Tuesday, February 8, 2011

လေအဟုန် လျှပ်စီးနဲ့ အမြင့်ခရီးကိုလှမ်းခဲ့တယ် အပိုင်း (၂ဝ)

အိမ်ပြန်ရောက်တော့ ဆေးရွက်ကြီးတွေ လှမ်းနေဆဲ ရှိပါသေးတယ်။ အငတ်ဘေးကို ကျွန်တော်တို့ မိသားစု ဖြတ်သန်း ခဲ့ပြီးပါပြီ။ အချိန်တန်ရင် ဆေးတွေ ဈေးကောင်းရဖို့ ရှိပါတယ်။ တင်နေတဲ့ ကြွေး တွေလည်း ဆပ်နိုင် တော့မှာပါ။ မပြေလည်စရာအကြောင်း မမြင်တော့ပါဘူး။ ကျွန်တော့် ကျောင်း စရိတ်ကောပေါ့။ တစ်ပိုင်း တစ်စ နဲ့ ကျောင်းထွက်ခဲ့ရတဲ့ အဖြစ်မျိုးနဲ့ နောက်ထပ်ကြုံတွေ့စရာမရှိတော့ ပါဘူး။ ကျောင်းပြန်တက်ဖို့ အသင့် ပြင်ထားရပါမယ်။
"ဟေ့ မကြာခင် ကမ်ကွမ်ဘာ ကျောင်းပြန်တက်မှာကွ" လို့ စိတ်ထဲက ကြုံးဝါးလိုက်ပါတယ်။
အခန်း (၁၀)

ကျောင်းတွေ ပြန်ဖွင့်ပါတော့မယ်။ အဖေဘာမှ မပြောသေးပါဘူး။ ဗလာ စာအုပ်နဲ့ ခဲတံဝယ်ဖို့ ပိုက်ဆံ ထုတ်ပေးပြီးခါ မှ နောက်ပိုင်း နှုတ်ဆိတ်နေတာပါ။ အမေကလည်း ကျွန်တော့်အတွက် ဆပ်ပြာတောင့် တွေ ဘာတွေ ၀ယ်ပေးထားပြီးပါပြီ။ အင်္ကျီအဖြူကိုလည်း အစက်အပျောက် မရှိအောင် သေသေချာချာ လျှော်ထား ပြီးပါပြီ၊ စိတ်ထဲမှာတော့ အိမ်ရဲ့ အခြေအနေဟာ ပုံမှန် ပြန်ရောက်နေပြီလို့ ကျွန်တော်တွက် ထားပါတယ်။ ကျောင်းတက် ဖို့ကို ဆယ်မိနစ်တစ်ခါလောက် ကျွန်တော် သတိရနေပါတယ်။ ဒီလိုနဲ့ သုံးပတ်ကုန် သွားပါတယ်။

ဒီလိုနဲ့ ကျောင်းဖွင့်မယ့်ရက် ရောက်လာခဲ့ပါတယ်။ ကျွန်တော် အိပ်မပျော်တော့ပါဘူး။ မျက်နှာကြက်က ခြကိုက် နေသံ ကို အတိုင်းသား ကြားနေရပါတယ်။ မာလာဝီဟာ ခြအပေါဆုံး တိုင်းပြည်လား မသိပါဘူး။ သူငယ်ချင်း တွေနဲ့အတူ ကျောင်းတက်ဖို့ပဲ ကျွန်တော် စိတ်သန်နေပါတယ်။ တစ်ပိုင်းကလည်း တွေးပူရ သေးတယ်။ သူတို့တွေက ရှေ့ကျောနေပြီ။ စာတွေ ကျွန်တော် လိုက်နိုင်ပါ့မလား။ သူတို့က သူတို့မှတ်စု တွေ ကို ပေးကူးပါ့မလား။ ဘယ်သူတွေနဲ့ ပြန်တွေ့ရမှာပါလိမ့်။ အငတ်ဘေးထဲ ဘယ်သူတွေများ ပါသွား ပါလိမ့်။

နောက်တစ်နေ့မနက် ဂီးလ်ဘတ်ရောက်လာတော့ ကျွန်တော် အရမ်းပျော်သွားပါတယ်။
သူက ၀မ်းသာအားရ ပြောပါတယ်။
"ကြိုဆိုပါတယ် သူငယ်ချင်း၊ မင်းနဲ့အတူတူ ကျောင်းပြန်တက်ရမှာမို့ ငါအရမ်းပျော်နေတယ်။
"ငါက ပိုပျော်နေတာပါကွာ"
ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတာ ပျော်စရာပါ။ ပျော်စရာမကောင်းကတော့ လူစုံတက်စုံ ပြန်မတွေ့ ရတာပါပဲ။

