သံပုံချိုင့်ကို သွားမွှေတော့ ရေစက်အဟောင်းကြီးတစ်ခုထဲကနေ မူလီ နှစ်လုံး လွယ်လွယ် ဖြုတ်ယူ နိုင်ခဲ့ တယ်။ ဒါပေမဲ့ အကြီးတစ်ခုက ကျွန်တော့်ရှော့ဘား အပေါက် နဲ့ မတော်ဘဲ ကျယ်နေ တယ်။ အဲဒီမှာ ဟိုလိုခု၊ ဒီလိုခံ လုပ်ဖို့ ၀ပ်ရှော့ကို ပြေးရပြန်တာပေါ့။
ဝပ်ရှော့ဆရာ မစ္စတာဂေါ့စတင်က ကျွန်တော့်ကို မလောက်လေး မလောက်စားလို့ သဘောမထားတော့ ဘူး။ တောက်တိုမယ်ရ ပစ္စည်းတွေ ကိုင်ပြီး သူ့ဆီရောက်သွားတိုင်း သူက သံဂဟေဆော်ဖို့ ဂက်စ်မီးနဲ့ အပေါက် ဖောက်ပေးဖို့ အမြဲတမ်း အဆင်သင့်ပဲ။
ဒါ့အပြင် သူက သူ့ရဲ့ ကျောက်စက်ကိုလည်း ကျွန်တော့်အသုံးပြုခွင့်ပေးတယ်။ အဲဒီတော့ ချွန်ထက်နေတဲ့ ပစ္စည်း တွေကို ချောချောမွတ်မွတ်ဖြစ်အောင် ကျွန်တော် လုပ်နိုင်တာပေါ့။ မီးမှုန်တွေ တဖွားဖွား ဖြာထွက်နေ တာကို ကြည့်ပြီး ရှေ့ပိုင်းက သူ ကျွန်တော့်အပေါ် ဆက်ဆံပုံတွေကို မေ့သွားပါတော့တယ်။
“ အဲဒါ ငါ့လက်က ဒဏ်ရာတွေရဲ့ ရလဒ်တွေ“ လို့ ကျွန်တော့်စိတ်ထဲက ကြုံးဝါးလိုက်ပါတယ်။
ဟုတ်ပါပြီ။ မူလီဘီးနှစ်ဘီးကို ကျွန်တော် ပိုင်ပိုင်နိုင်နိုင် ဖမ်းပြီးပါပြီ။ အားလုံးခွင်ကျ ကွက်တိပါပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ သားရေပြား၊ ဒါမှ မဟုတ် ကင်းဗတ်ပြား မရှိပါဘူး။ ဆိုက်ကိုက်ရှာလို့ မရတာနဲ့ ကျွန်တော် လက်မှိုင်ချ နေရပါတော့တယ်။ ဒါပေမဲ့ အားမလျှော့ဘဲ အနီးအနားမှာ၊ အိမ်ထဲမှာ ရလိုရငြား လျှောက်ရှာပါ တယ်။ အိမ်မှာ အိတ်ကြီးတစ်လုံးတွေ့တယ်။ အဲဒီအိတ်ရဲ့ နိုင်လွန်သိုင်းကြိးကို ကျွန်တော် ဖြတ်လိုက်တယ်။ ပြီးတော့ မူလီဘီးမှာ ပတ်လိုက်တယ်။ သိပ်ခွင်မကျတော့ ဆယ်စက္ကန့်အတွင်း ဘေး ချော်ထွက်သွားတယ်။ ကပ်မလား ဆိုပြီး ဓာတ်ခဲထဲက ကာဗွန်မှုန့်တွေကို ပူလီနဲ့ နိုင်လွန်ကြိုးကို လိုက်ဖြူးပါသေးတယ်။ ဒါပေမဲ့ အဲဒီ အထဲမှာ ပါတဲ့ ကတ္တရာမှုန့် ဟာ ခဏပဲခံပြီး လွင့်ထွက်ကုန်ပါတယ်။
ဈေးထဲက အဘိုးကြီးတစ်ယောက်နဲ့တွေ့ပြီး သူက ကျွန်တော့်ကို စက်ရုံသုံး သားရေပတ်ကြိုးတစ်ချောင်း ပေးပါ သေးတယ်။ စက်ဘီးပေါ်မှာ အသီးအနှံတွေတင်တဲ့အခါ ချည်တဲ့ကြိုးအဖြစ် သူ အသုံးပြုနေတဲ့ကြိုး ဒါပေမဲ့ တစ်နာရီအတွင်းမှာ ပြတ်ထွက်သွားပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်ဟာ တစ်နေ့ နှစ်ခါလောက် စင်ပေါ်တက် နေရပါတော့တယ်။
နောက်ဆုံးကျှ ဂျက်ဖရီ ယူလာပေးတဲ့ကြိုးနဲ့ အဆင်ပြေသွားပါတော့တယ်။ ဘာဒဏ်ရာမှလည်း နောက်ထပ် မရတော့ပါဘူး။ ပိုကောင်းတာက ကျွန်တော် အိပ်ရေးမပျက်တော့တာပါပဲ။ အိပ်ရာက နိုးတာနဲ့ လေရဟတ် ပေါ်က ပန်ကာရွက်တွေ ညက်ညက်ညောညော လည်ပတ်နေတဲ့ အသံဟာ ကျွန်တော့်အတွက် န၀င်ပီယံ အဖြစ်ဆုံး အချိန်ပါပဲ။

အခန်း ၁၃
ဒီလိုနဲ့ သုံးလကြာသွားပါတယ်။ အဖေ့စိုက်ခင်းတွေ အထွက်တိုးပါစေ၊ ဈေးကောင်းကောင်းရပါစေလို့ ကျွန်တော် ဆုတောင်းနေရပါတယ်။ ဒါမှ ကျွန်တော် ကျောင်းပြန်တက်နိုင်မှာ မဟုတ်လား။ ဒါပေမဲ့ သရော ကြီး ခိုင်းတုန်းက ကြွေးတွေ ဆပ်လို့မကုန်သေးပါဘူး။ ကျောင်းဖွင့်ရက်က နီးလာနေပြီ။ ဒါပေမဲ့ ဓာတ်မြေ သြဇာဖိုး၊ ဆေးရွက်ကြီး မျိုးစေ့ဖိုး မလုံလောက်သေးပါဘူး။ ဆေးရွက်ကြီး မစိုက်နိုင်ရင် တခြားရောင်းစရာ များများ စားစား မရှိပါဘူး။
ဒီလိုနဲ့ ကျွန်တော်တို့ မိသားစုဟာ ဓာတ်မြေသြဇာမလိုတဲ့ ကောက်ပဲသီးနှံမျိုးစုံစိုက်ပြီး ဈေးတင်ရပါတယ်။ ပဲပုပ် တို့၊ မြေပဲ တို့ နဲ့ ပဲမျိုးစုံပေါ့။ ဒါပေမဲ့ ပြန်ဝယ်ရတဲ့ လူသုံးကုန်ပစ္စည်းတွေက ဈေးခေါင်ခိုက်နေတာမို့ ကျွန်တော် ကျောင်းပြန်တက်ဖို့ မျှော်လင့်ချက်က ဝေးသထက် ဝေးလာပါတော့တယ်။
တစ်နေ့ ကျွန်တော်နဲ့အဖေ ကွင်းထဲမှာ အလုပ်လုပ်နေရင်း ရေဒီယိုကလာနေတဲ့ ကြော်ငြာတစ်ပုဒ် ကြား လိုက်ရတယ်။ ဘက်ဟူကာ မှာ အလွတ်ပညာသင်ကျောင်းတစ်ကျောင်း ဖွင့်မယ်တဲ့။ အရည်အချင်းပြည့် ဆရာ တွေနဲ့ ဖွင့်မှာဖြစ်ပြီး ကျောင်းလခကိုလည်း လဆိုင်းစနစ်နဲ့ ပေးသွင်းရမှာလို့ ဆိုပါတယ်။
အဲဒီလို ကြော်ငြာတွေ ကြားရရင် ကျွန်တော် အရမ်းစိတ်ဆင်းရဲရပါတယ်။
မဖြစ်နိုင်မှန်းသိရက် နဲ့ ကျွန်တော် အဖေ့ကို မေးလိုက်ပါတယ်။
“ အဖေ၊ ကျွန်တော် ကျောင်းဆက်မနေရတော့ဘူးလားဟင်၊ ခုကြော်ငြာတဲ့ကျောင်းကို အဖေ ဘယ်လို သဘော ရလဲ“
“ သားကို ကျောင်းပြန်ထားချင်တာပေါ့ကွာ၊ ဒါပေမဲ့ ကြွေးကျေဖို့က ပိုအရေးကြီးတယ်လေ “
အဖေ ဘယ်လောက်စိတ်ထိခိုက်သွားမယ်ဆိုတာ ကျွန်တော် သိပါတယ်။
ဇန်န၀ါရီလထဲမှာ သူငယ်ချင်းအပေါင်းအသင်းတွေ ကျောင်းပြန်တက်တာကို ကျွန်တော် ဒီအတိုင်း ငေးကြည့် နေရပါတယ်။ သူတို့တစ်တွေ ရယ်မောနောက်ပြောင်ရင်း ပျော်ပျော်ပါးပါး ကျောင်းသွားနေကြပါတယ်။ ကျောင်းပိတ်ရက် တွေမှာတော့ ဂီးလ်ဘတ်နဲ့ တချို့သူငယ်ချင်းတွေ ဘောလုံးကန်ရင် ကျွန်တော် ၀င်ဆော့ ပါတယ်။
“ ၀ီလျံ၊ မင်းဘယ်တော့ ကျောင်းပြန်တက်မှာလဲ“လို့ မေးဖော်ရကြပါတယ်။ သူတို့အမှတ်တွေ ကောင်းတဲ့ အကြောင်း လည်း ကြွားလုံးထုတ်တဲ့အခါ ထုတ်ပေါ့။
“ အဲဒီအကြောင်းတွေ တစ်ဆိတ် မင်းတို့ငါ့ကို မပြောကြပါနဲ့ကွာ“လို့ ကျွန်တော် ပိတ်ထားရမယ်။ ကျွန်တော့် လို ကျောင်းထွက်ထားရတဲ့ ဘ၀တူ ချာတိတ်တွေ အများကြီး ရှိပါတယ်။ သူတို့က ကွင်းထဲဆင်းပြီး မိဘ မကူဘဲ ဂလေရိုက်နေကြတာ များပါတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ အရက်ဆိုင် ရောက်နေတဲ့ ငနဲတွေလည်း ရှိရဲ့။
သူတို့တွေကို မာလာဝီမှာ “ဂန်ယူ“လို့ ခေါ်ပါတယ်။ ရည်မှန်းချက် ပန်းတိုင် မရှိဘဲ လေပေနေတဲ့ လူငယ်တွေ လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်လည်း သူတို့လို ဖြစ်မသွားနိုင်ဘူးလား။ ကျွန်တော် တွေးပူစ ပြုလာပါ တယ်။ တစ်နေ့မှာ ကျွန်တော် လေရဟတ်ကြီးဟာ ကျွန်တော့်အတွက် ရိုးသွားလို့ဖြစ်ဖြစ်၊ ပြင်ဆင်ထိန်းသိမ်း ဖို့ မတတ်နိုင်လို့ဖြစ်ဖြစ် ကျွန်တော့်ရည်မှန်းချက်တွေ ပျောက်သွားနိုင်ပါတယ်။ ပြောင်းခင်းထဲမှာချည်း ဘ၀ကို ကုန်ဆုံးရမှာလား။ အိပ်မက်တွေ ပျက်ပြယ်ဖို့ဆိုတာ သိပ်လွယ်တဲ့ကိစ္စပဲ။
စိတ်ပျက်စရာ အမှောင်ခြမ်းကို မတွေးမိအောင် စာကြည့်တိုက်ကို ကျွန်တော် ပြန်အာရုံစိုက်ရပါတယ်။ ကျောင်းပြန်တက်နိုင်ဖို့ အရေးကိုတော့ ကျွန်တော် မတွေးလိုတော့ပါဘူး။ တတ်နိုင်သမျှ ဗဟုသုတမျိုးစုံကို စာအုပ်တွေမှာပဲ ရှာနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရှိသမျှစာအုပ်တွေ ကျွန်တော် ဖတ်တယ်။ ကျွန်တော် ဖတ်တဲ့အထဲမှာ အများဆုံးကတော့ HIV နဲ့ AIDS ရောဂါအကြောင်းတွေပါပဲ။ တစ်ဖက်က အင်္ဂလိပ်စာ တိုးအောင် စာလုံးပေါင်း စာအုပ်တွေကိုလည်း ဖတ်ရပါသေးတယ်။
“ရူပဗေဒကို ရှင်းလင်းခြင်း“ စာအုပ်က တော့ ပင်တိုင်ပေါ့လေ။ ပြီးတော့ “စွမ်းအင်ကို အသုံးပြုနည်း“ နဲ့ “အထွေထွေ သိပ္ပံ“စာအုပ်မျိုးတွေလည်း မလွတ်စေရပါဘူး။ ရေစုပ်စက်နဲ့ ရေခဲသေတ္တာတည်ဆောက်ပုံကို ကျွန်တော် အရမ်းစိတ်ဝင်စားနေတယ်။ နောက်တစ်ခုက ပြန်ပြည့်မြဲစွမ်းအင်။
လေရဟတ်ကြောင့် ကျွန်တော့်ကို လူတွေ ချီးမြှောက်ထောပနာ ပြုမဆုံးအောင် ဖြစ်နေဆဲပါ။ စိတ်ထဲမှာ ကိုယ့် ကိုယ်ကိုယ် သီချင်းအယ်လ်ဘမ်ထွက်ပြီးခါစ အဆိုတော်တစ်ယောက်လို ထင်လာတယ်။ ဒီတော့ တစ်ခွေပေါက်သါားရင် အဆိုတော်တွေ နောက်တစ်ခွေ ထုတ်ဖို့ ကြိုးစားသလို ကျွန်တော်လည်း ကြိုးစား ရတော့ မှာပေါ့။
နေ့တိုင်း စာကြည့်တိုက်မှာ အချိန်ကုန်တယ်။ စာအုပ်တွေကို ဖတ်ရင်း စဉ်းစားလိုက်၊ စဉ်းစားရင်းဖတ်လိုက် နဲ့ပေါ့။ တစ်ခုခုကို ကြီးကြီးကျယ်ကျယ် လုပ်ဖြစ်ဖို့ ကျွန်တော် အရမ်းထက်သန်နေပါတယ်။ ပတ်ဝန်းကျင်က လည်း ကျွန်တော့်ကို စောင့်ကြည့်နေကြတယ်လို့ ခံစားရတယ်။ ကျွန်တော့် အထင်လားတော့ မသိဘူးပေါ့ လေ။
ကျွန်တော့်ရဲ့ “လျှပ်စစ်လေ“ ထုတ်လုပ်ပုံကို လာကြည့်တဲ့ လူအချို့က အကြံပေးကြတယ်။
“ မင်းလေရဟတ်ကြီးက အသံလွှင့်ရုံက စင်ကြီးနဲ့ တူတယ်ကွ၊ မင်းလျှပ်စစ်ထုတ်နိုင်ရင် အသံလည်း လွှင့်နိုင် ရမှာပေါ့“တဲ့။
ကျွန်တော် အသံလွှင့်ပုံလွှင့်နည်းကို စပြီးစိတ်ဝင်စားလာတယ်။ တစ်ချိန်လုံး ဒါပဲတွေးနေတယ်။ တစ်နေ့ ဂျက်ဖရီ ဆီ ရောက်သွားပြီး သူနဲ့ တိုင်ပင်ပါတယ်။
“လူတွေက လေရဟတ်ကို အသံလွှင့်ရုံနဲ့တူတယ်လို့ ပြောနေကြတယ်။ ဘယ့်နှယ်လဲ၊ အသင့်လွှင့်ကြည့် ကြရ အောင်လား“
“မင်းဘာဆိုလိုတာလဲ ၀ီလျံ“
“အသံလွှင့်ရုံတစ်ခု လုပ်မယ်လေ“
အဲဒီနေ့မှာပဲ ကျွန်တော်တို့နှစ်ယောက် အလုပ်စလုပ်ကြတယ်။ ရေဒီယို အစုတ်နှစ်လုံး ထုတ်လိုက်တယ်။ တစ်လုံးက အိမ်တောင် မရှိတော့ဘူး။ ပထမဆုံး ကျွန်တော်က စာအုပ်ထဲမှာ ဖတ်ရတဲ့ နည်းတစ်ခုကို စမ်း ချင်တယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ပေါင်းများစွာက လေမုန်တိုင်း တိုက်နေတုန်း လက်ထဲမှာ ရေဒီယိုကို ကိုင်ပြီး ကျွန်တော့်အခန်းထဲ ၀င်လာတယ်။ သီချင်းနားထောင်နေတုန်းမျာ နားပွင့်လုမတတ် မိုးကြိုးပစ်ချပါ လေရော။ အဲဒီမှာ သီချင်းသံတွေနဲ့ရောပြီး တဂျစ်ဂျစ် အသံထွက်လာတာ ကျွန်တော် မှတ်မိနေတယ်။
အဲဒါနဲ့ ရေဒီယို နှစ်လုံးယူပြီး တစ်လုံးကို လိုင်းမိအောင် အရင် ဖမ်းလိုက်တယ်။ နောက်တစ်လုံးကိုလည်း အဲဒီမီတာနေရာမှာပဲ ဖမ်းလိုက်တယ်။ ဒုတိယတစ်လုံးမှာ ဘာသံမှ ထွက်မလာဘူး။ မိုးကြိုးပစ် လိုက်တုန်း ကလို ပထမရေဒီယိုမှာ ဖမ်းထားတဲ့ ဖရီကွင်စီက နောက်တစ်လုံးကို လွှမ်းမိုးပစ် လိုက်တာ ဖြစ်နိုင်တယ်။ အဲဒီအတိုင်း ဆိုရင် အဲဒီ ဖရီကွင်စီရဲ့ ထိပ်ဆုံးမှာ ကျွန်တော့်အသံ ထည့် နိုင်ရမှာပေါ့။
ရေဒီယိုနှစ်လုံးမှာ ဒုတိယအလုံးက ကက်ဆက်ပါတယ်။ ပထမ ရေဒီယိုကို အသံတိုးတိုး ဖွင့်ထားပြီး ဒုတိယ ရေဒီယိုကို ကက်ဆက်ခလုတ် ပြောင်းလိုက်တယ်။ အဲဒီ ရေဒီယို ကက်ဆက်က အဖုံးမပါတော့ အထဲကို အားလုံး မြင်နေရတယ်။ ၀ိုင်ယာကြိုးကလေးဟာ တိပ်သားဖြတ်သွားတဲ့ အတုံးကလေး (Head) ကနေ စပီကာဆီကို သွားထားတာ တွေ့ရတယ်။ ကွန်ဒင်ဆာက ဖရီကွင်စီကို ထိန်းတာကိုး။ ဒါကြောင့် ကက်ဆက် စပီကာ ကနေ ပထမ ရေဒီယို စပီကာဆီ ရောက်မယ် အထင်နဲ့ ကျွန်တော် လုပ်ကြည့်တာပါ။
"အမည်းရောင် သာသနာပြုများ" အခွေကို ကျွန်တော် ကက်ဆက်ထဲ ပြန်ထည့်လိုက်တယ်။
"ဟောဒီမှာ ကြည့်" လို့ပြောပြီး "ပလေး" ခလုတ်ကို ကျွန်တော် နှိပ်လိုက်တယ်။ ထင်တဲ့အတိုင်းပါပဲ။ တခြား ရေဒီယို မှာ သီချင်းသံ ကြည်ကြည်လင်လင် ထွက်လာပါတော့တယ်။ ကျွန်တော့် ရေဒီယို ကက်ဆက်ကလေး ဟာ အသံလွှင့် ပစ္စည်းကလေး ဖြစ်သွားပါပြီ။ အဓိပ္ပာယ်ကတော့ ကျွန်တော့်မှာ ရေဒီယို ငါးလုံးရှိလို့ ဖရီကွင်စီ တစ်ခုတည်း မှာ ဖမ်းထားနိုင်ရန် အဲဒီ ငါးလုံးစလုံးမှာ "အမည်းရောင်သာသနာပြုများ" သီချင်း တပြိုင်တည်း ထွက် နေမှာပါ။
"ကဲ့ ဂျက်ဖရီ၊ ကိုယ့်အသံကိုယ် ထည့်ချင်ရင် ဘယ်လိုလုပ်မလဲ"
ကွန်ဒင်ဆာနဲ့ ဆက်ထားတဲ့ ကြိုးကလေးတွေကို ဖြုတ်ပြီး ကျွန်တော့် ခေါင်းစွပ် နားကြပ်ကို ပြောင်းဆက်ပေး လိုက်တယ်။ ကျွန်တော့် နားကြပ်ဟာ ချက်ချင်း မိုက်ကရိုဖုန်း ဖြစ်သွားတယ်။ "ပလေး" ခလုတ်ကို နှိပ်ပြီး မိုက်ထဲ ကို ကျွန်တော့်အသံ ထည့်လိုက်တယ်။
"တစ်၊ နှစ်၊ တစ်၊ နှစ်"
ပြီးတာနဲ့ ကျွန်တော့်အသံကို ဟိုဘက်ရေဒီယိုမှာ ကြားရတော့တာပဲ။
ဆက်ရန်
.
No comments:
Post a Comment