Sunday, February 6, 2011

လေအဟုန် လျှပ်စီးနဲ့ အမြင့်ခရီးကိုလှမ်းခဲ့တယ် အပိုင်း (၁၈)

ဖေဖော်ဝါရီလထဲရောက်တော့ ဆေးရွက်ကြီးတွေ အ၀ါရောင်သမ်းလာပြီး ခူးဖို့အချိန်ရောက်လာပါ တော့တယ်။ အဖေဟာ ကျွန်တော်နဲ့ ဂျက်ဖရီရဲ့ အကူအညီ လိုလာပါတယ်။ ဆေးရွက်တွေ ခူး၊ နောက် သစ်ပင်ရိပ်မှာ ထိုင်ပြီး ကြိုးနဲ့သီ၊ အခြောက်လှမ်းရပါတယ်။ ကျွန်တော်တို့ ကြာကြာမရပ်နိုင် ကြပါဘူး။ သိပ်ပင်ပန်း တဲ့ အလုပ်ပါ။ ဂျက်ဖရီက အားမလို အားမရ ပြောတယ်။

"စားလို့ရရင် သိပ်ကောင်းမှာပဲနော်" တဲ့။
"အေးကွာ၊ ခုလောက်ဆို တို့ ဗိုက်တွေ တင်းနေလောက်ပြီ"
"မကြာခင် ခြောက်သွားမှာပါကွာ၊ ကုန်သည်တွေ အလုအယက် လာဝယ်ကြမှာပါ၊ မယုံကြည့်နေ"
"ဒါပေါ့၊ ဒါပေါ့"
ဒါပေမဲ့ ထင်တာတွေ အကုန်လုံး လွဲပြန်ပါတယ်။ အဖေက ကုန်သည်တွေဆီ တစ်ကီလိုနှစ်ဆယ်နဲ့ သွားစပ်တော့ အားလုံး ခေါင်းယမ်းတယ်၊ နှစ်တိုင်းလို မဟုတ်ဘူးတဲ့။ သူတို့လည်း တစ်ကီလိုတစ်ဆယ်ပဲ ပေးနိုင် မယ်တဲ့။

အဖေက သူ့ဆေးခင်းဟာ အကောင်းဆုံးဆေးခင်း ဖြစ်တဲ့အကြောင်း အခိုင်အမာပြောမှ ဆယ့်ငါးကျပ်နဲ့ ဈေးတည့် သွားပါတယ်။ အငတ်ဘေးကို အကြောင်းပြုပြီး ငွေရှင်တွေ မတရားလုပ် တာပါ။
ဒီလိုနဲ့ မတန်တဆ ဈေးနဲ့ ထိုးရောင်းရပါတော့တယ်။ ကီလိုကိုးဆယ် ပေးမှ ပြောင်းဆန်တစ်ပုံးပဲ ရမှာပါ။
အဲဒီအချိန်မှာ ပြောင်းခင်းတွေလည်း အဖေ့ရင်ဆို့လောက်အထိ မြင့်တက်နေပါပြီ။ စိမ်းစိမ်းစိုစို သန်သန် စွမ်းစွမ်းပါပဲ။ အဖူးကလေးတွေ စ လိုက်တာ နေပါပြီ။ လူတွေ ညှိုးနွမ်းခြောက်သွေ့ပြီး တဖြုတ်ဖြုတ် သေနေကြချိန်မှာ ကျွန်တော့်အပင်တွေ ၀ဖြိုးသန်စွမ်းလို့နေပါတယ်။

လေအဝေ့မှာ ယိမ်းနွဲ့နေတဲ့ ပြောင်းပင်တွေကို ငေးပြီး ကျွန်တော်တို့ ပျော်နေကြပါတယ်။ နောက်ရက်နှစ်ဆယ်ဆို ပြောင်းချိုးလို့ရပါတော့မယ်။ ပြောင်းဆန်တွေကို ကျွန်တော် ခုကတည်းက မျက်စိ ထဲမှာ မြင်ယောင်လို့ နေပါတယ်။
လကုန်လောက်မှာ ရေဒီယိုဝမ်းက ကြေငြာပါတယ်။ အမ်ချင်ဂျီမှာ ကီလိုမီတာ ၁၂၀ ပေးပါတယ်။ အဲဒီမှာတင် လူတွေ အဲဒီကို ချီတက်ကြတော့တာပါပဲ။ လုကြ ယက်ကြနဲ့ အသေအပျောက်တွေ ရှိတယ်လို့ ကြားရပါတယ်။

နောက် ငါးလကြာမှ ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ကျွန်တော်တို့ သမ္မတက တိုင်းပြည်ကို ကြေငြာပါ တယ်။ တိုင်းပြည် မှာ အငတ်ဘေး ဆိုက်နေပါပြီတဲ့။ အရေးပေါ်အစီအစဉ် လုပ်ပေးပါ့မယ်တဲ့။ ကျွန်တော်တို့ သမ္မတ က အဲဒီလို သမ္မတမျိုးပါ။

မတ်လဆန်းတော့ ပြောင်းပင်တွေ ကျွန်တော့်အဖေ ပခုံးလောက်အထိ မြင့်တက်လာပါပြီ။ အဲဒီမှာ ဆံမြိတ်ချ စပြု၊ တိုက်စောင်ခြုံစပြုတဲ့ ပြောင်းဖူးတွေကို ကြည့်ပြီး ကျွန်တော်တို့မိသားစု ဟင်းချနိုင်ပြီ ပေါ့။
"၀မ်းသာသဗျာ၊ မသေလို့ ပြန်တွေ့ကြရတာနော"
"တွေ့ကြတာ ဟုတ်ပါပြီ။ ခင်ဗျား ဘယ်လို ဒီသေဘေးကို ကျော်ဖြတ်လာတာလဲ"
"ဘုရားသခင့် ကျေးဇူးတော်ကြောင့်ပေါ့ဗျာ"
တကယ်တော့ ပြောင်းက ကျွန်တော်တို့ကို သေဘေးက ကယ်တင်ခဲ့တာပါ။

ကျွန်တော်တို့တစ်တွေ သေဘေးက လွတ်လာတာတော့ ဟုတ်ပါပြီ။ သူခိုးသူဝှက်တွေ ပေါလာတာ ကတော့ ဆိုးလွန်း ပါတယ်။ ပြောင်းခင်းတွေကို ၀င်ခိုးတဲ့ လူတွေ များသထက် များလာတယ်။ နှစ်ပတ်ကြာတော့ ပြောင်းခင်း တွေ ပြောင်းတလင်းခါမတတ် ဖြစ်သွားပါတော့တယ်။ ပြောင်းဖူးတွေ သာ ချိုးယူကြတာ မဟုတ်ဘူး။ ပြောင်းပင်တွေကိုပါ ၀ါးစားသွားကြတာ။

အဲဒီအခါမှာ အခြေအနေတွေက ထိန်းမနိုင် သိမ်းမရ ဖြစ်လာပါတယ်။ နောက်ဆုံးမှာ ပစ္စည်းလုရုံ မကဘဲ လူ တွေ သတ်သွားတာတွေ ကြားရပါတယ်။
သူခိုး ဓားပြတွေက ပြောင်းခင်းတွေ သိမ်းပြီး ပိုင်ရှင်တွေကို မေးတယ်တဲ့။ လက်မောင်းရင်းက အဖြတ်ခံမလား၊ တထောင်ဆစ်က အဖြတ်ခံမလား။
တစ်နေ့မှာ ကျွန်တော်က အဖေ့ကို မေးပါ တယ်။

"အဖေ၊ အဲဒီ သူခိုးဓားပြတွေ ကျွန်တော်တို့ ဖမ်းမိရင် ဘယ်လိုအပြစ်ပေးမှာလဲ၊ သတ်ပစ်ရမှာလား ရဲတိုင်င်္ ရမှာလား"
အဖေက ခေါင်းယမ်းပြီး
"သူတို့ကိုလည်း မသတ်နဲ့ ရဲလည်း မခေါ်နဲ့၊ ရဲခေါ်ရင် သူတို့ ထောင်ထဲမှာ သေကြမှာပဲ။ အားလုံး ငတ်နေ ကြတာလေ၊ ခွင့်လွှတ်ဖို့ပဲ အာရုံပြုကွာ" လို့ ပြောပါတယ်။

အခန်း(၉)

ကပ်ဘေးဆိုက်ရောက်နေတုန်းမှာ တစ်နယ်လုံးက ကျောင်းတွေ ပိတ်ထားရပါတယ်။
ပြောင်းဂျုံနဲ့ ဖရုံရွက် ရောသမမွှေထားတဲ့ အာဟာရဟာ ကျွန်တော်တို့ကို အသက်ဆက်နိုင်ခဲ့ပါ တယ်။
ဒါပေမဲ့ ကျောင်းတွေ ပြန်ဖွင့်နိုင်တဲ့တိုင် အိမ်က ကျောင်းလခ မပေးနိုင်သေးပါဘူး။ အိမ်အလုပ်တွေ ပဲ ကူလုပ်နေရပါသေးတယ်။

ဒီတော့ ဈေးပိုင်းမှာ သွားပြီး ကျွန်တော်အချိန်ပိုတွေကို ဖြုန်းတီးပစ်နေမိပါတယ်။ လူတစ်ယောက်က ကျွန်တော့်ကို စစ်တုရင် သင်ပေးပါတယ်။ ကျွန်တော် နေ့တိုင်း သွားကစားတယ်။ ဒါပေမဲ့ ကျွန်တော့် စိတ်က သည် ကစားနည်းကို အလွန်အမင်း စွဲလမ်းမနေဘဲ ကျောင်းတက်ချင်စိတ်ကသာ ပိုများနေ ပါတယ်။
မနှစ်က ၀င်ဘီမူလတ်ကျောင်းမှာဖွင့်တဲ့ စာကြည့်တိုက်ကလေးကို ကျွန်တော် သတိရနေတယ်။

အမေရိကန်အစိုးရက လှူတဲ့စာအုပ်တွေနဲ့ စဖွင့်တာပါ။ ကျောင်းမတတ်ရပေမယ့် စာအုပ်တွေ ကျွန်တော် ဖတ်နေနိုင်သားပဲ။ စာကြည့်ခန်းကလေးက ခပ်ကျဉ်းကျဉ်းပါ။ ကျွန်တော် ၀င်သွားတော့ အမျိုးသမီး တစ်ယောက် စားပွဲတစ်လုံးမှာ ထိုင်နေတာ တွေ့ရပါတယ်။ ကျွန်တော့်ကို ပြုံးပြီး "စာအုပ် ငှားဖို့လာတာလား" လို့ မေးပါတယ်။ ဆရာမ မစ္စက်အီဒစ်ဆီကီလိုပါ။ ဆရာမက ကျောင်းမှာ အင်္ဂလိပ်စာသင်ရင်း တစ်ဖက်က စာကြည့်တိုက်မှူး ခန်းဆီးကို ဆွဲဖယ်ပြီး အတွင်းဘက် ခေါ်သွား ပါတယ်။ ကြမ်းပြင်ကနေ မျက်နှာကြက်အထိ မြင့်တဲ့ စာအုပ်စင် သုံးခု တွေ့ရပါတယ်။

စာအုပ်တွေ ဒါလောက်များများ တစ်ခါမှ ကျွန်တော် မတွေ့ဖူးပါဘူး။ အသစ်တွေမို့ စက္ကူနံ့တွေ မွှေးပျံ့နေပါ တယ်။ ဆရာမက စာကြည့်တိုက်စည်းကမ်းချက်တွေ ရှင်းပြပါတယ်။ ကျွန်တော်က မူလတန်း ကျောင်းသုံး စာအုပ်တွေပဲ ရှိမယ် ထင်တာ။ ဘယ်ဟုတ်မလဲ၊ ဇမ်ဘီယာနဲ့ ဇင်ဘာတွေ အထက်တန်း ကျောင်းတွေအတွက် သမိုင်းနဲ့ သိပ္ပံစာအုပ်တွေ အများကြီး တွေ့ရပါတယ်။ ပြီးတော့ အားတဲ့အခါ ဖတ်ဖို့ ၀တ္ထုစအုပ်တွေလည်း အများကြီးပဲ။