"ဟေး ဂျိုးဇက် တစ်ယောက် မတွေ့ပါလား။ ဘီတန်းကလေ"
ဆံပင်တိုတို၊ အသားလတ်လတ်နဲ့ကောင်လေးကို မတွေ့တာနဲ့ ကျွန်တော်က မေးတော့ တစ်ယောက်က ဖြေ ပါတယ်။
"မင်း မကြာဘူးလား၊ သေတဲ့အထဲ သူတို့မိသားစု ပါသွားတယ်လေ"
အခြား အတန်းတွေထဲကလည်း အများအပြား အငတ်ဘေးထဲ ပါသွားပါတယ်။

စာတွေ နောက်ကျနေတဲ့အတွက် ကျွန်တော် အရမ်းစိတ်ပူနေပါတယ်။ စာကြည့်တိုက်မှာ ကျွန်တော် ဖတ် ခဲ့တာ ဘာသာစုံ မဟုတ်ပါဘူး။ ပထ၀ီနဲ့ စိုက်ပျိုးရေးသိပ္ပံဆိုရင် ခေါင်းထဲမှာ ဘာမှ မရှိသလိုပဲ။ တော်ပါသေးရဲ့။ သူငယ်ချင်းတွေက သူတို့မှတ်စုတွေ ပေးကူးကြပါတယ်။
ဆယ်ရက် လောက်ကြာတော့ နောက်ဆုံးကျောင်းလခ သွင်းရမယ့်န့ကို ရောက်လာပါတယ်။ ကျွန်တော် စိတ်ပူစ ပြုလာပါပြီ။ ဒီရက်ကို အဖေ သိပါတယ်။ ဒါပေမဲ့ သူ ဘာမှ မပြောသေးပါဘူး။ ကျွန်တော် ကလည်း ဒီအကြောင်း စပေးဖို့ မရွံ့မရဲ ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ အဖေက စ မေးပါတယ်။

"ကျောင်းမှာ အခြေအနေ ဘယ်လိုလဲ"
"ကောင်းပါတယ် အဖေ၊ စာတွေ နောက်ကျနေပေမယ့် အမီ လိုက်နိုင်မှာပါ"
"အေး ကြိုးစားပေါ့ကွာ"

ကျွန်တော်တို့ သားအဖ ပြောနေပုံက ဘာမှ မထူးဆန်းသလိုပဲ။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်စိတ်က ထိပ်တက် နေပါပြီ။ ဒုတိယပတ် နောက်ဆုံးနေ့မှာတော့ ဆရာကြီးက စုဝေးခန်းထဲမှာ သြ၀ါဒပေးရင်း ကြေညာပါ တော့တယ်။
"ဒီနှစ်ဝက်အတွက် ကျောင်းလခ မပေးရသေးတဲ့ ကျောင်းသားတွေ ဒီနေ့ နောက်ဆုံးထားပြီး ပေးကြပါ"
တော်တော့ကို ခေါင်းကြီးစရာနဲ့ကြုံနေမှန်း ကျွန်တော် မသိခဲ့ပါ။ ဒီနှစ်ဝက်တက်မယ်ဆိုရင် မနှစ်က နှစ်ဝက် အတွက်ပါ ကျွန်တော် သွင်းရမှာတဲ့။ ဒါဆို အားလုံးနှစ်ထောင်ပေါ့။ သွားပါပြီ၊ အဖေ ဘယ်လိုမှ ပေးနိုင် မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဘ၀ ဒီမှာတင် ပြီးပြီထင်ပါရဲ့။

ဒါပေမဲ့ ကျွန်တော်က အဖေ့ဆီက ပိုက်ဆံမတောင်းဘဲ  အလကား တက်လို့ရအောင် အကြံအဖန် လုပ် ပါတယ်။
တော်တော်တော့ သတိထားပြီး အချိန်ကိုက် လှုပ်ရှားဖို့ လိုပါလိမ့်မယ်။ ဆရာကြီးက အခန်းတစ်ခန်းကို အမြဲတမ်း စုံညီ အစည်းအဝေးခန်း လုပ်ထားပါတယ်။ လခ မသွင်းရသေးတဲ့ ကျောင်းသားတွေရဲ့ နာမည်ကို အကျယ်ကြီး ဖတ်ပြပါတယ်။ သွင်းပြီးသား ကျောင်းသားတွေကို အတန်း သွားတက်ခိုင်းပြီး မသွင်းနိုင်သေးတဲ့ ကျောင်းသား တွေကို စုဝေးခန်းထဲမှာပဲ ရပ်နေစေပါတယ်။ အတန်းပိုင်ဆရာကလည်း ကျောင်းလခ ပေးသွင်းပြီးကြောင်း ပြေစာတွေကို စစ်ဆေးပြီးမှ အတန်းထဲ ၀င်ခွင့်ပြုပါတယ်။ ကျွန်တော့် အဖြစ်က သိပ်ကို ရှက်စရာ ကောင်းပါတယ်။ ဂျက်ဖရီလည်း လခမကျေတဲ့ အုပ်စုထဲမှာ ခဏခဏ ပါပါ တယ်။

စီမံကိန်းစဖို့ ကျွန်တော် အသင့်ဖြစ်နေပါပြီ။ ကျောင်းရောက်လို့ စုဝေးခန်းထဲဝင်ဖို့ ကျောင်းသားတွေ တန်းစီ ချိန် မှာ ကျွန်တော်က အိမ်သာခန်းထဲ အသာကလေး လစ်ဝင်လိုက်ပါတယ်။ သူတို့ ပြန်ထွက်လာ မှ ကြက်ခြံ ထဲ က ကြောင်တစ်ကောင်ရဲ့ လျင်မြန်မှုမျိုးနဲ့ လူတန်းထဲကို လှစ်ခနဲ ၀င်လိုက်ပါတယ်။

အတန်းထဲရောက်တော့ စိတ်က မလုံတာနဲ့ နောက်ကျကျ ခုံတန်းမှာပဲ နေရာ ယူလိုက်တယ်။ နားမလည်တာ ရှိလည်း ထ မမေးရဲဘူး။ ဆရာ သတိပြုမိသွားမှာ စိုးလို့လေ။
ခိုးတက် တဲ့ ကျောင်းသားမိရင် တရားဝင် ကျောင်းထုတ်ခံရပါတယ်။ ကျွန်တော် ကစားနေတဲ့ တော်တော့ကို ရင်ခုန် ချင်စရာ ကောင်းပါတယ်။ ခုတလော မနက်မနက်ဆို ကျွန်တော် ဗိုက်နာနေတတ် တယ်။ တစ်နေ့ မှာတော့ အဖေ့ကို ဖွင့်ပြောပြီး ကျောင်းထွက်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဂီးလ်ဘတ်က ကျွန်တော် လုပ်ပုံ ကို သဘောကျနေတယ်။ အားလည်း ပေးတယ်၊ ကျွန်တော်သတ္တိကို လည်း ချီးကျူးတယ်။

"မင်း ခုချိန်အထိ ကံကောင်းနေတာ သိပ်ဝမ်းသာတယ် သူငယ်ချင်း"
"အေး ဒီနေ့အထိတော့ ကံကောင်းနေသေးတာပေါ့ကွာ"
"အဲဒီအတိုင်းသာ ခပ်တည်တည်ဆက်လုပ်၊ အိုကေမှာပါ"
ဒါပေမဲ့ ကျွန်တော် ကြာကြာ ကံမကောင်းလိုက်ပါ။ ကျောင်းလခ ကြွေးကျန်တဲ့ ကျောင်းသားတွေရဲ့ နာမည်ကို အတန်းပိုင် ဆရာ မစ္စတာ တင်ဘိုက ဖတ်ပြတော့ ဘူးပေါ်သလို ပေါ်သွားပါတော့တယ်။

မျက်ရည်မနည်းဆည်ပြီး အတန်းထဲက ထွက်လာခဲ့ရပါတော့တယ်။ အိမ်ရောက်ရောက်ချင်း အဖေ့ကို ပြောပြတော့
"အေး တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာ အဖေ သိပါတယ်ကွာ" လို့ ပြောရှာတယ်။ ပြီးတော့ ကျောင်းကို သွားပြီး အတန်းပိုင် ဆရာကို တောင်းပန်တယ်။
"ကျွန်တော် ဆေးတွေ ရောင်းရတော့မယ် ဆရာ၊ ငွေပေါ်တာနဲ့ ကျွန်တော် ချက်ချင်း လာသွင်းပါ့မယ်။ ကျွန်တော် သားလေး ကို လောလောဆယ် တက်ခွင့်ပေးထားပါ ဆရာ"
ဆရာတင်ဘို က အခြားဆရာတွေနဲ့ တိုင်ပင်ပြီး လက်ခံလိုက်ပါတယ်။

အဲဒီနောက်ပိုင်း သုံးပတ်လုံးလုံး ကျွန်တော် တစ်ယောက် ထီပေါက်သူလို ပျော်နေပါတယ်။ ဗိုက်လည်း မနာ တော့ ပါဘူး။ ခိုးကြောင်ခိုးဝှက် လုပ်စရာလည်း မလိုတော့ပါဘူး။ ဘာသာစုံ ကြိုးစားပြီး ကျွန်တော် လိုက် နေပါပြီ။ ဆရာက ရယ်စရာပြောရင် အော်ရယ်နိုင်ပါပြီ။ မျက်နှာအောက်ချ၊ မှိုင်လည်တဲ့ ဘ၀ နောက်မှာ ကျန် ခဲ့ပါပြီ။ အတန်းသားတွေ တီးတိုးပြောနေကြပါတယ်။ "ဒီကောက် စောစောပိုင်းက အေးအေးလေးပါ။ ခုမှ ဘာလို့ အူမြူး နေပါလိမ့်" တဲ့။

အဲဒီရက်သတ္တပါတ်ကုန်တော့ ဆေးရွက်ကြီးတွေ ခြောက်လာပါပြီ။ ချောကလက်ရောင် သမ်းလာပြီလေ။ အဲဒီ အချိန်မှာ ကြွေးရှင်တွေ အိမ်မှာ ခြေချင်းလိမ်နေတော့တာပဲ။ တစ်ယောက်ကို ကီလိုငါးဆယ်၊ နောက် တစ်ယောက် ကို ကီလိုနှစ်ဆယ်၊ အဲ့ ကြိုပွိုင့်ရိုက်ထားတဲ့လူတွေက တစ်ယောက်ပြီး တစ်ယောက်။ ဆပ်လို့လည်း ပြီးရော အိမ်မှာ ခြောက်ဆယ့်ငါးကီလို ဘေထုတ်တစ်ထုတ်ပဲ ကျန်ပါ တော့တယ်။

အငတ်ဘေး ပြီးခါစဆိုတော့ ငွေက ရှာသေးတော့ ရွာမှာ လာဝယ်တဲ့ လူတွေက မတရားဈေးနှိမ်ကြပါ တယ်။ ဒါနဲ့ အဖေက မြို့တော် လီလွန်ဂွေးအထိ တက်ရောင်းပါတယ်။ ဈေးကောင်းတော့ ရပါရဲ့၊ အမျိုးအစား ထပ်ခွဲ လိုက်တော့ ကီလိုငါးဆယ်သာ၊ အမေရိကန်ဒေါ်လာ ဆယ့်ရှစ်ဆယ် ဈေးရလိုက် ပါတယ်။ ကားခနဲ့ အစိုးရ အခွန် နှုတ်လိုက်တော့ ကျွန်တော် ကျောင်းလခပေးဖို့ လောက်ရုံပဲ ရပါတယ်။ ဒါပေမဲ့ အိမ်အတွက် မ၀ယ်မဖြစ် တဲ့ အိမ်သုံးပစ္စည်းနဲ့ စားကုန်တွေ ၀ယ်လိုက်တော့  ကျွန်တော်တို့ မိသားစု ဒုံရင်း ဒုံရင်းပဲ ပြန်ရောက် သွားပါတယ်။

အဖေက ကျောင်းကို နောက်တစ်ကြိမ် သွားပြီး အသနားခံပါသေးတယ်။ ဒါပေမဲ့ မရတော့ပါဘူး။ ကျွန်တော် ကျောင်းထုတ်ခံလိုက်ရပြန်ပါပြီ။ ပညာဝန်ကြီး နယ်လှည့်စစ်ဆေးမှာမို့ ဆရာတွေ တိတိကျကျ အလုပ် လုပ် နေကြရပါတယ်။
"အဖေ ကြိုးစားပါတယ်ကွာ၊ တရားခံကတော့ အငတ်ဘေးပဲ။ ဘာမှ ပုံမှန်ကို ပြန်မရောက်တော့ဘူး လား မသိ ပါဘူးကွာ"
ပြောပြီး ကျွန်တော့်အနားမှာ ၀င်ထိုင်ပါတယ်။

