Saturday, March 5, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၅)

အခန်း ၃
အခန်းထဲက ဆင်

ဂျေးကား ခန်းမထဲသို့ ရောက်ရှိနေပေပြီ၊ ခန်းမထဲ၌ လူ ၄၀၀ ခန့်အပြည့်ဖြစ်နေသည်။ ဤမျှ များလိမ့် မည်ဟု မမျှော်လင့်ခဲ့ပါ။ ကျွန်တော်သည် စကားပြောစင်ကို စစ်ဆေးကြည့်ရန် စင်ပေါ်သို့ တက်လာပြီး နေသား တကျ ဖြစ်အောင် စီစဉ်လိုက်သည်။ ကျွန်တော် ဘယ်မျှ တုန်လှုပ်ချောက်ချားဖြစ်နေသည်ကို ဂျေး မြင်နိုင် ပေသည်။ ကျွန်တော်သည် ကျွန်တော့် အထောက်အကူပစ္စည်းများကို ပြင်ရဆင်ရ အလုပ် များနေစဉ် ကျွန်တော် သည် ဘယ်သူနှင့်မျှ မျက်လုံးချင်း မဆုံမိအောင် ကြိုးစားနေကြောင်း ဂျေးက သတိပြုမိသည်။ သူ တွေးသည်မှာ အကယ်၍ မိတ်ဆွေဟောင်း သို့မဟုတ် တပည့်ဟောင်းတစ်ဦးဦးကို မြင်မိခဲ့သည်ရှိသော် မျက်လုံးချင်းဆုံမိသည့်အတွက် ကျွန်တော့်မှာ ခံစားချက်ကို ထိန်းမရနိုင်လောက်အောင် ဖြစ်သွား နိုင်ကြောင်း ကျွန်တော်သိထားပြီးဖြစ်၍ ကျွန်တော်သည် ပရိသတ်ထဲသို့ ကြည့်ရဲမည်မ ဟုတ် ဟူ၍ဖြစ်သည်။

ကျွန်တော် သည် ပြင်ဆင်စရာရှိတာ ပြင်ပြီး၍ အသင့်ဖြစ်ချိန်တွင် ပရိသတ်ထဲမှ လှုပ်လှုပ်ရှားရှားအသံ ပေါ်လာသည်။ ပန်ကရိယ ကင်ဆာရောဂါ ရထား၍ သေတော့မည် လူတစ်ယောက်ဟာ ဘယ်လိုပါလိမ့် ဟူ၍ တွေ့ချင် မြင်ချင် ရုံမျှနှင့် လာရောက်ခဲ့ကြသူတို့အဖို့မူ မေးစရာ မေးခွန်းတွေရှိမည်အမှန်ဖြစ်သည်။ အဲဒီ ဆံပင် ဟာ သူ့ဆံပင် အစစ်ပဲလား၊ (မှန်သည်။ ကျွန်တော်သည် ခီမိုသာရာဖီခေါ် ဆေးရည်သွင်း အကုခံ ထားလျက်ကပင် ဆံပင်တွေ ကျန်နေသေး၏။) ကျွန်တော်သည် စကားပြောနေနိုင်သေးမှဖြင့် သေမင်းနှင့် အလွန် နီးကပ်လျက် ရှိပြီဟူ၍ကော ထိုသူများက တွေးမိနိုင်ပါမည်လော။ (ကျွန်တော့် အဖြေကား "စောင့်ကြည့် ပေါ့ဗျာ"ဟူ၍ ဖြစ်ပါသည်။)