ဆရာမက သူ့စားပွဲ ပြန်သွားပြီး အလုပ်လုပ်နေတုန်း ကျွန်တော်က စာအုပ်တွေကို မွှေတော့တာပဲ။ ပထ၀ီ၊ လူမှုရေးသိပ္ပံ နဲ့ သတ်ပုံစာအုပ်တွေ ကျွန်တော် ရွေးယူခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေ အထက်တန်းကျောင်းမှာ သင်နေတဲ့ စာအုပ်တွေ။ ကျောင်းပြန်တက်ရင် အဆင်သင့် ဖြစ်အေင် ကြိုတင် လေ့လာထားဖို့ပါ။ စာဖတ်ဖို့ အိမ်နံဘေး ပြောင်းဖူးကျီမှာ အဖီကလေးချလိုက်ပါတယ်။ ပြီးတာနဲ့ စာအုပ်တွေကို ကျွန်တော် အပြင်းအထန် ဖတ်ပါတော့တယ်။ မနက်ပိုင်း စာကြည့်တိုက် သွား၊ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ စာဖတ်။

ဂီးလ်ဘတ်ကလည်း အကူအညီပေးပါတယ်။ ကျောင်းမှာ သင်ရတဲ့ ဘာသာရပ်တွေကို ပြောပြပါ တယ်။
"ဒီနေ့ ဘာတွေ သင်လဲ သူငယ်ချင်း၊ ပထ၀ီလား"
"အေး၊ ရာသီဥတု ဖြစ်ပေါ်လာပုံတွေ သင်ရတယ်"
"မှတ်စုတွေ မနက်ဖြန် ငါ ရနိုင်မလား"
"ရတာပေါ့ကွ၊ ငါ ယူလာပေးမယ်"
"ကျေးဇူးပါပဲကွာ"

တစ်ခြားစာအုပ်တွေတော့ တော်တော်ဖတ်ပြီးပြီ၊ မီးစက်တွေနဲ့ မော်တာမှာပါတဲ့ သံလိုက်အကြောင်း ကျွန်တော် ဖတ်နေပါတယ်။ ရေဒီယို စပီကာမှာပါတဲ့ သံလိုက်သဘောပါပဲ။
သံလိုက်ရဲ့ မျိုးမတူတဲ့ အစွန်းနှစ်ဖက်အကြောင်းကို ကျွန်တော် သိခဲ့ပြီးပါပြီ၊ သံလိုက်နှစ်ချောင်း ရှိတယ် ဆိုပါစို့။ တစ်ချောင်းရဲ့ အစွန်း တစ်ဖက်ဟာ ကျန်တစ်ချောင်းရဲ့ အစွန်းနဲ့ မျိုးတူနေရင် အမချင်းချင်း မဆွဲငင်ဘဲ တွန်းကန်ကြလိမ့်မယ်။ မျိုးမတူရင်တော့ ဆွဲငင်ကြပါလိမ့်မယ်။

စာအုပ်က သံလိုက်မှာ ၀င်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းရှိတယ်ဆိုတာလည်း ရှင်းပြထားပါတယ်။ ၀င်ရိုးစွန်နှစ်ခု တွန်းကန် နေရင် မြောက်ဝင်ရိုးစွန်းက တောင်ဝင်းရိုးစွန်းကို အမြဲ ဆွဲနေပါတယ်။ ကမ္ဘာမြေကြီးဟာ ဧရာမ သံလိုက်တုံးကြီးပါ။ ကမ္ဘာမြေကြီးမှာ မြောက်ဝင်းရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်း သံလိုက်တွေ ရှိနေပါတယ်။  သံလိုက်မှာ ကမ္ဘာမြေကြီးလိုပဲ ၀င်ရိုးစွန်းနှစ်ခုကြားမှာ သဘာဝသံလိုက်စက်ကွင်း ရှိ တယ်။ အဲဒီစက်ကွင်းက လှိုင်းတွေ ထုတ်လွှတ်နေတယ်။ အဲဒီလှိုင်းတွေကို မျက်စိနဲ့ မမြင်နိုင်ဘူး။ မြင်ရမယ်ဆိုရင်လည်း အဲဒီလှိုင်းရဲ့ ပုံသဏ္ဍာန်ကို လိပ်ပြာတောင်ပံကလေးတွေပုံနဲ့ တွေ့ရမယ်။ သံလိုက်ချောင်းတစ်ချောင်းရဲ့ အစွန်း တစ်ဖက်ဟာ အမြဲတမ်း မြောက်ဝင်ရိုးစွန်းဘက်ကို ညွှန်နေ တယ်။ သံလိုက်အိမ်မြှောင်ဟာ အဲဒီ သဘောပဲ။ အထဲမှာ သံလိုက်ချောင်းကလေးပါတယ်။ ဒါကြောင့် အိမ်မြှောင်ဟာ မြောက်ဘက်ကို အမြဲ ညွှန်ပြနေတယ်။ သံလိုက်ရဲ့ ကျေးဇူးကြောင့် ခင်ဗျား ဘယ်တော့မှ မျက်စိ မလည်တော့ဘူး။

