Thursday, March 3, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃)

"ကျွန်တော့်မှာ အခွင့်အရေးတစ်ခုရှိနေပါတယ်၊ အဲဒီအခွင့်အရေးကတော့ ကျွန်တော့်အဖို့ ဘာအရေး အကြီးဆုံး လဲ၊ ကျွန်တော့် ကို လူတွေ ဘယ်ပုံဘယ်နည်း နဲ့ သတိရနေအောင် လုပ်သွားမလဲ၊ ကျွန်တော် လူ့ပြည် လူ့လောက က မထွက်ခွာခင် ကျွန်တော်လုပ်နိုင်သမျှ ဘယ်လို ကောင်းတာတွေကို လုပ်သွား မလဲ ဆိုတာကို သေသေချာချာ စဉ်းစားဖို့ဆိုတဲ့ အခွင့်အရေးပါပဲ" ဟုလည်း ကျွန်တော်က ရီးစ် ကို ပြောပြ ပါသည်။

ကျွန်တော်နှင့် ဂျေးတို့သည် သူ၏ရုံးခန်းအတွင်းမှ ဆိုဖာထိုင်ခုံပေါ်မှာ တစ်ဦးကို တစ်ဦး တင်းကျပ်စွာ ဖက်လျက်၊ နှစ်ဦးစလုံးမှာလည်း မျက်ရည်တွေ ကျလျက်သားနှင့် အတူတွဲထိုင်နေကြသည် ကို ဒေါက်တာ ရီးစ် သည် တစ်ကြိမ်မက သူ ကြည့်ခဲ့ရဖူးပြီဖြစ်သည်။ သူက ကျွန်တော်တို့နှစ်ဦး တစ်ဦးအပေါ် တစ်ဦး လေးစား ကြသည် ကို တွေ့မြင်နိုင်ကြောင်း၊ သူ့အနေနဲ့ ကျွန်တော်တို့၏ နောက်ဆုံးအချိန်ကလေး အထိ အတူတကွ ရှိနေကြမည် ဟူသော ကျွန်တော်တို့၏ ကတိသစ္စာ ကို တွေ့ရသည့်အခါ တကယ်ပင် တုန်လှုပ် မိပါကြောင်း ပြောပါသည်။

သို့ရာတွင် ကျွန်တော့်အား ဟောပြောချက် ကို လုပ်ပါ၊ မလုပ်ပါနဲ့ ဟု ၀င်ပြောလောက်အောင် အထိကား သူပါရမည့် အခန်းကဏ္ဍ မဟုတ်ဟုလည်း ပြောပါသည်။ "ဒါကိုတော့ ရှင်ဘာသာပဲ ရှင် ဆုံးဖြတ်ရ ပါလိမ့်မယ်" ဟုလည်း ပြောပါသည်။  ထို့နောက် ကျွန်တော်တို့ နှစ်ဦးစလုံးအား တစ်ဦးစကား တစ်ဦးက နားထောင်ကြဖို့ တိုက်တွန်းပါသည်။ သို့မှလည်း ကျွန်တော်တို့နှစ်ဦးစလုံးအတွက် မှန်ကန်မည့် ဆုံးဖြတ်ချက် မျိုး ချနိုင်မည်ဖြစ်ကြောင်း ပြောလိုက်ပါ သည်။

ဂျေးက ဘာမှမပြောဘူးဟုပင် ထားဦး၊ ကျွန်တော်သည် ဤဟောပြောချက်ကို ဘာကြောင့် ဟောပြော နေချင်ရသနည်းဟု ကျွန်တော့်ဘာသာ ရိုးသားစွာ ကြည့်ရပေလိမ့်မည်။ ဤဟောပြောချက်သည် အ ဘယ့်ကြောင့် ကျွန်တော့်အတွက် အလွန်အရေးကြီးနေပါသနည်း။ ဤဟောပြောချက်ကို ဟောပြော ခြင်းမှာ ကျွန်တော် သည် ယခုအချိန်အထိ အသက်ရှင်နေဆဲဖြစ်ကြောင်းကို ကျွန်တော့်ကိုယ် ကျွန်တော် ရော၊ အခြား လူတွေကိုပါ သိစေလိုသော နည်းလမ်းတစ်ရပ်ပေလော။ ကျွန်တော့်မှာ လုပ်ပြရဲသည့် သတ္တိရှိဆဲ ဖြစ်ကြောင်း ကို သက်သေထူရန်အတွက်လော၊ လူသိများ ကျော်ကြားသည့် ချစ်သူ တစ်ဦးက နောက်ဆုံး အချိန်အဖြစ် ကိုယ့်ချစ်သူကို လုပ်ပြသွားချင်သည့် အာသာဆန္ဒကြောင့်လော။ အဖြေကား အားလုံးသော မေးခွန်း များ အတွက် "ဟုတ်ပါသည်"ဟုပင် ဆိုရပါမည်။

