'လက်ထပ်ရမှာစိုးလို့မဟုတ်ပါဘူး နွဲ့ရယ်၊ နွဲ့ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ မလာတာပါ'
မောင်တင်ဦး က သံမှန်ဖြင့် ပြန်ပြော၏ ကြည်ကြည်နွဲ့က အံ့အားသင့်သွားသည်။
'ဘာ…နွဲ့ဂုဏ်သိက္ခာ ဘာကြောင့် ထိခိုက်ရမှာလဲ'
'သြော်…နွဲ့မိဘတွေ လုပ်နေတဲ့ အဓိပ္ပါယ်ကို နွဲ့သိမှာပေါ့ကွယ်၊ ကိုဦးအနေနဲ့ မပြောချင်ပါ ဘူး'
'ဘာလုပ်နေလို့လဲဟင်၊ နွဲ့မိဘတွေက ဘာလုပ်နေလို့လဲ ပြောစမ်းပါဦး-ပြောစမ်းပါဦး'
ကြည်ကြည်နွဲ့က ဒေါသသံပါလာသည်။
'ဒေါသမဖြစ်နဲ့နွဲ့၊ ကိုဦးပြောတာ စိတ်ငြိမ်ငြိမ်ထား သေသေချာချာ စဉ်းစားပြီးနားထောင်'
'အင်း…ပြောပါအုံး'
ကြည်ကြည်နွဲ့က လေသံက ခပ်ရွဲ့ရွဲ့ဖြစ်သည်။ မောင်တင်ဦးက စိတ်မဆိုးဘဲ၊ အေးအေး သက်သာပင် ရှင်းပြ သည်။
'ကိုဦးနဲ့ နွဲ့တို့နှစ်ယောက်ဟာ အခုမြင်အခုကြိုက်နေကြတာမဟုတ်ဘူး။ ခလေးအရွယ် ငယ်စဉ်ကထဲက တကျောင်း ထဲ နေ နေလာခဲ့ကြတဲ့ ငယ်သူငယ်ချင်းတယောက် အကြောင်း အခြေ အနေကို တယောက် သိပြီးသား၊ ဒီအသက်အရွယ် ဒီအချိန်ထိ သစ္စာရှိရှိနဲ့ ချစ်လာခဲ့ကြတယ်နော် နွဲ့'
မောင်တင်ဦးက စကားဖြတ်ပြီးမေး၏။
'ဒါအခုမှ ဘာကြောင့်အဆန်းလုပ်ပြောနေတာလဲ'
ကြည်ကြည်နွဲ့က စိတ်တိုသံဖြင့် ပြောသည်။
'စိတ်မတိုပါနဲ့အုံးလေ ကိုဦးပြောတာ အစအဆုံး နားထောင်ပါအုံး'
'ဟုတ်ကဲ့ရှင့်-ပြောပါ'
'ဒီလိုသစ္စာရှိရှိ ချစ်လာခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ဟာ အဆင်ပြေတဲ့ တနေ့မှာ လူကြီး စုံရာနဲ့ ကိုယ့်အင်အား အခြေအနေအလျှောက် တင့်တင့်တယ်တယ်ကလေး အိနြေ္ဒရရ လက်ထပ်ယူ တာက နွဲ့အဖို့ ဂုဏ် ရှိသလား၊ သို့တည်းမဟုတ် နွဲ့ နဲ့ ကိုဦး ကို ဆိတ်ငြိမ်ရာမှာ သွေးကြွမှားယွင်း မှုဖြစ်အောင် နှစ်ယောက်ချင်း လွှတ်ပေးထားပြီးအသိသက်သေတွေနဲ့ ဝိုင်းဖမ်းပြီးမယူဖြစ်တော့တဲ့ အခြေအနေ မျိုး ရောက်အောင် ရပ်ကျော်ရွှာကျော် အရှက်ကွဲခံပြီးမှ ယူရတဲ့အဖြစ်က နွဲ့ဂုဏ်သိက္ခာ အတွက် ကောင်းမလဲ စဉ်းစား စမ်းနွဲ့'
'ပထမအချက်ကသာ နွဲ့အဖို့ ကောင်းတော့မှာပေါ့ ကိုဦးရဲ့'
ကြည်ကြည်နွဲ့က့ မဆိုင်းမတွ ဖြေသည်။
'အေး…အဲဒါကြောင့် နွဲ့အိမ်ကို မလာဘဲ ကိုဦးရှောင်နေတာ သဘောပေါက်ပြီလား'
ကြည်ကြည်နွဲ့က ခပ်ကြောင်ကြောင်ဖြစ်နေသေးသည်။ မောင်တင်ဦးက ဆက်ပြော၏။
'နွဲ့မိဘ တွေက ဒုတိယအချက်အတိုင်း အောင်မြင်ဘို့ ကြိုးစားနေတာ နွဲ့တကယ်မသိ လို့လား၊ သိရက် နဲ့ ဟန်ဆောင်နေတာလား'
ထိုအခါ ကြည်ကြည်နွဲ့သည် သူ့အဖေနှင့် အမေ၏ စီမံပုံတွေ ပြောဆိုပုံတွေကို ပြန် လည် သတိထား မိသည်။ မောင်တင်ဦးကို ညနေမှောင်မှ အလည်လာရန် သူ့အမေကအကြံပေး ပြောဆိုခဲ့ပုံ၊ မောင်တင်ဦး လာလျှင် သူ့မိဘတွေရော ညီမလေးတွေရော အိမ်ပေါ်မှာ တယောက်မှ မရှိဘဲ ရှောင်သွားပုံတွေ၊ သူ့အဖေ သည် သူနှ်င့အတူ အရက်သောက်ဖက် မိတ်ဆွေနှစ်ယောက် နှင့်အတူ မောင်တင်ဦးရောက်လာချိန်ဝယ် အဖီကလေး အောက် မှောင်ရိပ်တွင် တိတ်တဆိတ် အရက်သောက်ပြီး အသံမထွက်ဘဲ ဆိတ်ငြိမ် နေတတ်ပုံ တွေကို၎င်း၊ မောင်တင်ဦး စိတ်ကြွလာ အောင် မည်သို့မည်ပုံ ပြုမူရမည်ဟူသော မိခင်၏ သွန်သင်ချက် တွေကို၎င်း တခုစီ တခုစီ အမှတ်ရ လာသည်။
ကြည်ကြည်နွဲ့၏ တင်းမာနေသော မျက်နှာကပန်းရောင် သွေးဖြန်းခါ ဦးခေါင်းငုံ့သွား သည်။ ရှက်သော အရှိန် ကြောင့် ပြည့်လျှံလာသော မျက်ရည်က မြေပြင်ပေါ်သို့ မိုးရည်ပေါက်လို ကျသွားသည်။
"မငိုနဲ့နွဲ့ သူများတွေ မြင်ကုန်မယ်'
မောင်တင်ဦးက ကြင်နာစွာပြောသည်။
'နွဲ့ဘာမှမသိဘူး၊ ကိုဦးပြောတာ နွဲ့ရှက်တယ်'
ကြည်ကြည်နွဲက ဆင်ဝှေ့ရန်ရှောင်စကားပြောပြီး မျက်ရည်သုတ်လိုက်သည်။ သူ့မိဘတွေ အလုပ်ကို ယခု မောင်တင်ဦး ပြောမှ ရှင်းရှင်းလင်းလင်းကြီး အသေအချာ သိရသော်လည်း သူ့မိဘ အပြစ်ကို သူ ၀န်မခံပေ။ သူ့မိဘ အလုပ်ကိုလည်း သူမသိဟု ဘူးခံသည်။ သို့သော် ရှက်ခြင်းကြောင့် မျက်ရည်တော့ ကျသည်။ မောင်တင်ဦးသည် ကြည်ကြည်နွဲ့ ဖြောင့်ကွယ်ကွယ်သည်ကို စိတ်မဆိုးပေ။ မည်သူမဆို ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ ကိုယ့်မိဘဆွေမျိုး အပြစ်အနာအဆာကိုကား ဖုံး ကြကွယ်ကြ မည်သာ ဖြစ်၏။
ထို့ကြောင့် မောင်တင်ဦးက ကြည်ကြည်နွဲ့ကို စိတ်မဆိုးဘဲ ခွင့်လွှတ် သည်။
''ရှက်တာ မရှက်တာတွေ မပြောမနေပါနဲ့တော့ နွဲ့ရယ်။ ကိုဦးကို ရှက်နေစရာ အကြောင်းလဲမရှိပါ ဘူး။ နွဲ့သဘော တော့ ပေါက်တယ် ဟုတ်လား''
မောင်တင်ဦးက ယုယချော့မော့သံဖြင့် ပြော၏။
''ပေါက်ပါတယ် ကိုဦး''
''အေး... အဲဒီတော့ လက်ထပ်ဘို့ရာ အဆင်မပြေခင်အချိန်မှာ ဂုဏ်သိက္ခာထိခိုက်တဲ့ အဖြစ်မျိုးကို နွဲ့မိဘတွေက ဖန်တီးနေကြတဲ့အတွက် ကိုဦးမလာဘဲ ရှောင်နေခဲ့တယ်ဆိုတာ နွဲ့နားလည်ရင် ကိုဦး ကြေနပ် ပါသည်။ ကိုယ်တကယ်ချစ်တဲ့မိန်းခလေးတယောက်ကို ဂုဏ်သိက္ခာပျက်တဲ့အဖြစ်မျိုးနဲ့ လက်မထပ် ချင်ဘူး။ ဂုဏ်ရှိတဲ့အဖြစ်မျိုးနဲ့သာ လက်ထပ်ချင်တာနွဲ့ရဲ့''
မောင်တင်ဦးက ပြောနေစဉ် ကြည်ကြည်နွဲ့က စောဒကမတက်ဘဲ ဦးခေါင်းငုံ့ပြီး ငြိမ်သက်စွာနား ထောင် နေသည်။
မောင်တင်ဦးက ဆက်ပြော၏။
''နွဲ့... စိတ်တော့ မဆိုးနဲ့နော်၊ ကိုဦးတခုပြောချင်သေးတာက နွဲ့အဖေနဲ့ပတ်သက်လို့ဘဲ''
ကြည်ကြည်နွဲ့ က မျက်နှာပျက်ပျက်ဖြင့် မောင်တင်ဦးကို မရဲမ၀ံ့ကြည့်ပြီး
''အဖေ က ဘာဖြစ်လို့လဲ''ဟုမေး၏။
''ဘာဖြစ်ရမှာလဲ နွဲ့ရယ်၊ ကိုဦးနဲ့ နွဲ့ အိမ်ပေါ်မှာ နှစ်ယောက်ချင်းရှိနေတာကို အဖေတန်မဲ့ အရက်သ မား အဖော်နှစ်ယောက် နဲ့ အရက်သောက်ရင်း တိတ်တိတ်ကလေးအိမ်ဘေးက အကွက်မိအောင် ချောင်း နေတာ ဟာ အဖေရင်းတယောက်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်လားနွဲ့ရယ်၊ ဒါတွေ နွဲ့သိ လား မသိလားတော့ မပြော တတ်ဘူးလေ၊ ကိုဦးတော့ မျက်စေ့နဲ့ကိုယ်တိုင်မြင်ပြီးတဲ့နောက် နွဲ့ဆီ ကို မလာတော့ဘဲ ရှောင်ခဲ့တာ ဘဲနွဲ့''
မောင်တင်ဦး စကားမဆုံးမီ....
''တော်ပါတော့ ကိုဦးရယ်။ နွဲ့မကြားချင်တော့ပါဘူး''
ဟု ကြည်ကြည်နွဲ့က တောင်းပန်သလိုလို၊ စိတ်တိုဟန်လိုလို လေသံမျိုးဖြင့်ပြော၏။
''နွဲ့မကြားချင်တော့တဲ့စကားကို ကိုဦးကထပ်မပြောတော့ပါဘူး။ ဒါပေမဲ့ နွဲ့စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ် ထားဘို့ ကတော့ ကိုဦးယောက်ျားတယောက်ပီပီ ယောက်ျားစိတ်ရှိပါတယ်။ နွဲ့ကို နှမချင်း မစာမနာ စော်ကားမယ်။ အပျော်ကြံမယ်၊ သစ္စာမဲ့မယ်၊ ပြစ်ထားခဲ့ပြီး နောက်အသစ်ရှာမယ်ဆိုတဲ့စိတ်မျိုး လုံး ၀မရှိဘူးဆိုတာတော့ နွဲ့ ယုံကြည်ပါ''
ကြည်ကြည်နွဲ့ ကမောင်တင်ဦးမျက်နှာကို ဆတ်ကနဲမော့ကြသည့်သည်။
''ဒါနဲ့များ လက်ထပ်ရေးကို ဘာကြောင့် နှောင့်နှေးနေရတာလဲ ကိုဦးရယ်...''
ကြည်ကြည်နွဲ့အမေးကို မောင်တင်ဦးက ရုတ်တရက်မဖြေပေ။ ထိုသို့ မဖြေခြင်းကား ကြည်ကြည်နွဲ့ ကို မချစ်၍ မဟုတ် အသက်တမျှချစ်ပါသည်။ သို့သော် ကြည်ကြည်နွဲ့ဖခင် ဦးသာညွှန့်၏အကျင့် စာရိတ္တ စိတ်သဘော ထားသည် ဖခင်ဦးအောင်ပြောခဲ့သည့်စကားနှင့် သူကိုယ်တိုင် တွေ့မြင်ရသည် တို့မှာ အမှန် တကယ်ပင် စက်ဆုတ်ဘွယ်ဖြစ်နေသောကြောင့် ဦးသာညွှန့်လိုလူကို အဖေခေါ်ရမည့် အတွက် စိတ်ထဲမှာ များစွာ ၀န်လေးနေမိသည်။ ထို့ကြောင့် ဦးသာညွန့်အကျင့်စာရတ္တ ပြင်လိုပြင်ငြား အချိန်ဆွဲ စောင့်ဆိုင်း လိုသည့် ဆန္ဒဖြင့်တကြောင်း၊ မျိုးချစ်စိတ် ထက်သန်လှသော ဖခင်ဦးအောင် အနေဖြင့် ဦးသာညွှန့်လို လူစား ၏ မိသားစုထဲကို ရောက်သွားမည့် သားအတွက် မည်သည့်နည်းနှင့် မှ စိတ်ချမ်းသာမည်မဟုတ်သည်ကို တွေးမိ၍တကြောင်း၊ အစစအရာရာ အဆင်ပြေသည့် အခြေအ နေရောက်မှ လက်ထပ်လိုသည့်အတွက် ကြည်ကြည်နွဲ့အမေးကို ရုတ်တရက်ပြန်မဖြေဘဲ ငိုင်နေ ခြင်းဖြစ်ပါသည်။
''ပြောပါလေ ကိုဦးရဲ့''
ကြည်ကြည်နွဲ့က တိုက်တွန်းလိုက်၏။ သို့သော် မောင်တင်ဦးနှုတ်မှ ထွက်လာသောစကားက ကြည်ကြည်နွဲ့ ကြားချင်သော အမြန်ဆုံးလက်ထပ်ပါမည်ဟူသော စကားမဟုတ်ချေ။ ကြည်ကြည်နွဲ့ က စိတ်ဆိုးရခက် မဆိုးရ ခက်ဖြင့် မောင်တင်ဦးမျက်နှာကို အကြောင်သား ကြည့်နေလိုက်မိသည်။ မောင်တင်ဦး ပြောလိုက် သည့် စကားများကား...
''ပဏ္ဍုသေလာ၊ ကွယ်လာပျောက်ပါစေတော့ နွဲ့တယောက်အပေါ် ဘယ်အခါမှ ကိုဦး သစ္စာမပျက် ဖူးဆိုတာ စိတ်ချ လက်ချ ယုံပါနွဲ့ရယ်'' ဟူသတည်း။
မောင်တင်ဦး အလုပ်လုပ်သော သံရုံးမှ အတွင်းဝန်၏သားသည် မောင်တင်ဦးနှင့် သက်တူရွယ်တူ ဖြစ်၏။ သူတို့ ရိုးရာ နာမည်ကို သူတို့ရိုးရာ လူမျိုးအချင်းချင်းသာခေါ်စေပြီး မောင်တင်ဦးကို ညီအစ် ကိုအရင်းလို ခင်မင်ခြင်းဖြင့် ဗမာနာမည်တခုကို မှည့်ခေါ်စေသည်။ မောင်တင်ဦးက သူ့နာမည်နှင့် ဆင်တူဖြစ်စေရန် မောင်တင်အုန်း ဟု နာမည်ပေးသည်။ ထိုနာမည်ကို အတွင်းဝန်သားက အလွန်သ ဘောကျ၏။ ဗမာစာနှင့် ဗမာစကား ကို များစွာလေ့လာလိုက်စားသင်ယူထားခြင်းဖြင့် ဗမာလို ကောင်းစွာ ပြောတတ်သည်။
ထို့ကြောင့် မောင်တင်ဦးနှင့် စကားပြောလျှင် ဗမာလိုသာပြောကြ သည်။ ပူအိုက်သော ဗမာပြည် ရာသီဥတု နှင့် ကိုက်ညီအောင် ဗမာလိုပင် ၀တ်ဆင်လေ့ရှိသဖြင့် သက်တူရွယ်တူ အလုံးအရပ်တူညီသော သူတို့နှစ်ယောက်သည် တခါတရံ လုံချည် အရောင်ဆင် တူ၊ အင်္ကျီအရောင်ဆင်တူ ၀တ်ထားသည့်အခါ ညီအကို နှင့် ပင် တူနေတော့သည်။ မောင်တင်အုန်း ၏ဘခင် အတွင်းဝန်ကလည်း သူ့သားနှင့် ခင်မင်သော မောင်တင်ဦး ကို ခင်မင်သည်။ မောင်တင်ဦး အနေဖြင့် အလုပ်ကို ပင်ပင်ပန်းပန်းလုပ်နေရခြင်းမရှိချေ။ မောင်တင်အုန်း တို့ သားအဖကို ဗမာ့ရိုးရာ ဓလေ့ ယဉ်ကျေးမှုတွေ ပြောပြနေခြင်းဖြင့်သာ တလ သုံးရာ မျှသော လစာငွေကို သက်သက်သာ သာရနေသည်။
''မောင်တင်ဦးရေ၊ ဒီနေ့ အလုပ်နဲတယ်ဟေ့...၊ နေ့လယ်လက်ဘက်ရည်သောက်ရင်း ဒို့စကား ပြော ရအောင်''
ဗမာလို ကောင်းကောင်းပြောတတ်နေပြီဖြစ်သော မောင်တင်အုန်းအဖေ အတွင်းဝန် က ပြောသဖြင့် မောင်တင်ဦး သည် အတွင်းဝန်သားအဖနှင့်အတူ လက်ဘက်ရည်စားပွဲမှာ ထိုင်မိလျှင်ပင် အတွင်းဝန်က စကား စပြော၏။
''မောင်တင်ဦး အဖေက ဖက်ဆစ်ဂျပန်ကို တိုက်ခဲ့တဲ့ စစ်သားဟောင်းကြီးလို့ပြောဘူးတယ် ဟုတ် လား''
အတွင်းဝန်အမေးကို....
''ကျွန်တော်ပြောဘူးတယ် အန်ကယ်လ်''ဟု မောင်တင်ဦးက ဖြေ၏။
''အေး... ဒီလိုဆိုရင် စစ်တပ်နဲ့ ဗမာပြည်နယ်စပ်တွေ ဘာတွေအားလုံးရောက်မှာပေါ့နော်''
''အားလုံးနေရာအနှံ့တော့ ရောက်မယ်မထင်ဘူး အန်ကယ်လ်၊ တချို့နေရာတွေတော့ ရောက်မှာ ပေါ့လေ၊ ဘာကြောင့် မေးတာလဲ အန်ကယ်လ်''
အကြောင်းတခုခုရှိ၍မေးခြင်းဖြစ်ပေမည်ဟု မောင်တင်ဦး က တွေး၏။ အတွင်းဝန်က အနည်းငယ် စဉ်းစား သလို ငြိမ်နေပြီးမှ ပြောပြန်သည်။
ဆက်ရန်
.

1 comment:
ဒီဝတ္ထုလေးကို လာလာဖတ်တယ် မရွှေစင်ရေ ... မအားလို့ ခုမှ ကွန်မန့်ရေးဖြစ်တယ်။
Post a Comment