"ဥရောပနှင့် အာရှအလယ်ပိုင်းမှ လူများသည် လေရဟတ်ကို ရေစုပ်စက်အဖြစ်၊ ဂျုံကြိတ်စက် အဖြစ် အသုံးပြု ခဲ့ကြသည်။ သည် လေရဟတ်ကြီးတွေ စုပေါင်းလိုက်လျှင် လျှပ်စစ်ဓာတ်အားပေး စက်ရုံကဲ့သို့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးနိုင်သည်"
ကျွန်တော့်ခေါင်းထဲတွင် လျှပ်စီးတစ်ချက် လက်သွားတယ်။ ကျွန်တော် ငယ်ငယ်က ကစားခဲ့တဲ့ စကြာလိုပဲ၊ လေတွန်းအား ကြောင့် ပန်ကာရွက်ကြီးတွေ လည်ပတ်ကြတယ်၊ အိမ်ကိုလာလည်တဲ့ ဧည့်သည်ရဲ့ စက်ဘီးက ဒိုင်နမိုကို ကျွန်တော် ပြေးသတိရလိုက်တယ်။ ခြေနင်းကို လှည့်ပြီး ကျွန်တော်တို့ ရေဒီယို နားထောင်ခဲ့ တယ်လေ။ သီချင်းလာနေခိုက်မို့ ကကြသေးတယ်လေ။
"မောင်နှင်အား သို့မဟုတ် တွန်းအားဖြင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်သည်"
လက်စသတ်တော့ ဒိုင်နမိုဟာ ဒါပဲဆိုတာ သဘောပေါက်လာတယ်။ လေရဟတ်ကြီးတွေမှာတော့ မောင်နှင်အား ဟာ လေပေါ့။ ဒိုင်နမိုထဲက သံလိုက်ကို လည်စေတာနဲ့ အတူတူပေါ့။ စက်ဘီးက မီးလုံး လင်း လာတာဟာ ဒီသဘောပဲပေါ့။ ကျွန်တော့်အတွက် အလိုအပ်ဆုံးဟာ လေရဟတ် ဖြစ်လာပါပြီ။ မီးလင်းအောင် လုပ်နိုင်ရင် ရေနံဆီမီးခွက် မလိုတော့ဘူးပေါ့။ မျက်စိတွေ ကျိန်းစပ် မနေတော့ဘူးပေါ့။ ရေနံဆီငွေ့ တွေ ကိုလည်း မရှူရှိုက်ရတော့ဘူးပေါ့။ မာလာဝီတစ်နိုင်ငံလုံးနဲ့ အတူ ညခုနှစ်နာရီမှာ အိပ်ရာဝင်ဖို့ မလိုတော့ဘဲ တစ်ညလုံး စာဖတ်လို့ ရပြီပေါ့။
ဒါထက် ပိုအရေးကြီးတာကတော့ လေရဟတ်တစ်ခုဟာ မြေအောက်ရေကို စုပ်ယူနိုင်တဲ့ အချက်ပါပဲ။ ဒါဆို တမန်တုတ်ပြီး ရေလွှတ်လို့ ရပြီပေါ့။ အငတ်ဘေးက လွတ်ခါစ၊ လူတွေအားလုံး အင်အားချည်နဲ့နေချိန်မှာ ရေရရှိရေးဟာ လွှတ်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ရေရမယ် ဆိုရင် တစ်နှစ်ကို နှစ်သီးစိုက်လို့ ရပြီပေါ့။ ဆေးရွက်ကြီး ပျိုးခင်းတွေကို ခါးကျိုးမတတ် ရေထမ်းလောင်းရတဲ့ ဘ၀ကလည်း ကျွတ်ပြီပေါ့။ အချိန်လည်း မကုန်တော့ဘူးလေ။ လေရဟတ်နဲ့ ရေစုပ်စက်တစ်လုံးရှိရင် အိမ်မှာလည်း စားပင်တွေ အလျှံပယ် စိုက်နိုင်တော့မယ်။ အမေက ခရမ်းချဉ်တွေ၊ အာလူးတွေ စိုက်လိုက်မယ့် ဖြစ်ခြင်း။ ဂေါ်ဖီထုပ်တွေ၊ မုန်ညင်းတွေ၊ ပဲပုပ်ပင်တွေ အတန်းလိုက် စိမ်းစိုနေတဲ့ အမေ့ခြံကို ကျွန်တော် မြင်ယောင် ကြည့်နေမိပါတယ်။
အလျှံပယ် စားပြီး ဈေးထဲမှာလည်း ကုန်စိမ်းဆိုင် ဖွင့်နိုင်ဦးမယ်။ နပ်ကျော်စားရတဲ့ဘ၀မျိုး၊ ကျောင်းလခ မပေးနိုင် လို့ ကျောင်းထွက်ခဲ့ရတဲ့ ဘ၀မျိုးတွေက လွတ်မြောက်တော့မှာ။ လေရဟတ် တည်ဆောက်နိုင်ရင် အနိဋ္ဌာရုံ အမှောင်ဘ၀၊ ဆာလောင်မွတ်သိပ်ခြင်းဘ၀က လွတ်မြောက်တော့မှာပါ။ မာလာဝီမှာ လေဆိုတဲ့ ဘုရား ပေးတဲ့ လက်ဆောင်ပစ္စည်းတွေ ပေါများလှပတယ်။ နေ့ရောညပါ သစ်ပင်ထိပ်ဖျား တွေ ယိမ်းနွဲ့ နေအောင် တိုက်ခတ်နေတာပါ။ လေရဟတ်က စွမ်းအင်သင်္ကေသာ မကဘဲ လွတ်မြောက်မှုရဲ့ အမှတ်အသား လည်း ဖြစ်ပါတယ်။
စာအုပ်ကို ငုံ့ကြည့်ပြီး လေရဟတ်တစ်ခု ဖြစ်အောင် ဆောက်မယ်လို့ ကျွန်တော် သိန္နိဋ္ဌာန်ချလိုက် ပါတယ်။ ဒီအလုပ်မျိုး ကို ကျွန်တော် တစ်ခါမှ အိပ်မက် မမက်ဖူးပါဘူး။ ဒါပေမဲ့ သူများတွေ လုပ်နိုင် ရင် ကျွန်တော် လည်း လုပ်နိုင်ရမှာပေါ့။ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ချယုံကြည်မှု အပြည့်နဲ့ ဆုံးဖြတ်လိုက်တာပါ။
ကျွန်တော် တည်ဆောက်မယ့် လေရဟတ်က အကြီးကြီးပါ။ ဒါပေမဲ့ နမူနာအဖြစ် အသေးတစ်ခု ဆောက်ပြီး စမ်းသပ် ဖို့ လိုပါလိမ့်မယ်။ စာအုပ်ထဲက ပုံတွေကို လေ့လာပြီး လိုအပ်မယ့် ပစ္စည်းတွေကို စီချရေးလိုက် ပါတယ်။ ပန်ကာရွက်တွေ လိုမယ်၊ ၀င်ရိုးနဲ့ ဆုံလည်လိုမယ်။ ၀ိုင်ယာကြိုးတွေ လိုမယ်။ ပြီးတော့ ပန်ကာရွက်တွေလည်ရာကနေ ရလာမယ့် လျှပ်စစ်ဓာတ်အား ထုတ်ပေးမယ့် ဒိုင်နမိုလို ပစ္စည်း လိုမယ်။ ကျွန်တော့်နဲ့ဂျက်ဖရီ ငယ်စဉ်မှာ စကြာလုပ်တုန်းကတော့ စက္ကူကပ်ပြားတွေကို ဖြတ်တောက် ပြီး ပန်ကာရွက် လုပ်ခဲ့ကြတယ်။
ခု နမူနာလေရဟတ် ဆောက်မယ်ဆိုတော့ ဒါထက် တောင့်မှ ဖြစ်မယ်။ မေလက်စ်နဲ့ ရို့စ်တို့ နှစ်ယောက် ဆော့နေတဲ့ ပလတ်စတစ်ရေမွှေးဘူးခွံကို တောင်းပြီး အောက်ပိုင်းကို လွှနဲ့ တိုက်ဖြတ်ပစ် လိုက်တယ်။ သူက အ၀ိုင်း ဆိုတော့ ဖြတ်ပြီးသား အပိုင်းကို ထောင်လိုက် စိတ်လိုက်တယ်။ အားလုံး လေးစိတ်ရတော့မှ ပန်ကာရွက် လုပ်တယ်။ မီးပေးပြီး ဖြန့်ချလိုက်ရုံပဲလေ။ တစ်ခါ ရေမွှေးဘူးအဖုံးကို သံချွန်နဲ့ ထိုးဖောက် လိုက်တယ်။ ပြီးတော့ ၀ါးလုံးတစ်လုံးမှာ သံရိုက်ပြီး ထောင်ထားလိုက်တယ်။ လေတော်တော်ပြင်းမှ မဆို သလောက်ပဲ လည်တယ်။ ပန်ကာရွက်ကို တိုနေတာကိုး။ ဟုတ်ပြီ။
အဒေါ်ခရစ်စီရဲ့ ရေချိုးခန်းအပြင်မှာ မြေကြီးထဲ မြုပ်နေတဲ့ ပလတ်စတစ် ပိုက်လုံးအပိုတွေကို သွားသတိ ရတယ်။ ပြေးယူပြီး လိုသလောက် ပိုင်းလိုက်တယ်။ ပြီးမှ ထောင်လိုက် ခွဲချလိုက်တယ်။
အမေ့မီးဖိုးချောင်းထဲ ၀င်ပြီး ပိုက်လုံးကို မီးပြ၊ ပူလာတော့ ဖြန့်ပေါ့။ ဒီလိုနဲ့ စင်တီမီတာနှစ်ဆယ်လောက် ရှည်တဲ့ ပန်ကာရွက် လေးရွက်ရလာတယ်။
အပေါ်ဖောက်ဖို့ကျတော့ ကျွန်တော့်မှာ လွန် မရှိဘူး။ လွယ်ပါတယ်၊ သံချောင်းရှည်ရှည်ကို မီးဖုတ်ပြီး ဖောက်တာ ပေါ့။ ပြီးတော့ ၀ိုင်ယာကြိုးနဲ့ ဆက်ပေါ့။ လိန်စရာ ပလာယာမရှိတောည ကွင်းလေးတွေ လုပ်ပြီး စက်ဘီး စပုတ်တိုင်နဲ့ လှည့်ချည်တာပေါ့။ အဲဒီအချိန်မှာ အမေ ရောက်လာပြီး စက်ဘီးစပုတ်တိုင် နဲ့ မီးဖိုချောင် မှာ ကျွန်တော့်ပစ္စည်းတွေ ရှုပ်ပွနေတာကိုး။
"နင် ဘာလာရှုပ်နေတာလဲ၊ ခုချက်ချင်း ရှင်း"
ကျွန်တော် ကျွန်တော့်လေရဟတ်စီမံကိန်းကို ရှင်းပြပါတယ်။ အမေ နားမ၀င်ပါဘူး။ သူ့မျက်စိထဲမှာ အမှိုက်ရှုပ် နေတာပဲ မြင်တယ်။
"ပေါက်ပေါက်ရှာရှာတော်၊ ကစားစရာ ရှားလွန်းလို့၊ သွား ကွင်းထဲ လိုက်ပြီး နင့်အဖေကို ကူချေ"
"ဟာ့ အမေကလည်း ကျွန်တော် ဒီမှာ အရေးတကြီး ဆောက်စရာ ရှိနေပါတယ်ဆိုမှ"
"ဘာဆောက်မှာလဲ"
"အနာဂတ်အတွက် ကျွန်တော်"
"အေး အနာဂတ်အတွက် နင့်အဖေနောက်လိုက်သွား"
အမေ့ ကို ရှင်းပြနေဖို့ အပိုပါပဲ။ လောလောဆယ် ဒိုင်နမိုတစ်ခု ရှာရမယ်။ ဒါမှမဟုတ် မောင်းနှင်အားနဲ့ လျှပ်စစ် ထုတ်ပေးနိုင်တဲ့ပစ္စည်းတစ်မျိုး ရှာရမယ်။
ဒိုင်နမို ဘယ်ကရမလဲဆိုတာ နှစ်ရက်လုံးလုံး ကျွန်တော် စဉ်းစားရတယ်။ ၀ယ်လို့တော့ ရတာပေါ့။ ဒါပေမဲ့ ကျွန်တော့် မှာ ပိုက်ဆံမှ မရှိတာ။ ဈေးထဲက ကုန်မာဆိုင်မှာ မော်တာတစ်လုံး ရောင်းဖို့ရှိတာကို တော့ ကျွန်တော် သတိထားမိတယ်။ အငတ်ဘေးမကျမီကပါ။ ကျွန်တော် ပြေးကြည့်ပါတယ်။ ဒိုင်နမို ဟာ သူ့နေရာ မှာ ရှိနေတုန်းပါပဲ။ ဆိုင်ရှင်ဒါဝတ်က မူဆလင် ဦးထုတ်ဆောင်းထားတယ်။ ပြီးတော့ မူဆလင် ၀တ်ရုံ ရှည်ကြီး နဲ့။ ကျွန်တော်က အတတ်နိုင်ဆုံး ပြုံးပြီး
"နေကောင်းလား မစ္စတာဒါဝတ်"
"ကောင်းပါဗျာ့"
"မိသားစုကော"
"အားလုံးကောင်းပါတယ်ကွာ၊ ကျေးဇူးတင်ပါတယ်"
"ခင်ဗျားနောက်က ဒိုင်နမို ဘယ်ဈေးလောက် ပေါက်သလဲဗျ"
"ငါးရာ"
"အင်း ငါးရာတော့ ဘယ်တတ်နိုင်မလဲဗျာ"
သူက ရယ်ပြီး
"ဒီကောင် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မင်း သိမှာပါ။ လိုချင်ရင် ပိုက်ဆံသွားရှာလေ။ ပြီးတော့ ပြန် လာ ခဲ့ပေါ့"
ပိုက်ဆံ ရပေါက်ရလမ်းများ ပျံကျအလုပ်တွေ ရှာလုပ်ဖို့ တစ်နည်းသာ ရှိပါတယ်။ လောလောဆယ် ကုန်တင် ကုန်ချ အလုပ်တော့ ရှိမယ် ထင်ပါတယ်။ ကားပေါ်က ပစ္စည်းတွေ သယ်ချတဲ့ အလုပ်က တစ်ရာရတယ် ကြားဖူးတယ်။ တစ်ပတ်လောက် လုပ်လိုက်ရင်တော့ ၀ယ်နိုင်ကောင်းပါရဲ့၊ ဒါပေမဲ့ နေပူ ကျဲကျဲမှာ သေလု အောင် ပင်ပန်းတဲ့အလုပ်မျိုးပါ။
ကုန်သည်တစ်ယောက်ဆီမှာ သွား စုံစမ်းတော့ တနင်္လာနေ့ကလွဲရင် နေ့တိုင်းကားအ၀င်ရှိတယ်လို့ သိ ရတယ်။ အဲဒီနေ့က တနင်္လာနေ့ပါ။
အဲဒီညမှာ ကျွန်တော် အကြံတစ်ခု ရပါတယ်။ ကျွန်တော် တည်ဆောက်မယ့် နမူနာ လေရဟတ်မှာ စက်ဘီး ဒိုင်နမို သုံးလို့ ရနိုင်တာပဲ။ ပိုက်ဆံ မကုန်ဘဲ ဘယ်မှာရှာရမယ်ဆိုတာ ကျွန်တော် တွေးမိလာ တယ်။
ဂျက်ဖရီ့အိမ်ဆီကို ကျွန်တော် ထွက်လာခဲ့တယ်။
"ဂျက်ဖရီရေ့ မော်တာလေးဖြုတ်ယူ၊ လျှပ်စစ်ဓာတ်အား ထုတ်တဲ့နေရာမှာ သုံးကြည့်မလို့"
"လျှပ်စစ်ဓာတ်အား ဟုတ်လား"
"ဟုတ်တယ်၊ လေရဟတ်ကနေ ထုတ်ယူမှာ"
ဂျက်ဖရီက ကွင်းထဲမှာ အမြဲတမ်း အလုပ်များနေလို့ ကျွန်တော်နဲ့ ဂီးလ်ဘတ် စာကြည့်တိုက်သွားရင် ဘယ်တော့ မှ မပါပါဘူ။ သူ စိတ်လည်း မ၀င်စားဘူး၊ ခေါ်လို့လည်း ဘယ်တော့မှ မရဘူး။
"မင်းတို့ဘာသာ သွားကြပါကွာ၊ အဓိပ္ပာယ်မရှိ၊ ငါ အချိန်ကုန် မခံနိုင်ပါဘူး" လို့ ပြောတတ်ပါတယ်။
ကျွန်တော် က ကျွန်တော့်ရဲ့ လေရဟတ် စီမံကိန်းအကြောင်း ပြောပြတော့ သူ နားမလည်ဘူး။
"မင်း အဲဒီအဓိပ္ပာယ် မရှိတာတွေ ဘယ်ကရတာလဲ"
"မင်းစာကြည့်တိုက်က"