"ဒဏ်ရာရထားတဲ့ ခြင်္သေ့တစ်ကောင်ဟာ သူဟာ ဟောက်နိုင် ဟိန်းနိုင်သေးသလား ဆိုတာကိုတော့ သိချင် သေးတယ်၊ ဒါဟာ သိက္ခာနဲ့လည်း ဆိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာလည်း မှန်တယ်၊ အထင်ကြီးတယ် ဆိုပေမဲ့ အခြောက်တိုက် ဘ၀င်မြင့်တာတော့ မဟုတ်ပါဘူး"ဟု ကျွန်တော်က ဂျေးကို ပြောပြပါသည်။

ဤတွင် ကျွန်တော့်မှာ ဤဆန္ဒမျိုးရှိအောင် ပြုပေးနေသည့် အခြားအရာတစ်ခုကလည်း ရှိသေးသည်။ ကျွန်တော် သည် တွေးကြည့်သည့် အခါ ကျွန်တော် ဟောပြောမည့် ဟောပြောချက်ကို ယာဉ်ရထား တစ်ခု အဖြစ် မြင်လာမိသည်။ မည်သို့သော ယာဉ်ရထားမျိုးပါနည်းဆိုသော် ကျွန်တော်တခါမှ မမြင်တွေ့ ရဖူးသေးသည့် အနာဂတ်သို့ ကျွန်တော် စီးနင်းသွားရမည့် ယာဉ်ရထားပေတည်း။
ကျွန်တော်က ကလေးတွေ၏အသက်ကိုလည်း ကြည့်ပါဦးဟု ဂျေးကို ပြောသည်။ ငါးနှစ်၊ သုံးနှစ်၊ တစ် နှစ်သား အသီးသီးရှိကြသေးသည်။ "မင်းကြည့်လေ၊ ငါးနှစ်ဆိုတာ ဒီလန် ကြီးလာရင် ကိုယ့်ကို နည်း နည်း ကျဉ်းကျဉ်း လောက်တော့ မှတ်မိချင် မှတ်မိမှာပေါ့။

ဒါပေမဲ့သူ ဘယ့်နှယ်လုပ်ပြီး ကောင်းကောင်း ကြီး မှတ်မိနိုင်ပါမလဲ၊ ကဲ မင်းနဲ့ ကိုယ်တို့ ငါးနှစ် အရွယ်တုန်း က ဟာတွေကို ဘာတွေမှတ်မိသလဲ။ ဒီလန် ဟာ သူနဲ့ကိုယ် ကစားခဲ့တာကို မှတ်မိမလား၊ ဒါမှ မဟုတ်ရင်လည်း တစ်ခုခု အတွက် ရယ်ခဲ့ကြ တာတွေကို သူ မှတ်မိမလား၊ မှတ်မိတယ်ဆိုရင်လည်း ၀ိုးတိုးဝါးတား လောက်ပဲ ရှိမှာပေါ့"

"ကဲ၊ လိုဂန် နဲ့ ချလို တို့ကျတော့ကော၊ သူတို့ဆို လုံးဝကို မှတ်မိကြမယ် မဟုတ်ဘူး၊ အထူးသဖြင့် ချလို ဆို ဘာမှ မှတ်မိမှာ မဟုတ်ဘူး။ မင်းကို ဒါကိုတော့ ကိုယ်ပြောနိုင်တယ်။ ဒီကလေးတွေဟာ သူတို့ဟာ "ငါ့အဖေ ဘယ်သူလဲ၊ သူက ဘယ်လိုလူလဲ"ဆိုတာကို မုချ သိဖို့လိုလာလိမ့်မယ်။ နာနာကျင်ကျင်နဲ့ သိ ချင် လာပေ လိမ့်မယ်၊ အဲဒီလို သူတို့သိဖို့ လိုလာတဲ့ အဆင့်တစ်ဆင့်ကို သူတို့ဖြတ်သန်းကြရပေလိမ့်မယ်  အခု ကိုယ်ပြောမယ့် ဟောပြောချက် ဟာ ကလေးတွေ သိလိုတဲ့အဖြေကို ပေးနိုင်ပေလိမ့်မယ်"

ကျွန်တော်က ကာနက်ဂီ မယ်လန် တက္ကသိုလ် သည် ဟောပြောချက် ကို မှတ်တမ်းတင်ထားမည်မှာ သေချာ ကြောင်း လည်း ပြောပြပါသည်။
"ကိုယ့် ဒီဗွီဒီတစ်ချပ် မင်းကို ယူပေးမယ်။ ကလေးတွေ ကြီးလာတဲ့အခါ အဲဒီအခွေကို မင်း ကလေးတွေ ကို ပြလို့ရမယ်။ အဲဒီ ဒီဗွီဒီကို ကြည့်လိုက်ရတဲ့အခါ ကလေးတွေဟာ သူတို့ အဖေ ဟာ ဘယ်သူပါလား၊ ဘာကို ဂရုစိုက် သွားပါကလား ဆိုတာကို နားလည်သွားလိမ့်မယ်"
ဂျေး သည် ကျွန်တော်ပြောတာ ဆုံးအောင်နားထောင်ပြီး မေးထိုက်သော မေးခွန်းကို မေးလိုက်ပါသည်။

"မောင် ကလေးတွေကို ပြောချင်တဲ့စကားတွေ ရှိတယ်ဆိုရင်၊ အကြံပေးစရာရှိတယ်ဆိုရင် ဗွီဒီယိုကင် မရာနဲ့ ဟောဒီဧည့်ခန်း ထဲမှာပဲ ဗွီဒီယိုရိုက်ပြီး တိတ်ခွေနဲ့ မှတ်တမ်းတင်ထားခဲ့ပါလား။ အဲဒီလိုကော ဘာလို့ မလုပ် တာလဲ"
သူပြောတာလည်း ဟုတ်ချင် ဟုတ်ပါမည်။ ဟုတ်ချင်မှလည်း ဟုတ်ပါမည်။ တောထဲက ခြင်္သေ့၏ကျက် စားရာ နယ်မြေသည် တောသာဖြစ်သကဲ့သို့ ကျွန်တော် ကျက်စားရာ နယ်မြေမှာလည်း တက္ကသိုလ်ပရိဝုဏ်သာ ဖြစ်နေ၏။ ကျွန်တော်သည် ကျောင်းသားများ၏ ရှေ့မှောက်တွင်ပင် ကျက်စားခဲ့သူဖြစ်၏။

"ကိုယ် သိနားလည်ထားတာ တစ်ခုကတော့ မိဘတွေဟာ သူတို့ရဲ့သားသမီးတွေကို ပြောဆိုဆုံးမတဲ့ အခါ ပြင်ပ က အထောက်အထားယူပြတဲ့ အတွက် ထိခိုက်စရာ မရှိဘူးဆိုတဲ့ အချက်ပဲ၊ ကိုယ်က ပရိသတ် ကို ရယ်မော ရမယ့်အချိန် မှာ ရယ်မောအောင်၊ လက်ခုပ်တီးရမယ့်အချိန်မှာ လက်ခုပ်တီးလာအောင် လုပ်နိုင် ခဲ့မယ် ဆိုရင် ကိုယ့်ကလေးတွေကို ပြောနေတဲ့စကားကို ကလေးတွေ ပိုပြီးနားထောင်လိုစိတ် ဖြစ်လာနိုင် တာပေါ့"

ကျွန်တော်က ဂျေးကို ပြောပြသည့်အခါ ဂျေးက သေတော့မယ့် သူ့ယောက်ျား ပရိသတ်ရှေ့မှာ စကား ပြောချင် သူကို ကြည့်ပြီးပြုံးပါသည်။ နောက်ဆုံးကျတော့လည်း လက်လျှော့ပေးလိုက်ပါ၏။ ကျွန်တော် သည် ကလေး တွေကို အမွေအနှစ်တစ်ခု ထားခဲ့လိုသည့် နည်းလမ်းနှင့် ဆန္ဒကို သူသိသွား သည်။ ကောင်းပြီလေ။ သည်ဟောပြောချက် ဆိုတာ အဲဒီ ဆန္ဒအတွက် ထွက်လမ်းရှာပေးလိုက်သည့် သဘော ဖြစ်မှာပေါ့ ဟု သူက တွက်ပါသည်။

ဤသို့ဖြင့် ဂျေးထံမှ မီးစိမ်းတော့ ရလိုက်ပြီဖြစ်ပါ၏။ သို့ရာတွင် ကျွန်တော့်ရှေ့မှာ စိန်ခေါ်မှုတစ်ခုက ရှိနေသည်။ ပညာရှင်တစ်ဦး ဟောပြောသလိုမျိုးနှင့် ကျွန်တော် ယခုဟောပြောမည့် ဟောပြောချက် သည် နောက်ဆယ်နှစ် သို့မဟုတ် ဆယ်နှစ်ကျော်ကာလမှာ ကျွန်တော်တို့ သားသမီးကလေးတွေကို ဘ၀ လမ်းကြောင်းမှန် သို့ ပို့ပေးနိုင်မည့် ဟောပြောချက်မျိုးအဖြစ်သို့ မည်သို့ပြောင်းယူရပါအံ့။
ကျွန်တော်သည် ကျွန်တော်၏ကင်ဆာရောဂါ အကြောင်းကိုချည်း ဇောင်းပေးဟောပြောတာမျိုးလည်း မလုပ် လိုကြောင်း ကိုယ့်ဘာသာသိသည်။ ကျွန်တော်၏ ဆေးပညာပိုင်းဆိုင်ရာ ရဲဝံ့စွန့်စားခန်းကြီးမှာ တွေ့ခဲ့ရသည့် အတိုင်းပင် ဖြစ်သည်။

ကျွန်တော့်အနေဖြင့် ထိုရဲဝံ့စွန့်စားခန်းကြီးကို အကြိမ်ကြိမ်လည်း ကြိုးမမ်းကြည့်ခဲ့ပြီးဖြစ်သည်။ ကျွန်တော် ဒီကင်ဆာ ရောဂါနှင့် စပ်၍လည်း ဟောပြောချင်စိတ် မရှိလှပါ။ ဆိုပါစို့။ ကျွန်တော် သည်ရောဂါ ရလာပြီး ကတည်းက သည်ရောဂါကြီးနှင့် မည်သို့မည်ပုံဖြစ်အောင် နေ ထိုင်ခဲ့ပုံ၊ သည်ရောဂါရလာပြီးမှ ကျွန်တော့်မှာ အတွေး အမြင်သစ် တွေ မည်သို့ဖြစ်ပေါ်လာပုံ စသည်တို့ ကို ပြောချင်စိတ် မရှိလှပါ။ လူအများကမူ ကျွန်တော် ထံမှ သေခြင်းနှင့်စပ်ရာ ဟောပြောချက်မျိုး မျှော်လင့်ထားကောင်း မျှော်လင့်ထားကြမည်။ သို့ရာတွင် ကျွန်တော့်ဟောပြောချက် သည် သေခြင်းအကြောင်းထက် နေခြင်းအကြောင်းသာ ဖြစ်နေ ခဲ့သည်။

"ငါ့ကို သူများနဲ့ မတူစေတာက ဘာပါလဲ"
ဤမေးခွန်းသည် ကျွန်တော် မဖြေမဖြစ် ဖြေရမည့် မေးခွန်းဖြစ်သည်။ ထိုမေးခွန်းကို ဖြေကြည့်ခြင်းသည် ကျွန်တော် ဘာပြောရမည်ကို စဉ်းစား၍ရလာနိုင်ကောင်း ရလာနိုင်သည်။ ဂျွန်ဟော့ကင်းဆေးရုံ၌ လူနာ များ စောင့်နေရသည့် အခန်းတွင်း၌ ဂျေးနှင့်အတူ ကျွန်တော်ထိုင်နေသည်။ နောက်ထပ် ဆေးစစ်ချက် အဖြေ ရလဒ်တစ်ခု ကို စောင့်နေခြင်းဖြစ်သည်။ ကျွန်တော်သည် ဂျေးနှင့်အတူ ထိုင်နေသော်လည်း အတွေး များက သူ့ထံမှ ခုန်ထွက်ပြေးလွှားနေသည်။

"ကင်ဆာရောဂါကြောင့်တော့ ငါ သူများနဲ့မတူတာ မဟုတ်ပါဘူး၊ ကျွန်တော်က ပြောသည်။ ဤအတွက် ငြင်းစရာ မရှိလောက်ပါ။ တစ်နှစ် တစ်နှစ် လျှင် ပန်ကရိယ ကင်ဆာရောဂါရသည့် အမေရိကန် လူမျိုးစုချည်း ၃၇,၀၀၀ ကျော် ရှိနေသည်"

ကျွန်တော်သည် ကိုယ့်ဘာသာကိုယ် မည်သို့အနက်အဓိပ္ပါယ်ဖွင့်ရမည်ကို စဉ်းစားသည်။ ကျောင်းဆရာ တစ်ယောက် အဖြစ်၊ ကွန်ပျူတာပညာရှင် တစ်ယောက်အဖြစ်၊ အိမ်ထောင်သည် လင်ယောက်ျားတစ် ယောက် အဖြစ်၊ သားတစ်ယောက်အဖြစ်၊ မိတ်ဆွေတစ်ယောက်အဖြစ်၊ အစ်ကိုတစ်ယောက်အဖြစ်၊ ကျွန်တော့် ကျောင်းသားများ၏ နည်းညွှန်လမ်းပြ ဆရာတစ်ယောက်အဖြစ် မည်သို့အနက်အဓိပ္ပါယ်ဖွင့်ရ မည်ကို စဉ်းစားခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ထိုထို "အဖြစ်"အားလုံးကို တန်ဖိုးထားသည်။ သို့ရာ တွင် ထို အဖြစ်တွေထဲမှာ တစ်ခုခုသောအဖြစ်က ကျွန်တော့်အား သူများတွေနှင့်မတူအောင် တကယ်ပဲ လုပ်ပေး လိုက်လေ သလား။

ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် ယထာဘူတကျကျ ရှုမြင်တတ်သူဖြစ်ပါသည်။ ယခုပြောမည့် ဟော ပြောချက်သည် လူအထင်ကြီးရုံမျှလောက် သက်သက်မဟုတ်၊ ထိုထက်ပိုကြောင် ကျွန်တော်သိပါ သည်။ ထို့ကြောင့် ကိုယ့်ဘာသာကိုယ့် ပြန်မေးရ၏။ "ငါတစ်ယောက်တည်းနဲ့ ဘာများ ပေးစရာရှိပါသ လဲ"

ကျွန်တော်သည် ထိုသို့တွေးနေရာမှ ထိုလူနာများ စောင့်နေရသည့် အခန်းထဲမှာပင် ကျွန်တော် ဘာကို ပေးရမည်ကို ရုတ်တရက် သိလိုက်၏။ ကျွန်တော့်ခေါင်းထဲမှာ ဖျတ်ခနဲ ပေါ်လာသည်။ ကျွန်တော် အောင်မြင်မှု ရခဲ့တာတွေ မှန်သမျှ၊ ကျွန်တော် ချစ်မြတ်နိုးတာတွေ မှန်သမျှသည် ကျွန်တော်ကလေးဘ၀ မှာ ရှိခဲ့သည့် စိတ်ကူးအိပ်မက်များနှင့် ရည်မှန်းချက်များအပေါ်တွင် အခြေစိုက်ခဲ့ခြင်းဖြစ်သည်။ တစ်နည်း အားဖြင့်ဆိုသော် ကျွန်တော်သည် ကျွန်တော်၏စိတ်ကူးအိပ်မက်များနှင့် ရည်မှန်းချက်များ အားလုံးနီးပါးကို မိမိ ဆန္ဒ အတိုင်း ပြည့်ဝလာအောင် လုပ်နိုင်ခဲ့ပါကလား။ ဤတွင် ကျွန်တော့်မှာ သူများ နှင့် မတူတာ ဘာလဲ ဆိုတာ ကျွန်တော်အမှန်အတိုင်း သိလိုက်တော့သည်။

ကျွန်တော့်မှာ သူများ နှင့် မတူသည်ကား စိတ်ကူးအိပ်မက်များအတိုင်း အတိအကျ တကယ်ဖြစ်လာခြင်းပင်။ ထိုသို့ စိတ်ကူး အိပ်မက်အတိုင်း ဖြစ်လာကြသည်တွင် မယုံနိုင်လောက်အောင် အဓိပ္ပာယ်ရှိတာတွေလည်း ပါသလို တကယ့်ကို ထူးထူးဆန်းဆန်း ဖြစ်လာတာတွေလည်း ပါပေသည်။ ထိုကျွန်တော်၏ထူးခြားသမျှကား ကျွန်တော်၏ ၄၆နှစ်ကြာ ဖြတ်သန်းလာသည့်ဘ၀ကို အဓိပ္ပါယ်ဖွင့်ဆိုပေးနေသော အချက်ပင်ဖြစ်သည်။

ကျွန်တော်သည် အခန်းထဲမှာထိုင်နေရင်းဖြင့် ကျွန်တော်သည် ကင်ဆာရောဂါရနေသူ တစ်ဦးဟုဆိုစေ ဦး။ ကျွန်တော်သည် ကံကောင်းနေသေးသည်သာ ဖြစ်၏။ ကျွန်တော်သည် ထိုသို့ပင် ယုံကြည်သည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်သည် ဤစိတ်ကူးအိပ်မက်များကို တကယ်ဖြစ်လာအောင် အားထုတ် ၍ ရှင်သန် နေထိုင်ခဲ့သူ ဖြစ်သောကြောင့်တည်း။ တစ်ဖန် ဆက်စဉ်းစားလိုက်လျှင် ကျွန်တော် ကျွန်တော်၏ စိတ်ကူး အိပ်မက် များကို တကယ်ဖြစ်လာအောင် လုပ်နိုင်ခဲ့သည်မှာလည်း ကျွန်တော့်ဘ၀ခရီးလမ်းတွင် ကြုံခဲ့ရသည့် သူမတူသော ပုဂ္ဂိုလ်များက အနည်းနည်းဖြင့် သင်ကြားပြသပေးခဲ့သည့် အရာများကြောင့် ဖြစ်ပေသည်။

ထိုအရာများ၏အခန်းကဏ္ဍသည် အတော်ပင်ကြီးမားသည်ဟု ဆိုရပေမည်။ ကျွန်တော် သည် ကျွန်တော့် စိတ် မှာ ခံစားရသည့်အတိုင်း ကျွန်တော့်ဘ၀ဇာတ်လမ်းကို ပြောပြနိုင်စွမ်းရှိမည်ဆိုပါ က ကျွန်တော်၏ ဟောပြောချက် သည် အခြားသူများကိုလည်း သူတို့၏စိတ်ကူးအိပ်မက်များအတိုင်း တကယ်ဖြစ်လာစေမည့် လမ်း ကို ရှာပေးနိုင်လောက်ဖွယ် ရှိသည်။

ထိုစေ့ဆော်ချက်က ကျွန်တော့်ကို မီးထိုးပေးနေသလိုရှိနေရာ ကျွန်တော်သည် လူနာများစောင့်နေရ သည့် အခန်းထဲ သို့ပင် ကျွန်တော်၏လက်တော့ပ်ကွန်ပျူတာ ကို ကျွန်တော်နှင့်တစ်ပါတည်း ယူလာခဲ့ပြီး နောက်ဆုံး ဟောပြောချက် အစီအစဉ် ကို စီစဉ်ဆောင်ရွက်သူများထံသို့ အီးမေးလ်တစ်စောင် အမြန် ရိုက်ပို့ လိုက်သည်။ ကျွန်တော့် အီးမေးလ်ထဲတွင် ကျွန်တော်ပြောမည့် ခေါင်းစဉ်ရပြီဖြစ်ကြောင်း သူတို့အား ပြောပြသည်။ "နှောင့်နှေးသွားရခြင်းအတွက် တောင်းပန်ပါသည်"ဟု လည်း ကျွန်တော် ရေးလိုက်သည်။ ခေါင်းစဉ်ကို "ကလေးဘ၀ စိတ်ကူးအိပ်မက်များကို တကယ်ဖြစ် အောင် လုပ်နိုင်ခဲ့ခြင်း" ဟု ပေးလိုက် ပါသည်။

အခန်း (၂) ဆက်ရန်
.

1 comment:

ကိုဇော် said...

ဒီလိုဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုက အတော် ထူးဆန်းတယ်။