''ကဲ... ကဲ... ဘာဖြစ်မှန်းမသိတာကို ဒီလိုလုပ်နေလို့မဖြစ်ဘူး...''ဟုဆိုကာ သူ့ကားနှင့်ပင် တိုက်ရိုက် ရန်ကုန်သို့ ခေါ်ယူလာ၍ ဒေါက်တာဒေါ်မြမြအေး၏မြရတနာဆေးတိုက်တွင် ပြရတော့သည်၊ ဒေါ်မြမြ အေးက ဆေးထိုးပေးခါ လူးရန်ဆေးနှင့် မီးကင်ဖို့ (အင်ဖရာမီးခွက်)ပါ တခါထည်းပေးလိုက်ပါသည်။
ထိုအခါမှစ၍ ကျမသည် မှော်ဘီအိမ်တွင် အကိုကြီးကို ထမင်းချက်ကျွေးဖို့ ထမင်းချက်တယောက်နှင့် သာ ထားရတော့သည်၊ ကျမကတော့ လိုက်မသွားနိုင်တော့ပေ။
သို့သော်... ကျမ၌ ၀ိပါက၀ဋ်သည် ကြီး၏။ ခြေထောက်ကောင်းလာသည့်တပြိုင်နက် နှစ်ပေါင်း ၁၅နှစ် လုံးလုံး သမီးကြီးမိ ငယ်ကထဲကနေလာသော မအေးသင် သည် အိမ်မှထွက်သွား၏။ ဖေဖေ့ကိုပြုစု သော မလှိုင်သည် ခွင့်နှင့် ကျုံကဒိုးသို့ပြန်သွားသည်။ ထို့ကြောင့် ကျမသည် ခြေထောက်ကောင်းကထဲ က ဖေဖေ့ကို ချက်ပြုတ် ကျွေးနေရတော့သည်။ သမီးကိုမူ ဆေးသိပ္ပံ အမှတ်(၂)တွင် ကျောင်းအိပ် ကျောင်းစား ပို့ ထားလိုက်၏။
သားအဖကား စကားမပြောပါ။
''ငါ့ကိုလေ သူက အခုစကားမပြောတော့ဘူး'' ဆွေမျိုးလာသမျှကိုတိုင်၏။
ကျမကတော့ မနက်ခြောက်နာရီ ထုံးစံအတိုင်း ထမင်းကြမ်းကျော်နှင့် ကော်ဖီကို သူ့အိပ်ခန်းသို့သွားပို့ ၏။ ဘုရားဆောင် ဖေဖေဆွမ်းကပ်ရန် ဆွမ်းပြင်ပေး၏။ ဈေးသွားထမင်းချက် အချိန်မှန်မှန်တော့ သူ့ အိပ်ခန်းသို့ ထမင်းနှင့်အစားအစာပို့ပေးပါသည်၊ ကျန်ဒါတော့ ဘာလုပ်နေနေ မပြောပါ။ သူလိုလားအပ် သောအချိန်တွင် သူလိုချင်သော အစားအစာကို လုပ်ပေးလိုက်၏။ ဖေဖေကြိုက်သော အမဲသားနှပ်ပေးရ တိုင်း ''ယခုလို ကြည်ကြည် ဖြူဖြူနှင့် ချက်ကျွေးရသော ကုသိုလ်ကြောင့် နောင်ဘ၀၌၀ဋ်မလိုက်ပါစေ နှင့်''ဟူ၍ ဆုကလည်း အမြဲတောင်းမိ။
စာအုပ်ကိစ္စနှင့် ထုတ်ဝေသူများက လာရောက်စကားပြောသောအခါ ယခင်လိုဧည့်ခန်းတွင် ဧည့်မခံနိုင် တော့ပေ။ သူတို့သည် ကျမရှိရာ မီးဖိုချောင်သို့ဝင်လာ၍ စားပွဲနားက ကုလားထိုင်တွင်ထိုင်ကာ ပြောစ ရာရှိသည်များကို ပြော၏။ ကျမကလည်း အင်းလိုက်ရင် ဦးအချိန်မှန်ဖခင်ကြီး၏ (၁၁-နာရီ) နံနက်စာမှီ ဖို့အတွက် ချက်ရပြုတ်ရ၏။
ကလောင်ကိုင်သော ဒေါ်ခင်နှင်းယု၏လက်သည် ဓားကိုကိုင်၍ ရန်သူကိုတိုက်သည်ဟု ထင်ပါသလား၊ မဟုတ်ပါ၊ ငါးများကိုခုတ်၏။ ဖေဖေက အသားကို တရက်ခြားလောက်စား၍ ဆိတ်၊ အမဲ၊ ၀က်များကို ခုတ်ထစ် ပိုင်းဖြတ်၍ တရက်ခြားလောက် အမြဲချက်၏။ အထူးသဖြင့် ခေတ်ညွှန့်စာပေမှ ဦးထွန်းမြင့် သည် ကျမ ထမင်းချက်ချိန် နှင့် သူစာအုပ်အကြောင်းလာပြောချိန်တွင် အမြဲတိုက်ဆိုင်နေသောကြောင့် ကုလားထိုင်ကြီး တလုံးနှင့် ကျမ ခုတ်သမျှ ထစ်သမျှ ဟင်းအိုးပြင်သမျှကြည့်ရင်း စာအုပ်အကြောင်း စကား ပြောရ၏။
တခါတရံ အကိုကြီးက မှော်ဘီမှ ရုတ်တရက်ရောက်လာ၏။
''မိချိုရေ... အိမ်ထမင်း အိမ်ဟင်းစားချင်လို့ပါကွယ်၊ အကိုကြီးရယ်၊ ရဲဘော်ငါးယောက်ရယ် ထမင်းစားဖို့ နာရီဝက် အတွင်း စီစဉ်ပေးနိုင်မလား'' သူကပြောလာ၏။
''စိတ်ချ ကိုကြီးရေ ရနိုင်တယ်''
''ဖိုးကံညွန့်ရေ ကဲ... ဈေးပြေးပါအုံး'' ဖိုးကံညွန့်ကို အကူအညီခေါ်ရ၏။ ဖိုးကံညွန့်မှာ မာလီကြီး၏ မြေး ဖြစ်၏။ သူသည် ကျမမှာသမျှ ဈေးမှဝယ်လာကာ ကျမနှင့်အတူကူချက်၏။ မီးသွေးတဖို၊ ရေနံဆီတဖို၊ လေမီးဖိုတခု မီးဖိုသုံးခု နှင့် ချက်လိုက်သည်မှာ ရဲဘော်များနှင့် ဖေဖေ့အတွက် အမဲသားနှပ် အကိုကြီးအတွက် ဆူးပုတ်ဟင်းချို၊ ပဲကြီးဆီပြန်နှင့် ငါးတခွက် (အကိုကြီးက အမဲသားမစားပေ) နာရီဝက်အတွင် ချက်ပြုတ်ပြီး၍ ပြင်ဆင် ကျွေးလိုက်၏။ ဆယ့်တနာရီတွင်မူ ဖေဖေ၏အိပ်ခန်းသို့ ထမင်းပို့ပြီးပေပြီ၊ ကူ၍ ချက်ပြုတ်ပေးသော မောင်ကံညွန့် သည်လည်း သူ့ကျောင်းသို့ သူထွက်သွားတော့၏။
ထိုအချိန်ကျမှပင် ကျမအိပ်ခန်းသို့ပြန်ဝင်လာကာ ဂလူးကို့စ်ချိုချိုတခွက်ဖျော်သောက်၍ အိပ်ယာပေါ်ပြစ် လှဲ နေရပါသည်။ ထမင်းကို စားချင်စိတ်လည်းမရှိ၊ လုံးဝမစားလိုပါ၊ ညနေသုံးနာရီအထိ ကောင်းမွန်စွာ နားလိုက်ပြီး မှ သုံးနာရီထိုးလျှင် စက်ရုပ်ကြီးလိုထ၍ မီးဖိုချောင်ဝင် ငရုတ်၊ ကြက်သွန် ထမင်းအိုး ဟင်း အိုး တွေနှင့် ဇာတ်ထုတ်ကခင်းရပြန်သည်။
ကြာတော့လည်း ''လူ့ပြည်ကြီးဆိုတာ ဒါလား''ဟူ၍ အတွေးတမျိုးက ခေါင်းထဲဝင်၍ လာတတ်ပါ၏။
တခါတရံ ကျမဖာသာ ကျမတွေးကြည့်၏။ ကျမရောဂါမှာ စိတ္တဇလည်းပါသည်ဟုထင်ပါသည်။ မပြော ကောင်းပြောကောင်း ကျေးဇူးရှင်ကို ပြစ်မှားသည်ဟူဆိုရလေမည်လား၊ ကျမကျေးဇူးရှင်ကား ထမင်းပါ ပင်တည်း။ သို့သော်... ထမင်းကို လုံးဝမစားချင် ရောဂါရသည့်အချိန်ထိဆိုလျှင် ထမင်းမစားချင်သည် မှာ သုံးနှစ် လောက်ရှိ၍လာခဲ့သည်။ တခါတရံ ကိုယ့်ခေါင်းထဲက အတွေးကြီးကို ကိုယ်ထုတ်ပြစ်ရ၏။
''ဒီထမင်း ကြောင့် ငါခံခဲ့ရတဲ့ဒုက္ခတွေ၊ ဒီထမင်းလေးတလုတ် မနက်တခါ ညတခါစားရဖို့အတွက် ငါအလျော့ မပေးချင်ဘဲ အလျော့ပေးခဲ့ရတာတွေ၊ ဒီထမင်း သာ မစားရဘဲနေလို့ရတယ် ဆိုပါစို့၊ လောက ကြီးမှာ ချည်နှောင် ထား တဲ့ ကြိုးတကွင်းက ငါလွတ်ခြင်းဘဲ''
အမှန်အတိုင်း ၀န်ခံရလျှင် ကျမယခုလိုပင် တခါတလေတွေးမိ၏။ နောက်မှ ''ငါ့အတွေးကြီးက ကြောက် စရာကြီးပါလား ဒါကိုကြာကြာ ခေါင်းထဲမှာမထားသင့်ဘူးလေ၊ ထမင်းအတွက်ကြောင့် တခုထဲသက် သက်လူဖြစ်လာရတာမဟုတ်သလိုဘဲ၊ ထမင်းဆိုတဲ့ အဟာရမရှိပြန်တော့လဲ ဒီခန္ဓာကိုယ်ကြီးက ဘယ် လိုလုပ် လှုပ်ရှားနိုင်မှာလဲ...''
ဘယ်သူနှင့်မှ ဘာမှမဖြစ်ဘဲ ကိုယ့်အဘိဓမ္မာနှင့်ကိုယ် တခါတရံ ပဋ္ဋိပက္ခဖြစ်နေမိသည်၊ တခါတရံ ထ မင်းမစားဘဲနေ၍ နေ၍သွားရသည်ကို စိတ်ချမ်းမြေ့သလိုဖြစ်လာမိတတ်ပေသည်။
(ယခု အစိုးရပြောင်းလဲသွားပြီးမှ ခေတ်ကို မဆိုလိုပါ)
မပြောင်းလဲခင်ကတည်းကပင် တခါတရံ ထမင်းအိုးတယ်ရင် ငရုပ်သီးထောင်းရင်းက ဒေါသဖြစ်လာ တတ်၏။ ကြက်သွန်များကိုနွှာရင်း လွှတ်ပစ်ချင်လာတတ်၏။
''ငါ့မှာလေ အခုရင်ထဲမှာ လှိုက်လှိုက်လှိုက်လှိုက်နဲ့ စာရေးချင်လိုက်တာ ငါ့အတွက်သာဆို ထမင်းမစား ဘဲကို စာရေးတယ် အဲဒါလောက် ငါမက်မောတဲ့အချိန်တွေကို မင်းတို့ငရုပ်သီး ကြက်သွန် ထမင်းဆိုတာ တွေနဲ့ လုံးခြာ ပါတ်ခြာလည်ပြီး လဲပစ်လိုက်ရတာ စွန့်လွှတ်လိုက်တာ နှမြောလိုက်လေခြင်း...''
ကျမရင်ထဲက တကယ်ပင်ရေရွတ်မိပါသည်။ ငရုပ်သီး ကြက်သွန်များ မလွတ်လပ်သောအခါ ပို၍ဆိုးပါသည်။
''သေးဖွဲ့လိုက် သိမ်ငယ်လိုက်တာကွယ်... တို့မိန်းမတွေမှာလဲ အဘိုးတန်အချိန်တွေ အလုပ်တွေရှိပါ သေးတယ်ကွယ်... မင်းတို့ကြက်သွန်အဖြူ အနီလေးငါးအု ရဖို့အရေး၊ ဒီငရုပ်တဆယ်သားလောက်၊ ငံ ပြာရည် ငါးကျပ်သားလောက် ရဖို့အရေးအတွက် တို့များအချိန်တွေကို ဖြုံးပစ်လိုက်ရတာ ငါနမြောလို့မ ဆုံးဘူး...''
ကျမသည် အရူးမကြီးလိုပင် သံဇကာ ကြောင်အိမ်ကိုကြည့်၍ စိတ်ထဲမှစကားဆိုမိ၏။ သံဇကာကြောင် အိမ်လေးထဲမှ ကြက်သွန်နီလေးငါးအုနှင့် ကြက်သွန်ဖြူသုံးလေးအုကလည်း ကျမကို သနားဘွယ်ကြည့် နေဟန် တူကြပါသည်။ တအုကိုတအုမှီတွဲနေရင်း အမောဖြေနေကြဟန်တူပါသည်၊ သူတို့ကလည်း ကျမကိုပြန်၍ စကားဆိုဟန်ရှိ၏။
''ကျုပ်တို့မလဲ မောလိုက်တာ မမရေ... ဂိုဒေါင်ထဲမလဲ အသက်ရူရကြပ်လိုက်တာ ရုပ်တွေသာကြည့် တော့ ခွန်ကွာရေလံဖြစ်လို့ စောစောစီးစီးထုတ် စောစောစီးစီးရောင်းလိုက်လဲ ပြီးတဲ့ကိစ္စ ဂိုဒေါင်ထဲ အဓိပ္ပါယ်မရှိဘဲ ပိတ်လှောင်ခံနေရတာ ဒုက္ခရောက်လိုက်တဲ့ဖြစ်ခြင်း ၀ဋ်ကျွတ်အောင် မြန်မြန်သာ ထု တောင်း ချက်လိုက်ပါတော့ မမရယ်''ဟုပင် သူတို့က သနားဖွယ်စကားဆိုနေကြသည်ဟု ကျမထင်ပါ သည်။
သို့သော် အိမ်ရှင်မဖြစ်ရခြင်းအတွက် ရရှိသောမွန်မြတ်သည့်ကုသိုလ်မှာတော့ ဘယ်လိုအခက်အခဲနှင့် ဟင်းချက်စရာကို ရှာဖွေချက်ပြုတ်ရသည်ဖြစ်စေ ထမင်းဝိုင်းတွင် အိမ်သားများပြုံးရွှင်ကြေနပ်စွာ မြိန်မြိန် ရှက်ရှက်စားနေခြင်းကို မြင်ရပါလျှင် ထိုပီတိမှာ အတော်နှစ်သိမ့်ဘွယ်သောပီတိတမျိုးပါပင်တည်း၊ ထို ကုသိုလ်ကြောင့်ပင်ထင်ပါသည် လင်ကိုကောင်းစွာလုပ်ကျွေးသော အိမ်ရှင်မများအား သိကြားမင်းသည် ရှိခိုး၏ဟူ၍ ကျမကြားဘူးပါ၏။
အထက်လွှာဖြစ်စေ အောက်ဆုံးလွှာဖြစ်စေ ထမင်းစားခါနီးမှ အလုပ်ခွင်ကပြန်လာကာ ငရုပ်ကြက်သွန် လေးကို ပြေးဝယ်၍ ထုထောင်းချက်ပြုတ်စားရသော ဈေးတောင်းခေါင်းရွက်အိမ်ရှင်မမျိုးပင်ဖြစ်ဖြစ် ကိုယ့် ထမင်းဝိုင်း လေးတွင် လင်သည်နှင့် သားသမီးတို့ ကြေနပ်ပြုံးရွှင်စွာ စားသောက်သည်ကို မြင်ရ သောအခါ၌ ဖြစ်လာသော ၀မ်းမြောက်ခြင်းသဒ္ဓါစိတ်ပီတိအဟုန်သည် အိမ်ရှင်မ တို့အတွက်ကုသိုလ်တပါး ပါပင်တည်း။
သို့သော် တခါတရံ ယခုလိုတန်းစီဖို့ တိုးဖို့ အဖော်မရှိသော အိမ်ရှင်မများ မီးခွက်လင်းချိန်ရောက်ပါမှ ဈေးတောင်းရွက် အိမ်ပြန်ရောက်ပြီး ''ငခွေး ကြက်သွန်ဆယ်ပြားဘိုး ဆီငါးကျပ်သား ပြေးဝယ်လိုက် စမ်း...''ဆို၍ ဈေးမှပါလာသောအသားနှင့် ရောနှောချက်ပြုတ် ထမင်းတလုပ်စားရသော အိမ်ရှင်မများ အတွက် ယခုလိုဝယ်ချင်သည့်အချိန် ၀ယ်မရ၊ ရပြန်တော့လည်း ခွန်ခွာရေလံကို ဦးတိုက်ရှိခိုးဝယ်ရ သော အဖြစ်မျိုးနှင့် တွေ့ရချိန်တွင်တော့ ကျမလိုပင် ငရုပ်ဆုံကိုရော ယောင်းမရော ကြက်သွန်ပါ လွင့် ပစ် ချင်ကောင်း ပစ်ချင်ကြပေလိမ့်မည်။
ထို့ကြောင့်ပင် ဤသတ္တလောက၌ မည်သည့်ဝါဒ၊ မည်သည့်စနစ်သစ် အရပ်ရပ်တို့ကို ထွင်ချင်ကြသော.. ပုဂ္ဂိုလ်တိုင်းမဆို ''ထမင်းဝိုင်း''လေးဆိုသည်ကိုတော့ အမြဲထည့်သွင်းစဉ်းစားသင့်သည်ဟုထင်ပါသည်။
''ထမင်းဝိုင်းလေး''တွေးကြည့်တော့လည်း သေးဖွဲလွန်းလှပါ၏။ သို့သော် ဤထမင်းဝိုင်းလေးကို ဖန် ဆင်းရသော အိမ်ရှင်မများ တည်ငြိမ်မှုမရသောအခါ၌ မိသားစုတစုလည်း မတည်ငြိမ်ပါ။ မိသားစုများ စု ပေါင်း ထားသော ရပ်ကွက်၊ ရပ်ကွက်မှသည် မြို့၊ မြို့မှသည် တိုင်းပြည်တပြည်အထိသို့ပင် ဂယက်ရိုက် တတ်ပါသည်။
အိမ်ရှင်မများ ''ဟင်း''ချ၍ တည်ငြိမ်အေးဆေးရသောခေတ်သည် ငြိမ်းချမ်းသောခေတ်ပါပင်တည်း။ သို့ သော်လည်း ပုဂ္ဂိုလ်ကြီးများ၊ ခေါင်းဆောင်ကြီးများသည် သူတို့လည်း ငြိမ်းချမ်းလို၊ ဧချမ်းလိုလှပါသည် ဟူသောဆန္ဒဖြင့် လမ်းစများရှာကြရင်းမှ သတ္တလောကလည်း အမျိုးမျိုးဗြောင်းဆန်ကြရသည်ထင်ပါ သည်။
ကျမပင်လျှင် ကြောက်စရာကောင်းသော အတွေးခေါင်မှုကြီးတခု ခေါင်းထဲသို့ ခဏခဏ၀င်လာ၍ ထုတ် ပစ်ရ၏။ ''ဒါလောက်တောင် အလုပ်အလုပ်၊ အလုပ်သည်သာ ပဓာနဆိုပြီး ဖြစ်နေရယင် အင်မတန်တိုး တက်နေတဲ့ သိပ္ပံပညာရှင်တွေဟာ တခြားဟာတွေ တီထွင်မဲ့အစား ထမင်းမနက်တနပ်၊ ညတနပ်မစားရ ဘဲနဲ့ ထမင်းလို အဟာရဖြစ်တဲ့ ဆေးလုံးလေးတွေ တီထွင်ဘို့ကောင်းတယ်၊ အဲဒီဆေးလုံးကို တနေ့တ လုံးသောက်၊ အဲဒီတော့ ထမင်းဆိုတာလဲ မလို၊ မီးဖိုချောင်ဆိုတာလဲ မလိုတော့ဘူး၊ အဲဒီတော့ အဲဒီလူ သားဟာ အလုပ်ခွင်မှာဘဲ လုံးဝအချိန်ယူလုပ်နိုင်ရော... ဘာဖြစ်လို့များ သူတို့က ဒါကို မတီထွင်ရတာ လဲ''
ဆက်ရန်
.

4 comments:
မှန်လိုက်တာ ...
ထမင်းဝိုင်းလေးတွေ တည်ငြိမ်အေးဆေးမှ ငြိမ်းချမ်းသော ခေတ်ဆိုတာ ... တကယ်ပါပဲ။
လောလောဆယ်တော့ ထမင်းတလုပ် ဒုတ်တချက် ဖြစ်နေသလား မသိပါဘူး။
ဟယ်..အြံ့သစရာဘဲ.ကျခဏခဏတွေးမိနေတဲ့အတွေးက..လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆရာမကြီးတွေးခဲ့
တာနဲ့တူနေပါရောလား...သိပှံပညာရှင်တွေကို..လူတွေအတွက်အကုန်အကျသက်သာအောင်၊အိမ်ရှင်မတွေအလုပ်ရှုပ်သက်သာအောင်ထမင်းအစားဆေးလုံး
လေးတွေတီထွင်ပေးရင်သိပ်ကောင်းမှာဘဲလို့ ဆုတောင်းနေခဲ့တာ.....။
ဆရာမလဲ ချက်ရေးပြုတ်ရေး အလုပ်ရှုပ်ရလွန်းတော့ စိတ်ညစ်မှာပဲ။ ဆရာမနဲ့ စာနဲ့ မဆိုင်ပေမယ့် အစာမစားဘဲ ဆေးသောက်နေချင်တယ်ဆိုတဲ့ မိတ်ဆွေတွေ ကျွန်တော့်လို မဖြစ်စေချင်လို့ သတိပေးပါရစေ။ ကျွန်တော် မကျန်းမာတုန်းက အားဆေးတွေသောက်၊ ဗိုက်တာမင်ဆေးတွေ အေကနေ အီးထိ အကုန်ဝယ်၊ ကယ်လ်စီယံ ညျူရိုဘီယမ် နိုင်နိုင်သောက်ပေမယ့် ပြန်ကျန်းမာဖို့ နှစ်နဲ့ချီ ကြာသွားတယ်။ အဲဒါ အားဆေးတွေပဲသောက်ပြီး အစာအာဟာရကိုကျ ထမင်းနဲ့အကြော်နဲ့၊ ဒါမှမဟုတ် ခေါက်ဆွဲသုတ် ခေါက်ဆွဲပြုတ် စသဖြင့် ဝမ်းဝဖို့နဲ့ ချက်ရလွယ်ဖို့ပဲ အဓိကထားပြီး အားဖြစ်အောင် ဗိုက်တာမင် ပြည့်ဝအောင်စားဖို့ ဂရုမစိုက်ခဲ့လို့ပါ။ ဒီဆေးတွေ သောက်နေတာပဲ .. အစာထဲမှာ ဒါတွေများများပါဖို့ ဒီလောက် အားစိုက်နေစရာ မလိုဘူး ထင်ခဲ့မိတယ်။ ကန်စွန်းရွက်ပြုတ် တစ်နေ့ တစ်ပန်းကန်၊ မုံလာဥနီ နှစ်ဥသုံးဥနဲ့ ကုလားပဲတစ်ခွက် နေ့စဉ် မှန်မှန်စားခဲ့ရင်တောင် ဒီထက် မြန်မြန် ပြန်ကျန်းမာလာခဲ့မှာ။ ဆေးကို အားကိုးပြီး အစာကို ဂရုမစိုက်မိလို့ အချိန်တွေ အများကြီး ဆုံးရှုံးလိုက်ရတယ်။
ဗိုက်တာမင်ဆေးတွေက အစာအာဟာရနေရာကို ရေရှည် အစားထိုးလို့ မရပါဘူး။ သင်္ဘောပျက်လို့ ရေထဲမျောနေတုန်း၊ တောထဲတောင်ထဲ အစာငတ်နေတုန်းမှာ ဗိုက်တာမင်ဆေးတွေစားပြီး အသက်ရှင်နိုင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ သဘာဝ အစာအာဟာရကို ဒီအာဟာရကနေ ဆေးအဖြစ်ထုတ်ယူထားတဲ့ ဆင့်ပွားပစ္စည်းက မမီဘူး။
သဘာဝ အသီးအရွက်တွေ၊ သစ်သီးဝလံတွေ၊ ပဲတွေ၊ နို့တွေ များများ စားသောက်ရင် ဥာဏ်ရည်ရော ကိုယ်ခံအားရော ကောင်းပါတယ်။ ကျွန်တော်အပါအဝင် ကျွန်တော်တို့မြန်မာတွေ အားဆေးဆို ငွေကုန်ခံ သောက်ပေမယ့် အသီးအရွက်နဲ့ပဲကို များများစားရင် ဒီထက်အဆများစွာသာတယ်ဆိုတာကျတော့သတိလစ်နေတတ်မိလို့ ပြောတာပါ။
ဆေးကို အားကိုးပြီး အစာအာဟာရကို လျှော့မတွက်စေချင်ဘူး။
အပေါ်က Anonymous စေတနာနဲ့ကိုယ်တွေ့လေးမျှဝေပေးတာကျေးဇူးပါရှင်..ကျမတို့အိမ်ရှင်မတွေတနေ့တနေ့မီးဖိုချောင်ထဲမှာအချိန်ကုန်နေရလို့သာပြောမိတာပါ
တကယ်တန်းကျတော့အနံ့ အရသာမရှိတဲ့ဆေးလုံးထက်..ငပိရည်၊ငြံပာရည်နံ့လေးနဲ့ချိုချဉ် ငံ စပ် အရသာစုံလေးစားရမှသာအာသာပြေတာမို့..တနေ့တမျိုးမရိုးရအောင်ချက်ပြုတ်နေကြရတာအမှန်ပါဘဲ...။
Post a Comment