သံလိုက်ကို တွေ့ရာပစ္စည်းနဲ့ ဘယ်လို လုပ်ယူမလဲဆိုတာလဲ စာအုပ်ထဲမှာ ပါတယ်။ ဥပမာ သံချောင်းတို့၊ ၀ိုင်ယာကြိုးတို့၊ ဓာတ်ခဲတို့ကနေပြီးတော့ပေါ့။ ဓာတ်ခဲနဲ့ ၀ိုင်ယာကြိုးဆက်လိုက်ရင် လျှပ်စစ်ဓာတ်စီး သွားတယ်။ အဲဒီအခါမှာ ၀ိုင်ယာကြိုးတစ်လျှောက် သဘာဝလျှပ်စစ်ဓာတ်ကွင်း ဖြစ်သွားတယ်။ အဲဒီ ၀ိုင်ယာကြိုးကို လျှပ်စစ်စီးနိုင်တဲ့ အရာတစ်ခုမှာ ဥပမာ သံချောင်းပေါ့။ အဲဒီမှာ ပတ်လိုက်ရင် ပိုအားပြင်း လာတယ်။

သံချောင်း မှာ ပတ်တဲ့ ၀ိုင်ယာကြိုးအရေအတွက် (အကြိမ်) များလာလေ အားပိုပြင်းလာလေပဲ။ အဲဒါ ကြောင့် လျှပ်စစ်ဓာတ်ကရတဲ့ သံလိုက်ကို နေရာတကာမှာ အသုံးပြုနိုင်တယ်။ အသုံးဝင်တယ်။ ဧရာမ သံလိုက်ကြီး တွေဟာ ကားတွေကို မ နိုင်တယ်။ အလေးချိန် တန်ပေါင်များစွာကို သယ်ယူ နိုင်တယ်။ အငယ်စား သံလိုက် တွေကတော့ ရေဒီယို လျှပ်စစ်ပစ္စည်းမျိုးတွေမှာ သုံးနိုင်တယ်။ ကားထဲက အော်လ်နေတာ ကို ပစ္စည်းမျိုး တွေမှာ သုံးနိုင်တယ်။

လျှပ်စစ်မော်တာတွေမှာဆိုရင် ဧရာမသံလိုက်တုံးကြီးထဲက ၀င်ရိုးကို ကွိုင်ကြိုးတွေနဲ့ အထပ်ထပ် ပတ်ထား တယ်။ အဲဒီကွိုင်ကို ဘက်ထရီနဲ့ ဆက်လိုက်ရင် သံလိုက်ဓာတ် ဖြစ်လာတယ်။ သံလိုက် စက်ကွင်းနှစ်ခု ၀င်ချည် ထွက်ချည် လုပ်တာနဲပ အားပြင်းတဲ့ သံလိုက်မျိုး ဖြစ်လာတယ်။ အဲဒီအခါမှာ ၀င်ရိုးကို လည်စေ နိုင်တယ်။ ပူတဲ့ရာသီမှာ ကျွန်တော်တို့သုံးတဲ့ ပန်ကာကို ကြည့်လေ။ ပန်ကာရွက်တွေကို လည်စေတာဟာ ဒီသဘောပါပဲ။ လည်နေတဲ့ကွိုင်က သံလိုက်စက်ကွင်းကို ဖြတ်တဲ့အခါ လျှပ်စစ်ဓာတ်အား ရတယ်။ ကွိုင် တွေက သံလိုက်စက်ကွင်းထဲမှာ လည်ပတ်နေရင် လျှပ်စစ်စီးကြောင်း ထွက်လာတယ်။

အဲဒီကွိုင်ကို ၀ိုင်ယာကြိုးတစ်ချောင်းနဲ့ ဆက်လိုက်ရင် လျှပ်စစ် စီးကြောင်းက ဖမ်းလို့ရတယ်။ အဲဒါကို AC (Alternative Current) လို့ ခေါ်တယ်။ လျှပ်စစ် စီးကြောင်းက အပြောင်းအလဲဖြစ်နေလို့ AC လို့ ခေါ်တာ။ လျှပ်စစ်ဓာတ်အားကနေပြီး DC (Direct Current) လည်း ထုတ်လို့ရတယ်။ အဲဒီ လျှပ်စစ်စီးကြောင်းမျိုးက ဘက်ထရီမှာ တွေ့ရတယ်။ ဘက်ထရီကြိုးတစ်ချောင်းကနေ လျှပ်စစ်စီးသွား၊ ထွက်သွားတယ်။ နောက်တစ်ချောင်းက မီးလုံး ကို သွားလိုက်ရင် လျှပ်စီးကြောင်းတစ်ခု ပြည့်စုံသွားတယ်။
အများအားဖြင့် အိမ်တွေမှာ AC ကို သုံးကြတယ်။

အဲဒီ လျှပ်စစ်ဓာတ်အားက လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးတွေက ထုတ်ပေးတာ။ ဧရာမ ကွိုင်ထုတ်ကြီးတွေ လည်ပတ်နေရာကနေ ထွက်လာတာ။ စာအုပ်ထဲမှာ AC ဓာတ်အားကို အရှင်းဆုံး ဥပမာပြထားတာကတော့ စက်ဘီးဒိုင်နမိုပဲ။ လည်ပတ်မှု ကနေ လျှပ်စစ်ဓာတ်အား ဖြစ်လာတာလေ။ ရေအားနဲ့ လည်ပတ်စေတဲ့ အခါ ရေအားလျှပ်စစ် ဖြစ်သွားတာပေါ့။ ဒါပါပဲ။ မောင်းနှင်းအား ဒါမှမဟုတ် တွန်းအားရှိရင် လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင် တယ်လို့ စာအုပ်ထဲမှာ ရှင်းရှင်းကြီး ရေးထားတယ်။ ဒိုင်နမိုရော၊ ရေအားလျှပ်စစ်ကော တစ်သဘော တည်းပဲ။

ကျွန်တော်တစ်ယောက်တည်း အပျော်ကြီး ပျော်နေပါတော့တယ်။ ရံခါမှာ စာလုံးတွေရဲ့ အဓိပ္ပာယ် က ရှုပ်ထွေးနေပေမယ့် သရုပ်ဖော်ပုံတွေ၊ ရှင်းလင်းချက်ပုံကြမ်းတွေကြောင့် ကျွန်တော့် ခေါင်းထဲမှာ ရှင်းလင်းပြတ်သားနေပါတယ်။ လျှပ်စစ် အဖိုနဲ့အမ ဓာတ်ခဲ၊ မီးခလုတ်နဲ့ လျှပ်စီးလမ်းကြောင်း စတာ စတာတွေရဲ့ သင်္ကေတအမျိုးမျိုးကိုလည်း ကျွန်တော် နားလည်နေပါပြီ။ ဘယ်သူ့ကိုမှ မေးစရာ မလိုတော့ပါဘူး။ အဲဒီအခြေခံတွေနဲ့ AC နဲ့ DC ရဲ့ ခြားနားချက်၊ သံလိုက်သဘောနဲ့ သံလိုက် နယ်ပယ်ကို ပြောင်းလဲ လျှပ်စီးကြောင်း ထုတ်လုပ်တာတွေကို ကျွန်တော် နားလည်လာခဲ့တယ်။ ကျွန်တော် ဦးနှောက်ထဲမှာ ဒါတွေအတွက် နေရာအသင့် လုပ်ထားပြီး စောင့်နေသလိုပဲ။ ခု ကြုံလာတဲ့အခါမှာ အဲဒီသင်္ကေတ တွေဟာ အားလုံး ကွက်တိခွင်ကျ ၀င်သွားပါတော့တယ်။