"အဖေ့ကို နားလည်ပါကွာ"
ကျွန်တော် အဖေ့မျက်နှာကို မကြည့်ရက်တော့ပါ။
"နားလည်ပါတယ် အဖေရယ်၊ ကျွန်တော် နားလည်ပါတယ်ဗျာ"
နောက်ဆုံးမှာ သမီးတွေကို အင်နီ့လို အိမ်ထောင်ပြုဖို့ အဖေ တိုက်တွန်းမည်လား မဆိုနိုင်ပါ။
အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ မငတ်အောင် ကျွေးနိုင်တဲ့လူမျိုးနဲ့ပေါ့လေ။ ပြီးတော့ သူတို့ကို ကျောင်း ဆက် ထားနိုင် တဲ့ ယောက်ျားမျိုးကို အဖေ ပိုသဘောကျမယ် ထင်ပါတယ်။

ဒါပေမဲ့ ယောက်ျားလေးကျတော့ တစ်မျိုးလေ။ ကျွန်တော် ပညာတတ်တစ်ယောက်ဖြစ်ဖို့ အဖေအတွက် သိပ် အရေးကြီး ပါတယ်။ အဲဒီညမှာ အဖေက အမေ့ကို ''ငါ့သားအတွက် ငါတာဝန်မကျေဘူးကွာ၊ တစ် အိမ်လုံး အတွက် တာဝန်မကျေတာပါလေ''လို့ ယူကျုံးမရ ဖွင့်ပြောရှာပါတယ်။

ကျွန်တော်ကတော့ အဖေ့ကို အပြစ်မမြင်ရက်ပါဘူး။ ကြေကွဲနေတဲ့ သူ့မျက်လုံးတွေနဲ့ ရင်မဆိုင်မိ အောင် ကျွန်တော် တတ်နိုင်သမျှ ရှောင်နေပါတယ်။
ကျွန်တော် အစိုးရိမ် အထိတ်လန့်ရဆုံးဘ၀နဲ့ တည့်တည့်တိုးနေပါပြီ။ အဖေ့လိုပဲ ဆင်းရဲတဲ့ မာလာဝီ တောင်သူလယ်သမားဘ၀နဲ့ ကျွန်တော် ညားရပါတော့မယ်။ ဖိနပ်မစီးနိုင်တဲ့ဘ၀၊ လက်တွေ နွားသား ရေလို မာကြောနေမယ့်ဘ၀၊ ရွှံ့ထဲရေထဲမှာ နေပူမရှောင် မိုးရွာမရှောင် နေရတော့မယ့်ဘ၀။ အဖေ့ကို ကျွန်တော်ချစ်ပါတယ်။ လေးလည်း လေးစားပါတယ်၊ ဒါပေမဲ့ သူ့ဘ၀မျိုးနဲ့တော့ နိဂုံးမချုပ်ပါရစေနဲ့။

အဖေ့ လို ဘ၀မျိုးဟာ ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်ဘဲ မိုးရယ်၊ ဓာတ်မြေသြဇာ ဈေးနှုန်းရယ်၊ မျိုးစေ့တွေ ရယ်ကို အားကိုးနေရတဲ့ဘ၀မျိုးပါ။ ဒီဘ၀မျိုးမှာ ကျွန်တောနေရရင် အခြားမာလာဝီတွေလိုပဲ ဘုရားသ ခင်အလိုတော်အရ ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအရ လှုပ်ရှားနေရမှာပါ။ ပြောင်းစိုက်ရမယ့် ကံကောင်းရင် ဆေးရွက်ကြီးတွဲစိုက်နိုင်မယ်။ အထွက်ကောင်းရင် ပြီးတော့ ဈေးကောင်းရင် ငွေပိုငွေလျှံလေးရမယ်။ အဲ ဒီလိုအခါမျိုးမှာ ဖိနပ်ကလေး ၀ယ်စီးနိုင်မယ်၊ အိမ်သုံးဆေးကလေးဘာလေး ၀ယ်နိုင်မယ်။ အသက်ရှင် နေထိုင်ဖို့ အတော်ကြီး ရုန်းကန်ရမယ့်ဘ၀မျိုးပါ။ ဒါဟာ မာလာဝီဆင်းရဲသားတိုင်း ရင်ဆိုင်ရမယ့်၊ ရင် ဆိုင်နေရတဲ့ ဘ၀မျိုးပါ။ တွေးရင်း တွေးရင်း ကျွန်တော် ဖျားချင်သလိုလိုဖြစ်လာတယ်။ ဒါပေမဲ့ ကျွန် တော်က ဘာလုပ်နိုင်မှာလဲ၊ ဘာတတ်နိုင်မှာလဲ၊ ဘာမှမလုပ်နိုင်ပါဘူး။ ဘာမှမတတ်နိုင်ပါဘူး။ ဒီဘ၀ကို လက်ခံရုံမှအပ အခြားမရှိတော့ပါဘူး။

ကျွန်တော်မှာ ညည်းညူနေချိန်၊ သောကရော်ကနေချိန် လုံးဝမရှိပါဘူး။ ပြောင်းဖူးတွေ ချိုးရမယ့်အချိန် ရောက်တော့ တစ်အိမ်လုံး ကွင်းထဲဆင်းရပါတယ်။ စိတ်ထဲမှာတော့ ရှုပ်ထွေးနေတာပေါ့။ ဒီတစ်ခါ ကွင်း ထဲ ဆင်းရတာ ကျောင်းကို အပြီးကျောခိုင်းတာဖြစ်လို့ ထောင်ထဲဝင်လာပြီး အခန်းတံခါး သော့ခတ်ခံ ထားလိုက်ရ တဲ့ အကျဉ်းသားလို စိတ်ထဲထင်လိုက်ပါတယ်။ တစ်ဖက်က ကြည့်ပြန်တော့လည်း စားစရာ ရိက္ခာ ရတော့မှာ ပါလားဆိုပြီး ၀မ်းသာမိပါရဲ့။ ဘုရားသခင်ကျေးဇူးတော်နဲ့ ပြောင်းတွေ ဒီနှစ်အရမ်းဖူးပါ တယ်။ အဖူးတွေလည်း ကြီးပါတယ်။ အစေ့တွေလည်း အောင်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း အ ကောင်းဆုံးလို့ ပြောကြပါတယ်။

နှစ်ပတ်လုံးလုံး ကျွန်တော်တို့ မနားတမ်း အလုပ်လုပ်ကြရပါတယ်။ ပထမဆုံး ပြောင်းပင်တန်းထဲကို ဓား ကိုယ်စီ ထမ်းပြီး ၀င်ကြရပါတယ်။ တစ်ယောက်က ပင်စည်တွေကို တွင်တွင်ခုတ်သွား၊ နောက်တစ် ယောက် က လိုက်သိမ်း၊ ဆယ်ပင်တစ်ပုံ ကန့်လန့်ဖြတ်ပုံ၊ အတန်းလိုက် ခုတ်ပြီးမှ ပြန်သိမ်း၊ ပြီးမှ စုပုံရပါ တယ်။ ပုံတဲ့ အခါ ပြောင်းပင်တွေကို ဒေါင်လိုက်ပုံရပါတယ်။ တုံးလုံးလှဲပုံလိုက်ရင် ကြွက်စာချစာ ဖြစ် သွားပါလိမ့်မယ်။
လကုန်တော့ ဧရာမပြောင်းဖူးပုံကြီး ရလိုက်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း အများဆုံးရတာလို့ ဆိုကြ ပါတယ်။ အဖေက အားရကျေနပ်တဲ့ပုံနဲ့ မိသားစုရဲ့လုပ်အားဆုလာဘ်အပုံကြီးကို ငေးကြည့်နေပါတယ်။

''ဒါတောင် ငတ်တုန်းက အပင်တွေကို တို့အများကြီး နုတ်စားထားတာနော်၊ အခိုးလည်း ခံရသေးတယ်'' လို့ ပြောပါတယ်။
နောက်ပြီးမှ ပြောင်းဖူးတွေချိုးပြီး အိမ်ကိုလှည်းနဲ့တိုက်ယူပါတယ်။ ပြောင်းဆန်ကို အိမ်ရှေ့မှာ ချွေပြီး အိတ် တွေထဲ ထည့်ရပါတယ်။ အဆံချွတ်ရင် ရေဒီယိုနားထောင်ကြတယ်။ ရာသီဥတုအကြောင်း ပြော ကြတယ်။ ကျွန်တော်တို့ဘ၀ ပုံမှန်ပြန်ရောက်လာခဲ့ပါပြီ။
အိမ်မှာ ပြောင်းဆန်အိတ်တွေ တန်းစီနေပါတယ်။ အိမ်နံဘေးက ခြံထဲမှာလည်း ပဲပုပ်စေ့တွေ ထွက်ပါ တော့မယ်။ ပုံမှန်အတိုင်း ပြန်စားကြရပါတော့မယ်။
အမေ က အဖေ့ကိုကြည့်ပြီး ပြောတယ်။

''အဖေကြီး၊ ရှင် အရမ်းပိန်နေတုန်းပဲ''
''အေး မင်းကတော့ ပြန်ပြည့်လာပါပြီ၊ ၀ီလျံလည်း ပိန်တုန်းပဲ။ ကွင်းထဲမှာတုန်းက ငါ့မှာ ပူလိုက်ရတာ၊ လေပြင်းပြင်း တိုက်ရင် သူ ပါသွားမှာစိုးလို့လေ''
အားလုံး ၀ိုင်းရယ်ကြပါတယ်။
အားလုံး ကို ကျော်ဖြတ်ပြီး ပျော်စရာအချိန်ကို ကျွန်တော်တို့ မိသားစုပြန်ရောက်ခဲ့တာပါ။

ရိတ်သိမ်းချိန်ပြီးမှ ကျွန်တော်ရဲ့လေရဟတ်ပစ္စည်းရှာဖွေရေးလုပ်ငန်းကို ပြန်စနိုင်ပါတော့တယ်။ မြက် တော ထဲက ပစ္စည်းတစ်ခုတွေ့ရင် ကောက်ကိုင်ကြည့်လိုက်တာပါပဲ။ ဘယ်လိုသုံးရမလဲပေါ့။ တစ်နေ့မှာ မြက်တော ထဲက လေးဘီယက်ဂီယာအုံတစ်ခု သွားတွေ့ပါတယ်။ ၀က်အူလှည့်နဲ့ အဖုံးကိုဖွင့်လိုက်တော့ အထဲမှာ အညိုရောင် လတ်လတ်ဆတ်ဆတ် အမဲဆီတွေ သွားတွေ့ပါတယ်။ အသုံးလိုမှာပဲဆိုပြီး ရသ မျှ ကလောပြီး ပလတ်စတစ် အိတ် ထဲထည့်ယူလာခဲ့ပါတယ်။ ပြီးတော့ ထိပ်ခွဲနှစ်ခွပင်တွေ၊ ၀ိုင်ယာကြိုး အတိုအစတွေလည်း ကောက်ခဲ့ပါတယ်။ ပြီးတော့ အသုံးဝင်ချင်မှ ၀င်မယ့် ပစ္စည်းတချို့လည်း လိုလို မည်မည် သယ်လာခဲ့ပါတယ်။ ဘရိတ်ဆီလို၊ ဂီယာ လီဗာလို ကားလေးအင်ဂျင်က ကရိုင်းရှပ်လိုဟာမျိုး တွေပေါ့။

ကျွန်တော် ကံကောင်းပါတယ်။ အရေးအကြီးဆုံးနဲ့ အသုံးအတည့်ဆုံးပစ္စည်းတစ်ခုကို အိမ်မှာပဲ အလွယ် တကူ ရလိုက်လို့ပါပဲ။ ထားစရာ နေရာမရှိလို့ အိမ်နဘေးနံရံမှာ ကပ်ထောင်ထားတဲ့ အဖေ့ရဲ့စက်ဘီးအ စုတ်ကြီးပါ။ အင်္ဂါမစုံတော့ပါဘူး။ ဘီးက တစ်ဘီးပဲရှိပါတော့တယ်။ လက်ကိုင်မရှိတော့ပါဘူး။ သံပုံးချိုင့် က ပစ္စည်းတွေလိုပဲ သံချေးတွေ တက်နေပါတယ်။ ဒီစက်ဘီးကို ပြန်ပြင်ဖို့ အဖေ့ကို ကျွန်တော် အကြိမ် ကြိမ်ပြောခဲ့ပါတယ်။ ''ပိုက်ဆံ မရှိသေးပါဘူးကွာ''ဆိုပြီး အဖေက အမြဲတမ်းပယ်ချခဲ့တာချည်းပါပဲ။
ကျွန်တော် လုပ်နေတဲ့ အစီအစဉ်ကိုပြောပြပြီး အဲဒီစက်ဘီးစုတ်ကို အသုံးပြုခွင့်ပေးဖို့ အဖေ့ဆီ ခွင့် တောင်းပါတယ်။ ဒီစက်ဘီးအစုတ်ဟာ ကျွန်တော့်လေရဟတ်အတွက် သိပ်စိတ်ချရတဲ့ အဓိကကိုယ် ထည် ဖြစ်လာမှာပါ။

''မင်းက လျှပ်စစ်မီးရအောင် လုပ်မယ်၊ ရေလည်း ရမယ်၊ ဟုတ်စ''
အဖေ က ပြုံးပြီးမေးပါတယ်။ ပြီးတော့ ခေါင်းယမ်းပြီး
''စက်ဘီးအစုတ် ကနေ တစ်စစီဖြစ်တော့မှာပဲ၊ မင်း ဖျက်တာ ရေဒီယိုလည်း ဘယ်နှလုံးရှိပြီလဲ၊ ဒီစက် ဘီး တစ်နေ့ အသုံးဝင်လာမှာကွ''
ကျွန်တော် တွေးကြည့်တယ်။ ဒီစက်ဘီးစုတ်က ဘယ်နေရာမှာ သွားသုံးမှာလဲ။ ရေနံဆီရဖို့ ခုနစ်ကီလိုမီ တာ လောက် ဝေးတဲ့နေရာကို သွားဝယ်ရတယ်။ ကျွန်တော်က ဘာမှ အားမစိုက်ရဘဲ မီးလင်းအောင် လုပ်ပေးမှာ။ အဖေ နားဝင်အောင် တစ်နာရီလောက် ဆွေးနွေးယူရတယ်။

''အဖေ စိတ်ချပါ၊ ကျွန်တော် စမ်းပါရစေ၊ မီးရော၊ ရေရော ရစေရမယ်။ ကျွန်တော်တို့ နှစ်သီးစား စိုက်လို့ ရတော့မှာ၊ ကျွန်တော်တို့ ဘယ်တော့မှ အငတ်ဘေးနဲ့ မတွေ့ရတော့ဘူး''
အဖေက အတော်ကြာကြာ စဉ်းစားပြီးမှ
''အေး၊ စမ်းချင်စမ်းကြည့်လေ၊ တစ်စစီတော့ ဖြစ်မသွားစေနဲ့နော်''
ကျွန်တော် အရမ်းပျော်သွားပါတယ်။ ကျွန်တော့်အခန်းထဲ ယူသွားပြီး ထောင်ထားလိုက်ပါတယ်။ တခြား ပစ္စည်းတွေလည်း အခန်းထဲမှာ တောင်ပုံရာပုံဖြစ်နေပါပြီ။ ကျွန်တော့်အခန်းဟာ သံပုံချိုင့်အသေးစားက လေး နဲ့ တူနေပါတော့တယ်။

မိန်းကလေးတွေကို ကျွန်တော့အခန်းထဲဝင်ပြီး သန့်ရှင်းရေး မလုပ်ခိုင်းတော့ပါဘူး။ သူတို့ နှာခေါင်းရှုံ့ ကြမှာ သေချာ ပါတယ်။ ပြီးတော့ တံမြက်စည်းလှည်းရင် ပစ္စည်းတစ်ခုခုပါသွားရင် မခက်ပါလား။
''ဒါပေမဲ့ ကြမ်းတော့ တိုက်ရဦးမှာပေါ့''
အီရှာ က အတွန့်တက်ပါတယ်။
''နေပစေ၊ မတိုက်နဲ့၊ ဘယ်သူမှမ၀င်ရဘူး၊ ငါဝင်ဆိုတဲ့နေ့မှ ၀င်ရမယ်''

သံပုံချိုင့်ကို သွားမနေတဲ့အချိန်မှာဆိုရင် ကျွန်တော်စာကြည့်တိုက်ရောက်နေတာ များပါတယ်။ မဟုတ် ရင် အိမ်နံဘေး အဖီ မှာ စာဖတ်နေတာချည်းပါပဲ။
ကျွန်တ်ာလုပ်နေတဲ့ အလုပ်ကို အဖေနားမလည်ပေမယ့် ကျောင်းဆက်မထားနိုင်တဲ့အတွက် အိမ်အ လုပ်တွေ သိပ်မခိုင်းတော့ပါဘူး။ ဒါကို မိန်းကလေးတွေက သိပ်မကျေနပ်ကြဘူး။ ဒေါရစ် က ကြေးတိုက် တိုက်တဲ့အခါ အဖေ က ရှင်းပြတယ်။

''မင်းတို့အလုပ် မင်းတို့လုပ်ကြ၊ သူအလုပ်တစ်ခုကို အရူးထပြီး လုပ်နေတယ်။ လုပ်ပစေ၊ တစ်နေ့ကျရင် သူမှားမှန်း သိလာလိမ့်မယ်၊ အဲဒီအခါ ကွင်းထဲ ပြန်ဆင်းမှာပါ''
သည်တော့မှ ညီအစ်မတစ်သိုက် ကျေနပ်သွားကြတယ်။

ဆက်ရန်
.

No comments: