''မမယုကလဲ ဒါကတော့ ဖေဖေ့အပြစ်ကလဲရှိသေးတာကို၊ သုသ၀ဏ္ဏသာမတို့ မိဘပြုစုတယ်ဆိုတာက ဒုကုလ နဲ့ ပါရိကာ တို့က တောတွင်းသစ်ခက်တဲ မှာ တရားထိုင်လို့ သားရှာပေးတဲ့ သစ်သီးကို အေးချမ်း စွာစားလို့ ခြေဆုတ်လက်နယ်ပြုသမျှ ခံလိုဆိုတဲ့ မိဘမျိုးလား၊ ဖေဖေ့ ခြေထောက်ကောင်းပြီး နားကြား ယင် ပိဠိယက္ခ မင်းကြီးထက်တောင် တောလိုက် ကောင်း အုံးမယ်။ ကိုယ့်အဖေက မိုးပျံနေတဲ့အဖေ၊ ကဲ လေ- ဒါတွေတွေးမနေနဲ့ ဆရာဝန်နဲ့ရော၊ ထမင်းချက်ရော စီစဉ်ပြီးရင် နုနုတခေါက်လာမယ်၊ အကို မှော်ဘီ က လာရင် လဲ နုနုတို့အစီအစဉ်ကိုပြောပြ အကိုလဲ ဒုက္ခပါဘဲ….''
သူကရယ်ရယ်မောမောနှင့် စကားကို အဆုံးသတ်ပါသည်၊ အတော်ကြာ ကျမတို့စကားမပြောဘဲ အတွေး ကိုယ်စီ နှင့်ငြိမ်ကြ၏။ စာဖတ်သူ ခမည်းတော်ဘုရား၏ဟန်ပန်ကို ညီအမနှစ်ယောက်လုံး အကဲခတ် နေကြ၏။ စာဖတ်ပြီး အဆုံးသတ်တော့မှ မျက်မှန်ကြီးဘေးချလိုက်ခါ-
''မသိလို့ဗျို့… မသိလို့'' ဟူ၍ ထုံးစံအတိုင်း ခုနှစ်သံနှင့် ဖေဖေက အော်လိုက်ပြန်ပါသည်။ ပြီးတော့မှ မျက်မှောင် ကြုတ်ခါ တစုံတရာစဉ်းစားသလိုလုပ်ရင်း မေးခွန်းတခုမေး၏။
''နေပါအုံး စကော့ဈေးထဲက ပစ္စည်းတွေသိမ်းတယ်ဆိုတော့ ''မမလေး ဘာလုပ်စားနေလဲ… သူက အပျို ကြီး၊ လုပ်ကျွေး မဲ့ လူလဲမရှိ''
ကျမတို့ညီအမနှစ်ယောက်မှာ ဖေဖေ့မေးခွန်းကြောင့် ပြိုင်တူရယ်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ထောင်သောင်းများစွာသော လူတွေ၏အဖြစ်အပျက်များကြားထဲမှ၊ သူခွဲစိတ်ကုသခြင်းခံရစဉ်က ဂရုတစိုက် ပြုစုသော တပည့်၊ ဦးစောမောင် ၏ နှမအငယ်ဆုံး ''ဒေါ်မမလေး''အား သူရွေး၍သတိရခြင်းကို ကျမ တို့ ညီအမ နှစ်ယောက် သဘောကျကြခြင်းဖြစ်ပါသည်။
''ဒီလိုဘဲပေါ့ ပလပ်စတစ် အရုပ်ကလေးတွေ ဆီးသီးထုတ်တို့ မဆလာတို့ရောင်းတာပေါ့…''
နုနုက စာရေးပြလိုက်၏။
''သူ အင်မတန် သဘောကောင်းတဲ့သူပါ မတရားတဲ့ ကုန်သည်တွေပစ္စည်းမှ သိမ်းတာမဟုတ်ဘူး လား…''
နုနု ရော ကျမရော ဖေဖေ့မေးခွန်းကို မဖြေကြပါ၊ အေးအေးဆေးဆေးစီစဉ်ပြီး ကိုကိုနှင့် နုနု ဖေဖေ့ကို လာခေါ်မည့် အကြောင်း လိုချင်သောပစ္စည်းစုဆောင်းထားသည်မို့ နုနုကစာရေးပြပါသည်။
တပတ်အတွင်း ကိုကိုက ဖေဖေ့ကိုလာခေါ်၍ ကျမအိပ်ယာပေါ် နားခွင့်ရပါသည်။ ဟင်းကို ဖေဖေ့အကို အကြီးဆုံး ဦးသာယာ မှ မွေးခဲ့သည့် ဒေါ်ခင်ညွှန့်က လာပို့ပါသည်။ နောက်လတွင်တော့ ထမင်းချက် မိန်း ကလေး တယောက် ကို ကိုကိုခေါ်ပေးထားပါသည်။ အကိုကြီးကတော့ မှော်ဘီမှ ခဏခဏလာကြည့်ခါ ဆရာဝန် စကားနားထောင်ဖို့နှင့် တရားထိုင်ဖို့သာ သူပြောပါသည်။
ကျမရောဂါမှာ လက်တွေခြေတွေယောင်လာ၍ ကျမမစိုးရိမ်မိ၊ အသက်ရှုကြပ်လာမှသာ ကျမကြောက် ပါသည်၊ ခေါင်းထဲမှ ပြင်းထန်စွာ နာလာလျင် အန်၍၊ လူကလည်း သေမလိုပြော့၍ အားနည်းသွားတတ် ပါသည်၊ ထို့ကြောင့် ခေါင်းထဲမှနာမှာကို၎င်း၊ အသံတခုမြည်လာမှာကို၎င်း ကျမကြောက်ပါသည်၊ ဤအ သံမှာ ဘယ်က မြည်လာသော အသံ ဟုမသိ၊ အဝေးမှ လေယဉ်ပျံတခု ပျံသွားသောအသံနှင့် ဆင်ဆင်တူ ၏။ ကျမ အဖို့ မှာတော့ ဤအသံမြည်လာလျှင် ဝေဒနာပြင်စွာ ခံရပါသည်။
သေခြင်းတရားသည် စင်စစ်ကြောက်စရာမကောင်းပါပေ၊ သူ့အလိုအလျောက်ဖြစ်လာသော သဘောတ ခုဖြစ်၏။ မသေခင် ဝေဒနာခံစားရင်းနှင့် တမလွန်ရှိ ငရဲ၊ ၀ဋ်ဆင်းမှုတို့ကသာ ကြောက်စရာပါပင်တည်း။
ကျမစောစောပိုင်းက ဖေဖေ့ကို အလွန်စိတ်ဆိုးသော အကြိမ်နှစ်ကြိမ်ရှိသည်ဟု ရေးသားခဲ့ပါသည်။ ပထမ အကြိမ် မှာ ၀က်သားစား၍ ဒဏ်ရာရသောအကြိမ်ဖြစ်၏။
လူနာတယောက် ကို ဆေးရုံတင်ရတိုင်း ငွေကုန်ရသည်၊ စိတ်မောရသည်များမှာ အကြောင်းမဟုတ် ပြုစုရသူ ကျမ ကိုယ်တိုင် က ချိနဲ့ရသည့် အထဲ ဒီချိချိနဲ့နဲ့ကိုယ်နှင့် ဆေးရုံကြီးကို နေ့တိုင်းသွားရခြင်းကို စိတ်အလွန် ဆင်းရဲ၏။ ကားရှိသည်ဆိုသော မောင်နှမသားချင်းတွေကိုလည်း နေ့စဉ်အပူမကပ်ချင် တို့အဖေကြီး တွက်ဘဲ ဟူ၍ သူတို့ဖာသာ သဘောပေါက်နားလည်၍ နေ့စဉ်လာခေါ်လျှင်တော့ ကျမ လိုက်ကောင်းလိုက်ပေမည်။ ကျမ ကိုယ်၌က လည်း မာနကြီးသည်ထင်ပါသည်။ ''ကယ်မပါ ပြုစုပါ၊ မွဲသွေ့သွေ့မျက်နှာ ကိုယ်ချမ်းသာ ရာ ရကြောင်း ငယ်ပေါင်းစုတ်ပဲ့နုံ့နဲ့သည့်စကားများကို ယောင်မှား၍ဆိုမိ လျှာတိုအောင်ရိပ်ချင်၏'' ဆိုသော ဦးပုည စကားလိုပင် ဘယ်သူ့မှသွားမပြောတော့ဘဲ ကိုယ့်ခြေသာ ကိုယ် အားကိုး၍ ခနော်ခနဲ့နှင့် ဆေးရုံ နှင့် အိမ် ကို ကူးမိသည်။ ငါပြုရင် ငါ့ကုသိုလ်ဘဲဟူ၍ စိတ်ကိုဖြတ်လိုက်ခါ နေလိုက်မိပါသည်။ ဒါကြောင့် ဖေဖေ့ ကို ဆင်ဆင် ချင်ချင် နေစေချင်ပါသည်။ ဆေးရုံတက်ရသော အဖြစ်များကို ဖြစ်ကိုမဖြစ်စေချင်ပါ။
ဖေဖေကလည်း ပြောမရ။
ကျမစိတ်ထဲကတော့ ၀တ္ထုရေးသူပီပီ စိတ်ကူးယဉ်ကြည့်၏။ ဖေဖေ စိုက်ပျိုးရေး ၀ါသနာပါသူ ဖခင်ကြီး တယောက် စိုက်ပျိုးလိုက်၊ မြေများကို ပေါက်ချင်လည်း ၀င်ပေါက်လိုက်အုံး၊ သစ်ပင်များကို ရေလောင်း ချင်လည်း မာလီနှင့်အတူလောင်း၊ ကျန်းမာရေးပင် ပြည့်စုံပေသေးသည်။ ကျန်သောအချိန်တွင် ကြက်သရေရှိရှိ နှင့် အိမ်ဦးခန်းတွင် ကြိုက်သောစာအုပ်ကိုဖတ် ''သမီးရေ ဖေဖေ ဒီနေ့ ဘာဟင်းနဲ့ စားချင်တယ်'' စားချင်သည်ကိုပြော ဖေဖေ့အကြိုက်ကို ချက်ပြုတ်ကျွေး၊ ကျမရင်ထဲမှာတော့ ဤကဲ့သို့ ဖခင်မျိုး ကို ခဏခဏစိတ်ကူးယဉ်ကြည့်မိပါသည်။ ဖေဖေကတော့ တခြားထင်တာတွေလည်းလုပ် မီးဖိုချောင် ၀င် ဟင်းကိုယ်တိုင်ဝင်ချက် တခါတရံ ရေနံဆီမီးဖိုက မီးထတောက် တခါတလေ သူကပင် ထမင်းချက် မိန်းခလေး များကို ကြိမ်းထား၏။
''မီးဖိုချောင် မှာ ငါဘာဟင်းဝင်ချက်သလဲဆိုတာ နင်တို့မမကိုဖွင့်ပြောရင် ငါနင်တို့လည်ပင်းညှစ်မယ် ဒါဘဲ''
ကျမကမသိဘဲ နေပါမည်လား ငံပြာရေဆီသတ်ကို စပါးလင်ထည့်၍ သတ်သည်ကို ဖေဖေကြိုက်၏။ ''ဒီ နေ့ ဖေဖေ့ ကို ငံပြာရေဆီသတ် စပါးလင်နဲ့ထည့်ပြီး ချက်ပေးပါ''ဟုပြောလျှင် ပြီးသည့်ကိစ္စ၊ အဲဒီလိုမပြောပါ သူကိုယ်တိုင် ၀င်လုပ်ပါသည်။ တခါက ဆူးလေဘုရားအိမ်တွင် ဆီးအိုးမီးထ၍တောက်ဖူးပေပြီ၊ ထို့ကြောင့်ပင် ယခု ရေနံဆီမီးဖိုသုံးချိန် ၌ ဘယ်ကိုဘဲသွားသွား ဖေဖေ့ကိုစိတ်မချ ဖေဖေချက်ပြုတ်နေဆဲ ခနော်ခနဲ့နှင့် မီးဖို ပေါ် လဲကျသွားမှာ ကျမအလွန်စိုးရိမ်ပါသည်။
ထို့ကြောင့်ပင် ခလေးမလေးများကို ဖေဖေချက်နေဆဲ အနားမှ ဘယ်မှမသွားရန် မီးထတောက်သော် ဂုံနီအိပ် ရေဆွတ် ၍ အုပ်ရန် မီးသတ်နည်းကအစ သင်ကြားရပါသည်။
ကျန်အချိန်များတွင်လဲ အစုတ်ပေါင်းစုံကို ဖေဖေ့အခန်းတွင်တွေ့ရ၍ အိပ်ရာခင်း ခြင်ထောင် စောင်ဟူ သမျှ ဖာ တော့သည်။ နေ့စဉ်အ၀တ်ဟောင်းများကို အ၀တ်လျှော်ကုလားမ လာတိုင်းပေးရန် သွားယူ လျှင် ခလေးမလေး များကိုယူခွင့်မပြု။
သူကိုယ်တိုင် ထင်းခွေ ရေနံဆီသံပုံးထဲ သူ့အ၀တ်များထည့်၍ ခြံထဲတွင်ပြုတ် နှစ်ရက်တိတိပြုတ်ရမယ် ဆိုလျှင် ခလေးမလေးတွေမှာ နှစ်ရက်တိတိပြုတ်ရသည်။ ပြီးတော့ သူ့ဟာသူဖွတ်သည်။
''ဖေဖေလုပ်မှာစိုးလို့ ဒီကုလားမကို ငါထားတာ၊ ဒီတခါ ဖေဖေအ၀တ်ဖွတ်ရင်တော့ ဒီသံပုံးရော အ၀တ် ရော သမီး လွှင့်အပြစ်ဘဲ''
လူမိုက်ဂိုက် နှင့် ခပ်တည်တည်ပြောရပြန်သည်။ ဒီတော့မှ အ၀တ်ပြုတ်သောသံပုံးကို အပ်တော့သည်။
ယခု ဒုတိယအကြိမ် ဖေဖေ့ကိုစိတ်ဆိုးမိသည်မှာတော့ ကိုကို၏အစီအစဉ်အတိုင်း ကျမအိမ်မှာတွင် အနား ယူကာနေ၏။ ကိုကိုရှာပေးသော ကရင်မလေးတယောက်က ထမင်းချက်၍ကျွေးသည်။ တနေ့တွင်မူ အိပ်ခန်း ခန်းဆီး ကို မ ကာ ဖေဖေအော်လိုက်သံကို ကြားလိုက်ရ၏။ ကျမက ကုတင်ပေါ်မှနေ၍ အံအား သင့်နေသည်။
''နင့်အိမ်ကိုလေ ငါဘယ်တော့မှပြန်မလာတော့ဘူး၊ မောင်မောင့် အိမ် မှာ တနေ့ဟင်းရှစ်ခွက်နဲ့ စားရ တယ်၊ သိလား''
ကျမမှာ ကုတင်ပေါ်မှနေ၍ ဒေါသဖြစ်သည်မှာ အလွန်ပါပင်တည်း။ ''ငါ့အဖေ ငါ့စေတနာကို မသိလေ ခြင်း''ဟူ၍ မျက်ရည်ပေါက်ပေါက်ကျလာသည်။ ချက်ခြင်းပင် ကုတင်ဘေးစားပွဲပေါ်မှ စာရွက်တခုဆွဲယူ ကာ ရေးလိုက်၏။
''တနေ့ ဟင်းရှစ်ခွက်စားနိုင်သော ဖေဖေ့သားအိမ်၌ တသက်လုံးနေပါ၊ သမီးကတော့ ဟင်းသုံးခွက်ပင် ကျွေး နိုင် ပါသည်။ သမီးသေပြီဟု ကြားတောင်မှ သမီးဆီကိုမလာပါနှင့်''
ကျမသည် ယခုတခါ စိတ်အလွန်ကိုဆိုးပါသည်။ သူဘာနှင့်လာ၍ ဘာနှင့်ပြန်သည်ကိုပင် ထ၍မကြည့် တော့။
နောက်နေ့တွင် ကိုကို လာကြည့်၏။ သူက ရောဂါအကြောင်းမေးပေမင့် ရောဂါအကြောင်း ကျမမဖြေပါ ပေ။
''ကိုကို က တနေ့ကို ဟင်းရှစ်ခွက် နဲ့ ဖေဖေ့ကို ကျွေးတယ်ဆို၊ မနေ့က ဖေဖေ မယုကိုလာပြီး ရန်တွေ့ တယ်'' ကျမက မေးလိုက်၏။
''မယုရယ်… ဖေဖေ့အကြောင်း ခေါင်းထဲမထည့်နဲ့တော့ ကိုယ့်ကျန်းမာရေးသာ ကိုယ်ဂရုစိုက်၊ လူဆယ် ယောက် ဆယ့်ငါးယောက်ရှိတဲ့ ကိုကိုတို့လိုအိမ်မှာ ခုခေတ်ဈေးနဲ့ ဟင်းရှစ်ခွက်စားဖို့နေနေသာသာ တ နေ့ သုံးခွက် စား ဖို့ မနဲလုပ်ရဒါ၊ ဘဲ့နဲ့နေကောင်းလား''
ကျမက ဘာမှမဖြေတော့ပါ မျက်ရည်တွေသာ လည်လာပါသည်။ ကိုကိုပြန်သွားမှ ရှိုက်ကြီးတငင် ငိုမိ သည်။ ကိုကို့ အိမ်ကို ဖေဖေသွားနေစဉ် အတောအတွင်းမှာပင် လစဉ် ငါးချောက်၊ အိုဗာတင်း၊ နို့ဆီ၊ သ ကြား၊ ကော်ဖီမှုံ့၊ လဘက်ခြောက်အချို၊ တလစာ တလစာ အိမ်က ကရင်မလေးကိုယ်တိုင် သွားပို့ခိုင်း၏။
ကျမနောက်ပိုင်းတွင်တော့ မငိုတော့ ငယ်ငယ်က ဖိုးစိန်ကြီးဇာတ်ထဲက သီချင်းကို သွားသတိရ၏။
''ကံဆိုးတဲ့ဇိန္နမာယူရယ်၊ ရန်ငြိုးမဖွဲ့လေနဲ့ သံသရာမှာမြော။ မင်းကဆိုးရင် မင်းဘဲငရဲကြီးမယ်၊ ငါကဆိုးရင် မင်းဘဲငရဲကြီးမယ်…''
ထိုသီချင်းအတိုင်းပင် မိဘနှင့်သားသမီး ကျမရင်ထဲအမျက်ဖြစ်လေသမျှ ကျမသံသရာမှာသာ မြောရ တော့မည် ကြောက်လိုက်ပါဘိ၊ (ဤသံသရာ) သူ့ကိုကြောက်၍ ပြေးရသည်မှာအမော၊ စင်စစ် ဤသံသ ရာကို ဘယ်သူကမှမစ။ ကျမကစခဲ့၍ ကျမတွယ်တာ၍ ကျမမောခဲ့ရခြင်းဖြစ်ပါတည်း။ ကျမကစ၍ ဖြတ် မှဟူ၍ သဘော ပေါက်သည့်တပြိုင်နက် ကျမရင်ထဲတွင် ပထမဆုံးငြိမ်းတော့သည်။ နောက်ပိုင်းတွင် တော့ အားထုတ် ပြီးသောတရားကို ရက်ပိုင်းနှင့် ဒိဋ္ဌာန်၍ ထပ်ခါထပ်ခါအားထုတ်သည်၊ နောက်ကိုလည်း အားထုတ် ရအုံးမည်။ ဆရာမင်းသုဝဏ်၏ကဗျာလေးကို ကျမ ခဏ ခဏရေရွတ်မိ၏။

ဆက်ရန်
.
.
1 comment:
ဖတ်ပြီးသွားကြောင်းပါ မရွှေစင်ရေ ...
ဖတ်ရတာ တဖြည်းဖြည်းနဲ့ ရင်မောလာတယ်။
ဇရာ ... ဇရာ ... ကိုယ်လဲ တနေ့ အိုရအုံးမှာ။
အိုခြင်း ဆင်းရဲ နာခြင်းဆင်းရဲ ... အင်းးး ဖတ်ရင်းနဲ့ သံဝေဂ ရမိပါရဲ့။
Post a Comment