အဲဒီစာအုပ်ကို ကျွန်တော် တစ်လလောက် ငှားထားတယ်။ နေ့တိုင်း ဖတ်တယ်။ တစ်ခြား ကျောင်းစာတွေကို ကျွန်တော် သိပ်မဖတ်အားတော့ဘူး။ စားကောင်းသောက်ဖွယ် တစ်မျိုးမျိုးစား လိုပါပဲ။ ပြီးတော့ လူတိုင်းနဲ့ ဒီအကြောင်းတွေ ကျွန်တော် ပြောချင်နေတယ်။
ကျွန်တော်တို့ ရွာမှာ ဗီဒီယိုရုံ တစ်ရုံပဲ ရှိပါတယ်။ အဖြူအမည်း ရုပ်မြင်သံကြားစက်ကလေးနဲ့ ပြတာ ပါ။ တစ်နေ့ မှာ လူတစ်ယောက်က
"ဆေးရောင်စုံလုပ်ပါဗျာ၊ ကျွန်တော် ဆေးရောင်စုံပဲ ကြည့်ချင်တယ်"
"တစ်ခြားစက်တွေနဲ့ ဘာထူလို့လဲ၊ ရောင်စုံပြနိုင်ရမှာပေါ့။ တီဗွီ ချင်း အတူတူပဲဟာ"
ကျွန်တော်က ကြားဝင်ပြီး ရှင်းပြလိုက်ပါတယ်။

"တစ်ဆိတ်ခင်ဗျာ၊ အဖြူအမည်း တီဗွီနဲ့ ဆေးရောင်စုံ တီဗွီ မတူပါဘူး။ ဆေးရောင်စုံတီဗွီက အီလက်ထရွန် မီးချောင်း သုံးချောင်းပါပါတယ်။ ပြီးတော့ အလင်းဖန်းသားချင်းလည်း ကွာပါတယ်။ ဟောဒီစာအုပ်ထဲမှာ သေသေ ချာချာ ရှင်းပြထားပါတယ်။

နောက်တစ်လအကြာမှာ ကျောင်းစာမေးပွဲတွေ ပြီးသွားပါတယ်။ ဂီးလ်ဘတ်တစ်ယောက် လတ်လျား လတ်လျားလုပ်ဖို့ အချိန်တွေ ရနေပြန်ပါတယ်။ သူနဲ့ ကျွန်တော် မကြာခဏ စာကြည့် တိုက် သွားကြပါတယ်။
တစ်နေ့မှာ ဂီးလ်ဘတ်က ဆရာမ ဆီကီလိုကို အင်္ဂလိပ်စာလုံး တစ်လုံး မေးပါတယ်။

"ဆရာမကို မေးမယ့်အစား မင်းတို့ဘာသာ အဘိဓာန်မှာ ရှာကြည့်ပါလား" ဆိုပြီး အဘိဓာန်တွေ ထားတဲ့ နေရာကို ပြပါတယ်။ အဲဒီမှာ ကျွန်တော့် ဘ၀ကို ပြောင်းလဲပေမယ့် စာအုပ်ကို အဘိဓာန် စာအုပ်တွေကြားက အမှတ်မထင် သွားတွေ့တာပေါ့။ အမေရိကန် ကျောင်းသုံးစာအုပ်ကလေးပါ။ "စွမ်းအင်ကို အသုံးပြုခြင်း" တဲ့။။
အဖုံးက လေရဟတ်တွေ စီတန်းနေတဲ့ ပုံနဲ့ပါ။ ဧရာမ ပန်ကာရွက်ကြီး သုံးရွက်နဲ့ မျှော်စင်အမြင့်ကြီး တွေ။ ကျွန်တော်တို့ ငယ်ငယ်က ကစားတဲ့ စကြာကလေးတွေအတိုင်းပါပဲ။ ဘာမှမဆန်းသလို ထင်ရပါတယ်။

ဒါပေမဲ့ ကျွန်တော် မြင်နေရတဲ့ ပုံတွေက ကစားစရာ မဟုတ်ပါဘူး။ မိုးထိတော့မတတ် မြင့်တဲ့ ဧရာမ စက်ကိရိယာကြီးတွေပါ။ ဓာတ်ပုံထဲမျာ သည်လေရဟတ်ကြီးတွေရဲ့ ခွန်အားကို မြင်ရပါတယ်။ လေတိုးရင် လည်လာတော့ မလိုပဲ။ စာအုပ်ကို ဖွင့်ပြီး ကျွန်တော် စ ဖတ်တယ်။

ပထမဆုံးစာပိုဒ်က
"စွမ်းအင်သည် သင့်အနီးအနားတွင် အခါခပ်သိမ်း ရှိနေသည်။ ရံခါတွင် စွမ်းအင်ကို လူသုံးပစ္စည်း ဖြစ်လာအောင် ပုံသဏ္ဍာန် ပြောင်းပေးဖို့ လိုအပ်သည်။ စွမ်းအင်၏ ပုံသဏ္ဍာန်ကို မည်သို့ ပြောင်းလဲ မည်လဲ။ ရှေ့ဆက်ဖတ်ပါ။ သင်သဘောပေါက်လာပါလိမ့်မည်" ကျွန်တော် ဆက်ဖတ်ပါတယ်။

"သင့်မြို့ကို ရန်သူတွေ ကျူးကျော်တိုက်ခိုက်လာပြီ ဆိုပါစို့၊ ရန်သူ့လက်ကို ကျတော့မည်ဆဲဆဲ အချိန်မှာ တက္ကသိုလ်က သိပ္ပံဆရာတစ်ယောက်ကို ပြေးခေါ်ပြီး ရှေ့တန်းပို့ပေးတယ်ဆိုရင် ရယ်စရာ ဖြစ်နေပါလိမ့်မည်။ သို့သော် ဂရိသမိုင်းတွေ သည်အဖြစ်မျိုး တကယ် ရှိခဲ့ဖူးသည်။ ဘီစီ ၂၁၄ က ဂရိမြို့တော်တွင် "ဆိုင်ရာကျူစ်"ကို ရောမရေတပ်ကြီး ချီလာခဲ့စဉ်က မြို့ကို ရန်သူ့လက် မကျအောင် ကယ်တင်ခဲ့သည်မှာ ဗိုလ်ချုပ်ကြီး တွေ မဟုတ်ပေ"

စာအုပ်ထဲမှာ အကျယ်တ၀င့် ရှင်းပြထားပါတယ်။ အာခီမေဒိဆိုတဲ့ ပုဂ္ဂိုလ်က "သေမင်းရောင်ခြည်" ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်။ သေမင်းရောင်ခြည်ဆိုတာ တခြားမဟုတ်ဘူး။ မှန်ပေါင်းများစွာ က ထုတ်လွှတ် တဲ့ ရောင်ပြန်တွေပဲ။ မြားအစင်းစင်း လွှတ်သလို ရောင်ပြန်တွေကို ရန်သူ စစ်သင်္ဘောတွေဆီ တရစပ် လွှတ်တယ်။ ရန်သူသင်္ဘောတွေ တစ်စီးပြီးတစ်စီး မီးလောင်းပြီး မြုပ်ကုန်ကြတယ်။ ဒါဟာ နေရောင်ခြည်က စွမ်းအင် ထုတ်ယူတဲ့ နမူနာပဲ။

အဲဒီအတိုင်းပဲ လေရဟတ်တွေကလည်း စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့အကြောင်းကို စာအုပ်ထဲမှာ အသေး စိတ် ကျွန်တော် ဖတ်ရတယ်။

ဆက်ရန်
.

No comments: