Monday, February 14, 2011

ကြွေလွင့်သွားသော ပန်းလေးများ

တိုင်းတာလို့ မရနိုင်တဲ့ သံယောဇဉ် နဲ့ မေတ္တာတရား တွေကို ပန်းလေး တွေ နဲ့ သာ တင်စား ခဲ့ရင် ရင်ထဲက ပန်းလေး နှစ်ပွင့် ကြွေလွင့် သွားခဲ့ပေပြီ....

အခန်း (၁)

ကျနော် ငယ်ငယ်က နွေကျောင်းပိတ်ရက် တော်တော်များများ မှာ အဖိုး ရှိတဲ့ အဒေါ့်အိမ် ရှိရာ မြို့လေး ကို သွားလည်လေ့ရှိပါတယ်.၊ အဒေါ့်သားသမီး မောင်နှမ ဝမ်းကွဲတွေ နဲ့ တနွေလုံး ပျော်ပျော် ရွှင်ရွှင် နေကြ ပါတယ်... ညရောက် ပြီ ဆိုရင်  မောင်နှမ တတွေဘဲ အိမ်ကြီး မှာ ကျန်နေ တတ်တယ် အဒေါ် နဲ့ ဦးလေး က မြို့ပြင်နားမှာ ရှိတဲ့ အိမ်မှာ ပြန်အိပ်လေ့ ရှိသလို အဖိုးကတော့ ဘုန်းကြီးဝတ် နဲ့ ဆိုတော့ ဘုန်းကြီး ကျောင်း မှာ ပြန်ကျိန်းပါတယ်၊  ကျနော်တို့ကတော့ အလုပ်ရုံ နဲ့ တွဲထားတဲ့ မြို့ထဲ အိမ်မှာ ဘဲ နေခဲ့ကြတယ်...။

မောင်နှမ လေးယောက် ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတာကို မကြာခဏ ပြန်လည် သတိရမိတယ်... အဒေါ် တို့ ပြန်ပြီဆိုတာ နဲ့ သော့ခပ်ထားတဲ့ သံတံခါးကြီး ကို အမြန်ဖွင့် မောင်အငယ်ဆုံးလေး က သူ့စက်ဘီး သေးသေးလေး နဲ့ မြို့လည် ရုပ်ရှင်ရုံရှေ့မှာ ရောင်းတဲ့ ရေခဲစိမ်ကွမ်းယာ သွားဝယ်တယ်... အပြန်မှာ စာအုပ်ဆိုင် က ကျနော် ဖတ်ဘို့ ဝတ္ထုစာအုပ် တအုပ် ငှားလာလေ့ ရှိသလို  သူတို့ အငယ်တွေ ဖတ်နေကျ ကာတွန်း တခုခု ကို လည်း ငှားလာလိမ့်မယ် ....။

ရေခဲစိမ် ကွမ်းယာ ချိုအေးမွှေး ကို မြုံရင်း စာအုပ်ကိုယ်စီဖတ်လို့....၊ ညရောက်ရင်လည်း နှစ်ယောက်အိပ် ကုတင် ကြီး မှာ မောင်နှမ လေးယောက် ကန့်လန့်ဖြတ် အိပ်ရင်း ရောက်တတ်ရာရာ ပြောကြ စကြ တွန်းထိုးကြ နဲ့ အိပ်ပျက် ညပေါင်းများစွာကို ပျော်ပျော်ကြီး ကျော်ဖြတ်ခဲ့ကြတယ်။

နေ့ခင်းဘက်မှာတော့ ကျနော် တို့ မောင်နှမ တတွေ ပေါင်းစည်း ခွင့် မရခဲ့ဘူး စည်းကမ်းကြီးလွန်းတဲ့ အဒေါ်ရဲ့ အုပ်ထိမ်းမှု့ အောက် က မောင်နှစ်ယောက် နဲ့ ညီမ တယောက် ဟာ နွေရာသီ ကျောင်းပိတ်ရက် ဖြစ်ပေမဲ့ အနားယူခွင့် မရှိ သလောက် သင်ယူနေကြရတယ်၊ ကျနော်ကတော့ စာအုပ်တအုပ် နဲ့ အဒေါ်ရဲ့ မျက်ကွယ် တနေရာရာ မှာ အချိန်ဖြုန်း နေသလို အဖိုးပေးတဲ့ မုန့်ဘိုးငွေတွေ နဲ့ ဈေးထဲမှာ ပျော်ပျော်ကြီး စားသောက် နေကြ ပေါ့...။

မနက်ခင်းတိုင်း အဒေါ့် ရဲ့ ထမင်း စားပွဲပေါ်က ထမင်းကြော် နဲ့ ညနေက ကျန်တဲ့ ဟင်းကျန်တွေကို ပြန် နွှေးထား တဲ့ ဟင်းခွက် နှစ်ခွက်လောက် အပြင် အဲဒီအချိန်တုန်းက မရှားပါးသေးတဲ့ ပုဇွန်ဆီပုလင်း ငပိကြော် ငံပြာရည်ချက် ဆိုတာတွေ ကို နေ့တိုင်းစားနေရလို့ ငြီးငွေ့စပြုပြီဆိုရင်တော့ အိမ်နဲ့ မနီးမဝေး မှာ ရှိတဲ့ တောဈေးပေါက်စလေးထဲက ရွှေတောင် မုန့်ဟင်းခါး ကို သွားစားပါတယ်.။

မုန့်ဟင်းခါး စားပြီးတိုင်း ငရုပ်ကောင်းနံ့မွှေးမွှေး နဲ့ ပိတ်ဆွယ်များများ ဟင်းခါးရည် အဆစ်ပေးတာကိုလည်း အမှတ်ရ နေစမြဲ..  မုန့်ဟင်းခါး ဆိုင်တိုင်းဟာ အဆစ်တောင်း တဲ့ အခါလည်း မုန့်ဟင်းခါးရည် နဲနဲကိုဘဲ ပေးလေ့ရှိပေမဲ့အဲဒီတောဈေးလေး က ရွှေတောင်မုန့်ဟင်းခါး အဆစ်ကတော့ ချိုမွှေး နေတဲ့  ဟင်းခါးရည် ပူပူလေး ကိုသာ အဆစ်ပေးလေ့ရှိတယ်.. မုန့်ဟင်းခါးထက် အဲဒီ အဆစ် ဟင်းခါးရည် လေးကို စွဲလန်း နေတာလည်း အခုထိ ဖျောက်ဖျက်လို့မရ...။

နွေနေပူပူ အောက်မှာ ရေနွေးကြမ်းပူပူ ကို တရှုးရူး မှုတ်သောက်ရင်း ငရုပ်သီးစပ်စပ် နဲ့ သဘောင်္သီးသုပ် မကြာခဏ စားခဲ့ ကြတာတွေကိုလည်း သတိရတယ်.. ကျနော် တို့ မောင်နှမ တတွေ ဟာ ကလေးတွေပေမဲ့ ငရုပ်သီး မစားနိုင်သူ ဘယ်သူမှ မရှိသလို ငရုပ်သီး များများစားနိုင်တာကို ဘဲ ဂုဏ်တခုလုပ်ပြီး မစပ် စပ်အောင် ငရုပ်သီးတွေ အများကြီး ထည့်သုပ်ကြတယ်..။

