေါင်းဆောင်ကောင်း ဖြစ်နိုင်တုယ်လို့ ဆို ပါတယ်။ အဲဒီခေတ်အခါက ကွန်မြူနစ်စနစ်ကို တိုက်ခိုက်ပြီး အဆုံးစွန် အာဏာရှင်စနစ် ကျင့်သုံးနေတဲ့ မူဆိုလီနီနဲ့ ဖက်စစ်ဝါဒကလည်း ပေါ်နေချိန်ဆိုတော့ ကမ္ဘာအရပ်ရပ်မှာ ဖက်စစ်ကို ဆန့်ကျင်နေကြရုံမ က ကွန်မြူနစ်ဝါဒဘက်တော်သားတွေလည်း အမြောက်အမြား ပေါ်ပေါက်လာပါတော့တယ်။ မာသာက လည်း ကွန်မြူနစ် ၀ါဒ ယုံကြည်သူဖြစ်ပါတယ်။ ဖက်ဆစ်ဝါဒဟာ ဘယ်လောက်များ အဆုံးစွန်ရောက်သ လဲဆိုရင် သူတို့ ဆောင်ပုဒ် က မူဆိုလီနီ အမြဲတမ်းမှန်သည် (Mussolini is always right) ဆိုပဲ။
ချန်ကေရှိတ်က အံပုံဖြုတ်ထားလို့ သွားမရှိတဲ့ပုံနဲ့ သူတွေ့ခဲ့ရသတဲ့။ သူဌေးကြီး မစ္စတာကွန်း၊ ဗိုလ်ချုပ် ကြီး ချန်ကေရှိတ်၊ ဒေါက်တာ စူယက်ဆင်တို့နဲ့ အသီးသီး လက်ထပ်ထားတဲ့ စွန်း Soong ညီအစ်မသုံး ယောက်နဲ့လည်း တွေ့ခဲ့ပါတယ်။ အကြီးဆုံး မက်ဒန်မ်ကွန်း (Ai Ling)ကို မာသာတွေ့တော့ သူဝတ် ထားတဲ့ ကတ္တီပါအနက် တရုတ်စတိုင် အင်္ကျီပါ လည်ပင်းကနေ ဒူးအထိစီပြီးတပ်ထားတဲ့ ကြယ်သီးတွေ က တစ်လုံးတည်း စိန်ကြီးတွေပါတဲ့။ အငယ်ဆုံး မက်ဒန်မ် ချန်ကေရှိတ် (May Ling)က အာဏာနဲ့ စည်းစိမ် ချမ်းသာ ကို မက်မောသူပါတဲ့။ နျူးယောက်မြို့ကိုသွားရင် အပျံစား Waldorf Hotal ကို တစ် ထပ်လုံး ငှားနေ တာတဲ့။
ရိုးစင်းတည်ငြိမ်ပြီး သိက္ခာရှိတဲ့ ညီမအလတ် မက်ဒန်မ် စူယက်ဆင် (Ching Ling)ကိုတော့ မာသာက ချီးမွမ်းချစ်ခင်လို့ မဆုံးပါဘူး။ (၁၉၈၁ မက်ဒန်မ် စူယက်ဆင် မဆုံးခင်က သူမကို တရုတ်ပြည့်သူ့သမ္မတ နိုင်ငံ ရဲ့ ဂုဏ်ထူးဆောင်သမ္မတဘွဲ့ ပေးခဲ့ပါတယ်။ May Ling ကို ကဲ့ရဲ့ကြသလောက် Ching Ling ကို ကမ္ဘာအရပ်ရပ် က အထင်ကြီးလေးစားကြပါတယ်။)
၁၉၄၄ ဇွန်လ ၆ ရက် ကနော်မင်ဒီကမ်းခြေကို အင်္ဂလိပ်တပ် အမေရိကန်တပ်တွေ ဆိုက်ရောက်တဲ့ D Day မှာ သတင်းယူဖို့ အမေရိကားကနေ လန်ဒန်ကို လေယာဉ်နဲ့ ဟဲမင်းဝေး ထွက်သွားပြီး မာသာ့အ တွက် လက်မှတ်စီစဉ်မပေးဘဲ ချန်ထားခဲ့တော့ မာသာက စစ်လက်နက်တွေတင်တဲ့ သင်္ဘောနဲ့ရောက် အောင်သွားခဲ့ပါတယ်။ ရောက်တာနဲ့ လန်ဒန်ဟိုတယ်ကြီးတစ်ခုမှာ တည်းနေတဲ့ ဟဲမင်းဝေးကို ချက်ချင်း ပြေးတွေ့ပြီး အကြီးအကျယ် ရန်ဖြစ်ကြပါတော့တယ်။ သူမကို အမေရိကားမှာ ချန်ထားခဲ့ရုံမက မာသာ ရောက်လာတော့ ဟဲမင်းဝေး ကလည်း ဟိုတယ်ခန်းထဲမှာ သူ့သူငယ်ချင်း ဓာတ်ပုံဆရာ Robert Capa ရဲ့ဇနီး နဲ့ တိတ်တိတ်ပုန်း ပျော်မွေ့နေချိန်ကိုး။
အဲဒီကတည်းက မာသာတို့ကွဲကြပြီလို့ ဆိုပါတယ်။ ဇွန်လ ၆ ရက်မှာတော့ ကြက်ခြေနီသင်္ဘောနဲ့ D Day Invasion ကို မာသာလိုက်သွားပြီး လူနာတင် ထမ်းစင်သယ်သူအဖြစ်နဲ့ ကမ်းကို ဆင်းပြီး သတင်း ယူခဲ့ပါတယ်။ ဟဲမင်းဝေး လည်း တခြားစစ်သင်္ဘောနဲ့ လိုက်သွားပေမဲ့ နာမည်ကြီး စာရေးဆရာကြီးမို့ သင်္ဘောကပ္ပတိန် က အသက်ဘေးတွေ့မှာ စိုးရိမ်လို့ ကမ်းကို ပေးမဆင်းဘူးလို့ ဟဲမင်းဝေးရဲ့ ဘ၀အ ကြောင်း စုဆောင်းရေးသားသူ (biographer) Kenneth Lynn က ဆိုပါတယ်။
ဗီယက်နမ်စစ်ကို သတင်းသွားယူတော့ အမေရိကန်က မတရားကျူးကျော်လို့ ဗီယက်နမ် လူထုရော အမေရိကန်စစ်သားတွေပါ သေကြ ကျေကြရတယ်လို့ မာသာက ဒေါကန်ပြီး အတိအလင်း စွပ်စွဲရေး သားတော့ အမေရိကန် အစိုးရက သူမကို ဗီယက်နမ် နောက်ထပ်သွားခွင့် ပိတ်ပင်လိုက်ပါတယ်။ အဲဒီ ခေတ်ကာလမှာ အမေရိကန်အစိုးရက မဟုတ်တာလုပ်ရင် သို့မဟုတ် ဖြီးရင် အများအားဖြင့် သတင်း ထောက်တွေက ဖုံးဖုံးဖိဖိလေး ရေးပေးတတ်ပေမဲ့ မာသာကတော့ ပက်ပက်စက်စက် တွယ်တော့တာ ကိုး။ ဒါတွေက နောက်ပိုင်း New Journalism လို့ ခေါ်ကြမယ့် သတင်းတင်ပြမှုပုံစံရဲ့ အစောပိုင်းခြေ လှမ်းတွေပေါ့။
သတင်းရေးရာတင်မက သူငယ်ချင်းမိတ်ဆွေတွေအပေါ်လည်း တော်တော်စွာတတ်ပေမဲ့ ဖြောင့်မတ်တဲ့ သူ့စိတ်ထားကို ချစ်ကြတော့ သည်းညည်းခံပေါင်းကြရှာပါတယ်။ အစိုးရပိုင်းကတော့ မာသာ့ကို သိပ်ကို မုန်းတီးကြပါတယ်။ မာသာက နောက်ပိုင်း အမေရိကားမှာတောင် မနေတော့ဘဲ သူအိမ်တွေ ၀ယ်ထား တဲ့ အာဖရိက နဲ့ အင်္ဂလန် စသည်တို့မှာ နေပါတယ်။ ခရီးလည်း မပြတ်သွားပြီး သတင်းဆောင်းပါးတွေ ရေးပါတယ်။
မာသာက လူမျိုးရေးဝါဒ (Racism)၊ အမေရိကန် သမ္မတ Nixon နဲ့ စီနိတ်အမတ် Joesph McCarthy တို့ကို အသေမုန်းပါတယ်။ McCarthy က ၁၉၅၀ ခုနှစ်ကစလို့ ၁၉၅၄ အထိ အမေရိကန်ပညာတတ်များ အနုပညာသမားများနဲ့ နိုင်ငံရေးသမားတချို့ကို ကွန်မြူနစ်လို့ စွပ်စွဲပြီး ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့သူ ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား Sean Penn ရဲ့အဖေ နာမည်ရ ရုပ်ရှင်ဒါရိုက်တာ Leo Penn လည်း အလုပ်လုပ်ခွင့်မရတော့တဲ့အထဲ ပါခဲ့ပါတယ်။ အဲဒီ McCarthy ခေတ်အကြောင်းကို မာသာက ၁၉၆၇ ထုတ် The Lowest Trees Have Tops လုံးချင်းဝတ္ထုစာအုပ်မှာ တင်ပြခဲ့ပါတယ်။
သူရေးခဲ့တဲ့ အခြားစာအုပ် တချို့ကတော့ The Trouble I've Seen (1936)၊ A Stricken Field (1940)၊ နာဇီတွေရဲ့ Dachau လူသတ်အကျဉ်းစခန်းအကြောင်း တင်ပြတဲ့ The Wine of Astonishment (1948) The Face of War (1959)နဲ့ Vietnam: A New Kind of War (1966) စတဲ့ စစ်မှတ်တမ်းစာအုပ်မျာအပြင် ၁၉၈၈ ခုနှစ်ထုတ် The View From the Ground (သူဖြတ်သန်းခဲ့ရတဲ့ ငြိမ်းချမ်းကာလတွေအကြောင်း) တို့ ဖြစ်ပါတယ်။ ၀တ္ထုတို ၀တ္ထုရှည် Novella တွေလည်း ရသမြောက် စွာ ရေးသားခဲ့ပါတယ်။
မာသာဂဲလ်ဟော်န်ရဲ့ စာတွေ ထူးခြားချက်က ၀တ္ထုဖြစ်ဖြစ် သတင်းထောက်ဖြစ်ဖြစ် ရေးသားရာမှာ သတင်း ထောက် ကောင်း ပီပီ အရာရာကို စူးစူးရှရှ မြင်နိုင်စွမ်းရှိခြင်း၊ ထိထိမိမိ သရော်နိုင်ခြင်း၊ ထက် ထက်မြက်မြက် ရေးသားနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ပေါ့ရွှတ်ခြင်း လုံးဝမရှိတဲ့ ဟာသနဲ့လည်း ရေးနိုင်တာ ကြောင့် အကြောင်းအရာအရရော ရေးဟန်ကြောင့်ပါ စာဖတ်သူတွေ စွဲမက်ကြတယ်။ ခုထိလည်း မက်မက် စက်စက် ဖတ်နေကြတုန်းပါပဲ။
မာသာ့ စာတွေထဲမှာ တခြားလူတွေကိုသာ သရော်ပြီး သူ့ကိုယ်သူ သာဘာထိုးထိုး ဖော်ပြတတ်ဖို့ ဝေးစွ၊ သူမ မှားခဲ့တာတွေ၊ မဟုတ်တယုတ် လုပ်ခဲ့တာတွေကိုလည်း အားရပါးရ ဖော်ထုတ်ရေးသားတတ်ပါ တယ်။ သူမဟာ ကိုယ့်ကိုကိုယ် ပြန်သနားပြီး ယုယနေတတ်သူ လုံးဝမဟုတ်ဘူးလို့ သူ့မိတ်ဆွေတွေက ရေးသား မှတ်ချက် ချပါတယ်။
The London Daily Telegraph က မာသာဂဲလ်ဟော်န်ဟာ ၂၀ ရာစုနှစ်အတွင်း အတော်ဆုံး စစ်သ တင်းထောက် တွေထဲက တစ်ယောက်အပါအ၀င်ဖြစ်တယ်လို့ မှတ်တမ်းတင်ပါတယ်။
၁၉၈၉ ခုနှစ် အသက် ၈၁ နှစ်မှာ ပနားမားကို အမေရိကန် ကျူးကျော်တာကိုသွားပြီး သတင်းသွားယူ လိုက်ပါသေးတယ်။ ၁၉၉၀ ခုနှစ်တွေအတွင်း ဘောစ်နီးယားစစ်ကိုသွားပြီး ရှေ့တန်းသတင်းယူဖို့ ကြံ စည် ခဲ့သေးပေမဲ့ ကိုယ့်အသက်က ၈၀ ကို ကောင်းကောင်းကျော်နေပြီဖြစ်တာကို သတိထားမိလို့ မာသာက အင်းလေ စစ်တိုက်နေတဲ့နေရာကို သွားဖို့ဆိုတာကလည်း အရေးကြုံလာရင် ပြေးလွှားနိုင် စွမ်းရှိဖို့လည်း လိုသေးသကွဲ့လို့ လက်လျှော့ဝန်ခံပြီး မသွားခဲ့ပါဘူး။
၁၉၇၇ ခုနှစ်၊ အသက် ၈၉ ခုနှစ်မှာ ကျန်းမာရေး အတော်ဆိုးဝါးနေပြီး မျက်စိတွေလည်း လုံးဝကွယ်လု နေပြီဖြစ်နေတဲ့ မာသာဂဲလ်ဟော်န်ဟာ သူနေထိုင်ရာ လန်ဒန်မြို့မှာ မိမိကိုယ်ကို အဆုံးစီရင်ပြီး သူမ သွားလိုရာ ခရီး ကို ဆက်လက်ထွက်သွားပါတော့တယ်။
စာရေးသူ - မသိင်္ဂံ
မြန်မာသစ် ဖေဖော်ဝါရီ ၂ဝ၁၁
.
5 comments:
မမရေ..မသိသေးတဲ့ကမ္ဘာကျော်စစ်သတင်းထောက်အကြောင်းဖတ်သွားပါတယ်မမ။ဗဟုသုလေးတွေအတွက်ကျေးဇူးပါမမရေ။ကောင်းသောနေ့လေးဖြစ်ပါစေ။
အမရွှေစင်ရေ ... ကောင်းနိုးရာရာတွေ တင်ပေးနေတာ ကျေးဇူးတင်တယ်။ ရီဒါထဲကချည်း ဖတ်နေတာနဲ့ ကွန်မန့်မပေးဖြစ်တာကြာလို့ အားနာမိသေး။
ဒီဆောင်းပါးတပုဒ်လုံး ဖတ်လာရင်း ထက်လွန်းတော်လွန်းလို့ မာသာကို ချီးကျူးနေမိတာ။ အဆုံးမှာ ... ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ဆိုတော့ ... ဘ၀ကို အရှုံးပေးလိုက်တာပဲ ... နော်။
အသက်ကလဲ ၈၉ နှစ်တောင်ရှိနေမှ ... ။
ဒီက အနောက်က လူတွေမှာ ဘဝနေနည်းလေး မသိကြတော့ အသက်ကြီးလာလို့ အထီးကျန်တဲ့ဒဏ် ရောဂါဒဏ် ခံနိုင်ရည်မရှိတော့ သတ်သေကြတယ်..တော်တဲ့ အမျိုးသမီး မို့ ဘဝကို အေးအေးဆေးဆေး ကူးပြောင်းစေချင်လိုက်တာ
The year she passed away may be 1997. Sorry if I am wrong.
Very good article. Like it.
Thanks for sharing.
Ray
Post a Comment