''သူ့မှာ ကျွန်တွက်၊
တဆံရွက်မျှ၊
ချစ်သက်ချစ်ငွေ့၊
မကျန်၍။ ။''
ဤအတိုင်းပါပင် အူတွေရော အသဲတွေရော နှလုံးကျောက်ကပ်တွေပါ ပုံချစ်ပါ၍ ကျမက ကျမချစ် လေသူများ အတွက် (ဖေဖေတယောက်ထဲတွင် မဟုတ်) အပမ်းတကြီးဆောင်ရွက်ခဲ့ပါသော်လည်း၊ ကျမ ချစ်သူ များသည် ကျမအတွက် တဆံရွက်မျှ ချစ်သက်ချစ်ငွေ့မရှိကြပါ။ တနေ့ကပင် ညီမလေး နုနု ကို ပြောပြ ရ၏။
''ငါကတော့ ဆရာမင်းသုဝဏ်လို ကဗျာနုနုလေးတွေ မစပ်တတ်ဘူးကွယ်၊ ဒါပေမင့် ကဗျာတပုဒ်တော့ ရွတ်ပြ ချင်တယ်...'' သူကရွတ်ပြပါဟုဆို၏။
''ဒီတသက်တော့၊
ဘယ်သူ့တွက်မှ၊
မျက်ရည်တစက်၊ မကျပြီ''။ ။
ကျမကဗျာဆုံးလျှင် သူကရယ်ပါတော့သည်။
ဘယ်သို့ပင်ဆိုစေ ကျမအဖြစ်က ကိုးလိုးကန့်လန့်ကြီးပါပင်တည်း။
ဘခင်ကြီးသည် စိတ်လုံးဝနောက်နေသူလား-ဟုဆိုပြန်လျှင်လည်း မဟုတ်ပါ။ ဒါဖြင့် လူကောင်းတစ် ယောက် ဦးနှောက် လားဆိုတာလည်း ဟုတ်သည်ဟု မဖြေနိုင်ပါ။
သို့သော် သူကတော့ သူ့ကိုယ်သူ လူကောင်းတယောက်အနေနှင့် ခေါင်းဆောင်ကြီးတယောက်လို လုပ်ကိုင် လိုက်သည့် အလုပ်တွေက ၀က်ဝက်ကွဲ၊ သူလုပ်သမျှ အကောင်းထက် အဆိုးက ပိုဖြစ်သည်။
ဒီလိုဖြစ်၍ သူတပါးက လက်ညှိုးထိုးခါ ဖေဖေ့ကိုအပြစ်တင်ပါလျှင် နင်ဘဲငဆ ဆိုပါလျှင်လည်း ကျမက ဖေဖေ့ ဘက်က ဆတ်ဆတ်ခါနာရသည်မှာအမော၊ သို့ပါသော်လည်း ''ငါ့သမီးလေးက ငါ့ဘက်ကပါ လား''ဟူ၍ ဖေဖေ ကလည်း မထင်၊ ဤသို့ပင် ဇာတ်လမ်းက ရှုတ်ထွေးလိုက်သည်မှာ ဘယ်သူထွင်ခါမှ ဤဇာတ်လမ်းမှာ ဆုံးမည် ဟု မပြောနိုင်ပါပေ။ (သားအဖနှစ်ယောက်တည်း ကပ်၍ရှုတ်နေကြ၏။)
ယခုတော့ တရား၏တန်ခိုးတော်ဖြင့် ထွက်မည်ဆဲဆဲဒေါသ (အဦးစိတ်)ကို ချက်ခြင်းချက်ခြင်းထိန်းနိုင် ခြင်း ဖြင့် ကျမ ရင်မှာ တနေ့တခြား အေးလာပါသည်။
တဘက် ကလည်း လှည့်တွေးရသည်။
''ဘာပြောပြော ဖေဖေက စိတ်မနှံ့တဲ့သူမို့လား၊ စိတ်မနှံ့လို့ သူထင်ရာသူ ရှောက်လုပ်နေတာ၊ ကဲ... တ ကယ်လို့ အဲဒါတွေမလုပ်ပါဘူးတဲ့ လူအကောင်းတယောက်အနေနဲ့ မေမေသေသွားပြီးတဲ့နောက် နောက် မိန်းမ ယူ၊ အရက်တွေသောက်နေတဲ့ အဖေလူကြမ်းကြီးတယောက်ဖြစ်နေပါဘီတဲ့၊ ပိုပြီး စိတ်မ ဆင်းရဲ ရဘူးလား...''ကိုယ့်တရားကိုယ် ချရ၏။
တနေ့တွင်တော့ ကျမတို့မိတ်ဆွေ မမသက်အိမ်ကိုလာလည်၏။ သူသည် မင်းကြီးကတော်ဖြစ်သည့်ပြင် လိုင်စင် ခေတ်ကောင်း ကို မှီလိုက်၏။ သူတို့တွင် မောင်နှမဆယ့်သုံးယောက်ရှိသည်၊ အနည်းဆုံး လခနှစ်ရာ စားလောက် ထိ အဆင့်ရှိကြသည်။

''အဖြစ်ကတော့ အံ့သြစရာပါဘဲ မယု၊ တို့များမိဘဟာ တို့မောင်နှမတွေကို ခုနစ်တန်းလောက်ကအစ ဒီ ဂရီရတဲ့အထိ ထားခဲ့နိုင်တယ်၊ တို့များဟာ တလ ငါးကျပ်ဘဲစုပြီး တို့မိဘကို ကန်တော့အုံး၊ တလ ဖေဖေ တို့ဟာ ငါးဆယ်ကျော်မသုံးရပါလား... ခုတော့ ဖေဖေဟာ ငွေတဆယ်တောင် လက်ထဲဆုတ် သေမ သွားရဘူး၊ လူကြားရင်တောင် ယုံနိုင်စရာရှိသလား၊ မမသက် ခုထိမချိတာက ဖေဖေဟာ ဇရပ်အိုပေါ်မှာ ဆုံး ရတယ်၊ လူကြားကောင်းအောင်လို့သာ ဖေဖေတရားအားထုတ်ချင်လို့ဆိုပြီး သတင်းလွှင့်ရတယ်၊ မမသက် တိုက်ပေါ် ဖေဖေ့ကိုတင်ဖို့ မမသက်ယောက်ျားက မကြည်ဖြူလို့ မတင်ခဲ့ရဘူး၊ ရင်ကွဲစရာ ကြီး...''
မမသက် ရှိုက်ကြီးတငင်ငိုတော့မှ ကိုယ့်စိတ်ကိုယ်ဖြေသာလာပါသည်။ ''ဖေဖေသာ ဒီလိုများဖြစ်ရယင် ငါ ဘယ်လောက်ယူကြုံးမရဖြစ်မလဲ...''နောက်ပိုင်းတော့ ဇာတ်လမ်းတွေက အများကြီးကို တွေ့ရ၏။ သားကြီးက တိုက်ပေါ်မှာနေ၊ ချွေးမ မကြည်ဖြူ ၍ မိဘကို တဲငယ် နှင့် ထားရသည်။
လူအိုရုံကိုပင် နီးစပ်သူ ဆွေမျိုးမရှိပါဟူ၍ အမျိုးမျိုးညှာက ဘခင်အိုကို လူအိုရုံသို့ လာပို့ထားရသော အ ဖြစ်တခုကို တွေ့သောအခါတွင်မူ ကျမကြက်သီးဖြန်းဖြန်းထမိပါ၏။ ညနေတိုင်မှ မိန်းမမသိအောင် ဘိုင် စကယ်လေးစီးကာ ဘခင်အိုကို လာ၍တွေ့ရ၏။ ဘိုးဘွားရိပ်သာရှိ သက်ဆိုင်ရာတာဝန်ခံများက အမှန် ကိုမသိ၊ ခိုကိုးရာမဲ့သော အဘိုးအိုအား ထိုသူငယ်လေး နေ့စဉ်လာရောက်ကြည့်သည်ဟူ၍သာ သိ သည်၊ ယခုတော့ ထိုအဘိုးအို လူအိုရုံတွင် ရှိသည် မရှိသည် မသိတော့ပါ။ မိန်းမကို ဘာကြောင့်များ ဒါ လောက် ကြောက်ရ ပါလိမ့်။
သေသေချာချာတွေးကြည့်လျှင် ဘယ်လိုပင် ချမ်းသာချမ်းသာ ချောင်လည်ပါရက်နှင့် မိခင် ဖခင်ရှိရာသို့ တလ ဟင်းတခွက်၊ သို့မဟုတ် တလ ငွေ ၅-ကျပ်ရောက်အောင်ပို့ဖို့ဆိုသည်မှာ တချို့လူများအတွက် အလွန် ခက်၏။
ဖေဖေ့လို ခပ်''သောင်းသောင်းကျန်းကျန်း'' အဖေသာဆိုရင်တော့ ခက်သေး၊ သို့သော် လောကတွင် ကံ တရား ဆိုတာ ပါ ပါသေးတယ်ဟူ၍ စိတ်ဖြေရ၏။
ကျမ နှင့် ဖေဖေ၏ကုသိုလ်ကံသည် အလွန်အံ့သြစရာကောင်း၏။ ဆရာဝန်၏ညွှန်ကြားချက်အတိုင်း ကျမ အိမ်မှာနေ၍ ဆေးစား ဆေးကုသောကြောင့် ဆေးရုံမတက်ရတော့ပါ။ တဖြေးဖြေး ရောင်တာ ဖေါ တာ များလည်း ကျလာ၏။ ထမင်းတော့ စား၍မရသေး၊ အရသာကိုမရှိပေ၊ ကုသပေးသူမှာတော့ ဒေါက် တာလှထွန်းဖြစ်၏။
ဖေဖေ ကိုကို့ဆီသွားနေ၍ နှစ်လမပြည့်ခင် ၁၉၆၅ခုနှစ် ကဆုန်လပြည့်နေ၌ ကိုကိုက ဖြုံးဆို နှလုံးရောဂါ နှင့် စစ်ဆေးရုံတွင် ကွယ်လွန်သွားပါသည်။
ကိုကို အား ရေခဲတိုက်ထဲသွင်းပြီးနောက် ကျမခေါင်းထဲတွင် ဘာအစီအစဉ်မှမရှိခင် အကိုကြီးသည် ကျမ အား ကားပေါ်ဆွဲတင်၏။
''ငိုတာတွေ ဆွေးတာတွေ နောက်မှလုပ်ဟေ့... တို့အဘအကြောင်း တို့သိတယ်မို့လား... ချွေးမက ဘယ်လောက်ဘဲ တော်တော် သူ့ခမြာ ပူဆွေးနေတုန်း၊ မိချိုတို့ အဖေကြီးက တမှောင့်ဖြစ်နေမယ်၊ လာ သွားခေါ် ကြစို့''
ကျမသည် ဒီတော့မှ ဖေဖေ့သတိရခါ စစ်ဆေးရုံမှအပြန် ကျမတို့ကားလေးကို ကိုကို့အိမ်ရှိရာ ရွှေဂုန် တိုင်သို့ မောင်းသွားပြီး ဖေဖေ့ကို အကိုနှင့် ရဲဘော်တယောက် ပွေ့ထမ်းကာ အိမ်သို့ပြန်ခေါ်လာခဲ့ရပါ တော့သည်။
ကျမ နှင့် ဖေဖေ့ဇာတ်လမ်းက ဆက်၍ ကရပြန်သည်။
ကျမခင်ပွန်းသည်ဖြစ်သူ အကိုကြီးမှာ မအူပင် ပန်တပွတ်စခန်းရှိ ရှမ်းသေနတ်ကိုင်တပ်ရင်း(၁)သို့ တပ် ရင်းမူး အဖြစ် ပြောင်းရွေ့သွားရသော်လည်း ကျမမလိုက်နိုင်ပါ။ ကျမရောဂါအခြေအနေမှာ ဆိုးဝါးလာ၍ မြရတနာ ဆေးတိုက်မှ ဒေါ်မြမြအေးကခေါ်ယူခါ သူ့ဆေးတိုက်တွင် တင်ထားပါတော့သည်။ ကိုကိုဆုံး တော့ မှ ကျမက ဆေးရုံတက်ဖြစ်တော့သည်။ ဖေဖေ့ပေါင်ကျိုးစဉ်က ပြုစုသောအလှိုင် ပြန်ရောက်လာ၍ ဖေဖေ့ အတွက် ကျမစိတ်အေးသွား၏။
ဆေးရုံပေါ်တွင်တော့ ကျမတယောက်ထဲ ဆရာဝန်ကြီးဦးမင်းစိန်နှင့် ကုသခံနေရ၏။ သူက ကျမရောဂါ ကို စိတ် နှင့်လည်း ကုပါသည်။ ကျမပျော်ရွှင်အောင် ရယ်စရာတွေကိုလဲ ပြောပြပါသည်။ ကျမ သူရှေ့ တွင် ရယ် ပါသည်။ ကွယ်ရာမှာတော့ ငိုပါသည်။ နေ့လည် တရေးနိုးချိန်တွင်လဲ သူ၏ပြုံးရွှင်သော မျက် နှာကြီးနှင့် အနား တွင်လာရပ်တတ်၏။
''နိုင်ငံကျော် စာရေးဆရာမကြီးရဲ့ အန်ကယ် ကွယ်ရာကြရင် ဘာဖြစ်လို့ ငိုဒါလဲ...''
ကျမက ပြုံးပါ၏။ ''အန်ကယ် ဘယ်လိုလုပ်သိလဲ...''
''အောင်မယ်... အန်ကယ်က ဆရာဝန်အတတ်သာတတ်ဒါ မဟုတ်ဘူး၊ ဗေဒင်လက္ခဏာတန်ခိုးလဲ ရှိ တယ်၊ အန်ကယ် ကွယ်ရာ ဘယ်သူဘာဖြစ်လဲဆိုဒါ၊ အန်ကယ်သိတယ်''ဟုဆိုကာ လက္ခဏာကြည့်ရင်း ရယ်စရာ၊ မောစရာ ပြော၍ ထွက်သွားတတ်ပါသည်။ ရောဂါအကြောင်း ဘယ်တော့မှမပြော။ ကျမရင်ထဲ မှာတော့...။
''သူသာ ဖေဖေဖြစ်လိုက်ပါတော့ အားရှိစရာကောင်းလိုက်မဲ့ဖြစ်ခြင်း''ဟူ၍ ခဏခဏတွေးမိ၏။ ရောဂါကို က စိတ်ထိခိုက်လွယ်သည် ၀မ်းနည်းတတ်၊ အားငယ်တတ်သောရောဂါဖြစ်၏။ သူတို့ ဆရာဝန်မှတ်ချက် များ တွင်ပင် (Nerves weakmen, too much emotional and sensitiveness)ဟူ၍ အင်္ဂလိပ်လိုဖတ်ရ ၏။ မြန်မာလိုဆိုလျှင်ဖြင့် ဦးနှောက်ထဲတွင် အကြောအားနည်းလွန်းရကား စိတ်လှုပ်ရှားမှုနှင့် ခံစားမှု ဝေ ဒနာ ပြင်းထန် လာပါက နာကျင်ခြင်း၊ သွေးလှည့်မှုရပ်ပြီး ယောင်ခြင်း၊ မူးခြင်း၊ အားနည်းခြင်းးရောဂါပေါ် ရသည် ဟု ဆိုလေမလားတော့ မသိပါ။
ထို့ကြောင့် အန်ကယ် ဦးမင်းစိန်နှင့် ဖေဖေ့အကြောင်းယှဉ်တွေးမိတိုင်း မျက်ရည်ကလည်လာ၏။ (ဆရာဝန်ကြီး ဆိုသော ဂုဏ်ထူး-ရာထူးကြီးတွေကို ဆိုလိုခြင်းမဟုတ်ပါ။) ဖေဖေသာ ကျမ်းမာလို့ ဦး နှောက် ကောင်းရင် ငါ့အနားမှာ အခုလိုလာရပ်မှာဘဲ။ ဘယ်လောက်များ အားရှိလိုက်မလဲ ခုတော့ တို့ သားအဖ နှစ်ယောက် အသက်ရှင်ရက်နဲ့ တယောက်နဲ့တယောက် နားမလည်နိုင်ကြတဲ့ဘ၀ပါလားဟူ၍ တွေးမိခြင်း ကြောင့် ဖြစ်ပါသည်။
ကျမတရေးနိုးတွင် တခါတရံ အပါးလာရပ်သူမှာတော့ ဆရာဝန်မကြီး ဒေါ်မြမြအေး၊ သူကိုမြင်ပြန်တော့ လည်း ''မေမေသာ အသက်ရှင်ခဲ့ရင်'' ထိုအတွေးက ကျမနှလုံးသားကို နာကြင်သွားစေပါသည်။ ဒေါ်မြမြအေး မျက်နှာ သည် မီကင်းတွင် ကျမတွေ့ခဲ့သော ပြတိုက်တခုထဲမှ ပန်းပုဆရာတဦး ထုထား သော ကျောက်စိမ်း ယမင်းရုပ် နှင့် အလွန်တူသည်။ လိုက်လံပြသသူက ကျောက်စိမ်းတထုံးထဲနှင့် အ ဆက်အစပ်မရှိ ထုလုပ် ထားကြောင်းကို ဂုဏ်ယူ၍ပြောပြ၏။
ယခုဒေါ်မြမြအေးကိုမြင်သောအခါ ထိုပန်းပုရုပ်ကလေးကို အစဉ်သတိရ၏။ သူချောသည်၊ လှသည်ဟူ၍ ကျမ မဆိုလိုပါ။ သို့သော် စိမ်းမြသောကျောက်ဆစ်ထုလေးကို ကျမမြင်ရစဉ်က ဘ၀င်အေးသောခံစား ချက် ခံစားရသလို တညသော အကာလည ပထမဆုံး ဒေါ်မြမြအေးကို တွေ့စဉ်က ကျမရင်ထဲတွင် ခံ စားရသော အတွေး နှင့် တူသောကြောင့် နှိုင်းယှဉ်မိခြင်းဖြစ်ပါသတည်း။
''ဟိုတယောက်ကတော့ မင်းအတွက် အလွန်စိတ်ပူရက်ဘဲ သူ့ရှေ့တန်းမှာတဲ့ မယုရယ်၊ ကိုယ်ကလဲ မင်း ကျန်းမာရေး တိုးတက်လာတဲ့အကြောင်း တယ်လီဖုန်းထဲက ပြောပြလိုက်တယ်။ ဆရာဝန်ခွင့်ပြုရင် မင်းတို့ နှစ်ယောက် တယ်လီဖုန်းထဲမှာ တွေ့ကြဒါပေါ့...''
''ကိစ္စမရှိပါဘူး၊ မမရယ်။ စစ်သားမိန်းမတွေဟာ ဒီလိုပါဘဲ... မိန်းမနေမကောင်းလို့ စစ်ဆင်ရေး မသွား နိုင်ဘူး ဆိုရင် ခက်ကုန်မှာပေါ့၊ မယုနေကောင်းတယ်လို့သာ အကြောင်းပြန်လိုက်ပါ'' သူသည် ပြုံး၍အေး ဆေးစွာ ပင် စကားဆိုကာ အခန်းထဲမှ ထွက်သွားတတ်ပါသည်။
''နင်ဟာ၊ နင့်ကိုယ်နင် သိတ်သနားတတ်ဒါဘဲနော်... ဇာတ်လိုက်ဖြစ်ချင်လိုက်ဒါ အလွန်ဘဲ၊ တကယ် တော့ သနားစရာ လဲ မဟုတ်ပါဘူး၊ ဘယ်သူမဆို နောက်ဆုံးတော့ တယောက်ထဲဘဲ၊ ခုလဲ တယောက် ထဲဘဲပေါ့။ လူတွေဟာ ဆရာဝန်နားကြပ်နဲ့ စမ်းသတ်ပြီး သူနာပြုဆရာမလေးတွေ လက်ထဲမှာ သေ သွားကြဒါဘဲ။ ဖေဖေ ရှိစေချင် ရဒါနဲ့ မေမေရှိစေချင်ရဒါနဲ့ ကိုယ့်ဇာတ်ထုတ်မှာကိုယ်က အလွမ်းမင်းသမီး လေး ဖြစ်ချင်လိုက်ကြဒါ။ ရန်ကုန်ထွက်လာတော့ကော မိခင်ယု နင်တယောက်ထဲဘဲမို့လား အခုလဲ တ ယောက်ထဲ ညနေကျ တရုပ်ကြီးလာပို့တဲ့ ထမင်းစား၊ အဆင်ကိုပြေလို့မို့လား၊ ဘာများ ၀မ်းနည်းစရာရှိ လဲ သူများတွေမှာ နင့်လောက် မှ အဆင်ပြေရဲ့လား...''
ကိုယ့် ဖာသာ ကိုယ်အားပေးရင်း မြရတနာဆေးတိုက်မှာ နှစ်လနှင့်နှစ်ပတ်တိတိကြာပါသည်။ ပန်တပွတ်တွင် အပန်းဖြေရင်းလိုက်နေပါရန် အကိုက လာခေါ်ပါသည်။ အလှိုင်ကို ဖေဖေနှင့်ထားခဲ့၍ မိ ကလည်း ကျောင်းမှ တပတ်တခါလာကြည့်ဖို့ စီစဉ်ထားကြောင်းပြောပါသည်။
ကျမ တို့ ခရီးထွက်ရန် ပစ္စည်းများ စီစဉ်ဆဲ အကိုက စာတစောင်လာပေးပါသည်။ ''ရော့ဗျာ စာရေးဆရာမကြီး ရဲ့ အဖေက စာတစောင် ပေတဖွဲ့နဲ့ သားမက်ကို စာရေးသဗျ ဖတ်ကြည့်ပါ အုံး...''
စာထဲတွင်မူ...။
မောင်ကျော်သောင်းခင်ဗျား၊
လူ့စိတ်ဟာ မျောက်စိတ်နှင့်အလွန်တူပါသည်။ ကုသိုလ်နှင့် အကုသိုလ်စိတ်လည်း အမြဲယှဉ် ရက် ရှိပါ သည်။ ကျုပ်က ခင်ဗျားအပေါ် ပြုခဲ့တဲ့အမှားရှိလဲ ခွင့်ပြုပါ၊ ခင်ဗျားက ကျုပ်အပေါ် ပြုခဲ့တဲ့အမှားရှိရင်လဲ ခွင့်လွှတ်ပါတယ်။
မောင်မောင်(ဗိုလ်မှုးသီဟ)ဆုံးတဲ့နေ့က ကျုပ်ကိုခင်ဗျားကိုယ်တိုင် ပွေ့ပြီးကားပေါ်တင် ပြန်ခေါ် လာတော့ ကျုပ်ဘယ်လိုကျေးဇူးတင်မှန်းမသိဘူး။ ဒါပါဘဲ။
ကျန်းမာချမ်းသာကြပါစေ။
မောင်ဘ။
ကျမမှာ စာဖတ်ပြီးရယ်မိပါတော့သည်။ မေမေပြောစကားကိုလည်း ကြားယောင်လာပြန်သည်။
''သားသမီးနဲ့ မိဘဆိုတာ ကျွေးတုံကျွေးလွှဲ့၊ မွေးတုံမွေးလွှဲ့ ရှိတယ်ဆိုပေမဲ့ တချို့မိဘတွေက မနေ တတ် မစားတတ်တော့ လုပ်ကျွေးတဲ့ သားသမီးမှာ ငရဲဖြစ်တတ်တယ်၊ မိဘကလဲ ကုသိုလ်ဖြစ်အောင် စားတတ် နေတတ်ရတယ်'' ကျမကသာ မေမေ့စကားများကို ကြားယောင်နေရသည် ဖေဖေကတော့ ဘာမှမသိပါပေ။
ကျမ ပန်တပွတ် ကို လိုက်မသွားခင် အောက်တိုဘာလ ၂၇ရက်နေ့၌ ဦးနု ထိန်းသိမ်းခံရခြင်းမှ လွတ်လာ ၏။ သူသည် ပြင်ပအခြေအနေကို ဘာမှသိပုံမပေါ်ပါ။
တနေ့ တွင် ဦးနု၏သားအငယ် ကိုအောင်နှင့်ကျမ သူတို့ခြံထဲတွင် စကားပြောနေကြ၏။ ကိုအောင်က ထူးထူး ခြားခြား မေးခွန်းတခုမေး၏။
''မမယု တို့ အဖေဘက်က အမျိုးတွေဟာ ဘာကိုဘဲဖြစ်ဖြစ်၊ သူတို့လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ဇွတ်လုပ် တာ ဘဲနော်... ခေါင်းမာတာအလွန်ဘဲ'' ကျမကရယ်ပါသည်။
ဆက်ရန်
.

No comments:
Post a Comment