တချို့ ညနေခင်း တွေ မှာတော့ အဒေါ် ရဲ့ တရားဝင်ခွင့်ပြုချက် နဲ့ ရုပ်ရှင်သွားကြည့်ကြတယ် ကျန်းမာရေး မကောင်း တဲ့ မောင်အလတ်လေး နဲ့ ကျနော်နဲ့ ဆိုက်ကားတစီး၊ ညီမအကြီး နဲ့ မောင်အငယ်လေး က ဆိုက်ကားတစီး နဲ့ ရုပ်ရှင်ရုံကိုသွားကြတယ်... ပျော်လိုက်ကြတာ... ရုပ်ရှင်ရုံရှေ့ ဆိုက်ကား ရပ်တာ နဲ့ ကျနော် က လက်မှတ်ဝယ် မောင်အငယ်လေး က ရေခဲစိမ် ကွမ်းယာထုပ်လေး နဲ့ စားစရာတွေဝယ်၊ ကျနော် တို့ စိတ်ထဲမှာ အဲဒီ အချိန်က ရေခဲစိမ်ကွမ်းယာလေး စားရတာ ကို က အလွန်ခေတ်မှီ ပြီး တကယ့် ကို ကိုယ်ကိုကိုယ် ဟုတ်လှပြီ ဆိုပြီး မောင်နှမ တတွေ အင်မတန် ပီတိဖြစ်ကြတဲ့ အလုပ်တခုပါဘဲ..။

 ရှားရှားပါးပါး လွတ်လပ်ခွင့် ရတဲ့ နေ့လည်ခင်း တချို့ မှာတော့ အိမ်ကြီးရဲ့ နောက်က သစ်ပင်တွေကြား ချုံနွယ် ပိတ်ပေါင်းတွေ အလယ် မှာ စခန်းချတယ် ဆိုပြီး သစ်ရွက်သစ်ခက်တွေ နဲ့ တဲထိုးကြ ဝင်လိုက် ထွက်လိုက် လုပ်ကြ ထမင်းတွေ ယူလာပြီး စားကြ နဲ့ အတော်ပျော်စရာကောင်းတဲ့ ငယ်ဘဝလေး တခု ပါလား..။

နဲနဲလေးကြီးလာတဲ့ နွေရာသီ တွေ မှာတော့ မောင်ငယ်လေး ဟာ အဒေါ်ရဲ့ ဖိအားပေးမှု့ တွေ အောက်မှာ  စာတွေ နဲ့ မွန်းကျပ် နေတဲ့ ကြားထဲက အားလပ်ချိန်လေးတွေ မှာ အလည်လာတဲ့ အမ အတွက် ကောင်းနိုးရာရာလေး တွေ သူကိုယ်တိုင် လိုက်ကျွေး တတ်တယ်.. သူကောင်းတယ်ဆိုတဲ့ ဆိုင်တဆိုင် မှာ ကန်စွန်းရွက် လတ်လတ် ၊ အီကြာကွေး အများကြီး နဲ့ ကော်ရည်ခေါက်ဆွဲ ကိုလည်း ခဏခဏ စားဖြစ် ကြတယ်.... ငရုပ်သီးစပ်စပ် နဲ့ အာလူးဟင်းရည် ရွဲရွှဲ မှာ ပူစီနံတွေ ကြက်သွန်နီ တွေနဲ့ အများကြီး နဲ့ သုပ်ထားတဲ့ ပလာတာသုပ် ကိုလည်း မပြန်ခင် မှာ အားရအောင် လိုက်ကျွေးတတ် တဲ့ ချစ်စရာ အပြစ်ကင်း တဲ့ မောင်ငယ်လေးပါ....။

အားလုံးလည်း အရွယ်ရောက်လာကြပြီ အဒေါ်တို့လည်း နယ်မြို့လေး ကနေ ရန်ကုန်မြို့ပေါ် ပြောင်းလာလို့ အခြေချကြတဲ့ အချိန်.. မောင်ငယ်လေး လည်း ဆေးကျောင်းမှာ ဖိုင်နယ် ပတ်တူးဖြေနေတဲ့ အချိန် ကျနော် တို့ လင်မယား ရန်ကုန်ကို ရောက်သွားကြတယ်... ရခါစ လင်မယားဘဝမှာ ကျနော် ယူခဲ့တဲ့ သူက အသိုင်းအဝိုင်း မှာ အထင်ကြီးလောက်စရာ ဘာမှ မရှိပေမဲ့ အမကို ချစ်သေးတဲ့ မောင်ငယ်လေး က ကျနော် တို့ ၂ယောက် ကို ဂရုတစိုက် ဧည့်ခံပြုစု ခဲ့ပါတယ်...၊  ကျနော် တို့ ပြန်ကြမဲ့ရက်ကို လည်း တရက် ရွှေ့စေပြီး သူစာမေးပွဲ ပြီးတဲ့ ညမှာဘဲ သူကိုယ်တိုင် လက်မှတ်ဝယ် လို့ ရုပ်ရှင်လိုက် ပြပါတယ်.. ဂျူး ရဲ့ မြစ်တို့ ၏ မာယာ တဲ့ ...။

နောက်တော့ မောင်လေး ဆေးကျောင်းပြီး တဲ့ အချိန်မှာ ဆမ မယူဘဲ အင်္ဂလန်ကို အမ်အာစီပီ ယူဘို့ ထွက်သွားတယ် စာမေးပွဲတွေ အောင်သလို အလုပ်လည်း လုပ်နေပြီ လို့ သိရတယ်.... တနေ့ ကျနော် ရန်ကုန် ရောက်သွားတဲ့ အချိန်မှာတော့ မောင်ငယ်လေး စီက ဖုန်းလာလို့ အားလုံး တယောက်ပြီး တယောက် ဖုန်းပြောနေကြပါတယ်...။

နိုင်ငံခြား ဖုန်းဆက်ရတာ ဈေးကြီးတယ်ဆိုတာ သိပေမဲ့ မတွေ့ရတာ နှစ်ပေါင်း များစွာကြလှသလို တိုက်တိုက် ဆိုင်ဆိုင် ဖုန်းဆက်နေတုန်း အနားမှာ ရှိနေတဲ့ အတွက် မောင်ငယ်လေး ကို တခွန်းလောက် တော့ နှုတ်ဆက်လိုက် ချင်ပေမဲ့ ကျနော် ရောက်နေကြောင်းလည်း ဘယ်သူမှ မပြောပြကြ သလို ကျနော် ကလည်း မောင်လေး နဲ့ တခွန်းလောက် နှုတ်ဆက်အုန်းမယ် လို့ ပြော မထွက် ပါဘူး...။

လူ့တန်ဘိုး ကို ရာထူးတွေ ငွေကြေးချမ်းသာမှု့တွေ  နဲ့ တိုင်းတာပြီး  နိုင်ငံခြား မှာ ရှိနေတဲ့ မောင်လေး စီ ကို ဆက်သွယ်ရင်ဘဲ တခုခု အကူအညီ တောင်းနိုးနိုး လို့ ထင်နေကြတဲ့ အသိုင်းအဝိုင်း ထဲမှာ  မောင်လေး ကို လွယ်လွယ် ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ် လေး တခု အီးမေးလ် လိပ်စာလေး တခု ကိုတောင် တောင်းဆို ဘို့ ကျနော့် မာန က ခွင့်မပြုခဲ့ပါဘူး..။


တိုင်းတာလို့ မရနိုင်တဲ့ သံယောဇဉ် နဲ့ မေတ္တာတရား တွေကို ပန်းလေး တွေ နဲ့ သာ တင်စားခဲ့ရင် ကျနော့် ရင်ထဲက မောင်ငယ်လေး ဟာ ပထမဆုံး ကြွေလွင့် သွားတဲ့ ပန်းလေး တပွင့် ပါ...။


အခန်း (၂)

ကျနော် ငယ်ငယ်က မန္တလေးမြို့အထက ၁၆ မှာ ကျောင်းတက်ပါတယ်.... ကျနော် ကိုးတန်းနှစ် ကျောင်း ဖွင့်စ အတန်းထဲ မှာ ကျောင်းသူအသစ်တယောက် ရောက်လာတယ်..၊ ဆံပင်တိုတို အသားဖြူဖြူ ပုပု လုံးလုံး လေး မို့ ချစ်စရာလေးပါ..၊ ဒါပေမဲ့ တင်းမာဟန်ရှိတဲ့ မျက်နှာထား နဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်း ပါးပါးကြောင့် သူ့ကို တော်ရုံလူခေါ်ဘို့ မဝံရဲကြပါဘူး..။

ကျနော်ကတော့ ဘယ်သူနဲ့မှ လွယ်လွယ်ခင်မင်နိုင်ပုံ မရတဲ့ သူ့ကို သနားသလိုလို ဖြစ်လာတာနဲ့ အရင် မိတ်ဆက် လိုက်ပြီး သူလိုချင်တဲ့ စာအုပ်တွေ ငှားပေးတယ်.. သူသိချင်တာတွေ ဖြေပေးပြီး ကျနော်တို့ နှစ်ယောက်  ခင်မင်သွားကြပါတယ်...၊ ဒီလိုနဲ့ တနှစ်လုံး သူဟာ ကျနော် တယောက်ကလွဲလို့ ကျန်တဲ့ သူများနဲ့ မေးထူးခေါ်ပြောအပြင်မပိုခဲ့ပါဘူး...။

ကျနော် နဲ့လည်း တရင်းတနှီးကြီး မဟုတ်ပါဘူး ဒါပေမဲ့ တခြားလူတွေထက်တော့  ခင်မင်မှု့ ပိုခဲ့မယ် ထင် ပါတယ်...  သူက စကားမပြောသလောက် တည်ငြိမ် လွန်းတော့ နောက်ထပ်လည်း ခင်မင်သူ ရတာ မတွေ့ ပါဘူး.. ။

ကိုးတန်း တနှစ်လုံး အတန်းထဲမှာ ပထမ စွဲခဲ့တဲ့ သူ့ကို သတိပြုမိသွားတဲ့ ကျနော်တို့ အတန်းပိုင် ဆရာမ က ဆယ်တန်းနှစ်မှာတော့ သူ့ကို  အတန်း ရဲ့ ရှေ့ဆုံးခုံမှာ ထိုင်ဘို့ နေရာပေးသလို မစီမဆိုင် အတန်းရဲ့ နောက် ဆုံးခုံ မှာ ထိုင်နေတဲ့ ကျနော့် ကိုလှမ်းခေါ်ပြီး သူ့ဘေးမှာ ထိုင်ဘို့ နေရာပေးပါတယ်...။

ကျနော် မထိုင်ချင်ပါဘူး ရှေ့ဆုံးခုံ မှာ ဘယ်တော့မှ ထိုင်လေ့မရှိသလို ကျနော် ခင်မင်တဲ့ သူငယ်ချင်း တွေကလည်း နောက်တန်း တွေ မှာ ဘဲရှိကြတာပါ... ဒါပေမဲ့ ဆရာမ အမိန့်ဆိုတော့ လွန်ဆန်လို့ မရတဲ့ အတွက် အတန်းပိုင် ဆရာမ ရဲ့ ပထမဆုံး အချိန်တချိန် မှာဘဲ အဲဒီသူငယ်ချင်းဘေး မှာ သွားထိုင်ပါတယ်... ကျန်တဲ့ အချိန်တွေ မှာတော့  ကျနော့် စိတ်ကြိုက် နောက်ဆုံးခုံမှာ နေမြဲပါဘဲ...။

ရှေ့ဆုံးခုံ က သူ့ဘေးမှာထိုင်ရင်း သူ့အကြောင်းတွေ ပိုသိလာရသလို .. စာရေးတာသိပ်မြန်ပြီး ရှင်းလင်း ပြတ်သား တဲ့ သူ့လက်ရေးတွေကို ကျနော် နှစ်သက်လာတယ်..၊ဘဝ အပေါ် မကျေနပ်တဲ့ သူ့ရဲ့ စိတ်ကို လည်း ပိုနားလည်လာတယ်.. သူ့မိဘနှစ်ပါး ဟာ နောက်အိမ်ထောင်ဘက် ကိုယ်စီနဲ့ ဖြစ်နေသလို သူ့ကိုလည်း ဘယ်သူမှ ထောက်ပန့်မှု့ မပေးကြပါဘူး.. သူတယောက်ထဲ စည်းကမ်းကြီးလွန်းတဲ့ အဖွား နဲ့ တင်းကြပ်စွာ ချို့တဲ့စွာ ကြီးပြင်းလာကြောင်းသိရတယ်... ။

သူဟာ သူ့မိဘ တွေကိုလည်း မချစ်သလို တသက်လုံး အတူနေပြီး စောင့်ရှောက်လာတဲ့ အဖွားကိုလည်း နဲနဲ မှ ချစ်ဟန်မတူ ပါဘူး... ကျနော် ကတော့ သူ့မိဘတွေ အကြောင်းမပြောတတ်ပေမဲ့ အဖွားကို တော့ ချစ်သင့်တယ်လို့ ထင်ပါတယ်.. နောက်တော့လည်း ကျနော်စာဖတ်သလို သူ့ကိုပေးဖတ်ပါတယ်.. ကာတွန်း ဖတ်တာတောင် မကြိုက်တဲ့ သူ့အဖွားအကြောင်းသိခဲ့ရသလို သူလည်း နည်းမျိုးစုံ နဲ့ စာခိုးဖတ် တတ်လာ သလို ဝတ္ထုတွေ လည်းကြိုက် တတ်လာပါတယ်.. ။

အဲဒီအချိန်က ကျနော်တို့ နှစ်ယောက် မစန္ဒာ ရဲ့ ဝတ္ထုတွေ ကို စွဲလမ်းပြီး အင်ဂျင်နီယာ လုပ်ကြမယ်လို့ ဆုံးဖြတ် ကြသေးတယ်... သူကတော့ သူ့လမ်းကြောင်းအတိုင်း မလွဲမသွေ လျှောက်တတ်တဲ့သူ ဖြစ်လို့ ရည်မှန်းချက် အလွဲမခံပေမဲ့ ကျနော်ကတော့ ထုံးစံအတိုင်း လေနဲ့အတူ ပါဘဲ....။

အတန်းပိုင် ဆရာမ ရဲ့ ကျနော့် အပေါ်မှတ်ချက်ကိုလည်း ကြားခဲ့ရပါတယ်.. မြန်မာ စကားပုံတွေ ဟာ ကျနော် နဲ့ မှ မှန်တာ တွေ့ရတယ် တဲ့ ရတနာ ရှိရာ ရတနာ စု... ဗရချာ ရှိရာ ဗရချာ စု တဲ့လေ ရှေ့ဆုံးတန်း သူ့ဘေးမှာ ဆရာမ အချိန် တချိန်ဘဲ ထိုင်ပြီး ကျန်တဲ့ အချိန်တွေမှာ နောက်တန်းမှာ သွားထိုင် နေတာ သိသွားတဲ့ ဆရာမရဲ့ ကျနော့် အပေါ် အမွှန်းတင်သံလေးလေ...။

၁ဝတန်း အောင်တဲ့ အခါမှာတော့  သူမျှော်မှန်းထားတဲ့ အတိုင်း ငါးဘာသာ ဂုဏ်ထူးနဲ့ ရန်ကုန် စက်မှု့ တက္ကသိုလ် မှာ တက်ခွင့် ရပါတယ်.. ကျနော် ကတော့ မန္တလေး တက္ကသိုလ် မှာ သချာင်္အဓိက နဲ့ တက်ခွင့် ရသလို ချစ်သူ ပါ ရသွားပါတယ်..၊ ကျောင်းပိတ်ရက်တိုင်း ပြန်လာတတ်တဲ့ သူ့နဲ့ ကျနော်တို့ နှစ်ယောက် ရုပ်ရှင်တွေ အတူတူ ကြည့်ဖြစ်သလို ကြေးအိုးလိုမျိုး အစားအသောက်ကောင်းလေး တွေ လည်း စားဖြစ် ကြပါတယ်...။

စားရင်းသောက်ရင်း စကားတွေ ပြောကြတဲ့ အခါ မှာ သူဟာ ဘာမှ မပြောင်းလဲသေးဘူးဆိုတာ သဘော ပေါက်လာပါတယ်.. သူ့မှာ ခင်မင်သူ ချစ်သူ အခုထိမရှိသေးသလို.. သူ ရဲ့ အခန်းဖော်သူငယ်ချင်း တွေ နဲ့တောင် အဆင်ပြေ အောင် မနေနိုင်တာ တွေ့ရတယ်... ။

စာမေးပွဲရက်တွေ မှာ သူ အစောပိုင်းအိပ်ပြီး ၁၁နာရီလောက် နှိုးပါလို့ မှာထားရင် တနာရီ နှစ်နာရီ လောက် မှ နှိုးတဲ့ အခန်းဖော်ကို ငါ စာတွေ ရသွားမှာ ကြောက်လို့ မနှိုးတာ ဆိုပြီး အညှိုးထားတဲ့ သူ့စကားတွေ.. နှိုးစက် နာရီတလုံး တောင် မဝယ်နိုင်အောင် ပိုက်ဆံ တိုင်းတာပေးလွန်း တဲ့ သူ့အဖွားကို မကျေနပ်သံ တွေ  ကြားရတဲ့ အတွက် ကျနော် စိတ်မကောင်း ဖြစ်မိတယ် သူ မပြောင်းလဲ သေးပါလားလို့.....။

အဲဒီနှစ် ကျောင်းဖွင့်လို့ ပြန်သွားတဲ့ အချိန်မှာတော့ ကျနော့် တို့ရဲ့ လက်ဆောင် ထုပ် ကလေး ထဲမှာ နှိုးစက်နာရီလေး နဲ့ စားပွဲခင်းလှလှလေးပါသွားပါတယ်... သူ့ကို ကျနော် တကယ် ခင်ခဲ့ပါတယ် .. လေးစား ခဲ့ပါတယ်.. ကျနော့် ရဲ့ သာမန်မထူးခြားတဲ့ ချစ်သူအပေါ်မှာ သူ အသိအမှတ် သိပ်မပြု ခဲ့တာတောင် မသိ ချင်ယောင် ဆောင် နေခဲ့ပါတယ်.. ကျနော့် ချစ်သူ ကိုလည်း သူသိပ်တော်တဲ့ အကြောင်း မေတ္တာ မရခဲ့လို့ သနားဖို့ ကောင်းတဲ့ အကြောင်းတွေ ပြောပြဖြစ်ပါတယ်.. ။

ဒီလိုနဲ့ သူ့အဖွားလည်း ဆုံးသွားပါတယ်.. သူလည်း မန္တလေး ကိုပြန်မလာတော့ ပါဘူး... ကျောင်းမှာ ဘဲ ဆရာမ ဝင်လုပ်နေရာကနေ နိုင်ငံခြားထွက် အလုပ်လုပ်ရင်း ကျောင်းဆက်တက်ကြောင်း တစွန်းတစ ကြား ရပါတယ်... မကြာခဏ ကျနော် တို့ရဲ့ ခင်မင်မှု့လေး တွေ ကို သတိရပါတယ် တွေ့ချင်နေပါသေးတယ်.. ။

နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ... ကျနော်လည်း ဘလော့လေး တည်ဆောက်ပြီး စာတွေ ရေးနေပါတယ်.. တနေ့တော့ ကျနော့် ရဲ့ c box ထဲမှာ လာအော်သွားပါတယ်... သူ ဘလော့ဂ် တွေ လိုက်ဖတ်ရင်း ကျနော့် ကို မှတ်မိသွားပါပြီ... ကျနော် တို့ မေးလ် တွေ အပြန်အလှန်ပို့ကြပါတယ်.. ဂျီတော့ခ် ထဲမှာ စကားပြောခဲ့ ပါတယ်...။

ကျနော် သူ့ကိုမေးခဲ့ပါတယ်.. တယောက်ထဲဘဲလားလို့... ပြန်ဖြေခဲ့ပါတယ်.. ဒါကအရေးပါလို့လားတဲ့ ဘဝ မှာ ဒါအရေးကြီးလို့ ဒါဘဲ မေးနေကြတာလားတဲ့ .. သြ ... ကျနော် ခွင့်လွှတ်လိုက်ပါတယ်.. ဟုတ်ပါတယ် အရေးမကြီးပါဘူးလို့ .. မင်း လို တယောက်ထဲ လွတ်လွတ်လပ်လပ် နဲ့ လုပ်ချင်တာလုပ်နေတာဘဲ ကောင်း ပါတယ်လို့...။

ကျနော့် ဘလော့ လေးကို သူအမြဲတန်း စာလာဖတ်တယ် တဲ့.. နိုင်ငံခြားမှာ စာအုပ်ရှားလို့  စာအုပ်ကောင်း လေးတွေ တင်ထားပေးတဲ့ ကျနော့် ဘလော့ ကို လာဖတ်တာလေ တဲ့ ကျနော့် ရဲ့ ကိုယ်ပိုင် စာတွေ ကိုတော့ သိပ်မဖတ်ဖြစ်ပါဘူး တဲ့......စာတွေ ကို ဖတ်ကြည့် တော့လည်း  စာတွေ က  မချောသလို သတ်ပုံ တွေ လည်း တအား မှားတယ်တဲ့ ရင့်ကျက်မှု့ လည်း အခုထိ မရှိသေးဘူးလားတဲ့ ...။

သူဟာ နှစ်ပေါင်းများစွာ နှလုံးသားထဲ က သတိရနေရတဲ့  ကျနော် လေးစားခင်မင်ရသူတဦးပါ... ကျနော် တို့ ဘယ်နေရာ မှ ယှဉ်ပြိုင်ဘက်လည်း မဖြစ်ခဲ့ကြပါဘူး... သူ့နဲ့ ကျနော့် ဘဝက တခြားစီပါ... ၊ နောက်ပြီး ကျနော် ဟာ စာရေးဆရာ တယောက် မဟုတ်သလို ဝါသနာ အလျှောက် ဝမ်းရေးတဖက် နဲ့ ရောက်တတ် ရာရာ လေးတွေ ရေးနေခဲ့တာပါ.... အမှန်တွေ ပြောခဲ့တာ ဆိုရင်တောင် ငယ်ပေါင်း သူငယ်ချင်း တယောက် ကို ခံသာအောင်  ပြောသင့် ပါတယ်...  ကျနော် တကယ်ဘဲ ခံနိုင်ရည် မရှိခဲ့ပါဘူး..။

မင်း ဖတ်ချင်တဲ့ စာတွေလာဖတ်လှည့်ပါ.. ငါ့စာတွေ မဖတ်လည်း ရပါတယ်လို့.. ဒါဟာ သူ့အတွက် နောက်ဆုံး မေးလ်  တစောင် ဖြစ်သလို.. ကျနော့် ရင်ထဲက ဒုတိယမြောက် ပန်းလေးတပွင့် ကြွေလွင့် သွားခဲ့ ခြင်းပါ ...။  

မာနကြောင့်ပန်းလေးတပွင့် ကြွေခဲ့ရသလို မခံချင်စိတ်ကြောင့်လည်း ပန်းလေးတပွင့် ကြွေခဲ့ရပြီ....  သူငယ်ချင်း ရေ မင်းပြောတာမှန်ပါတယ် ကိုယ် ဟာ တကယ်ကို ရင့်ကျက်မှု့ မရှိခဲ့ပါဘူး....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

21 comments:

Anonymous said...

အမရွှေစင်...
ဖတ်ရတာ စိတ်မကောင်းလိုက်တာ။ စိုသောလက် မခြောက်စေနဲ့။ ခြောက်သောလက်လဲ အစိုမလွယ်နဲ့ ဆိုတဲ့ စကားပုံရှိတယ်။ ခင်မင်ပြီးသား သူငယ်ချင်းတွေ ဒါမျိုးဖြစ်သွားတာကို စိတ်ထဲ လုံးဝမကောင်းဘူး။ ပြီးတော့ အမမောင်လေးတစ်ယောက်။ သူလဲ အမကို စကားပြောဆက်သွယ်ချင်ရှာမှာပါ။ ကျနော်ကတော့ ဘာမှ မပြောတတ်တော့ပါဘူး။ မိသားစုဖြစ်ဖြစ်၊ သူငယ်ချင်းဖြစ်ဖြစ် အမြဲတမ်း အချင်းချင်း နားလည်မှုရှိပြီး ချစ်ခင်ပျော်ရွှင်နေကြတာကိုဘဲ မြင်ချင်ပါတယ်။

ပျော်ရွှင်ပါစေ အမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြစ်ကျိုးအင်း said...

ဖြစ်ရပ်မှန် အနေနဲ့ဆိုရင်တော့ တချို့အရာတွေက အချိန်ကာလတစ်ခုတော့ လိုအပ်ပါတယ်။ ရှည်ကြာခဲ့တဲ့ သံယောဇဉ်ကို တိခနဲဖြတ်တာ နှစ်ဦးနှစ်ဘက် ခံစားရစေမှာပါ။
မကောင်းတဲ့အရာတွေရှိရင်တောင် ကောင်းတဲ့အရာတွေနဲ့ ဖြေဖျောက်ရမှာ မိတ်ဆွေတွေရဲ့ ဝတ္တရားပဲ မဟုတ်လား။

လေဘယ်ပေးထားတဲ့ ဝတ္ထုတိုအနေနဲ့ ဖတ်ရတာ ထိထိရှရှဖြစ်ရပါတယ်။ ဒါမျိုးလေးတွေ ဆက်ရေးပါအုံး။

Maung Myo said...

ကျနော် အရင်က ဒီဘလော့မှာ ဆရာမ၀င်းဝင်းလတ်ရဲ့ စာအုပ်တစ်အုပ်လာဒေါင်းရင်း စာတွေ ဖတ်ဖတ်ုဖြစ်သွားပါတယ် ခြေရာတော့မချန်ခဲ့ ဒီပို့စ်လေးကိုတော်တော် နှစ်သက်ပါတယ် ကျနော့်လည်း ၅၂၈ နဲ့  ဘာဆန်ဖိုးသတ်မှတ်ရမမှန်းမသိတဲ့ သူငယ်ချင်းတွေံကို သိပ်သံယောဇဉ်ကြီင်္းတာ အရင်ကတော့ စိတ်ကောက်လိုက် ပြန်ချစ်လိုက်နဲ့ပေါ့ ခုတော့ အရင်က အကြောင်းတွေ တွေးရင် သူတို့ အပေါ် ကောင်းကောင်းမဆက်ဆံခဲ့လေပါလားလို့ ကိုယ့်ကိုယ်ကိုနောင်တရမိတယ် အစားထိုးမရတဲ့ အချိန်များပေါ့ ။

Anonymous said...

အမရေ...ဖတ်ရတာ..ရင်ထဲနင့်သွားတယ်
အမမောင်လိုမျိုး...ကျနော်တို့က ငယ်ကတည်းကခံစားခဲ့ရတာ..ဒါကြောင့် ရွေမျိုးဆို..ကျနော်က မပေါင်းတဲ့သူဆို လုံးဝကို လှည့်မကြည့်ဘူး။

အမ..ဒုတိယ တယောက်ကတော့..သူ့မိဘအခြေအနေ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြောင့် သူ့စိတ်က အဲလိုဖြစ်နေတာပါ။ သူကစာတွေလဲ သိပ်မဖတ်လို့ ဘ၀မှာ အဆင်ပြေအောင်နေထိုင်နည်း မသိလို့နေမှာပါ။ ဒါပေမဲ့ ဒီအရွယ်ထိ မှားယွင်းတဲ့ အတွေ့အခေါ်ကိုလက်ခံကျင့်သုံးနေတာတော့ သိပ်မကောင်းဘူးပေါ့လေ..။အတွေ့အကြုံကနေ သင်ယူစရာတွေဟာ ဘ၀မှာ အများကြီးပဲဆိုတာ လူတိုင်းသိကြပါတယ်လေ..။

အမရေးတာ..ဒီလောက်ကောင်းတာ..သူမခံစားတတ်လို့နေမှာပါ..အမရာ။ ဘာမှစိတ်ထဲ မထားပါနဲ့။ သတ်ပုံကတော့ နဲနဲမှားတာပဲဟာ။ ဖတ်လို့ဖြစ်နေတာပဲဟာ။ ကျနော်တို့ကတော့ အမစာတွေကိုလဲ အငန်းမရဖတ်တတ်သလို အမတင်သမျှစာတွေကိုလည်း ဖတ်နေမှာပဲ။
စာကောင်းပေကောင်းတွေကို အမတင်ပေးတော့ တအားကို ကျေးဇူးတင်တယ်ဆိုတာရယ်..ပီးတော့ အမမှာခင်သူတွေများတာတွေရယ်ကို သူမနာလို လို့လဲ ဖြစ်ကောင်းဖြစ်မှာပေါ့အမရယ်။ စိတ်ထဲမထားပါနဲ့.

မြတ်နိုး

Anonymous said...

မရွှေစင်
I dare to say really. You are great!

မရွှေစင်သူငယ်ချင်းကို တစ်ခုမေးပါရစေ။
အခု ခင်ဗျားသူငယ်ချင်း မရွှေစင်ဟာ အများပရိသတ် အကျိုးရှိစေမယ့် စာကောင်းပေမွန်တွေကို ရှာဖွေရွေးထုတ်ပြီး ကြီးဒေါ်နွားကျောင်း တင်ဆက်ပေးနေပါတယ်။ ပို့စ် မြန်မြန်မတင်သေးလို့ လာနှိုးဆော်ရင်လဲ သူ့ခမျာ တောင်းပန်လိုက်ရတာ သူ ပိုက်ဆံရတာ ကျနေတာပါပဲ။ သူ့အတွေးအမြင်တွေ သူ့ဘဝအတွေ့အကြုံတွေ သူ့ဟာသဥာဏ်တွေနဲ့လဲ လူတွေကို တွေးစရာလေးတွေ ပေးပေးနေပါတယ်။ အစ်မကြီး အဲဒီလိုမျိုး လူ့အဖွဲ့အစည်းအတွက် အကျိုးရှိတာ တစ်ခုခု လုပ်ခဲ့ပြီးပါပြီလား။


မရွှေစင်မောင်လေး ဆရာဝန်ကတော့ အသိဥာဏ်ရှိသူ ဖြစ်ပါလိမ့်မယ်။ သင်္ချာဘာသာဟာ ဆေးအတတ်ထက် မနိမ့်ကျတဲ့ ပညာရပ် တစ်ခုပါ။
နောက် ပြောစရာ ရှိတာက တီထွင်သူအကျော်အမော် ဘီလ်ဂိတ်နဲ့ သောမတ်စ်အက်ဒီဆင်ဟာ ဘာဘွဲ့မှ မရခဲ့ကြပါဘူး။ (ကျွန်တော်ကတော့ ဘွဲ့ရပါ။ အခု နိုင်ဂံဂျားမှာ မျက်လုံးရောင်စုံ ဆံပင်ရောင်စုံတွေကြားထဲ ကျောင်းဆိုတာကြီး ထပ်တက်နေပါတယ် အဟွတ်အဟွတ်။ ဒါပေမယ့် ဘာဘွဲ့မှ မရတဲ့ ဘီလ်ဂိတ်နဲ့ အယ်ဒီဆင်က ကျွန်တော့်ထက် အပုံကြီးသာတာ ဝန်ခံပါတယ်။) လူ့တန်ဖိုးကို ဘွဲ့နဲ့ တိုင်းလို့ မရပါဘူး။

မေဓာဝီ said...

ပန်းပွင့်လေးတွေ မကြွေပါစေနဲ့ မရွှေစင်ရယ် ...
သံယောဇဉ်နဲ့ မေတ္တာတရား ပန်းပွင့်လေးတွေ ကြွေချိန်မတန်သေးပါဘူး ... ။
ဆွေမျိုးဆိုတာဘယ်တော့မှ ပြတ်ကောင်းတဲ့သူမျိုးမှ မဟုတ်တာ .. ပြီးတော့ အမမောင်လေးက အမအပေါ် ဘာအပြစ်မှ ကျူးလွန်တာမှ မဟုတ်ဘဲ။ သူ့ကိုဆက်သွယ်လို့ အကူအညီတောင်းနိုးဘာနိုး တခြားလူတွေက ထင်ကြပေမဲ့ သူကတော့ ထင်မှာ မဟုတ်ပါဘူး အမရယ်။ ဒီလောက် နားလည်ခဲ့ ချစ်ခဲ့ကြတဲ့ မောင်နှမတွေပဲလေ။ အခြေအနေအရ မဆက်သွယ်ရင်တောင် အမရဲ့ မေတ္တာနဲ့ သံယောဇဉ်ကိုတော့ မဖြတ်ပစ်လိုက်ပါနဲ့။ သူ အဝေးမှာ ကျန်းမာ အဆင်ပြေဖို့ ဆုတောင်း မေတ္တာပို့ပေးပါလား။ မေတ္တာဆိုတာ အနီးအဝေး မရှိပါဘူး ... အမပို့တဲ့ မေတ္တာ သူ့ဆီ သက်ရောက်ရင် သူလဲ အမကို သတိရနေပါလိ့မ်မယ်။

နောက်တခုက သူငယ်ချင်း ...
သူ့ကိုလဲ နားလည်ပေးလိုက်ပါ အမရယ်။ ဒီလိုပဲ စာဖတ်တဲ့သူ ဘယ်သူမဆို အကြိုက်အမျိုးမျိုးတွေ ရှိမှာပဲ မဟုတ်လား။ ကိုယ့်စာကို လူအများဖတ်ကြတော့ လူမျိုးစုံဆီက အသံမျိုးစုံ ကြားရမှာပဲလေ။ ဒီလိုဝေဖန်တာ ခံရတာကိုက အမရဲ့ အောင်မြင်မှုပါပဲ။ မခံချင်စိတ်ကြောင့် ပန်းကလေး မကြွေပါစေနဲ့ အမရယ်။ သူ့ဆီက နောက်ထပ် အသံတွေကြားရအောင် ပန်းကလေးကို ဆက်ရှင်သန် လန်းဆန်းပါစေ။ အမရဲ့ စာတွေကို သူနားလည်လာတဲ့တနေ့ အမစာတွေကို နှစ်ခြိုက်စွာဖတ်ပြီး အမကို ချီးကျူးလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Anonymous said...

အမရေ

အမမောင် မိသာစု ခု ယူအက်စ်မှာပါ။ သူ ဒီစာ ဖတ်မိရင် တအား စိတ်မကောင်း ဖြစ်မှာ တကယ်ပါပဲ။
ရန်ကုန်က လူတွေ လုပ်တာ သူသိမှာ မဟုတ်ပါဘူး အမရေ။

အမကိုလည်း သူ ခင်တွယ်မှာပါ သတိလည်း ရမှာပါပဲ။
သူ့ အီးမေးက သူနာမည်@hotmail.comပါ

စာရေး ဆက်သွယ်လိုက်ပါ အမရေ။ သူ တကယ်ပဲ စိတ်ထားကောင်းတဲ့သူပါ။

Anonymous said...

အမရေ ကျမ ဖတ်ရင်း ရင်ထဲ ဒိတ်သွားတာပဲ တခုခု ဖြစ်သွားတာလားလို့။ အမမောင် မိသားစုက ခု ယူအက်စ်မှာပါ။ ဒီစာဖတ်မိရင် သူလည်း တော်တော် စိတ်မကောင်း ဖြစ်သွားမှာ သေချာတယ်။

ရန်ကုန်က လူတွေလုပ်တာ သူနဲ့ မဆိုင်ဘူးလေနော်။ သူလည်း အမကို ခင်တွယ်တာ သေချာပါတယ်။ မမရေ သူ့ အီးမေးက သူ့နာမည် @hotmail.comပါ။
ဆက်သွယ်လိုက်ပါနော်။

မောင်မောင် said...

မရွှေစင်ဦး ရေ
တကယ်တော့လည်း တွေ့ ဆုံကြခြင်းဟာ နောက်ဆုံးမတော့ လဲ ခွဲခွာကြရတာပဲမို့ လဲ ဒါဟာ
အချိန် နဲ့  လိုက်ပြီးပြောင်းလဲတတ်တဲ့ သဘောပါပဲ။
ကျွန်တော် တို့ မှာလဲပဲ အဲသလိုပဲ တစ်ချို့ 
တစ်ချို့ တွေ က များ ကြွေလွင့်သွားခဲ့ ကြတာ ရိပ်ခနဲပြေးမြင်ယောင် မိပါသေးတယ်။
ကိုယ်လုပ်စရာရှိတာတွေ ကိုအကောင်းဆုံးလုပ်ပြပြီးတော့ ခွင့်လွှတ်ခြင်း၊သည်းခံခြင်းသာ သူတို့ ကို အောင်နိုင်မယ့်ဆေးတစ်လက် ဖြစ်တာမို့ တစ်ချိန်ချိန်မှာ သူတို့ ဖက်က လှမ်းလာယင် အလိုက်သင့်လေးပဲ ကြိုဆိုပေးသင့်ပါကြောင်း..........
ခင်မင်သော
မောင်မောင်

Anonymous said...

ဘာာာ...........နင်ကများ ငါတို့အစ်မကို ဒီစကားပြောတယ်..ဗြောင်း....ခွပ် .... အွန့် (ဓာတ်ရှင်ထဲကလို)

စာဖတ်ပိတ်သတ်ကြီး

Anonymous said...

မမရွှေစင်ရေ...အနော်ကတော့ မမရွှေစင်ရဲ့ ကိုယ်တိုင်ရေးလေးတွေကိုပဲ ပိုလို့ ကြိုက်သေး။နှလုံးသားနဲ့ မခံစားတတ်သူအတွက် နှလုံးသားနာအောင် ခံစားမနေပါနဲ့။အနော်ကတော့ အနော်တို့ဖတ်ဖို့ နှလုံးသားလှလှနဲ့ စာကောင်းလေးတွေ တင်ပေးနေတဲ့ မမရွှေစင် ဆိုတဲ့ မနွမ်းပန်းလေးကို ရင်ထဲ ထာဝရပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ
ခံနိုင်ရည်အတိုင်းအတာကိုကျော်သွားတဲ့အခါ ခုလို ခံစားကြရပါတယ်.. ကိုယ်တိုင်ဆိုရင်လည်း ဒီလိုဖြစ်မိမယ်ထင်ပါတယ်။ စကားတစ်ခွန်းက လူတစ်ယောက်ရဲ့ ဘ၀ကိုသေစေနိုင်တယ်လေနော်။
ဒီလောက်သဘောကောင်းပြီး စာရေးလည်းကောင်းတဲ့ ငါတို့အစ်မကို ဒီလိုပြောတာ အံ့သြတယ် ဟွန်း။
ပြန်ရောက်ပြီအစ်မရေ။ ဘောစ့်ရောက်နေလို့ ဘလော့မလည်အားသေးဘူး ဖြစ်နေတာ ခုတော့သူ ပြန်သွားပြီ။
ထုံးစံအတိုင်း ဘလော့တွေလည်တော့မယ်...
အားလုံးအတွက် ကျေးဇူးအထူးပါလို့။
ထမင်းကြော်စားတိုင်း သတိရနေမယ်နော်
မစည်းစိမ်နဲ့ အစ်မရဲ့ ချစ်ချစ်ကြီးကိုလည်း
သတိရပါကြောင်း ......

ချစ်ညီမ
ချော

Cameron said...

မမရွှေစင်ပို့စ်လေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်..။ လောကမှာ ဒီလိုအဖြစ်မျိုးတွေရှိပါတယ်...။ သံယောဇဉ်သိပ်ထားလွန်းတော့လဲ ခံစားရတာပေါ့..။
မန်းရောက်ရင်လာလည်မယ် မမဆီကို..။ နောက်လထဲရောက်ဖို့ရှိတယ်..။

ပျော်ရွှင်ပါစေမမ
မိုးငွေ့

Anonymous said...

မမ..
စိတ်မကောင်းမဖြစ်နဲ့
မမဘက်မှာ ညီမတို့ ရှိတယ်။

မမက အဲလိုရေးထားတာ ဖတ်ရတာ ၀မ်းနည်းတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့..။ ဒီတစ်ယောက်နားမလည်လည်း ဟိုတစ်ယောက်က နားလည်ပေးမှာ။ အားလည်း မငယ်နဲ့ အားကောင်းမောင်းသန် ဒီလူကို အားကိုးစမ်းဘာ.. ;)

(ကျန်တဲ့စာတွေ နောက်မှ ဖတ်မန့်တော့မယ်.. စနေနေ့မှ လာမှာ။ ကာဖီရည်တွေ ဖျော်ထားနော်း)))

လသာည

ahphyulay said...

မမရွှေစင်ရေ ..
နောက်ဆုံးမှ ရောက်ပေမဲ့  အကြောက်ဆုံးက
ချစ်ခင်ရသူတွေနဲ့  ခွဲ နေရတာကို စာနာ မိသွား
ပါတယ်။
ကျွန်တော်လည်း အမဖြစ်သူနဲ့ ခွဲနေရတယ်လေ၊
မောင်နှမက လေးယောက်မှာ ကျွန်တော်က တစ်ဥရှင်း
ယောင်္ကျားလေးလေ၊ အမေက ဆိုးမှာစိုးလို့  ဖိထား
ပေမယ့်  အမကတော့  အမြဲတန်း စ စ နောက်
နောက်နဲ့  ချစ်ရှာပါတယ်။ ကျန်ညီအမတွေက ဒီနေ့ 
အထိ ရင်းနှီးတဲ့ သဘောနဲ့  သူ့ ကို “နင်” “ ငါ ”
တွေ နဲ့  သုံးပြောကြပေမယ့် ၊ ကျွန်တော်ကတော့ 
ဟိုးငယ်ငယ်ထဲကခေါ်သလို ဟနေ့ အထိ “ မမမိုး”
ပဲ ခေါ် နေတုံးလေ၊ ဒါပေမယ့်  အခုတော့  အမနဲ့ 
ကွဲနေပါပြီ ။ ဒါပါပဲ ... မမရေ..။
ပို့ (စ)လေးကိုဖတ်ပြီး ... တစ်မျိုး ပါပဲ ။

ခင်တဲ့ ..
အဖြေးလူ..

ကိုအောင်(ပျူနိုင်ငံ) said...

တစ်နေ့ တစ်နေ့ ဒီဝဲပဲ လိုက်ကုတ်နေရလို့
အခုမှပဲ စာလာဖတ်တယ် အမရေ၊ နေကောင်း
တယ်ဟုတ်၊ ချစ်သူများနေ့မှာ ပျော်နေတယ်
ဆိုတာ သိတယ်လေ ...

ကျောက်ပန်းလေး said...

ရွှေစင်ရေ...ညည်းဆီမှာ အစကတော့ သတ်ပုံသတ်ညွှန်းတွေ ဂရုစိုက်မိပေမဲ့ နောက်တော့ စာရိုက်ပေးတဲ့ ကလေးတွေခမြာ အလုပ်အားချိန်လေး..စစ တို့ စာရိုက်ရင်လဲ လိပ်လိုနှေးလှတဲ့ ကိုးနတ်ရှင်ကို စောင့်နေရတာမျိုးတွေသိလာတော့ ..စာဖတ်ရရင်ပြီးတာပဲလေ..ဆိုပြီးဖတ်လိုက်ရော..၊ခုတော့ သတ်ပုံတွေဘာတွေတောင်ဂရုမစိုက်မိတော့ပါဘူး..
ကိုကြီးကတော့ ရွှေစင်တို့ မယ်ချစ်တို့ မယ်ကိ တို့ကို လောကကို ဟာသမျက်စေ့နဲ့ ပေါ့ပေါ့ပါးေးလးကြည့်တတ်လို့ သဘောကျသဗျား..ကိုကြီးကတော့စာကြီးပေကြီးအတည်အခန့်တွေလဲ မရေးတတ်တော့ မကြိုက်လို့ လာမဖတ်ချင်လဲနေ..ကိုယ်ကတော့ ပေါ့ပေါ့ပါးပါးပဲ ရေးတတ်သလိုရေးမှာပဲလေ....
ဝဲစစ်နေတာနဲ့ ခုမှ မန့်နိုင်တော့တယ်..လူကနေကောင်းလာတော့ ပရဟိတအလုပ်တွေက များလာပြန်ရော..အာမေရိကမှာ အားအားယားယားနေနိုင်တာ ကိုယ်တယောက်ပဲရှိတော့..ဟိုပို့ ဒီကြို ကားမောင်းတာတွေလုပ်ပေးနေရတော့ စာဖတ်ချိန်တောင်နဲသွားတယ်..

rose said...

မမရွှေစင်ရယ်... သနားလိုက်တာ။ အစ်မကို စာနာ နားလည်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရို့စ် ကိုယ်တိုင်လည်း မောင်နှမ၊ ညီအစ်မတွေ အပေါ် သိပ် အချစ်ကြီးတယ်။ ငယ်ငယ်တုန်းကတော့ ရို့စ်တို့ ညီအစ်မတွေ ရန်ဖြစ်ပြီး ခဏပဲ၊ ပြီးတော့ ပြန်ခေါ်ကြတာပဲ။ အခု အရွယ်လေးတွေ ရလာတော့ တစ်ခုခု စိတ်ထဲ ခု သွားပြီဆို သူလည်း သူ့ အိမ်ထောင်နဲ့ သူ့ ဘ၀နဲ့သူ ဆိုတော့ စကား မပြောဖြစ်ကြဘူး။ ဒါပေမယ့်လည်း... အချိန် ပေးလိုက်တော့လည်း သွေးချင်းတွေပဲ အစ်မရယ်...။ ပြန် အဆင်ပြေသွားတာပါပဲ။ ရို့စ် တစ်ခု ပွင့်ပွင့်လင်းလင်း ပြောရရင် ရို့စ်မှာ ငါ့ကို သူခေါ်မှ စခေါ်မယ် ဆိုတဲ့ မာန မရှိဘူး။ သူ မခေါ်လည်း ကိုယ် အတင်း လိုက် ခေါ်လိုက်တယ်။ သူငယ်ချင်းတွေနဲ့လည်း အဲ့ဒီ အတိုင်းပဲ။

အစ်မရွှေစင်ရဲ့ သူငယ်ချင်းကတော့ ငယ်ငယ်တည်းက စိတ္တဇ ရှိပုံ ရတယ်။ သူ့မှာ မေတ္တာ ငတ်တော့ လူတွေကို သူ မယုံရဲသလို သူပာာ မကောင်းမြင် သမား ဖြစ်တယ်။ သူ့ဘ၀ကြီးမှာ ပညာတွေ ဘယ်လောက် တော်နေ တတ်နေပါစေ၊ သူပာာ လူတွေနဲ့ လောကကြီးကို မကျေနပ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့မှာ သိပ်ကို အရေးကြီးတဲ့ မိသားစုရဲ့ နွေးထွေးတဲ့ မေတ္တာ ဆိုတာ မရခဲ့ လို့လေ။ အဲ့လို ကလေးတွေပာာ ပုံမှန် မတွေးတတ်သလို လူတွေကိုလည်း အမြင်စောင်းပါတယ်။ အဲဒီတော့ အစ်မရွှေစင်ပာာ ရောက်တဲ့ နေရာလေးမှာ ဖြစ်တဲ့ ဘ၀မှာ ပျော်ပျော် နေတတ်တယ်၊ ရောင့်ရဲတယ်၊ စာကောင်းပေကောင်းလေးတွေ ဘလော့ဂ်မှာ ရိုက်တင်ပေးတယ်။ ဘလော့ဂ် လောကမှာ နာမည် ရတယ်။ ဒါကို သူက မကောင်းမြင်သမားတို့ရဲ့ ထုံးစံ အတိုင်း ကြည့်ပြီး ဝေဖန် ကဲ့ရဲ့သွားတာပါ။ အဲ့ဒီတော့ အစ်မရယ်... လူတစ်ယောက် ပြုလုပ်ဖို့ အလွယ်ဆုံး ဖြစ်တဲ့ လေနဲ့ ဝေဖန် အပြစ်တင်တဲ့ စကားတွေကို အစ်မ ဂရုစိုက်သင့် သလောက်ပဲ စိုက်ပါလို့ နောက်ဆုံး ပြောချင်ပါတယ်။ အစ်မ အမြဲ ပျော်ရွှင်ပါစေရှင်။

Anonymous said...

ကိုယ့်လုပ်စာကိုယ်စားပြီး တစ်ပါးသူ ဗဟုသုတရစေလို့ချင်းငှာ စာတွေရေး၊ ကိုယ်ပိုင်အတွေ့အကြုံများမျှဝေနဲ့ မအားလပ်တဲ့ကြားက စေတနာများစွားဖြင့် ဖြန့်ဝေပေးနေသောအမရွှေစင်အား ထိုသို့ကျေးဇူးမတင်ဖင်လှန်ပြသော သူငယ်ချင်းအား မေးလိုပါသည် "သင်ဦးနှောက်မှရှိပါလေစ"....

hla myint said...

ကိုယ့်လုပ်စာကိုယ်စားပြီး တစ်ပါးသူ ဗဟုသုတရစေလို့ချင်းငှာ စာတွေရေး၊ ကိုယ်ပိုင်အတွေ့အကြုံများမျှဝေ
this is rather a pessimistic view on "free exchange of thoughts";
optimistic view is "propagation of good
thoughts in written form" or rather
dhammas;
လူ.တာဝန်ရိုးသားစွာထမ်းဆောင်ခြင်းသာဖြစ်ပါတယ်။
it is a mission.
တရားစကားနဲ.ပြောရင်(ဓမ္မဒေသနာဖြန်.ဖြူးနေခြင်း)သာဖြစ်ပါတယ်။
CARRY ON
sadhu sadhu sadhu

ငြိမ်းငြိမ်းပြည့် said...

တိုင်းတာလို့ မရနိုင်တဲ့ သံယောဇဉ် နဲ့ မေတ္တာတရား တွေကို ပန်းလေး တွေ နဲ့ သာ တင်စား ခဲ့ရင် ရင်ထဲက ပန်းလေး နှစ်ပွင့် ကြွေလွင့် သွားခဲ့ပေပြီ....

စကားလုံးလေးတွေကြိုက်တယ် အစ်မ..
ခံစားချက်ချင်းတူတယ်...ငြိမ်းလည်း အစ်မစာကိုဖတ်ရင်းရေးစရာတောင်ပေါ်လာတယ်...