ဇန်န၀ါရီလထဲရောက်တော့ ဘယ်သူ့ဆီမှာ ပြောင်းဂျုံ မရှိတော့ပါဘူး။ ဖရုံရွက်တစ်မျိုးတည်းကိုသာ အားပြုကြ ရပါတော့တယ်။ မာလာဝီတစ်နိုင်ငံလုံး ဒုဗ္ဘိက္ခန္တရကပ်ကြီး လုံးဝ ဆိုက်ပါလေပြီ။ အီရဂျစ် မှာ ပလိပ်ရောဂါ ကပ်ဘေးကြီးဆိုက်တာ ကျွန်တော် ဖတ်ဖူးပါတယ်။ ချက်ချင်း ပျံ့နှံ့သွားပြီး အလောင်းချင်း ထပ်သွားတာပါ။ အိုးအိမ်ကို ထားခဲ့ပြီး တစ်ရွာတစ်ကျေးမှာ အလုပ်လုပ်တဲ့လူတွေက အစ အတုံးအရုံး သေကြပါတယ်။
အငတ်ဘေးကို လူတွေ နှစ်မျိုးနှစ်စား ခံစားကြရပါတယ်။ တချို့က သွားရင်းလာရင်း အရိုးစုပုံစံ ပေါက်လာပြီး ငှက်နဲ့ တူလာတဲ့ သူတို့လည်ပင်းတွေနဲ့ မြစ်ချောင်းတွေမှာ ရေသောက်ရင်း ပြန်မထနိုင် ကြတော့ဘဲ သေပွဲဝင်ကြရပါတယ်။ တစ်ချို့ကတော့ သွေးထဲမှာ ပရိုတင်း ကုန်ခမ်းသွားတယ်။ တစ်ကိုယ်လုံး ဖောရောင်လာတယ်။ နောက်ဆုံး ဗုန်းဗုန်း လဲပြီး သေသွားကြပါတယ်။
ငတ်နေတဲ့ လူတေါဟာ လျှောက်သွားနေကြပြီး ဘေးဘီကို မကြည့်ကြပါဘူး။ စကားလည်း မပြောကြ တော့ပါဘူး။ သေနေပြီးသား လူတွေလို ဖြစ်ကုန်တယ်။ ဒါပေမဲ့ စားစရာကလေးများ တွေ့လိုတွေ့ငြားဆိုတာ မျှော်လင့်ချက် ကလေး နဲ့ လျှောက်သွားနေကြတာ။ ငှက်ပျောခွံတွေ့ရင် ကောက်ဝါးကြတယ်။ ငှက်ပျောမြစ် တွေတူးပြီး ပလောပီနံ သဘော နဲ့ စားကြတယ်။ နောက်ဆုံး လမ်းဘေးက မြက်တွေကို နုတ်စားကြတယ်။ တွေ့ကရာ အရွက်တွေခူး၊ အမြစ်တွေ တူး စားကြတော့ အဆိပ်ဖြစ်ပြီး မြင်မကောင်းရှုမကောင်းအောင်ပါပဲ။ ဒီလိုနဲ့ အပင်တွေပါ ပြုတ်ပြုတ်ပြုန်း ကုန်ပါတော့ တယ်။
"အစ်ကိုတို့ အစ်မတို့ရယ်၊ စားကြွင်းစားကျန်လေးများရှိရင် စွန့်ကျဲကြပါ။ ကျွန်တော်တို့၊ ကျွန်မတို့ ဘာပဲ လုပ်ပေးရ၊ လုပ်ပေးရပါ" လို့ ပြောနိုင်လောက်အောင် လဲမကျဘဲ တောင့်ခံထားနိုင်တဲ့ လူတွေ လည်း ကျန်သေးတယ်။ သွပ်မိုးထားတဲ့ ကျွန်မတို့အိမ်ကို အထင်ကြီးတစ်ခွဲသားနဲ့ ၀င်လာတတ်ကြ တယ်။ အဖေက ကျွန်တော်တို့မှာလည်း စားစရာ မရှိတော့တဲ့ အကြောင်း ပြောပေမယ့် မိုးတွေရွာတဲ့ အခါ ဆင်ဝင်အောက်မှာ ခိုကပ်နေတတ်ကြပါတယ်။ မိုးတိတ် တော့မှ အရိုးစုတွေ လမ်းလျှောက် သလို သူတို့ ထွက်သွားတတ်ပါတယ်။