စက်ဘီးစပုတ်တံကို တူနဲ့ထုပြားပြီး လုပ်ထားတဲ့ ၀က်အူလှည့်နဲ့ ရေဒီယို အဖုံးကို ဖွင့်လိုက်ပါတယ်။ အဖုံးမှာ ကပ်နေ တဲ့ မော်တာကလေးကို ကျွန်တော် သွားတွေ့တယ်။ အရှည်က ကျွန်တော့် လက်ညှိုး တစ်ဝက် လောက် ရှိပြီး အလုံးက အေနှစ်လုံးဓာတ်ခဲအရွယ်ပါ။ တစ်ဖက်ထိပ်မှာ သတ္တုပြားကလေး တစ်ချပ် ကပ်ထားတယ်။ သူ့ထိပ်မှာ ကြေးနဲ့ လုပ်ထားတဲ့ ပူလီဘီးကလေး တတ်ထားတယ်။ ဘီးကလေးမှာ ရော်ဘာကြိုး ကွင်းလေးပါတယ်။
မော်တာကလေးကို ကျွန်တော် ညင်ညင်သာသာ ဖြုတ်လိုက်ပါတယ်။ ပြီးတာနဲ့ ပန်ကာရွက်တပ်ထားတဲ့ ၀ါးလုံးမှာ ပူးချည်လိုက်ပါတယ်။ ကြေးဘီးလုံးကလေးနဲ့ ပန်ကာရွက်အရင်းကို မော်တာက ပါလာတဲ့ ရော်ဘာကြိုး ကွင်းကလေးနဲ့ ချိတ်လိုက်ပါတယ်။ ပန်ကာရွက်ကို လှည့်ကြည့်တော့ ကြိုးကွင်း မလည်ပါ ဘူး။ ချောင် နေတယ်။ ဒါနဲ့ ရော်ဘာဖိနပ်ကို ကျွန်တော့် လက်ဖြတ် စည်ပတ်သံပြားနဲ့ လုပ်ထားတဲ့ ဓားဦးချွန်နဲ့ ၀လုံး သဏ္ဍာန် ကို ၀ါရှာ ကလေး လုပ်ပြီးတော့ ကြေးဘီးကို စွပ်လိုက်တယ်။ ဒီတော့မှ ကြပ်သွားပြီး ပန်ကာရွက် လှည့် တဲ့ အခါ မော်တာလိုက် လည်ပါတော့တယ်။
ကျွန်တော်နဲရ ဂျက်ဖရီ အဲဒါတွေ လုပ်ရတာ တစ်နာရီကျော် ကြာသွားပါတယ်။
နောက်တစ်ဆင့်က မော်တာ အလုပ် လုပ် မလုပ် လျှပ်စစ် ထွက် မထွက် စမ်းဖို့ပါပဲ။ ဂျက်ဖရီက ပန်ကာ ရွက်တွေ ကို လှည့်နေတုန်း မော်တာက ထွက်လာတဲ့ ၀ိုင်ယာနှစ်စကို ကျွန်တော် လျှာနဲ့ တို့ကြည့်တယ်။
ဂျက်ဖရီ က မေးတယ်။
"ဘယ်လိုနေလဲ"
"ယားကျိကျိ ဖြစ်လာတယ်"
"ဟေ့ ဒါဆို အိုကေတာပေါ့"
ဂျက်ဖရီ့ ပန်နာဆိုးနစ် ရေဒီယိုကလေးနဲ့ ကျွန်တော်ရဲ့ သုတေသန လုပ်ငန်းကို စကြတာပါ။ ဂျက်ဖရီက နောက်ဆုံး ဖွင့်ပြီး ဓာတ်ခဲတွေ ထုတ်ပစ်လိုက်တယ်။ ပြီးတော့ ကြိုးနှစ်စ ထုတ်လိုက်တယ်။ အဖိုတစ်ဖက် အမ တစ်ဖက်။ ဒါတွေကို စာအုပ်ဖတ်ထားလို့ သိတာပါ။
ရေဒီယိုက ဘက်ထရီနဲပ အလုပ်လုပ်တာပါ။ ဘက်ထရီက ဒီစီ ဓာတ်အား ထုတ်ပေးပါတယ်။ စက်ဘီး ဒိုင်နမို က ထွက်တာက အေစီပါ။
"ဘယ်ဥစ္စာက အဖို၊ ဘယ်ဥစ္စာက အမ ဘယ်လိုလုပ် သိမလဲ"
ဂျက်ဖရီက မေးပါတယ်။
"ကြိုးဆက်လိုက်လို့ ရေဒီယိုက အသံထွက်လာရင် အဖို အမ ဆက်တာ မှန်လို့ပေါ့"
"ကဲ့ ကြည့်ရအောင်"
သူက ခဏစောင့်ပြီး
"ဘာသံမှ မကြားရပါလား"
"လေအလာကို စောင့်ရမှာပေါ့"
ပြောရင်းဆိုရင်းပဲ လေတိုက်စ ပြုလာတယ်။ ပန်ကာရွက်တွေ တဖြည်းဖြည်း လည်လာတယ်။ နည်းနည်းလေး အရှိန် ရလာတာနဲ့ ရေဒီယိုက လေချွန်သံ ထွက်လာပြီး တစ်ဆက်တည်းလိုလိုမှာပဲ သီချင်းသံ ထွက်လာ ပါတော့တယ်။ ရေဒီယိုတူးက လွှင့်တဲ့ ဂန္ထ၀င်သီချင်း။
"မောရှလို ငါတို့တတွေကို ကိုယ်တော် ရွေးလိုက်ပြီး အစဥ့်"
ကျွန်တော် ထခုန်လိုက်ပါတယ်။ ကံကောင်းလို့ ကြိုးတွေကို မကန်မိတာပါ။
ကျွန်တော် တအားအော်လိုက်မိပါတယ်။
"အောင်ပြီးဟေ့ အောင်ပြီ"
"အေး မင်းပြောတဲ့အတိုင်း တကယ် ဖြစ်လာပြီနော်"
ဂျက်ဖရီက ၀မ်းသာအားရ ပြောပါတယ်။
"ဒါက စမ်းသပ်တဲ့အဆင့်ပဲ ရှိသေးတယ်။ ဂျက်ဖရီ။ လေရဟတ်အကြီးကြီး ဆောက်ဦးမှာ"
"အေး ဟုတ်ပြီ"
စမ်းသပ်ကာလ အောင်မြင်စွာ ပြီးဆုံးသွားတဲ့အခါမှာ တကယ့် လုပ်ငန်းကြီးစဖို့ ကျွန်တော် ပြင်ဆင်ပါ တော့တယ်။ ကျွန်တော့်ခေါင်းထဲမှာ လေရဟတ် ပုံစံကို အလွတ်ရနေလို့ ပုံချဆွဲဖို့ မလိုတော့ပါဘူး။ ပန်ကာရွက် တွေကို ပလတ်စတစ်ပိုက် အကြီးစား၊ အထူစားနဲ့ပဲ လုပ်ဖို့ စိတ်ကူးထားပါတယ်။ ဆုံလည် အတွက် တော့ သံပြားဝိုင်းအထူကြီး တစ်ချပ် ရှာပါမယ်။ ၀င်ရိုးကိုတော့ စက်ဘီးခြေနင်းဆုံကို ဖြုတ်ပြီး သုံးလို့ ဖြစ်ပါတယ်။ ပန်ကာရွက်တွေကို အဲဒီမှာ တပ်မယ်လေ။ လေလာလို့ရှိရင် ပန်ကာရွက်ရယ်၊ ခွေးသွားစိပ် ဘီးရယ်ကို ကြိုးမှာ ဆွဲလှည့်ပါလိမ့်မယ်။ အဲဒီမှာယ နောက်ဘီးလည်လာမယ်။ အဲဒီအခါ ဒိုင်နမိုလည်ပြီပေါ့။
ဘာကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် သေချာနေတာလည်း မသိပါဘူး။ ဒါပေမဲ့ သေးသွေးကွေးကွေး အလုပ် မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော် သိနေပါတယ်။ ကျွန်တော့်မှာ လိုအပ်တဲ့ ပစ္စည်းတစ်ခုမှ မရှိပါဘူး။ ဒီပြဿနာကို ကျွန်တော် ရေဒီယို စမ်းသပ်တနုးကလို ကိုယ့်ဘာသာ ကိုယ် ဟိုရှာဒီရှာနည်း နဲ့ပဲ ကျော်ဖြတ် ရမှာပါ။
နောက်လထဲမှာ ပစ္စည်းရှာပုံတော် ဖွင့်ပါတော့မယ်။ ရွှေရှာတဲ့လူလို သဲသဲမဲမဲ ရှာပါတယ်။ ပစ္စည်းရှာဖို့ အကောင်းဆုံး ကတော့ ကာချိုကိုလို ကျောင်းနဲ့ မျက်နှာချင်းဆိုင်က သံပုံချိုင့်လို့ခေါ်တဲ့ စွန့်ပစ်ပစ္စည်း ၀င်းကြီးပါပဲ။ တစ်ချိန်တုန်းက ဧရာမဆေးရွကကြီး လုပ်ငန်းကြီးတစ်ခုပါ။
နောက်ပိုင်းကျတော့ ကားပျက် တွေ၊ လယ်ထွန်စက်အပျက်တွေ စွန့်ပစ်ထားရာကနေပြီး စက်ပစ္စည်း အဟောင်း အပျက်မျိုးစုံ စုပုံရာ နေရာ ဖြစ်သွားပါတယ်။ ခုတော့ အားလုံး သံချေးတက်ပြီး သံပုံချိုင့်ဘ၀ကို ရောက်နေ ပါပြီ။ အဲဒီ ကျောင်းကို မတက်ခင်က ကျွန်တော်နဲ့ ဂီးလ်ဘတ် အဲဒီနေရာကို ရောက်ဖူးပါတယ်။ ကာချိုကိုလိုသား တွေက ၀င်ဘီက ကောင်တွေထက် ပိုသန်တယ်ကြားလို့ ကျွန်တော်တို့ ရောက်သွားတာပါ။ ၀ိတ်မဖို့ ပစ္စည်းတွေ သွားရှာတာလေ။ ကျွန်တော်တို့က တရုတ်ကရာတေးသမား ဘိုလိုယောင်းကို သိပ်အားကျ နေချိန်ပေါ့။ ဒါပေမဲ့ မကြာခင် သရောကြီးခိုင်းလို့ ကျွန်တော်တို့ နောက်ထပ် မသွား ဖြစ်တော့ပါဘူး။
ဒီတစ်ခါ ရောက်လာတာကတော့ တီထွင်မှုတစ်ခုအတွက်ပါ။ ချောင်းတွေဖြတ်၊ တောင်တွေကျော်ပြီး ကာချိုကိုလိုကို ကျွန်တော် ကုန်းကြောင်းလျှောက်သွားပါတယ်။ အငတ်ဘေးမကျရောက်ခင်ကနဲ့ ရှုခင်း တွေ သိပ်မကွာ ပါဘူး။ မြက်တောတွေ ထူလျက်ပါပဲ။ ပြောင်းခင်းတွေတော့ စိမ်းစိုလို့ နေပါတယ်။
သံပုံချိုင့်ဝင်းထဲရောက်တော့ ကျွန်တော် အရမ်းပျော်သွားပါတယ်။ နည်းနည်းနောနော ပစ္စည်းတွေလား။ ရေစုပ်စက် အဟောင်းတွေ၊ ထွန်စက်ဘီး အစုတ်တွေ၊ ဆီပိုက်တွေ၊ လေပိုက်တွေ၊ ထွန်စက်အသွားတွေ စုံလို့ပါပဲ။
နိုင်ငံခြားသား ခရီးသွား လုပ်ငန်းက ကားပျက် ကိုယ်ထည်တွေလည်း အပုံအပင်ပါပဲ။ လယ်ထွန်းစက် အပျက်က နှစ်စီး၊ အပြာရောင် ဆေးတွေကတော့ ရေးရေးပဲ ကျန်ပါတော့တယ်။ လယ်ထွန်စက်တွေက တာယာ တွေ အင်ဂျင်တွေ မရှိတော့ပါဘူ။ သံချေးတက်နေတဲ့ ဂီယာအုံကတော့ သည်အတိုင်း ရှိနေ ဆဲပါပဲ။ ဘရိတ်တွေ လက်ကိုင်ဘီးတွေလည်း ဖြုတ်မယူကြသေးဘူး။ မှန်တွေလည်း ကွဲနေပါ ပြီ။ မြက်ပင်တွေက ဖုံးတော့မယ့် ဆဲဆဲ။
အင်း ရွှေမိုင်းတော့ တွေ့ပြီလို့ စိတ်ထဲ ထင်လိုက်ပါတယ်။ ပျော်စရာ အကောင်းဆုံးကတော့ ဒီဝင်းကြီး ဟာ ပိုင်ရှင်မဲ့ ဖြစ်နေတာပါပဲ။ ပြီးတော့ ကျွန်တော်တစ်ယောက်တည်း။ အဲဒီနေ့မှာပဲ လယ်ထွန်းစက် ဘေး ပြုတ်ကျနေတဲ့ ရေတိုင်ကီ ပန်ကာတစ်ခု ကျွန်တော် ရခဲ့ပါတယ်။ "တိုင်း၍ ယက်သည့် ပက္ကလာ၊ မိုးရွာသည်နှင့် အဆင့်သင့်" ဆိုတဲ့အတိုင်းပါပဲ။ ကျွန်တော်လုပ်မယ့် ဆုံလည်နဲ့ ဒီပန်ကာရွက်တွေမှာ ဖောက်ပြီး မူလီစုပ်လိုက်ရုံပေါ့။ ပြီးတော့ တုန်ခါမှုကို ထိန်းတဲ့ "ရှော့အဗ်ဇော်ဘာ" တစ်ခုလည်း လယ်ထွန်စက်တစ်စီးက ရခဲ့ပါသေးတယ်။ မနည်း ထုရိုက်ပြီး ဖြုတ်ခဲ့ရပါတယ်. အဖုံး သံပိုက်ကွဲသွား တော့မှ အတွင်းက ပစ်စတင် ချောင်းကို လွယ်လွယ်ကူကူ ရခဲ့ပါတယ်။
ပွတ်တိုက်မှုနည်းအောင်နဲ့ လည်ပတ်နှုန်းကောင်းအောင် သူနဲ့ တော်တဲ့ ဘောလ်ဘယ်ရင် တစ်ခုလည်း လို ပါသေးတယ်။ ကြိုးကလေးတစ်ချောင်းနဲ့ ရှော့ဘားလုံးပတ်ကို တိုင်းပြီး အပျက်အစီးတွေထဲမှာယ ရှိသမျှ ၀င်ရိုးတွေကို လိုက်ရှာတယ်။ ၀င်ရိုးနဲ့ တွဲနေတဲ့ ဘောလ်ဘယ်ရင်တွေကို တိုင်းပါတယ်။ ကိုက်တဲ့ ဆိုက်ကို တော်တော်နဲ့ မတွေ့ပါဘူး။ သုံးရက်မြောက်တဲ့နေ့ကျမှ အံကိုက် ဘယ်ရင်တစ်ခုကို မြေပဲခွဲတဲ့ စက်ဟောင်းကြီး တစ်ခုကနေ ကျွန်တော် ရခဲ့ပါတယ်။ မကွဲအောင် တဖြည်းဖြည်းချော့ပြီး သံချေးခွာ ပါတယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်း ရိုက်ထုတ်ရတော့ နှစ်နာရီလောက် ကြာသွားတယ်။
ကျွန်တော့် လက်တွေ ပေါက်ပြဲကုန်ပြီး သွေးခြေဥလာတယ်။ မလျှော့နဲ့၊ မလျှော့နဲ့၊ ဘိုလိုယောင်းကို စိတ်ထဲမှာ မှတ်။ တရုတ်မင်းသားက အဲဒီလိုအခန်းတွေမှာ သူ့လက်ကို သဲပူထဲမှာ မြှုပ်လိုက်တယ်။ အဲဒီအခါ သူ့ လက်ဖ၀ါးတွေ သံမဏိလို မာလာတယ်။ ကျွဲပခုံးထလာတယ်။ အဲဒီလိုလည်း ကိုယ့်ကိုယ်ကိုယ် အားပေး ရပါတယ်။ နောက်ဆုံးမှာ ဘောလ်ဘယ်ရင်ကလေးကို အကောင်းပကတိအတိုင်း ရခဲ့ပါတယ်။ အပင်ပန်း ခံရကျိုးနပ်သွားတယ်လို့ ဆိုရမှာပါ။
မျက်နှာချင်းဆိုင်မှာရှိတဲ့ ကာချိုကိုလိုကျောင်းကို ကျွန်တော် မကြာခဏ လှမ်းကြည့်မိတယ်။ ကျွန်တော် သိပ်တက်ချင်ခဲ့တဲ့ အထက်တန်းကျောင်းလေ။ ကျောင်းပိတ်ထားတော့ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေပါတယ်။ ခုံလွတ် တစ်လုံးမှာ ထိုင်နေတဲ့ ကျွန်တော်ပုံရိပ်ကို ပြတင်းပေါက်တစ်ပေါက်ကနေ မြင်ယောင် ကြည့်မိပါ သေးတယ်။
ဆက်ရန်
.

No comments:
Post a Comment