Monday, February 28, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁၅)

ဒို့က သူဌေးဖြစ်နေပြီအေ့ အလုပ်အကိုင် မရှိတော့တဲ့ ခွေးဝဲစားတကောင်ကြွက်လိုဟာကို ဘာကြောင့် ညည်း ယူ ရမှာလဲ၊ အခုခေတ်တချို့ လူတွေလုပ်နေကြတာ မမြင်ဘူးလား၊ ဘွဲ့တွေ ဂုဏ်ထူးတွေ၊ ရာထူးတွေ ရထားတဲ့ လူဆိုရင် ပညာသင်စရိတ်ပြန်ပေး၊ မင်္ဂလာစရိတ်အကုန်ခံယူနေတာဘဲဟာ ညည်းကိုလဲ အဲဒီလို ရှာ ပေးစားမယ်။ ကတော်ကြီးဖြစ်သွားတာပေါ့အေ"

ဟူသော စကားကို အမြီးမတဲ့ အမောက်မတဲ့ပြောသည်။ သူများပြောစကားနားစွန်နားဖျား ကြားဘူးသည်ကို မှတ်၍ သူ့စကားဘယ်ရောက်သည်၊ ဘာအဓိပ္ပါယ်ထွက်သည်ကို မစဉ်းစားဘဲ သူများသားသမီး မင်္ဂလာ ဆောင် တွေကို ထိခိုက်ပုတ်ခတ်သော စကားဖြင့် သမီးကို နားသွင်းဖျောင်းဖျ၏။ မိခင်ဒေါ်ကြည်၏ စကား တွေက ကြည်ကြည်နွဲ့နားထဲမ၀င်ဘဲ လျှံထွက်သွားသော်လည်း ဘခင် ဦးသာဘညွန့်၏ ...

" ငါ့လူနှစ်ယောက်က နင့်အကောင်အိမ်နားမှာ လာရစ်သီရင် ဦးနှောက်ထွက်အောင် တီးပြမယ်။ ငါပြောတာ မယုံရင် လက်တွေ့သိမယ် သတိထား"
ဟူသောစကားကြီးကိုသာ ကြားယောင်ကာ၊ စိတ်ထဲမှာ တုန်လှုပ်ပူပန်စိတ်သာလွှမ်းမိုးနေသည်။ ဘခင် ဦးသာညွန့် သည် သူ့စိတ်က ကောင်းသည့်ဘက်ကိုသာ မယိမ်းမပါသော်ငြားလည်း ဆိုးယုတ်သည့်ဘက်ကို ကား စိတ်အားထက်သန်စွာလိုက်ပါသည့် သဘောရှိ၏။ အထူးသဖြင့် ငွေကြေးနှင့်ပတ်သက်လာလျှင် မည် သည့် အချက်ကိုမှ မထောက်ထား ငဲ့ညှာလေ့မရှိ၊ ငွေအတွက်လူ့ အသက်ကိုပင် ရက်စက်နိုင်သော စိတ်မျိုး ရှိသည် ကိုလည်း ကြည်ကြည်နွဲ့က ကောင်းစွာသိပြီးဖြစ်၏။ ထို့ကြောင့် ဘခင် ဦးသာညွန့် စကားကို ပေါ့ပေါ့ တန်တန် သဘောမထားနိုင်ဘဲ၊ ချစ်သူ မောင်တင်ဦးကို ဘေးကင်းရန်ကင်းဖြစ်အောင် မည်သို့ သတိပေးရ မည် ကိုသာ အပူတပြင်း စဉ်းစားနေမိသည်။

မောင်တင်ဦးကလည်း ဦးသာညွန့်တို့ ထီပေါက်၍ ငွေနှစ်သိန်းတိတိ လက်ဝယ် ပိုင်ဆိုင်ရရှိထားသည့် အခြေအနေမျိုး ရောက်သွားသည်ကို သတင်းကြားပြီးသိပြီးဖြစ်သည်။ မိဘတွေ မည်မျှပင် ချမ်းသာကြွယ်ဝ နေစေကာမူ ချစ်သူ ကြည်ကြည်နွဲ့က စိတ်ပြောင်းမည်မဟုတ်ဟု ယုံကြည်ထားသည်။ ကြည်ကြည်နွဲ့တို့ ယခင်အိမ်ကုပ်ကလေးမှာ မဟုတ်တော့ဘဲ တိုက်ခန်းတစ်ခုသို့ ပြောင်းသွားကြောင်းနှင့် ထိုတိုက်ခန်း မည် သည့်နေရာတွင်ရှိကြောင်းပါ မောင်တင်ဦးက စုံစမ်း၍ သိထားပြီးဖြစ်သည်။ အခြေအနေက ပြောင်းလဲသွား ပြီဖြစ်ရာ တနင်းလာနေ့တွင် တရားရုံးတစ်ခုမှာ လက်မှတ်ထိုး လက်ထပ်ကြမည်ဟု စီစဉ်ထားသည့် အစီ အစဉ် ကလည်း ပျက်သွားလေပြီ။
အစီအစဉ်ပျက်သည်ကို မောင်တင်ဦးက အံ့သြချေ။ ထီပေါက်လျှင် မပေးစားတော့ဟု မူးမူးရူးရူးနှင့် ဦးသာညွန့် ပြောခဲ့သည်ကို ကြည်ကြည်နွဲ့ ပြောထားခဲ့ပြီးဖြစ်သည်။ မောင်တင်ဦးစိတ်ထဲတွင် တခုသာလျှင် မတင်မကျ ဖြစ် နေသည်။ ထိုတခုကား ကြည်ကြည်နွဲ့တို့ ပြောင်းရွှေ့နေထိုင်ရာ တိုက်ခန်းကို အမှတ်မဲ့ သွားရောက် ကြည့်ရှုသည်။ ကြည်ကြည်နွဲ့၏ အရိပ်အရောင်ကို လုံးဝမတွေ့ခဲ့ရခြင်းဖြစ်၏။