သေပုံသေနည်းကလည်း အမျိုးမျိုးပဲ။ လယ်သမားတစ်ယောက် ပြန်ပြောတာ ကြားတာပါ။
"တစ်နေ့မှာ လူတစ်ယောက်ဟာ တစ်နေကုန် စားစရာ လိုက်ရှာနေသတဲ့။ သစ်ပင်ရိပ်တစ်ခုမှာ ခဏနားဦးမယ်ဆိုပြီး ပင်စည်ကို မှီရင်း တစ်မှေးအိပ်လိုက်တာ ပြန်နိုးမလာတော့ဘူးတဲ့"
နောက်ဇာတ်လမ်းတစ်ပုဒ်ကတော့ အိမ်တစ်အိမ်ကို လူစိမ်းတစ်ယောက် မဖိတ်ဘဲ ရောက်လာသတဲ့။ နည်းနည်း ကျွေးပါလို့ ဧည့်သည်က တောင်းတယ်။ အိမ်ရှင်က ကျွေးဖို့ပြင်နေတုန်း အဲဒီလူ လဲကျ သေဆုံးသွားတယ်တဲ့။
တစ်တိုင်းပြည်လုံး အဲဒီလို အတုံးအရုံး သေနေချိန်မှာ နိုင်ငံတော်သမ္မတက လန်ဒန်ကို နိုင်ငံတော် ကိစ္စနဲ့ ကြွမြန်း တော်မူပါတယ်။ ပြန်လာတော့ လေယာဉ်ကွင်းမှာ သတင်းထောက်တစ်ယောက်က သမ္မတကို စောင့်ပြီး မေးတယ်။ ကျွန်တော်တို့ တစ်အိမ်သားလုံး ရေဒီယိုနားမှာ စုပြီး နားထောင်နေ ကြတယ်။
"သမ္မတကြီးခင်ဗျား။ တစ်တိုင်းပြည်လုံးမှာ လူတွေ ငတ်လို့ သေကြေ ပျက်စီးနေကြပါပြီ။ သမ္မတကြီး ဘယ်လို စီမံကိန်းများ ရှိပါသလဲ"
သမ္မတက လုံးဝ နားမလည်ဟန်နဲ့ သူလည်း တောမှာမွေးပြီး တောမှာ ကြီးလာတဲ့ လူပါတဲ့။ တောမှာ လူတွေ အဆုတ်ရောဂါ၊ ကာလ၀မ်းရောဂါ၊ ငှက်ဖျားရောဂါတွေနဲ့ သေကြေပျက်စီးနေတာ အဆန်း ဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ ငတ်လို့ သေတဲ့မသာ မရှိနိုင်ပါဘူးတဲ့။ ငတ်လို့သေတယ်ဆိုတာ မဖြစ်နိုင်တာ ပဲတဲ့။ သတင်းလာပြီးတာနဲ့ အဖေက ခေါင်းယမ်းပြီး လှည့်ထွက်သွားပါတယ်။ ကျွန်တော်က လိုက်မေးတာပေါ့။
သူဘာလို့ အဲဒီလို ပြောတာလဲ အဖေ"
"လူတချို့က တကယ် မျက်စိမမြင်ကြဘူး၊ ဒီလူက တမင် မမြင်ချင်ယောင်ဆောင်တာ"
အခန်း(၈)
ရေဒီယိုက သတင်လာပြီး မကြာခင်မှာပဲ ကျွန်တော်တို့ရဲ့ ညစာဝိုင်းဟာ စားရတယ် ဆိုရုံ မစို့မပို့နဲ့ ပြီးသွားတာ ချည်းပါပဲ။ ၀ရန်တာမှာ ရပ်ပြီး အထဲကို ကြည့်နေတဲ့ ခန်ဘာကို ကျွန်တော် လှမ်းကြည့် လိုက်တယ်။ တစ်နေ့တစ်ခြား သူ့အခြေအနေ ဆိုးလာနေပါပြီ။ ဦးခေါင်းကို ငိုက်စိုက်ချထားပြီး မျက်ခွံ တွေက တွဲကျနေပါတယ်။ နံရိုးတွေက အပြင် ကို ငေါထွက်လို့။ လမ်းလည်း သိပ်မလျှောက်နိုင်တော့ ပါ ဘူး။
သူ သိပ်ကြာကြာနေရတော့မယ် မထင်ပါ။
သူနောက်ဆုံး ၀၀လင်လင် စားရတာ ခရစ္စမတ်ကပါ။ ဒီနေ့ သူ့ဝေစု လုံးဝ မရှိတော့ ပါဘူး။ "စိတ်မကောင်း ပါဘူးကွာ၊ ငါတို့ ဘယ်လိုမှ မတတ်နိုင်လို့ပါ"
စိတ်ပျက်လက်ပျက်နဲ့ ကျွန်တော် အိပ်ရာဝင်လိုက်ပါတယ်။ နောက်တစ်နေ့မှာ အလွန်အမင်း ဆာလောင်မှု ဝေဒနာနဲ့ ကျွန်တော် နိုးလာပါတယ်။ တစ်ကိုယ်လုံးက ဆာနေတာပါ။ ဗိုက်ထဲမှာသာ မကတော့ဘဲ တစ်ကိုယ်လုံး မှာ ဘာမှ မရှိတော့ သလိုပါပဲ။
ကျွန်တော်နေတဲ့နောက်ဖေး အဖီကလေးဟာ သက်ငယ်မိုးပါ။ အမိုးနဲ့အောက်က ပလတ်စတစ် မျက်နှာကြက်ပေါ် ကို မိုးပေါက်တွေ ယိုကျနေပါတယ်။ ပြန်အိပ်ပျော်သွားပြီး ကျွန်တော် အိပ်မက် မက်နေ တယ်။
အရင်တုန်းကလိုပဲ ဒိုဝါကုန်းမြင့်ဆီကို ကျွန်တော်နဲ့ ခန်ဘာ ထွက်ခဲိ့ကြတယ်။ ငှက်တွေ အလျှံပယ် ရတယ်။ အမွှေးနုတ် ဖုတ်စားတယ်။ သူ့ကို ခေါင်းတွေ၊ ၀မ်းတွင်းသားတွေ ကျွေးတယ်။
နိုးလာတော့ ဆာလောင်မှုဝေဒနာက အခေါင်အဖျားကို ရောက်နေပါပြီ။ ကျွန်တော် ငိုချင်စိတ် ပေါက်သွား ပါတယ်။
အဲဒီညမှာ ခန်ဘာတစ်ကောင် ကျွန်တော့်အခန်းပြင်ဘက်မှာ အိပ်မောကျနေပါတယ်။ ပြန်နိုးမှ နိုးလာပါ တော့မလားလို့ ကျွန်တော် စိတ်ပူသွားပါတယ်။ တစ်လလောက် တင်းခံထားကွာ၊ တို့တွေ ပျော်ပွဲစားကြရမှာပါ။
ဒါပေမဲ့ သူ့အခြေအနေ ပိုဆိုးလာပါတယ်။ အန်လို့ချည်း နေပါတော့တယ်။ သူ့ကိုယ်ပေါ်က ယင်ကောင် တွေကိုလည်း အမြီးနဲ့ မောင်းနိုင်အား မရှိတော့ပါဘူး။
နောက်တစ်နေ့မှာ ချာရတီနဲ့မီဇက်တို့နှစ်ယောက် ကျွန်တော့်ဆီ ရောက်လာတယ်။ မီဇက်ကို ကျွန်တော် မတွေ့တာ ကြာပါပြီ။ ၀၀တုတ်တုတ် မီဇက်ဟာလည်း အရိုးပေါ်အရေတင်ရုပ်မျိုး ဖြစ်နေပါ ပြီ။
သူက ခန်ဘာကို ကြည့်ပြီး"ဟာ့ ဒီကောင်ကြီး သနားပါတယ်ကွာ"ကျွန်တော်က ဒီအကြောင်း ဆက်မပြော ချင်တာနဲ့ "ဒီနေ့ ခင်ဗျားတို့ ဘာလုပ်ဖို့ အစီအစဉ်ရှိသလဲ"
ချာရတီက"ဈေးဘက်သွားကြတာပေါ့ကွာ၊ စားစရာလေး ဘာလေးတွေ့မလား၊ လမ်းဘေးမှာ လိုက်ကြည့်မယ် လေ"
မီဇက်က နှုတ်ဆိတ်နေတယ်။ ခန်ဘာကို ကြည့်ပြီး
"သူသေမယ့်အတူ ဘာလို့ ဝေဒနာခံနေရတာကို ကြည့်နေမလဲ၊ သူ့ဒုက္ခကို အဆုံးသတ်ပေးလိုက်ပါ လားကွာ" ချာရတီက ထောက်ခံတယ်။
"ဟုတ်တယ် ၀ီလျံ၊ သနားပါတယ်ကွာ။ ရှင်းပစ်လိုက်ပါ" "ခင်ဗျားတို့ ဘာတွေ လာပြောနေတာလဲ"
"မင်းလူကြီး ဖြစ်လာပြီ၊ လူကြီးလို တွေးပါ။ ဘာလို့ ဒုက္ခကို ကြည့်နေမလဲ၊ သေမယ့်သတ္တ၀ါကို သတ်ပစ်ရမှာ သူ့သခင်ရဲ့တာဝန်ပဲ"
သူတို့မျက်နှာတွေကို ကျွန်တော် စွပ်ထိုးပစ်လိုက်ချင်တယ်။
"ဟာဗျာ့ မဟုတ်တာ၊ သူ နေကောင်းလာမှာပကါ"
မီးဇက်က"မင်းယောက်ျားပီသမှပေါ့ကွာ၊ မင်း မလုပ်ရဲရင် ငါတို့ လုပ်ပေးမယ်"
သူတို့ပြောတာ ဟုတ်နေမှန်း ကျွန်တော် သိနေတယ်။ ခန်ဘာဟာ မချိမဆန့် ခံစားနေရတယ်။ နောက်ဆုံးမှာ မျက်နှာလွှဲပြီး သဘောတူလိုက်ရပါတော့တယ်။
သူတို့ပြောတာ ဟုတ်ပါတယ်လေဆိုပြီး သဘောတူလိုက်ရပေမယ့် ခန်ဘာဟာ ကျွန်တော့်မျက်စိထဲ က မထွက်တော့ ပါဘူး။ ခန်ဘာကို ကျင်းနက်နက်တူးပြီး ကျွန်တော်တို့ မြှုပ်ခဲ့ကြပါတယ်။
နောက်နေ့မှာ ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ချင်တာနဲ့ ကွင်းထဲ သွားနေလိုက်ပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်တော့ အဖေ့ဆီလာတဲ့ ဦးလေး ဆိုကရေးတီးနဲ့ သွားတိုးပါတော့တယ်။"ဟေ့ ၀ီလျ၊ ခန်ဘာကော" လို့ မေးပါလေရော။"ကျွန်တော်လည်း မတွေ့ဘူး။ ဘယ်ပျောက်နေလဲ မသိဘူး"
ဒီနေ့အထိ ခန်ဘာရဲ့ ဇာတ်သိမ်းခန်းကို ကျွန်တော်တို့ ဘယ်သူ့မှ ပြန်မပြောပါဘူး။
ခန်ဘာကို မြှုပ်ပြီး နှစ်ပတ်အကြာမှာ နူရာဝဲစွဲပါတော့တယ်။ ကာလ၀မ်းရောဂါကပ်ဘေးကြီး ကျွန်တော်တို့ဆီ ရောက်လာ တာပါပဲ။ အတော် ကြောက်စရာကောင်းတဲ့ ရောဂါပါ။ ခန္ဓာကိုယ်ထဲက ရှိသမျှ အရာအားလုံး စီးထွက် သွားပြီး ဗုန်းဗုန်းလဲ သေရတဲ့ ရောဂပါပါ။ လူတွေက တွေ့ရာ ကောက်ဝါးနေတော့ ရောဂါပျံ့နှံ့ပုံက တောမီးလောင် သလို မြန်တော့တာပေါ့။
ဒီတစ်ခါတော့ သက်ဆိုင်ရာက ရေထဲခပ်ဖို့ ကလိုရင်းတွေ ဝေဖော်ရပါတယ်။ ဈေးပေါတာကို။ ဒါပေမဲ့ မနိုင်ပါဘူး။ ရောဂါပိုးတွေ သယ်လာတဲ့ ယင်ကောင်တွေက လူတွေရဲ့ ဦးခေါင်းမှာ ပါးစပ်မှာ၊ တစ်ကိုယ်လုံးမှာ မောင်းလို့ မနိုင်နိုင်အောင် ဖြစ်လာပါတယ်။ အိမ်သာတွေမှာလည်း ယင်ကောင်တွေ တရုန်းရုန်းနဲ့။ ကျွန်တော်တို့ အိမ်မှာတော့ အိမ်သာတွင်း ကို လုံအောင် ဖုံးထားပါတယ်။ ငတ်နေတဲ့ လူတွေဆီကို ကာလ၀မ်းရောဂါ ရောက်လာတော့ ဟောတစ်ယောက်၊ ဟောတစ်ယောက် မြှုပ်လို့ မနိုင်အောင် အလောင်းချင်း ထပ်နေပါတယ်။
ဂျက်ဖရီရဲ့ သွေးအားနည်းရောဂါက ပိုဆိုးလာပါတယ်။ တည့်တည့် မလျှောက်နိုင်တော့ပါဘူး။ မျက်စိ လည်း ကောင်းကောင်း မမြင်တော့ပါဘူး။ သူ့အသက်ဟာ တဖြည်းဖြည်း ပါးလျလာပါတယ်။တစ်နေ့မှာ အမေက ကျွန်တော်တို့ဝေစုက လျော့ပြီး သူ့ဆီ ယာဂုနည်းနည်း သွားပို့ပါတယ်။ "ကျေးဇူးတင်ပါတယ် အဒေါ်ရယ်၊ ကျွန်တော့်အသက်ကို အဒေါ်ကယ်လိုက်တာပဲ ခင်ဗျာ" လို့ ပြောရှာတယ်။
နောက်တစ်နေ့မှာ အဖေ့ညီမ ခရစ်(စ်) ရောက်လာပါတယ်။ အဘိုး သတိမရတော့ဘူးတဲ့။ အဖေ့ကို အဒေါ်လုပ်သူက ပြောတယ်။
"အစ်ကိုရယ်၊ အဖေ့အတွက် ဆုသာတောင်းပေးပါ။ သူ ဖရုံရွက်ပဲ စားနေရတာ ကြာပြီလေ"အဲဒီနေ့ညနေမှာ အမေက အဘိုးအတွက် ရှိတာလေး ခွဲပေးလိုက်ရပြန်ပါတယ်။
ကျွန်တော်တို့ အိမ်သားတွေအားလုံး သူများတွေလိုပဲ အရိုးပဒေသာတွေ ဖြစ်လာကြပါပြီ။ ကျွန်တော့် ရင်ဘတ်က အရိုးတွေ ရှေ့ငေါထွက်လာတယ်။ အာခေါင်တွေ အမြဲခြောက်ပြီး လက်မောင်းတွေက ကိုယ်မှာ တုတ်ချောင်းတွေ ဆွဲထားသလို တွဲလောင်းကျလို့။ လက်သီးဆုပ်လို့ မရတော့ပါဘူး။
ကွင်းထဲမှာ ပေါင်းနုတ်တဲ့ အလုပ်မျိုးတောင် ကျွန်တော် မလုပ်နိုင်တော့ပါဘူး။ အသက်ရှူကျပ်ပြီး ခဏခဏ မူးလဲတော့မလို ဖြစ်ဖြစ်နေပါတယ်။ ပုံမှန်ပြန်ရောက်အောင် မြေကြီးပေါ် ဒူးထောက်ပြီး အကြာကြီး နားနေရပါတယ်။
ညညမှာ မူးရီမူးဝေနဲ့ နံရံကို စိုက်ကြည့်နေပြီး တွားတက်နေတဲ့ ပိုးကောင်ကလေးတွေကို တိုးတိုးမေး တယ်။
"မင်းတို့ အသက်ရှင်အောင် ဘာတွေစားနေကြသလဲဟင်"
ဘယ်မှော်အတတ်နဲ့မှ ကျွန်တော်တို့ကို မကယ်နိုင်ကြတော့ပါဘူး။
အဲဒီအချိန်မှာ ဧရာမလူထွားကြီးဖြစ်မှာ ကျွန်တော့်အဖေဟာ နေလှန်းသစ်သီးတစ်လုံး ကျုံ့ဝင် သွားသလို တစ်ခြမ်း လောက်ပဲ ကျန်ပါတော့တယ်။ ပြိုင်ဘက်တွေ လေးစားကြောက်ရွံ့ခဲ့ရတဲ့ ကြွက်သားကြီး သူ့ကိုယ်မှာ လုံးဝ မရှိတော့ပါဘူး။ ဂျက်ဖရီလိုပဲ အဖေလည်း အာဟာရဓာတ် သုည အောက် ရောက်သွားလို့ မျက်စိ မကောင်းတော့ ပါဘူး။
သူ ပိန်လာလေ၊ ပေါင်ချိန်စက်ပေါ် ခဏခဏ တက်လေ ဖြစ်နေပါတယ်။ ကျွန်တော်တို့အိမ်မှာ ပြောင်းဆန်ချိန် တဲ့ပေါင်ချိန်စက် ရှိတယ်လေ။ စက်ပေါ်က ဆင်းရင် ကျသွားတဲ့ အလေးချိန်ကို ညည်းညည်းတွားတွား ပြောတတ် တယ်။
"အမေကြီးရ့ ဒီနေ့ ငါးကီလိုဟေ့"
အမေက ဘယ်တော့မှ မချိန်ပါဘူး။ ကလေးတွေကိုလည်း မချိန်ရဘူးလို့ တားမြစ်ထားပါတယ်။ ကလေးပေါက်စ ကလေးကို ချီတဲ့အခါမှာ သူ့လက်တွေတုန်နေတာ ကျွန်တော် သတိထားမိပါတယ်။ညပိုင်းမှာ အမေက သူ့သမီးတွေကို ဆာလောင်မှု စိတ်ဓာတ်စစ်ရေး သင်ပေးပါတယ်။
"ဆာတာကိုချည်း သတိထားပြီး စဉ်းစားနေရင် ပိုဆာမှာပေါ့။ မေ့မေ့ပျောက်ပျောက်ထားလိုက်။ အစားအသောက် ကိုချည်း အာရုံပြုနေရင် ပိုပြီး စိတ်ဆင်းရဲမယ်။ အဲဒီအခါ ကိုယ်အလေးချိန် ပိုကျမယ်"
ညီမတွေက ငိုပြီး အမေ့ကို ပြောကြတယ်။"သမီးတို့ကိုယ်တွေ ဖောယောင်လာရင် ဒုက္ခပဲ အမေ"