ဟောပြောဖို့ အချိန်လည်း မလိုတော့ပါ။ မိနစ်ပိုင်းမျှလောက်သာ ကျန်ရှိပါတော့သည်။ ကျွန်တော်သည် ဟောပြောစင် မှာ အချို့ပုံတွေကို ဖျက်လိုက်၊ တချို့ပုံတွေကို ပြန်စဉ်လိုက် နှင့် တလှုပ်လှုပ် ဆက်လုပ်နေ ဆဲ ဖြစ်သည်။ "ကျွန်တော်တို့ စလို့ရပြီ"လို့ တစ်ယောက်ယောက်က လာပြောချိန်အထိ ကျွန်တော်သည် အလုပ် လုပ်ကောင်းနေဆဲဖြစ်သည်။ ကျွန်တော့်မှာ အခမ်းအနားတက် ၀တ်စုံပြည့်နှင့်လည်း မဟုတ်။ လည်စီးလည်း မပါ။ တံတောင်ဆစ်မှာ သားရေစနှင့် ဖုံးထားသော ပါမောက္ခကြီးများ ၀တ်ဆင်လေ့ရှိ သည့် တွီစနှင့် ချုပ်ထားသော အပေါ်အင်္ကျီမျိုးကြီး ၀တ်လျက်သားနှင့် ထပြီးတော့လည်း ဤနေရာကို လာမနေချင်ပါ။ ကျွန်တော် က ကျွန်တော့်ဟောပြောချက်ကို ဟောပြောသည့်အခါ ကလေးဘ၀ အ၀တ် ဘီရိုထဲမှ ရှာတွေ့သမျှ ထဲက ကလေးဘ၀စိတ်ကူး အိပ်မက်နှင့် အသင့်အလျော်ဆုံး အ၀တ်အစားမျိုး သာ ရွေးချယ် ၀တ်ဆင်ပြီး ဟောပြောရန် စီစဉ်လာခဲ့ခြင်း ဖြစ်ပါသည်။

ဆိုပါစို့။ ကျွန်တော့်ကို ကြည့်လိုက်မယ်ဆိုရင် အမြန်မှာစားလို့ရသည့် စားသောက်ဆိုင်က မှာစားသူ၏ အမိန့် ကို စောင့်နေသည့်သူမျိုးနှင့် တူနေကြောင်း တွေ့ရမည်။ သို့ရာတွင် ကျွန်တော့် ရှပ်အင်္ကျီလက်တို ပေါ်က "လိုဂို" ကမူ ဂုဏ်ယူစရာ အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုလိုဂိုမှာ ဝေါ့ဒစ္စနေး စိတ်ကူးဖန်တီးရှင် များ (Walt Disney Imagineers) ၀တ်ဆင်လေ့ရှိသော လိုဂို ဖြစ်သော ကြောင့်ပင်။ ဝေါ့ဒစ္စနေး စိတ်ကူးဖန်တီးရှင်များဟူသည် ဒစ္စနေးဥယျာဉ်ခြံကြီးအတွင်း၌ စိတ်ကူးစိတ်သန်း နှင့် အဆန်းတကြယ် အရာ များကို ဖန်တီးပေးကြသည့် ပန်းချီဆရာများ၊ စာရေးဆရာများနှင့် အင်ဂျင်နီယာ များ ကို စုပေါင်း၍ ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။

၁၉၉၅ ခုနှစ်က ကျွန်တော်သည် သုတေသန အားလပ်ခွင့် ခြောက်လယူ၍ စိတ်ကူးဖန်တီးရှင် လုပ်ခဲ့ဖူးသည်။ ထိုကာလ သည် ကျွန်တော့်၏က လေးဘ၀ စိတ်ကူးအိပ်မက်တို့ တကယ်ဖြစ်လာခဲ့သည့် ကျွန်တော့်ဘ၀၏ အကောင်းဆုံး နမူနာပြစရာ ကာလတစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် ဒစ္စနေးတွင် အလုပ်လုပ်ခဲ့စဉ်က ကျွန်တော့် ကို ပေးခဲ့သည့် ရန်ဒီ ဟူသော အမည်နာမထိုးထားသည့် ဘဲဥပုံ ရင်ထိုးကို တပ်ဆင် ထားခြင်းဖြစ်သည်။ ကျွန်တော်သည် ထို စဉ်က ကျွန်တော့်ဘ၀ အတွေ့အကြုံကိုရော "သင် စိတ်ကူး အိပ်မက် မက်တတ်ခဲ့လျှင် ထိုအတိုင်းလုပ်၍ ရနိုင်သည်" ဟူသော ထင်ရှားကျော်စောလှသည့် စကားကို မြွတ်ကြားခဲ့သူ ဝေါ့ဒစ္စနေ ကိုပါ လေးစား ဂုဏ်ပြုသည့် သဘောလည်း ဖြစ်ပါသည်။

ကျွန်တော်က လာရောက်ကြခြင်းအတွက် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောသည်။ ဟာသ ပြက်လုံး အနည်းငယ်မျှ ထုတ်လိုက်ပြီးနောက် ဤသို့ ပြောပါသည်။
"လူတစ်ယောက်ဟာ ဟိုကသည်က ရောက်လာပြီး နောက်ပိုင်းက ဖြစ်ရပ်ဇာတ်လမ်းကိုလည်း မသိဘူး ဆိုပါတော့တဲ့၊ အခန်းထဲမှာ ဆင်တစ်ကောင်ရောက်နေရင် အဲဒီဆင်နဲ့ မိတ်ဆက်ပေးလိုက်လို့ ကျွန်တော့် အဖေ က ကျွန်တော့်ကို သင်ပေးခဲ့ပါတယ်၊ ခင်ဗျားတို့ ကျွန်တော့် စီတီစကင် တွေကို ကြည့်မယ်ဆိုရင် ကျွန်တော့် အသည်း မှာ အကျိတ်ဆယ်လုံးလောက် တွေ့ကြပါလိမ့်မယ်။ ဆရာဝန်က ပြောတာက တော့ ကျွန်တော်ဟာ သုံးလကနေ ခြောက်လအထိတော့ ကျန်းကျန်းမာမာ နေရပါလိမ့်မယ်တဲ့။

သူ ပြောတာက ပြီးခဲ့တဲ့လကဆိုတော့ ခင်ဗျားတို့တွက်ကြည့်ကြပေါ့ဗျာ၊ တွက်လို့ပါလိမ့်မယ်"
ကျွန်တော်သည် ကျွန်တော့်အသည်း၏ စီတီစကင် က ပုံကြီးတစ်ပုံကို စကရပ်ပေါ်တင်၍ မီးထိုးပြလိုက် သည်။ ထိုပုံကို အခန်းထဲက ဆင်ဟုခေါင်းစဉ်တပ်ပေးထားသည်။ ထို့နောက် အကျိတ်တစ်ခုစီကို အနီရောင် မြားများ ဖြင့်လည်း ထိုးပြပေးထားလိုက်ပါသည်။

ကျွန်တော်က ပရိသတ်များ မြားပြရာအတိုင်း လိုက်ကြည့်ပြီး အကျိတ်များကို ရေကြည့်၍ ရအောင်လည်း ပုံကို တော်တော်ကြာကြာကြီး ထားပေးလိုက်သည်။
"ကဲ ကောင်းပါပြီ။ အဲဒါကတော့ မြင်ရတဲ့အတိုင်းပါပဲ။ ဒါကို ကျွန်တော်တို့ ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။ ဒါကို ဘယ်လို တုံပြန်သွားရမယ် ဆိုတာကိုပဲ ကျွန်တော်တို့ ဆုံးဖြတ်ကြဖို့ရှိပါတယ်။ ကျွန်တော်တို့က ကိုယ့် လက်ထဲ ဝေပေးထား တဲ့ ဖဲချပ်ကိုတော့ လဲလို့မရတော့ပါဘူး။ ဒီဖဲနဲ့ပဲ ဘယ်လို ကစားသွားမယ် ဆိုတာ ကိုပဲ စဉ်းစားဖို့ရှိပါတယ်"

ကျွန်တော်က ထိုသို့ ပြောပြီးလိုက်ချိန်မှာပင် ကျွန်တော့်စိတ်မှာ တကယ်ပဲ မာမာချာချာကြီး ဖြစ်လာသ လို ခံစားမိ ပါသည်။ စိတ်လှုပ်ရှားလာသည့်အခါ ထွက်ပေါ်လာသော အာဒရင်နလင်းဓာတ် နှင့် ရုံပြည့်လျှံ အားပေးနေသော ပရိသတ်ကြီးကိုမြင်ပြီး ခံစားရသည့် စိတ်ခံစားမှုတို့ကြောင့် အားသွင်းပေးလိုက်သလို ဖြစ်သွား၍လား မသိ။ အရင်က ရန်ဒီ လို ဖြစ်သွားသည်ကို ထင်မိတော့သည်။ ကျွန်တော့်ကို ကြည့်လိုက် ရင် အလွန်ကျန်းမာသူ ဟု ထင်ရကြောင်းကိုလည်း ကျွန်တော်သိပါသည်။ အချို့သူများဆိုလျှင် မကြာခင် သေတော့မည့် လူမမာဟု ဘယ်လိုမှ ဆက်စပ်တွေးမရအောင် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကျွန်တော်က ဤသို့ ပြောပါသည်။

    'ကျွန်တော့်ကိုကြည့်ရတာ စိတ်ပျက်ဝမ်းနေသူနဲ့လည်း မတူဘူးဆိုရင်တော့ ကျွန်တော် ခင်ဗျားတို့ကို စိတ်ပျက်အောင် လုပ်မိခြင်းအတွက် တောင်းပန်ပါတယ်ဗျာ' လူတွေက ရယ်ကြသည်။ သူတို့ ရယ်မော ပြီးသောအခါ ကျွန်တော်က ဆက်ပြောသည်။

'ကျွန်တော်ဟာ အဖြစ်မှန်ကို ငြင်းကွယ်နေသူမဟုတ်ကြောင်းတော့ ခင်ဗျားတို့ကို အသေအချာ ပြောရဲ ပါတယ်၊ တကယ်ဖြစ်နေတာကို မသိချင်ယောင်ဆောင်နေတာလဲမဟုတ်ပါဘူး၊'
'ကျွန်တော့်မိသားစုဟာ၊ ကျွန်တော့်မိသားစုဆိုတာက ကျွန်တော့် ကလေး သုံးယောက်နဲ့ ကျွန်တော့် ဇနီးကို ပြောတာပါ၊ ကျွန်တော့် မိသားစုဟာ အခုအိမ်ပြောင်းလာခါစ ဖြစ်ပါတယ်၊ ဗာဂျင်နယားမှာ ကျွန်တော်တို့ အိမ်ကလေး တစ်လုံး ၀ယ်ပါတယ်၊ အိမ်ကလေးက ချစ်စရာပါ၊ ကျွန်တော်တို့က အဲဒီအိမ်ကလေးကို ဘာကြောင့် ၀ယ်ရသလဲဆိုရင် ဒီအိမ်ကလေးက ကျွန်တော်တို့ မိသားစု လမ်းမပေါ် ဆင်းသွားနိုင်တဲ့ နေရာကောင်းလေး ဖြစ်နေလို့ပါ' ကျွန်တော် သည် ကျွန်တော်တို့ မကြာသေးမီကလေးကမှ ၀ယ်ထားသော မြို့ဆင်ခြေဖုံး မှ အိမ်သစ်ကလေး၏ ဓာတ်ပုံကို ထိုးပြလိုက်ပါသည်။ အိမ်၏ ဓာတ်ပုံအပေါ်၌ ခေါင်းစဉ် တပ်ပေးထားပါသည်။ 'ကျွန်တော်က အဖြစ်မှန်ကို ငြင်းနေသူ မဟုတ်ပါ ဟူ၍ ဖြစ်ပါသည်။

ကျွန်တော်ပြောလိုသည့် အချက်ကား ဂျေးနှင့် ကျွန်တော်သည် ကျွန်တော်တို့ နှစ်ပေါင်းများစွာ နေထိုင် လာခဲ့ကြသော နေရာကို စွှန့်လွှတ် လိုက်ရန် ဆုံးဖြတ်ခဲ့ကြကြောင်းနှင့် ကျွန်တော်က သူ့မ အား သူ ချစ်လှသော အိမ်ကလေးနှင့် သူ့အားမြတ်နိုးချစ်ခင်ရှိကြသော မိတ်ဆွေ အပေါင်းအသင်း များကို စွန့်ခွာလိုက်ဖို့ ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့သည် ကလေးများ ကိုလည်း သူတို့၏ ပစ္စဘတ် မှ ကစားဖော်ကလေးများနှင့် ခွဲလာစေခဲ့ရပါသည်။

ကျွန်တော်တို့သည် ကျွန်တော်က သေရက်ကိုစောင့်ရင်း ပစ်စဘတ်ရှိ ကိုယ့်ရီပ်မြုံကလေးအတွင်း အေးအေး ဆေးဆေး နေ၍ ရနေသည့် အချိန်မျိုးတွင် ကျွန်တော်တို့၏ ဘ၀များကို ထုပ်ပိုးပြီး ကိုယ့်ဘ၀ မုန်တိုင်း အတွင်းသို့ ကိုယ့်ဘာသာ ပစ်ချလိုက်ကြဘိသကဲ့သို့ ရှိပေသည်။ ကျွန်တော်တို့ ဤနေရာသို့ ပြောင်းရွှေ့ လာခဲ့ခြင်းအကြောင်းကား ကျွန်တော်မရှိတော့သည် နှင့် တစ်ပြိုက်နက် ဂျေးတို့ သားအမိတစ်တွေသည် ဂျေး ၏ မိဘ မောင်ဖွားများက သူတို့အား ချစ်ခင်ယုယစွာ ကူညီစောင့်ရှောက်နိုင်မည့်နေရာမျိုးတွင် နေဖို့ လိုမည် ဟု သိထားသောကြောင့် ဖြစ်ပါသည်။

ကျွန်တော်က ပရိတ်သတ် ကို သိစေချင်တာလည်း ရှိသေးသည်။ ကျွန်တော်သည် ဆရာဝန်များက ကျွန်တော့် အား ဆေးသွင်းပေးခြင်း၊ ဓာတ်ကင်ပေးခြင်းတို့ကို ပြုပေးနေ၍ ကျွန်တော်၏ ခန္ဓာကိုယ်သည် ပြန်လည်ကောင်းလာစပြုနေပြီဖြစ်သောကြော်င့ တစ်စိတ်တစ်ဒေသအားဖြင့်ကား ကျွန်တော်သည် ကောင်းနေသည်။ ကျွန်တော် ဘာမှမဖြစ်ဟူသော အချက်ကို သူတို့အား သိစေလိုခြင်းဖြစ်ပါသည်။ ကျွန်တော်သည် ယခုဆိုလျှင် ဆေးသွင်းသည့်ဒဏ်ကိုလည်း ခံနိုင်နေပြီဖြစ်သည်။ 'ကျွန်တော်ဟာ အခုဆိုရင် အတော်ကြီး ကို ကျန်းမာရေးကောင်းနေပါတယ်'ဟု ကျွန်တော်က ပရိတ်သတ်ကိုပြောပြသည်။ ကျွန်တော် ဆိုလိုတာက ခင်ဗျားတို့ ကျွန်တော့်ကို သိသိသာသာ တွေ့နိုင်တာက ကျွန်တော်ဟာ တကယ်ကို ကောင်းနေတဲ့ ပုံ ပါပဲ ဆိုတဲ့အချက်ပဲ၊ တကယ်လည်း ကျွန်တော့်ပုံက ကျန်းမာရေးကောင်းနေတဲ့ပုံ  ဖြစ်နေ တယ်လေ'

ကျွန်တော်သည် ဟောပြောစင်၏ အလယ်ဗဟိုဘက်သို့ ရွှေ့သွားလိုက်သည်။ လွန်ခဲ့သော နာရီပိုင်း အတွင်း က ဆိုလျှင် ယခုကျွန်တော်လုပ်ပြမည့် အရာတွေကို လုပ်နိုင်လောက်အောင် အားမှရှိပါ့မလားဟု ကျွန်တော့် စိတ်မှာ အသေအချာ တွက်မရဖြစ်ခဲ့သေး၏။ ယခုမူ ကျွန်တော့စိတ်မှာလည်း စိတ်အားတွေ တက်လာပြီး အားခွန်တွေရှိလာသည်ဟု ထင်ရသည်။ ကျွန်တော် ကြမ်းပြင်သို့ ဒူးထောက်ချလိုက်ပြီးနောက် 'အိပ်ထမတင်' လုပ်ပြလိုက်သည်။ ပရိသတ်အတွင်းက ရယ်မောသံ၊ အံသြမှုဖြင့် ချီးမွမ်းသြဘာပေးသံတို့ ထွက်လာ၏ ထိုအသံများတွင် သူတို့၏ ပူပန်သောကများကို ပရိသတ်ကြီးက စုပေါင်း၍ မှုတ်ထုတ် လိုက်သည့်အသံကို ကျွန်တော်ကြားနေရသကဲ့သို့ပင် ထင်ရလေသည်။ ကျွန်တော် သည် သေတော့မည့် သူတစ်ယောက် မဟုတ်သလိုပင် ဖြစ်နေ၏။ ကဲ၊ သည်လိုဆိုရင်ဖြင့် ကျွန်တော့် ဟောပြောချက်ကို စ၍ ရနိုင် ပေတော့မည်။

အခန်း (၄) မိဘထီ ဆက်ရန်
.

2 comments:

Anonymous said...

အပိုင်း ၅ဖတ်ပီး ဆက်တိုက်ဖတ်ချင်စိတ်တွေ တဖွားဖွား.....
အနော်

Anonymous said...

Thanks.

Waiting for ......

Ray