သူ့အဖေ အရက်သမားကြီးက ငါ့ကို ငွေကြေးပစ္စည်းအတွက် သိပ်နာကျည်းနေတာ၊ သူ့သမီးကို အခန်းပိတ် သော့ခတ် ထားသလား၊ တခြားမြို့ရွာကို အတင်းအကြပ် ပို့လိုက်လေသလားဟူသော အတွေးက မောင်တင်ဦး ၏ စိတ်ကို လေးလံစွာ ထိခိုက်စေသည်။
မောင်တင်ဦးသည် စိတ်မလျော့ဘဲ နောက်တကြော့ ကြည်ကြည်နွဲ့တို့ တိုက်ခန်းရှိရာကို ထောက်လှမ်းရန် သွား ပြန်သည်။

အချိန်ကား ညရှစ်နာရီ ထိုးပြီးပြီဖြစ်၏။ ကြည်ကြည်နွဲ့တို့ တိုက်ခန်းရှိနေရာ ရပ်ကွက်ကား လူသူအသွား အလာပြတ်စပြုနေလေပြီ။ ကြည်ကြည်နွဲ့တို့ တိုက်ခန်းရှေ့ လမ်းစောင်းတွင် ကြီးမားအုပ်ဆိုင်းသော ဘန်ဒါ ပင်ကြီး တပင် ရှိနေသည်။ မောင်တင်ဦးသည် လူသူလေးပါး အရိပ်အခြေကို ကြည့်ပြီး ဘန်ဒါပင်ပေါ်သို့ လျှင်မြန်စွာ တက်လိုက်သည်။ မှောင်ရိပ်ကျသည့် ခွဆုံကောင်းကောင်းမှာ ထိုင်ပြီး ကြည်ကြည်နွဲ့တို့ တိုက်ခန်း ကို ကြည့်လိုက်သည်။

ဦးသာညွန့်နှင့် လူနှစ်ယောက်က အရက်ဝုင်းဖွဲ့နေသည်။ စားစရာ အမြီးမြိုင်မြိုင်ဆိုင်ဆိုင်နှင့် အရက် အကောင်းစား ကို မက်မောနေကြခိုက်ဖြစ်၍ မှောင်ခိုရောက်လာသော မောင်တင်ဦးက ဖျက်လတ်လျှင်မြန် စွာ ဘန်ဒါပင်ပေါ်တက်သွားသည်ကို ဦးသာညွန့်တို့ သုံးယောက်စလုံး သတိမထားလိုက်မိကြချေ။ သူတို့ သုံးယောက် ပြောစကားတွေက တချက်တချက် လေသံကျယ်လာသည်။ သို့သော် စကားလုံး မသဲကွဲချေ။ မောင်တင်ဦး က အိမ်ထဲကိုသာ ဂရုစိုက်ပြီး ကြည့်လိုက်၏။ ပြောင်ပြောင်လက်လက် ၀တ်ဆင်ထားသော ဒေါ်ကြည်က ခပ်မော့မော့မျက်နှာဖြင့် အိမ်ရှေ့ခန်းနှင့် အိမ်တွင်းခန်းကို ထွက်ချေဝင်ချေ မောင်နှမတသိုက်မှ အချို့ကို တွေ့ရသည်။ ကြည်ကြည်နွဲ့၏ အရိပ်အရောင်ကိုကား လုံးဝမတွေ့ရချေ။

" ဒါလောက် အစအနပျောက်နေတာ တခြားနေရာကိုများ ပို့ထားလိုက်ပြီလား"
မောင်တင်ဦးက တွေးနေဆဲဝယ် ဒေါ်ကြည် ဦးသာညွန့်အနားလာပြီး တစုံတခုပြောလိုက်ဟန်ကို မောင်တင်ဦး မြင်ရသည်။ ဦးသာညွန့်က ဦးခေါင်းညိတ်လိုက်သည်။ ထိုနောက် သူ့ကိုယ်ရံတော်နှစ်ယောက်က ကျိုးနွံသည့် အမူအရာဖြင့် နေရာမှထကာ စေ့ရုံစေ့ထားဟန်တူသော တိုက်ခန်း အ၀င်အထွက် သံဆွဲတံခါးကိုဖွင့်ပြီး အပြင်ထွက်လာကြသည်။ လမိုက်ရက်ဖြစ်၍တကြောင်း၊ လမ်းဓါတ်မီးတိုင်နှင့် အတန်ငယ်လှမ်း၍တကြောင်း တိုက်ရှေ့မျက်နှာစာ တိုက်ခန်းထဲမှ ထိုးထွက်နေသော မီးချောင်းအရောင်မှလွဲလျှင် အလင်းရောင် အားနည်း ကာ မှုံမွှားမွှားသာရှိသည်။ မောင်တင်ဦး ခိုလှုံနေရာ ဘန်ဒါပင်ကား မောင်တင်ဦး လုံခြုံရေးအတွက် အမှောင်ထု ကို လုံလောက်စွာ သိုမှီးထားနိုင်၏။