"အကောင်းမြင်တာလည်း မကောင်းဘူး၊ အဆိုးမြင်တာလည်း မကောင်းဘူး။ အမေပြာတဲ့အတိုင်း လုပ်ပါ"
အဖေက ညစာစားချိန်ကျရင် မဆာတော့ပါဘူးဆိုပြီး ငြင်းတတ်တယ်။"အဖေ တကယ် မစားတော့ ဘူးလား""အေး မင်းတို့ပဲ စားလိုက်ကြ" လို့ ပြောတတ်ပါတယ်။
ကာလ၀မ်းရောဂါကြောင့် မိန်းမတွေထက် ယောက်ျားတွေ ပိုသေကြတယ်။ သူတို့က အပြင်ထွက် တာ ပိုများတာကိုး။ တချို့ ယောက်ျား တွေကလည်း ငတ်နေတဲ့ မိသားစုကို မကြည့်ရက်၊ ရှာလည်း မကျွေးနိုင်တော့ တစ်ခါတည်း အိမ်က ထွက်သွားကြတာ ပြန်ပေါ်မလာကြတော့ဘူး။
အဲဒီလိုကျန်ခဲ့တဲ့ မိန်းမတွေ မုဆိုးမတွေက အကြီးအကဲအိမ်ကို အကူအညီတောင်းဖို့ သွားကြရတယ်။ အဖေကလည်း သည်အကြောင်း စဉ်းစားပုံရပါတယ်။
"မိသားစုတာဝန်က ငါ့တာဝန်ပဲ၊ သေရမယ်ဆိုရင်လည်း ငါ့မိသားစုနဲ့ အတူတူသေမယ်၊ အဲဒါ ငါ့ဆုံးဖြတ်ချက်ပဲ။ ဘုရားသခင့်အလိုတော်အတိုင်းပေါ့ကွာ"
နောက်တစ်ပတ်ကြာတော့ ကျွန်တော့်ညီမ မေလက်စ် ငှက်ဖျား ၀င်လာတယ်။ တစ်နေကုန် ချွေးတွေ ပြန်ပြီး တဆတ်ဆတ် တုန်နေတယ်။ ကိုက်လွန်းခဲလွန်းလို့ တစ်ချိန်လုံး ငိုနေပါတယ်။ ကလေးဟာ အများနည်းတူ အရိုးပေါ်အရေတင် ဖြစ်နေပါတယ်။ ဆရာဝန်ကလည်း ၀မ်းရောဂါကြောင်း တားဆီး နယ်မြေ သတ်မှတ်ထားတဲ့ အတွက် ပင့်လို့ မရပါဘူး။
အမေက သူ့အနားမှာ နေပြီး တစ်ချိန်လုံး ရေပတ်တိုက်ပေးနေရတယ်။
"သမိး ကောင်းသွားမှာ၊ ဘာမှ မပူနဲ့"တတွတ်တွတ်ပြောပြီး အမေ ပြုစုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံး မပူဘဲ မနေနိုင်ကြပါဘူး။ နောက်ဆုံး သက်သာ လာပါတယ်။ ဒါပေမဲ့ ပိန်ကပ်ပြီး လူရုပ်မပေါ်တော့ပါဘူး။ လမ်းလျှောက်နိုင်တဲ့ အချိန်ရောက်လို့ ထလျှောက်တဲ့ အခါ လူနဲ့ မတူတော့ပါဘူး။ တစ္ဆေပေါက်စလေး တစ်ယောက်နဲ့ ပိုတူနေပါတယ်။
ဆက်ရန်
.

1 comment:
အမကတော့ လေဟုတ် စီးနိုင်တယ်၊ ကျနော့်
ဘလော့တော့ ဂူဂဲလ်မှာ အတိုင်ခံရလို့ ရွာပတ်
နေတယ် အမရေ ... :P
Post a Comment