ထိုလူနှစ်ယောက်က တိုက်ခန်းရှေ့ ပတ်ဝန်းကျင်မှာ ရန်သူရှာသလို တောင်မြောက်လေးပါး ကြည့်ရှုစူးစမ်း ဟန်ကိုပြ၏။ ခေတ္တမျှကြာသောအခါ မောင်တင်ဦးရှိရာ ဘန်ဒါပင်အောက်ဝင်လာကြ၏။ ဘန်ဒါပင် အောက်ဝယ် မှောင်ရိပ်က အားကောင်းလှချေသည်။ မောင်တင်ဦးသည် အသက်ကိုပင် အထူး သတိထားကာ ဖြည်းညှင်းစွာ ရှူရင်း ထိုလူနှစ်ယောက်ကို ငုံ့ကြည့်လိုက်၏။ မှောင်ထဲမှာ ကျင့်သားရပြီးနေ သော မောင်တင်ဦး က ထိုလူနျစ်ယောက်ကို သဲကွဲစွာ မြင်နေရသည်။ ထိုလူနှစ်ယောက်က ဘန်ဒါပင် အောက် အမှောင် ထဲမှာ မတ်တပ်ရပ်လျှက်ကပင် အပေါ့သွားလိုက်ကြ၏။ ထို့နောက် လေသံတိုးတိုးဖြင့် စကား ပြောကြ သည်ကို မောင်တင်ဦးက အထူးသတိထား နားစွင့်လိုက်၏။

" သူ့သမီးနဲ့ ကြိုက်နေတဲ့ ကောင်လေးကို မင်းသေသေချာချာ မှတ်မိရဲ့လား"
" သိပါတယ်ကွာ ... သူတို့ ထီမပေါက်ခင် အိမ်ကုပ်ကလေးမှာနေစဉ်က သူ့သမီးနဲ့ လွှတ်ပေးပြီး အမိဖမ်းဘို့ ကြံသေးတယ်၊ မျက်မြင်သက်သေဖြစ်အောင် ငါ့ကို အမြဲလိုလို ခေါ်ထားတာဘဲ"
" ဆင်းရဲစဉ်က အမိဖမ်းမယ်ကြံပြီး အခုမှ ဘာကြောင့် ကိစ္စတုံးသတ်ချင်ရတာလဲ"
ထိုစကားကြောင့် မောင်တင်ဦရင်ထဲမှာ တုန်လှုပ်သွားမိသည်။ သစ်ပင်အောက်က လူနှစ်ယောက်စကားကို စိုးရိမ်စွာ နားစိုက်နေ၏။

" ကောင်လေးက သိပ်ငွေမက်တယ်တဲ့ကွာ၊ ဒါကြောင့် သတ်ချင်တာတဲ့"
" ဟ - ငွေမက်တယ်ပြောရအောင် အခု သူတို့ထီပေါက်မှ ချက်ခြင်းလာကြိုက်တာလား၊ သူတို့ချင်း ကြိုက်နေ ကြတာ ကြာပြီထင်မယ်"
" အေးလေ - အိမ်ကုပ်ကလေးမျာ ဆင်းဆင်းရဲရဲဘ၀ ကတဲက ကြိုက်နေခဲ့တာဘဲ။ အဲဒီအချိန်က ကောင် ကလေးမှာ အလုပ်ရှိတယ်ကွ။ အခုတော့ အလုပ်ပြုတ်သွားပြီတဲ့၊ သူတို့သမီးကို ဒီလိုလူနဲ့ မတူမတန်ဘူးပေါ့ ကွာ၊ ကောင်လေးကလဲ ငွေသိပ်မက်တော့ သိုက်သမားလက်ထဲ သူတို့သမီး အရောက်မခံနိုင်တဲ့သဘောပေါ့"
" သူခိုင်းတာလုပ်ပါပြီတဲ့ လက်ခက ဒို့သဘောကျပြောထားတဲ့အတိုင်းရမှာလား"
" ဒီကောင်လေးကို လက်စတုံးအောင်သာ လုပ်ပါတဲ့၊ တယောက်သုံးထောင်ဆိုတာကတော့ ချက်ခြင်းဘဲ"
"အနှေားလား ... အမြန်လား "

" ဒါကတော့ အဆင်ပြေသလိုပေါ့၊ ကောင်ကလေး ဒီအိမ်နား လာရစ်ရင်လဲ အကြောင်းရှာလုပ်ပေါ့၊ ဒီအိမ် နားမလာလဲ တွေ့တဲ့နေရာမှာ လုပ်ပေါ့"
" လုပ်တာ အရေးမကြီးဘူး မိရင် ဒို့ခံရမှာ "
" ဒါအတွက် မပူနဲ့ကွ၊ ဒီကိစ္စသူခိုင်းတော့ ငါကစီစဉ်အုံးမယ်၊ နောက်တနေ့လာပါ ချိန်းလိုက်တယ်။ သူမလာခင် ငါက အသံဖမ်းဘို့ အဆင်သင့်လျှို့ဝှက်လုပ်ထားပြီး သူလာတော့ သူပြောသမျှခိုင်းသမျှ စကားတွေအားလုံး အသံ သွင်းထားလိုပ်တယ်။ နောက် သူဒီလိုခိုင်းကြောင်း သူ့လက်ရေးနဲ့ စာရေးခိုင်း လက်မှတ် ထိုးခိုင်း ထားတယ်၊ ဒါကြောင့်ပေါ်ပေါက်ရင် သူရှောင်မနေ၀ံ့ဘဲ ဒို့အတွက် လွတ်မြောက်အောင်၊ အပြစ်ဒဏ်ပေါ့အောင် ငွေအား လူအား နဲ့ ဆောင်ရွက်မှာ၊ ငါက အဲဒီလို ပိုင်အောင် လုပ်ထားတယ်။

နောက် တချက်ကလဲ ဒီအမှုမပေါ်ရင်လဲ သူ့ဆီက လက်ခရပြီးတဲ့အပြင် အပိုငွေညှစ်နိုင်သေးတယ်လေ"
" မင်းအကြံပိုင်သားဘဲ၊ အသံဖမ်းစက်က မင်းဆီမှာ ရှိနေလား"
" ငါ့အသိတယောက်ဆီက ငှားတယ်လေ၊ ကိစ္စပြီးတော့ သူ့အသံဖမ်းစက် သူ့ပြန်ပေးလိုက်တာပေါ့၊ အသံသွင်းပြီးသား ကြိုးခွေက ငါ့လက်ထဲမှာ၊ ငါသိမ်းထားတယ်"
" အင်း...အရှည်သဖြင့် ငွေသု့းနေရမဲ့ကိစ္စဆိုတော့ ကောင်းသားဘဲ လုပ်ပေါ့ကွာ"
ဦးသာညွန့် လက်စွဲတော်နှစ်ယောက်၏ ပြောစကားများမှာ စကားလုံးတိုင်း မောင်တင်ဦး၏ ရင်ထဲမှ အသဲနှ လုံးကို တူနှင့်ထုနေသလို အောက်မေ့ရသည်။

သစ်ပင်အောက်က လူနှစ်ယောက်က မှောင်ရိပ်ထဲမှာ အတော်ကြာကြာ ဆိတ်ငြိမ်စွာနေကြပြီးမှ အိမ်ထဲ ပြန်ဝင်သွားကြသည်။ မောင်တင်ဦးက ဆိတ်ငြိမ်စွာ အရိပ်အခြေစောင့်ကြည့်နေ၏။ လူနှစ်ယောက်က ဦးသာညွန့်နှင့် ဒေါ်ကြည်ကို စကားအနည်းငယ် ပြောဟန်တွေ့ရသည်၊ ထို့နောက် တိုက်ခန်းထဲမှ ခေါက်ကုတင် နှစ်လုံးကို ယူထုတ်ကာ တိုက်ခန်းအပြင် တံခါးဝ တဖက်တချက်စီမှာ အိပ်ရာပြင်ဆင်ပြီးကြ သော အခါ ဦးသာညွန့်နှင့် ဒေါ်ကြည်တို့ တိုက်ခန်းသံတံခါးကို ဆွဲစေ့သော့ခပ်လိုက်၏။ အတွင်းမှ သစ်သား ခေါက်တံခါး ကို ပိတ်လိုက်ကြ၏။ လက်စွဲတော် လူမိုက် နှစ်ယောက်ကား တိုက်အပြင်ဘက်မှာခေါက်ကုတင် ကိုယ်စီ ဖြင့် သူဌေးမင်းနှင့် သူဌေးကတော်မိသားစု၏ သက်တော်စောင့် အိပ်ဖန်စောင့်များအဖြစ် ကျန်ရစ်ခဲ့ ကြသည်။

" ဒီ သစ်ပင်ပေါ်က ငါ ဘယ်လိုလုပ် ဆင်းရပါ့မလဲ"
မောင်တင်ဦးက ရင်ပူစွာတွေးသည်။ ဤလူမိုက်လူဆိုးတို့၏ လက်ချက်ဖြင့် အကျိုးမဲ့ သေရမည့်အဖြစ်ကို မောင်တင်ဦးက မလိုလားနိုင်ပေ။ နောက်တချက်ကလည်း ရာဇ၀တ်ဘေးပြေးမလွတ် ဟူသော စကားသည် အလွန်မှန်သည်။ သူ့ကို လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် အမှုပေါ်ပေါက်၍ ရဲက စစ်ဆေးမေးမြန်းပါက သူ အသက်တမျှ ချစ်ရသော ကြည်ကြည်နွဲ့သည် တသက်လုံး ဦးခေါင်းမဖော်နိုင်အောင် အရှက်ရတော့မည်ကို တွေးမိသည်။ ထို့ကြောင့် မောင်တင်ဦးသည် သတ္တိမကြောင်သော်လည်း အကျိုးမဲ့အသေခံခြင်း၊ ချစ်သူ အရှက် ရစေခြင်းကို မလိုလားနိုင်သည်ဖြစ်၍ ဤ လူဆိုးလူယုတ်တို့နှင့် ဝေးဝေးရှောင်နေလျှင် သင့်မည်ဟု စိတ်ကူး ကာ သစ်ပင်ပေါ်က ဆင်းနိုင်မည့် အခွင့်အရေးကို အထူးသတိထား စောင့်ကြည့်နေ၏။

ညကြည့် လက်ပတ်နာရီက ဆယ့်နှစ်နာရီခွဲကို ညွှန်ပြနေသော အချိန်ဝယ်၊ သူဌေးမင်း ဦးသာညွန့်၏ လက်စွဲ တော်နှစ်ယောက်ကား အိပ်ပျေ်သွားကြဟန်ဖြင့် ငြိမ်နေကြသည်။ မောင်တင်ဦးသည် သတိကြီးစွာထားကာ၊ ဘန်ဒါပင်ပေါ်မှ အသံမမြည်အောင် ငြင်သာစွာ ဆင်းလာခဲ့၏။ မြေပြင်သို့ ရောက်သည်နှင့်တပြိုင်နက် လုံချည်ခါးကြားထဲ ထိုးထားသော ဘိနပ်ကို မစီးတော့ဘဲ ခြေသံမမြည်အောင် ဘန်ဒါပင်ရိပ်မှ လျင်မြန်စွာ ပြေး ထွက်ခဲ့၏။
အိပ်မပျော်ဘဲ မှိန်းနေကြသော သူဌေးလက်စွဲတော် နှစ်ယောက်က မသင်္ကာဘွယ်အသံကြောင့် ဦးခေါင်း ထောင်ကြည့်လိုက်သောအချိန်တွင်ကား လျင်မြန်စွာ ပြေးသွားနေသော လူရိပ်တခုသည် သူတို့ လိုက်မမှီနိုင် အောင်ကိုက်တရာကျော်မျှ ဝေးကွာသွားလေပြီ။

" မသေချာဘဲ လိုက်လို့ ဆူညံဆူညံဖြစ်ရင် မကောင်းဘူးကွ"
တယောက်က ပြောသည်ကို ...
" သေချာလို့ လိုက်တော့ကော ဒါလောက် ဝေးနေတာ မှီမလားကွ"
ဟု ကျန်တယောက်က ဖြည့်စွက်ပြီး ပြိုင်တူ ပြန်အိပ်လိုက်ကြလေသည်။
အကြောင်း အမျိုးမျိုးသော စိတ်သောက တွေကြောင့် မောင်တင်ဦးသည် တညလုံး အိပ်မပျော်တော့ချေ။ အသက်ဘေးကြောင့် ရှိသမျှခွန်အားကို ညှစ်ထုတ်ကာ၊ ဦးသာညွန့်တို့ တိုက်ခန်းနှင့် ဝေးအောင် ပြေးလာခဲ့ရ သည်။ စိတ်ချလောက်သည့် နေရာရောက်မှ ပြေးခြင်းကို အရှိန်သတ်လိုက်ရသော်ငြားလည်း ခြေလှမ်းကိုကား မနှေးဝံ့ချေ။

မြန်နိုင်သမျှသော သွက်နိုင်သမျှသော ခြေလှမ်းဖြင့် မပြေးရုံတမယ် အသော့ နှင်လာခဲ့ရသည်။ ရှေ့နောက် ၀ဲယာ ကို ရန်သူအရိပ်အခြေကြည့်ရင်း ပင်ပန်းကြီးစွာ အိမ်ပြန်ရောက်လာခဲ့ရ၏။ အိမ်တံခါးကို အသေအချာ ပိတ်ဆို့ပြီး မောပန်းနွမ်းနယ်စွာဖြင့် အိပ်ရာပေါ် ခြေပစ်လက်ပစ် လှဲချလိုက်သော် လည်း အိပ်၍ကား မပျော် တော့ချေ။
ယုတ်မာပက်စက်သောဥာဏ်ဖြင့် လူငှားပြီး သူ့ကို အသေသတ်ရန် ကြံနေသော မတော်ရသေးသည့် ယောက္ခမလောင်းနှစ်ယောက် မျက်နှာကိုသာ မြင်ယောင်နေသည်။ ဤသို့သော အခြေအနေမျိုးအထိဖြစ် လာသည်ဆိုလျှင် သူနှင့် ကြည်ကြည်နွဲ့တို့ လက်ထပ်ရေးကား မည်သည့်နည်းနှင့်မှ ဖြစ်မြောက်အောင်မြင် မည်မဟုတ်ကြောင်း မောင်တင်ဦးက တွေးမိသည်။ ကြည်ကြည်နွဲ့က သူ့အပေါ် သစ္စရော မေတ္တာပါ မပျက်ဘဲ စွဲမြဲခိုင်မာသည် မှန်စေကာမူ တင်းကြပ်စွာ စောင့်ထိန်းချုပ်ထားသော မိဘလက်မှ မည်သို့လွတ် မြောက်နိုင်မည်နည်း။ လွတ်မြောက်အောင် ကြိုးစား၍ သူ့ထံရောက်လာလျှင်လည်း သူတို့ အိမ်ထောင်ရေး သည် အေးချမ်းသာယာမည် မဟုတ်တော့ဘဲ စိတ်ထားယုတ်သော ဦးသာညွန့်နှင့် ဒေါ်ကြည်တို့၏ ငွေအား လူအားဖြင့် ဖျက်ဆီးနှောက်ယှက်မှုကို ခံရမည်။ အသက်ကိုပင် လုပ်ကြံနေပြီဖြစ်ရာ သူ့အတွက်ကြောင့် ချစ်သူ ကြည်ကြည်နွဲ့အဖို့ စိုးရိမ်သောကဖြင့် မျက်ရည် ကျရမည့်အဖြစ်ကို မောင်တင်ဦး မလိုလားနိုင်ပေ။

သို့ဖြစ်လျှင် မောင်တင်ဦးအနေဖြင့် ဘာလုပ်ရမည်နည်း။
မိုးသာ စင်စင် လင်းသွားသည်။ မောင်တင်ဦး တမှေးမှ အိပ်မပျော်တော့ချေ။
ယုတ်မာပက်စက်သောဥာဏ်ဖြင့်လူငှားပြီး သူ့ကို အသေသတ်ရန် ကြံနေသော မတော်ရသေးသည့် ယောက္ခမ လောင်းနှစ်ယောက် မျက်နှာကိုသာ မြင်ယောင်နေသည်။ ဤသို့သော အခြေအနေမျိုးအထိ ဖြစ် လာသည်ဆိုလျှင် သူနှင့်ကြည်ကြည်နွဲ့တို့ လက်ထပ်ရေးကား မည်သည့်နည်းနှင့်မှ ဖြစ်မြောက်အောင်မြင် မည်မဟုတ်ကြောင်း မောင်တင်ဦးက တွေးမိသည်။ ကြည်ကြည်နွဲ့က သူ့အပေါ် သစ္စာရော မေတ္တာပါ မပျက် ဘဲ စွဲမြဲခိုင်မာသည် မှန်စေကာမူ တင်းကြပ်စွာ စောင့်ထိန်းချုပ်ထားသော မိဘလက်မှ မည်သို့ လွတ်မြောက် နိုင်မည်နည်း။

လွတ်မြောက်အောင် ကြိုးစား၍ သူ့ထံရောက်လာလျှင်လည်း သူတို့ အိမ်ထောင်ရေးသည် အေးချမ်း သာယာမ ည် မဟုတ်တော့ဘဲ စိတ်ထားယုတ်သော ဦးသာညွန့်နှင့် ဒေါ်ကြည်တို့၏ ငွေအားလူအား ဖြင့် ဖျက်ဆီးနှောက်ယှက်မကို ခံရမည်။ အသက်ကိုပင် လုပ်ကြံနေပြီဖြစ်ရာ သူ့အတွက်ကြောင့် ချစ်သူ ကြည်ကြည်နွဲ့အဖို့ စိုးရိမ်သောကဖြင့် မျက်ရည် ကျရမည့်အဖြစ်ကို မောင်တင်ဦး မလိုလားနိုင်ပေ။
သို့ဖြစ်လျှင် မောင်တင်ဦးအနေဖြင့် ဘာလုပ်ရမည်နည်း။

မိုးသာ စင်စင် လင်းသွားသည်၊ မောင်တင်ဦး တမှေးမှ အိပ်မပျော်တော့ချေ။
အိပ်ရာမှထကာ အိမ်အ၀င်အထွက် တံခါးမကြီးကိုမဖွင့်ဘဲ၊ ညက သေချာစွာ ပိတ်ထားပြီး ပြတင်းပေါက် များ ကိုသာ ဖွင့်လိုက်သည်။ ပြတင်းပေါက်များကား ရှေးအိမ်ကြီးပီပီ ငါးမူးလုံး သံတိုင်ကြီးတွေ စိုကထားသည် ဖြစ်၍ လူဝင်မရချေ၊ လေနှင့်အလင်းရောင်သာ ၀င်သည်။

မောင်တင်ဦးက မျက်နှာသစ် ရေချိုးပြီး ကော်ဖီခါးခါးတခွက်ဖျော်သောက်လိုက်၏။ စိန်ပြေနပြေရေချိုးပြီး ကော်ဖီ ခါးခါး သောက်လိုက်သောအခါမှ အိပ်ပျက်ခြင်းဖြင့် လေးလံထိုင်းမှိုင်းနေသည်များ ပျောက်သွားကာ လန်းဆန်း ပေါ့ပါးလာသည်။ ကော်ဖီသောက်ပြီး တယောက်စာ ထမင်းဟင်းကလေးစီမံချက်ပြုတ်နေစဉ်မှာ အိမ်ရှေ့က တံခါးခေါက်သံ ကြားလိုက်ရသောအခါ မောင်တင်ဦး ခေါင်းနဘန်းကြီးသွားသည်။ သူ့အသက်ကို ချွေဖျက်ရန် ကြံစည်နေကြပြီကို အသေအချာ သိထားပြီဖြစ်သောကြောင့် မောင်တင်ဦး အနေဖြင့် စိုးရိမ်မှု ဖြစ်သည်မှာ ဖြစ်ထိုက်ပေသည်။

တံခါးခေါက်သံက ဆက်တိုက်ပေါ်လာပြီး ...
" ကိုတင်ဦး ... ဟေ့ - ကိုတင်ဦး "
ဟူသော ခေါ်သံကို ကြားမှ စိုးရိမ်မှုကပျောက်သွားသည်၊ ထိုအသံကား မောင်တင်အုန်း အသံဖြစ်သည်။ သို့သော် မောင်တင်ဦးက သတိကိုရှေ့ဆောင်သည်။ ထို့ကြောင့် တံခါးကို ရုတ်ခြည်း ဖွင့်မပေးသေးဘဲ ဂျပန် ခေတ်စစ်ဗိုလ်အဖြစ် ဖခင် ကိုင်ဆောင်ခဲ့သော ဓါးရျည်ကြီးကို မြဲမြံစွာကိုင်ကာ ချောင်းကြည့်ပေါက်မှ ကြည့် လိုက်၏။ အိမ်တံခါးခေါက်နေသူကား မောင်တင်အုန်းအမှန်ပင်ဖြစ်သည်။ ဘောင်းဘီရှည်နှင့် စပို့ရှပ်နှင့် ဥရောပတိုက်သားပီပီ ၀တ်ဆင်ထားသည်။ ထိုအခါ မောင်တင်ဦးက ၀မ်းသာအားရဖြင့် တံခါးဖွင့်ပေး၏။ မောင်တင်အုန်း အိမ်ထဲရောက်သည်ဆိုလျှင်ပင် မောင်တင်ဦးက တံခါးကို သေချာစွာ ပြန်ပိတ်လိုက်သည်။

" ဘာလဲဗျ - ခင်ဗျားအမူအရာက တမျိုးပါ၊ အဖိုးကြီးသေတော့ အမွေပစ္စည်း ရွှေတွေ စိန်တွေ အများကြီး ရထားလို့ ဓမြ ကြောက်နေတာနဲ့တူတယ်"
မောင်တင်ဦး လက်ထဲမှာ ကိုင်ထားဆဲ ဓါးရှည်ကြီးနှင့် မောင်တင်ဦး အမူအရာကိုကြည့်ပြီးမောင်တင်အုန်းက ရယ်ရယ်မောမော မေးလိုက်၏။
" ဓမြကြောက်လို့မဟုတ်ဖူး ကိုတင်အုန်းရေ၊ ကျွန်တော့်ကိုမုန်းလို့ လူငှားသတ်ခိုင်းတဲ့ လူ ရှိနေတယ်၊ ဒါကြောင့် သတိထားနေရတာ"
မောင်တင်ဦးက ဓါးရှည်ကြီးကို ဓါးအိမ်ထဲ ပြန်ထည့်ရင်း ပြောသည်။

" ဘယ်လို ခင်ဗျားကိုမုန်းလို့ သတ်ခိုင်းနေတယ်ဟုတ်လား"
မောင်တင်အုန်းက အံအားသင့်စွာမေး၏။
" ဟုတ်တယ် "
" ခင်ဗျားက သူတို့ မုန်းလောက်အောင် ဘာတွေလုပ်ထားလို့လဲ"

မောင်တင်ဦးအဖို့ တိုင်ပင်အားကိုးစရာ ကြံရာမရ ဖြစ်နေဲဝယ် ညီအကိုတမျှ ခင်မင်သော မောင်တင်အုန်း ရောက်လာ၍ ၀မ်းသာအားရ ဖြစ်မိသည်။ ထို့ကြောင့် သူ့ဘ၀ အခြေအနေကို ကွယ်ဝှက်လိမ်လိုစိတ်မရှိဘဲ ပြောပြလိုက်သည်။ တနည်းအားဖြင့်လည်း မောင်တင်အုန်းအနေဖြင့် နှုတ်ဖွာအာချောင်ခြင်းမရှိ၍ ယုံယုံ ကြည်ကြည် ဖွင့်ဟ ပြောပြလိုက်ခြင်းဖြစ်သည်။ မောင်တင်ဦး ပြောပြသည်များကို ကြားရသောအခါ မောင်တင်အုန်းသည် အမှန်တကယ်ပင် စိတ်မကောင်းဖြစ်မိသည်။
"ခင်ဗျား ဘေးအန္တရာယ်က မသေးဘူးနော် ကိုတင်ဦး၊ ခင်ဗျား အခုလို အိမ်ထဲမှာ တသက်လုံး ပုန်းနေနိုင် မလား"
မောင်တင်အုန်းက စိုးရိမ်စိတ်ဖြင့် ပြော၏။

မောင်တင်အုန်းပြောသည်မှာ ဟုတ်ပါသည်။ တသက်လုံး အိမ်တွင်းပုန်းနေရမည်မှာ လုံးဝမဖြစ်နိုင်မှန်း မောင်တင်ဦး စဉ်းစားမိသည်။ တသက်တာ စားဝတ်နေရေးအတွက် အိမ်ထဲက ထွက်ရပေမည်။ မိမိအသက် ကို လုပ်ကြံနေကြောင်း အသေအချာသိနေပြီးမှ အိမ်ထဲမှာ နေသည်ဖြစ်စေ၊ အိမ်ပြင်မှာနေသည်ဖြစ်စေ၊ စိတ် အေးချမ်းသာ ရှိပါတော့မည်လော၊ ထိတ်ထိတ်လန့်လန့်ဖြင့်သာ သွားလာ လှုပ်ရှားနေရမည့် ဘ၀ပါတ ကား။ မည်မျှ စိတ်ဆင်းရဲစရာ ကောင်းမည်နည်း။ မောင်တင်ဦးက ဘာမှ ပြန်မပြောသေးဘဲ၊ စိတ်မချမ်းသာ ခြင်းဖြင့် ငိုင်နေသည်။

" ရဲကို တိုင်ထားရင် မကောင်းဘူးလား "
မောင်တင်အုန်းက အကြံပေး၏။
"ကိုယ့်ဘက်က သက်သေမရှိဘူး ကိုတင်အုံး ထီပေါက်ထားလို့ ငွေနှစ်သိန်းပိုင်ဆိုင်ထားတဲ့ လူဂုဏ်တန် တစ်ယောက်က သူ့နာမည် သူ့ဂုဏ်ကို ဖျက်ပါတယ်လို့ ပြန်တရားစွဲတော့ ကိုယ်အချုပ်ထဲရောက်နေမှာ သေချာ တယ်။ သူတို့ကြံစည်တာ သိနေပေမဲ့ ကိုယ့်ဘက်ကမပိုင်ဘူး"
မောင်တင်ဦး က စဉ်းစဉ်းစားစားပြော၏။

" ဘာ့ကြောင့် မပိုင်ရမှာလဲဗျ၊ အသံဖမ်းစက်ငှားလိုက်တဲ့လူ၊ အသံသွင်းကြိုးခွေ ဒါတွေဟာ သက်သေပေါ့"
မောင်တင်အုံးက အကြံပေး၏။
" မလွယ်ဘူး ကိုတင်အုန်းရေ၊ သူတို့ လူမိုက်လောက ကလျင်တယ်နော်၊ ကျွန်တော့် ယောက္ခမလောင်းကြီးက ငွေနဲ့ ဆို့ပြီး ကြံစည်အစဖျောက်မျာတွေ ထည့်တွေးအုံး၊ နောက်တချက် ကျွန်တော် ငဲ့စရာက ကြည်ကြည် နွဲ့အဖို့ ဂုဏ်ပျက်မှာ စိုးရိမ်တယ်"
မောင်တင်ဦးက ပြန်ပြော၏။ မောင်တင်အုံးက ဘာမှ ဆက်လက် အကြံဥာဏ်မပေးတော့ဘဲ ခေတ္တမျှ နှုတ် ဆိတ်သွားသည်။ အတန်ကြာမှ မောင်တင်အုံးက စတင်စကားပြော၏။
" ဒီနေ့ ဧပြီလ ဆယ့်သုံးရက်နော် "
" ဟုတ်တယ် ကိုတင်အုံး "
" ကျွန်တော်လာခဲ့တာ အဲဒီကိစ္စဘဲ ကိုတင်ဦး"
မောင်တင်ဦးက စဉ်းစားဟန်ဖြင့် -
" ဘာကိစ္စလဲ "
ဟုပြန်မေး၏။

" ခင်ဗျားကလဲ ရည်စားကိစ္စပွေလို့ မေ့နေပြီနဲ့တူတယ်၊ ခင်ဗျားအဖေနဲ့ မေဂျာဝှိုက်တို့ ရောက်ခဲ့တဲ့ နေရာကို ကျွန်တော်သွားဘို့ စီစဉ်ရာမှာ ခင်ဗျားကို လိုက်စေချင်တယ်လို့ ပြောခဲ့တဲ့ ကိစ္စလေ"
ထိုအခါမှ မောင်တင်ဦးက -
" အော် မှတ်မိပြီ - မှတ်မိပြီ"
ဟု ခွန်းဆင့်ဆိုလိုက်၏။

" ဘယ်လိုလဲ လိုက်နိုင်မလား၊ ခင်ဗျား ထိတ်ထိတ်လန့်လန့်နဲ့ ဒီမှာနေရတာထက်စာရင် သူငယ်ချင်း နှစ်ယောက် တောထဲတောင်ထဲမှာ လွတ်လွတ်လပ်လပ်သွားနေရမှာ ဘယ်လောက်စိတ်ချမ်းသာ ဘို့ ကောင်း မလဲ။ လိုက်ခဲ့ပါ ကိုတင်ဦးရာ"
မောင်တင်အုံးက ညီအကိုအရင်း လေသံမျိုးဖြင့်ဆို၏။ မောင်တင်ဦးကလည်း သူ့အခြေအနေကို သူပြန်စဉ်း စားကြည့်သောအခါ မောင်တင်အုံးနှင့်အတူ စွန့်စားခြင်းသည် သာလျှင် သူ့အဖို့ ဘေးကင်းရန်ကင်း အသင့် လျော်ဆုံး ဖြစ်သည်ဟု စိတ်ကို ဆုံးဖြတ်လိုက်၏။ ကြည်ကြည်နွဲ့ကို အသဲနှလုံးထဲက လှိုက်လှဲစွာ ချစ်ခင်စွဲ လန်းပါသော်လည်း ပေါ်ပေါက်လာမည့် ဘေးအန္တရာယ်တွေကို မိုက်ရူးရဲစိတ် တဇွတ်ထိုးစိတ်ဖြင့် ရင်ဆိုင် လိုစိတ်မရှိချေ။ ဦးသာညွန့်တို့ သွေးပူနေစဉ် အမှားအမှန် ဝေဖန်သုံးသပ်မှု မပြုနိုင်ဘဲ မောဟဖုံးလွှမ်းနေစဉ် မှာ ရှောင်နေခြင်းသည် အသင့်လျော်ဆုံးဖြစ်ကြောင်း စဉ်းစားမိသည်။

ဆက်ရန်
.

4 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ...စောင့်မျှော်အားပေးလျှက်ပါ
ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

Anonymous said...

Thanks

Anonymous said...

တရက်မှတပိုဒ်ဘဲဖတ်ရတယ် စနေ တနင်္ဂနွေလဲ နားသေးတယ်
ဘာဘဲဖြစ်ဖြစ်ဖတ်နေရတာကိုဘဲကျေးဇူးအများကြီးတင်ပါတယ်
ကျမ်းမာချမ်းသာပါစေ

SHWE ZIN U said...

အခါတိုင်း မနားပါဘူးဗျာ အလုပ်များနေလို့ပါ ဘယ်လိုမှ ရိုက်ချိန်မရလို့ပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး