အဖေက သည်လိုသဘောထားလိုက်တော့ ကျွန်တော့်အတွက် စာဖတ်ချိန်တွေ ပိုရလာပါတယ်။ ခု ကျွန်တော် ရူပဗေဒရှင်းလင်းချက်ကို ဖတ်နေပါတယ်။ ကျွန်တော့ လေရဟတ်မှာ ရူပဗေဒသဘောတရား တွေ အများကြီးပါနေလို့ပါပဲ။
လျှပ်စစ်ဓာတ်အား ဘယ်လိုရွေ့လျားတယ်၊ ဘယ်လို လည်ပတ်တယ်။ သူ့ကို ဘယ်လိုထိန်းချုပ်နိုင် တယ် ဆိုတာတွေ ရှင်းထားတဲ့ စာအုပ်ပါ။ ပြီးတော့ အိမ်တွင်း ဓာတ်ကြိုးသွယ်တန်းမှုအခန်းကိုလည်း ကျွန်တော် လေ့လာပါတယ်။ ပြိုင်ဆက်လျှပ်စီးကြောင်း၊ တန်းဆက်လျှပ်စီးကြောင်း ပြီးတော့ အေစီနဲ့ ဒီစီ တို့ရဲ့ အသေးစိတ်ဂုဏ်သတ္တိတွေ၊ အားလုံး လျှောက်ဖတ်ပါတယ်။ ဒီစာအုပ်သုံးအုပ်ကိုပဲ ဖင်ပြန် ခေါင်းပြန် ဖတ်နေတော့ ဆရာမ ဆီကီလိုက မျက်မှောင်ကြုတ်ပြီး မေးပါတော့တယ်။
''ဟဲ့ ၀ီလျံ၊ နင် စာမေးပွဲအတွက် စာမဖတ်ဘဲ ဘာတွေ လျှောက်ဖတ်နေတာလဲ''
''ဘာရယ်လို့မဟုတ်ပါဘူး ဆရာမရယ်၊ မျှော်စင်တစ်ခု ဆောက်မလားလို့ပါ။ ပြီးရင် ဆရာမ တွေ့ရမှာပါ''
သံပုံချိုင့်ကို ခဏခဏရောက်တော့ ကျောင်းကို ကျွန်တော်အလွမ်းပြေပါတယ်။ သည်ပတ်ဝန်းကျင်မှာ ကျွန်တော် ပညာ တစ်နေ့တစ်မျိုးရနေပါတယ်။ မမြင်ဖူးတဲ့ပစ္စည်းတွေ တွေ့ရတယ်။ သူတို့ဘာတွေလဲ၊ ဘယ်လို အသုံးဝင်သလဲဆိုတာ စဉ်းစားတယ်။ ကွန်ပရက်ဆာအဟောင်းကြီးတစ်ခုတွေ့တော့ လေမှုတ် စက်မှ ဟုတ်ရဲ့လား၊ မိုင်းဗုံးကြီးလားပေါ့။ တကယ့် ကွန်ပရက်ဆာအသေးလေးတစ်လုံး တွေ့တော့ ကျွန်တော် လှုပ်ကြည့်တယ်။ အထဲက တတောက်တောက်မြည်သံကြားတယ်။ အဲဒီမှာ ကြိုးစားပြီး ကျွန်တော် ဖွင့် တော့တာပဲ။
တခါတလေ အပျော်လွန်ပြီး ကိုယ့်ကိုကိုယ် မက်ကင်းနစ်တစ်ယောက်လိုထင်လိုက်၊ ထွန်စက်မောင်းသ မားလိုထင်လိုက်နဲ့ ဖြစ်နေတတ်သေးတယ်။ ထွန်စက်အပျက်တွေပေါ် တက်ထိုင်ပြီး စိတ်နဲ့မောင်းတဲ့အ ခါ မောင်းကြည့်တယ်။ မြောင်းတွေ ပို့တွေ ထွန်စက်နဲ့တူးတယ်၊ ဖို့တယ်၊ ပေါက်တူးကို နေရောင်ခြည်ထဲ မှာ လွှင့်ပစ်လိုက်တယ်။
ဟောဒီ လယ်ထွန်စက်ကြီး တကယ်နိုးလာရင် ဘယ်လောက်ကောင်းမလဲလို့လည်း တွေးမိပါရဲ့။ သံပုံ ချိုင့် တစ်ခုလုံး အိမ်သယ်သွားချင်စိတ်လည်းပေါက်မိရဲ့။
သိပ်မကြာလိုက်ပါဘူး။ ကျွန်တော် အရူးထတာကို လူမိသွားပါတော့တယ်။ သံချေးတက်နေတဲ့ ပစ္စည်း အတိုအစတွေ သယ်သယ်သွားတာကို ကျောင်းသားအချို့မြင်သွားပါတယ်။ အဲဒီမှာ ''၀ီလျံတစ်ယောက် အမှိုက် လိုက်ကောက်နေတယ်ဟေ့''ဆိုတဲ့ သတင်းပျံ့သွားပါတော့တယ်။ ဒီသံသင်္ချိုင်းမှာ ကျွန်တော့်ကို မကြာခဏ သူတို့တွေ့နေတော့ ''ဒီကောင် ရူးနေပြီထင်တယ်''လို့ပြောတဲ့ ကောင်လေးတွေလည်း ရှိလာ ပါတယ်။
ကျွန်တော့်ကို နားလည်တဲ့သူဆိုလို့ တစ်ယောက်ပဲရှိတော့တယ်။ ဂျက်ဖရီက ''ချီပမ်ဘာ''မှာနေတဲ့ ကျွန် တော့်တို့ဦးလေးတစ်ယောက်ရဲ့ ပြောင်းခင်းမှာ သွားအလုပ်လုပ်နေတော့ ဂီးလ်ဘတ်တစ်ယောက်ပဲရှိပါ တော့တယ်။
ကျွန်တော့ကို ရူးနေပြီထင်တဲ့ ကျောင်းသားတွေက သူတို့မိဘတွေကို ပြန်ပြောကြပါတယ်။ ဒီသတင်း ဟာ ချက်ချင်းပျံ့သွားပြီး အမေ့နားကို ပေါက်သွားပါတယ်။
သံတိုမယ်နတွေနဲ့ ပြန်ရောက်လာတဲ့ ကျွန်တော့်ကို အမေကကြည့်ပြီး ခေါင်းယမ်းပါတယ်။ ပြီးတော့ ကျွန်တော့် အခန်းထဲ ၀င်ကြည့်ပြီး
''နင် ဘယ်လိုဖြစ်နေတာလဲ ၀ီလျံ၊ နင့်သူငယ်ချင်းတွေ နင့်လို မဟုတ်ပါဘူး။ ဂီးလ်ဘတ်အိမ်သွားရင် သူ့ဆီမှာ ဒီလိုအစုတ်ပလုတ်တွေ တွေ့လား။ နင့်အခန်းကို ပြန်ကြည့်စမ်း၊ အရူးတစ်ယောက်ရဲ့အခန်းနဲ့ သာ တူတော့တယ်။ အခန်းထဲမှာ အမှိုက်တွေသိမ်းတာ အရူးတွေပဲရှိတယ်''
အဲဒီညမှာပဲ အမေက အဖေ့ကို ပြောတယ်။
''သူ မိန်းမယူရင် အဲဒီမိန်းမကို ဘာနဲ့ကျွေးမလဲ''
''လွှတ်ထားလိုက်ပါကွာ၊ သူ ဘာဖြစ်လာမလဲ စောင့်ကြည့်ကြသေးတာပေါ့''
နောက်ရက်သတ္တပတ်တွေထဲမှာ မှော်အတတ်နဲ့စီရင်လိုက်သလို ကျွန်တော်ရဲ့ဗြုတ်စဗျင်းတောင်းတွေ တဖြည်းဖြည်း စီစီညီညီဖြစ်လာတယ်။ ပလတ်စတစ်ပိုက်အကြီးလိုတာနဲ့ ဂီးလ်ဘတ်က အဖေမသိ အောင် သူတို့ ရေချိုးခန်းအတွက် ပိုက်ကို မြေကြီးထဲက သွားတူးပြီး ဖြတ်ယူခဲ့ပါတယ်။ ရွှံ့ပုတ်စော် နံလိုက်တာမှ အော့ချင် အန်ချင်ဖြစ်သွားပါတယ်။
ဆေးကြောပြီး ပိုက်ကို အိမ်ယူသွားပါတယ်။ သံဖြတ်လွှနဲ့ အလယ်တည့်တည့်က ဖြတ်ချလိုက်တယ်။ ပြီး တာနဲ့ မီးဖိုချောင်နောက်ဖက်မှာ မြက်ခြောက်တွေကို မီးရှို့ပြီး မီးတောက်ထဲကို ပိုက်လုံးထည့်လိုက် တယ်။ ပျော့လာတာနဲ့ ဒလိမ့်တုံးနဲ့ လှိမ့်ပြီး ပြားလိုက်တယ်။ ပြီးမှ လေးပေ လေးပြား အညီဖြတ်လိုက် တယ်။ ချက်ချင်းပဲ လယ်ထွန်စက်က ရလာတဲ့ ပန်ကာရွက်နဲ့ သွားဆက်ချင်တယ်။ ဒါပေမဲ့ မူလီခေါင်း တွေ၊ နတ်ခေါင်းတွေ မရှိသေးဘူး၊ သံပုံချိုင့်မှာ ဒါမျိုးတွေ ပေါမှပေါပေါ့။ ဒါပေမဲ့ ကျွန်တော်မှာ ခွအစုတ် ကလေးတစ်ချောင်းပဲရှိတယ်။ ဘယ်လိုမှ သံချေးကိုက်နေတဲ့ ဘုတ်ချောင်းတွေကို မဖြုတ်နိုင်ပါဘူး။
အဲဒီမှာလည်း ဂီးလ်ဘတ်ရဲ့အကူအညီနဲ့ အဆင်ပြေသွားပါတယ်။
ဒါဝတ်ဆိုင်မှာသွားပြီး လိုချင်တဲ့ ဘုတ်ချောင်းတွေ နတ်ခေါင်းတွေ တစ်ထုတ်ကြီး ၀ယ်လာပေးပါတယ်။ ကျွန်တော် သူ့ကို ကျေးဇူးတင် လို့ မဆုံးပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာက ဆက်စရာတွေရှိနေပါသေးတယ်။ သံဂဟေဆော်ဖို့ ကျွန်တော့် မှာ ပိုက်ဆံမရှိပါဘူး။ တစ်နေ့မှာတော့ ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ထင်းတွေ ကားပေါ်တင်နေတာ နဲ့ သွားကြုံပါတယ်။ ကုန်သည်က အလုပ်သမားရှာနေခိုက်ပါ။ အခြားကောင်လေး ဆယ်ယောက်နဲ့အတူ ကျွန်တော် ထင်းတွေကို ကားပေါ်ပစ်တင်ရပါတယ်။ စီတဲ့ကောင်က စီပေါ့။ နေပူကျဲကျဲထဲမှာပေမယ့် ကျွန်တော် အပျော်ကြီးပျော်နေပါတယ်။
ကျွန်တော်ငွေနှစ်ရာ ရခဲ့ပါတယ်။ သံဂဟေဆော်ဖို့ လုံလောက်ကောင်းပါရဲ့။ ရှော့ဘားနဲ့ စပရော့ကက် လို့ခေါ်တဲ့ ခွေးသွားစိတ်ဘီးကို ဆက်ရမှာပါ။ ပြီးတော့ လယ်ထွန်စက်က ဖြုတ်လာတဲ့ ပန်ကာရွက်တွေ မှ အပေါက် တွေလည်း ဖောက်ရပါဦးမယ်။ ဒါမှ လေရဟတ်နဲ့ ပန်ကာရွက်တွေ တွဲလို့ရမှာပါ။ ဈေးနားမှာ မစ္စတာဂေါ့စတင် ရဲ့ ၀ပ်ရှော့ရှိပါတယ်။ ကျွန်တော့်မှာ ပိုက်ဆံရှိပေမယ့် ကျွန်တော့်ပစ္စည်းတွေသယ်ပြီး သူ့ဆီ ရောက်သွားတော့ ဂဟေဆရာက ရယ်ပါတယ်။
''ရှော့ဘား အကျိုးအပဲ့နဲ့ ဘီးတစ်ဘီးတည်းရှိတဲ့ စက်ဘီးစုတ်နဲ့ ငါက ဆက်ပေးရမယ်ပေါ့။ ဟုတ်လား''
သူက လမ်းပေါ်မှာ ကစားနေတဲ့ ချာတိတ်တွေ ကြားလောက်အောင်ပြောပြီး ကျွန်တော့်ကို သရော်ပါ တယ်။
''သူ့အကြောင်း ကျွန်တော်တို့ကြားတယ်ဗျို့။ အမှိုက်ပုံပျော်တဲ့ အရူးကလေးတဲ့''
''သူက ထူးထူးဆန်းဆန်း ကစားစရာတွေနဲ့ ပျော်နေတဲ့အကြောင်ကလေးတဲ့''
ဒါမျိုးတွေ ကျွန်တော်နားမဆံ့အောင် ကြားနေရပါပြီ။
''အေး ငါ ဘာလုပ်နေတယ်ဆိုတာ မင်းတို့မကြာခင် သိရစေ့မယ်''
သူတို့က ရယ်ပြီးထွက်သွားကြတယ်။ ကျွန်တော်က မစ္စတာဂေါ့စတင်နဲ့ ဆက်စကားပြောပါတယ်။
''ခင်ဗျား မေးခွန်းကို ကျွန်တော်ဖြေမယ်၊ ဟုတ်တယ်။ ရှော့ဘားနဲ့ စက်ဘီးနဲ့တွဲမယ်။ ကျွန်တော်အရာ ပေးထားတဲ့နေရာမှာ ဆော်ပေးပါ။ လုံးဝ မမှားပါစေနဲ့''
အလုပ်ပြီးတာနဲ့ ပစ္စည်းကို ထမ်းပြိး ကျွန်တော်အိမ်ပြန်လာခဲ့ပတယ်။ ပြီးတော့ အခန်းထဲ ထောင်ထား လိုက်ပါတယ်။ လူတွေ ဘာကြောင့် ကျွန်တော့်ကို ရူးနေတယ်လို့ ထင်ကြတာလဲ။ ခွေးသွားစိတ်ဘီးက နေ ထောင်ထွက်နေတဲ့ ရှော့ဘားဟာ စက်ရုပ်ကြီးတစ်ရုပ်ရဲ့ လက်တစ်ဖက်နဲ့တူနေပါတယ်။
ပန်ကာရွက်ကြီးတွေက ကျွန်တော့် မျက်စိထဲမှာ ကျက်သရေရှိနေပါတယ်။ အခန်းထောင့်မှာတော့ ဘုတ်ချောင်း တွေ၊ နတ်ခေါင်းတွေ၊ သံချောင်းတွေ ပြီးတော့ အညိုရောင်အမဲဆီတုံးကြီးက စက်ဘီးချိန်း ကြိုးမှာ ချိတ်လို့။ လယ်ထွန်စက်က ဖြုတ်လာတဲ့ ပန်ကာက အမှောင်ထဲမှာ ခုပဲ လည်တော့မယောင်။ ဒါ တွေ ကို ဆင်ချင်လှပြီ။
ဒါပေမဲ့ မဖြစ်သေးပါဘူး။ အရေးကြီးဆုံး အဓိကပစ္စည်းတစ်ခုလိုနေပါသေးတယ်။ မီးထွက်မယ့်လျှပ်စစ် ဓာတ်အားထုတ်စက် ဒါလောက် ဈေးကြီးတဲ့ပစ္စည်းကို ကျွန်တော်ဘယ်လိုဝယ်နိုင်မှာလဲ။ ဒါဝတ်ဆိုင်က ဒိုင်နမိုတစ်လုံးဝယ်ပေးဖို့ အဖေ့ကိုမပြောရဲပါ။
အဲဒီမှာ အေစီမီးစက်တစ်လုံး ကိုယ့်ဘာသာလုပ်ဖို့ အကြံထုတ်ရပါတော့တယ်။ ကျွန်တော်လေ့လာထား သလောက် ပစ္စည်းများများ မလိုပါ။ သံလိုက်ရယ်၊ သံချောင်းတွေရယ်၊ ၀ိုင်ယာကြိုးရယ်ရရင် လုပ်လို့ရပါ ပြီ။ ဒါပေမဲ့ ဒါတွေကလည်း ရဖို့တော့ မလွယ်သေးဘူး။ ကွိုင်ပတ်ဖို့ လိုချင်တဲ့ ဂီတာ(အလုံး)နဲ့ ကြေးကြိုး ကျွန်တော့် မှာ မရှိပါဘူး။ ရေဒီယိုတစ်လုံးဖျက်လိုက်ရင်တော့ ရနိုင်တယ်။ ဒါပေမဲ့ ရေဒီယိုမော်တာကြိုး က သေးတယ်၊ တိုတယ်၊ ဗို့အားများများရမှာ မဟုတ်ဘူး။
နောက်ထပ် ရက်ပေါင်းများစွာ သံပုံချိုင့်ထဲမှာ သွားရှာပါသေးတယ်။ မော်တော်ကား ဖရိန်တွေကို မညီမ ညာဖြတ်ပြီး ပစ်ထားတဲ့ သံပြားအထူကြီးတွေကို လှန်လှောရှာတယ်။ မြက်ပင်ရှည်တွေထဲကို တောနင်း ရှာတယ်။ ဖျက်ဆီးပြီး လိုတာယူမယ်ပေါ့။ မတွေ့ပါဘူး။ စက်ဘီးဒိုင်နမိုလည်း တွေ့လိုတွေ့ငြား ရှာပါ သေးတယ်။ ကျွန်တော် ကံမကောင်ပါ။ ကံဆိုးတာက ဒီလိုပစ္စည်းတွေလိုက်ရှာပြီး ကောက်နေတာ ကျွန် တော် တစ်ယောက်တည်းမဟုတ်လို့ပါပဲ။ ချာတိတ်ကလေးတွေကလည်း လျှပ်စစ်မော်တာကလေးကို လိုက် ကောက်ကြတယ်။ သူတို့ကတော့ အထဲက ကြေးနီဝိုင်ယာ ကို ထုတ်ပြီး ကစားစရာလုပ်ကြတာပါ။
တစ်နေ့မှာ သူတို့နဲ့သွားတိုးပါတယ်။ ''ဟေး ကောင်လေးတွေ နေဦး''ခေါ်တော့ စွတ်ပြေးပါလေရော။ ကျွန်တော့်ကို ဘာလို့ သူတို့ကြောက်နေကြပါလိမ့်။ ကျွန်တော့်ကို အရူးတစ်ယောက်လို့ ပြောသံကြားကြ လို့များလား။
ဒါပေမဲ့ သူတို့ကို ကျွန်တော် အမီလိုက်နိုင်ခဲ့ပါတယ်။ သူတို့လက်ထဲမှာ အကောင်းပကတိ မော်တာက လေးတစ်လုံး။ ကြေးဝိုင်ယာတွေ ဆွဲထုတ်တားပြီးပြီ၊ အခွံပဲ ကျန်တော့တယ်။ အစွယ်မရှိတော့တဲ့ ဆင် လို ဘာမှတန်ဖိုးမရှိတော့ပါဘူး။ ဒီတော့ ဒိုင်နမိုဘက်ကို ပြန်လှည့်ရတော့တာပေါ့။
တချို့ စက်ဘီးတွေမှာ ကြိုးစတန်းလန်းနဲ့ မီးလုံးနဲ့တောင် ဆက်မထားပါဘူး။ ခုလို ထားမယ့်အစား ကျွန် တော့်ကို ပေးပါလားဗျာလို့ စိတ်ထဲက တောင့်တမိပါတယ်။ သူစိမ်းတွေဖြစ်နေလို့ ကျွန်တော်မတောင်းရဲ တာပါ။ အခန်းထဲက ပစ္စည်းပုံကိုကြည့်ပြီး စိတ်ဓာတ်ကျစပြုလာပါတယ်။ ဒါနဲ့ မထူးပါဘူးဆိုပြီး အဖေ့ ကွင်းထဲ ဆင်း ကူနေလိုက်ပါတယ်။
တစ်နေ့မှာ ဂီးလ်ဘတ်နဲ့ ကျွန်တော် ဈေးဘက်ကနေ အိမ်ကိုပြန်လာကြပါတယ်။ သူက အခြေအနေမေး တယ်။ ကျွန်တော်က အခက်အခဲကို ပြောပြလိုက်တယ်။ အဲဒီမှာ စက်ဘီးကို တွန်းလာတဲ့ ကျွန်တော်တို့ အရွယ် လူငယ်တစ်ယောက်ကို လှမ်းမြင်လိုက်ပါတယ်။ ကျွန်တော်တို့ မမြင်ဖူးတဲ့ လူစိမ်းပါ။
ကျွန်တော်က မရှက်နိုင်တော့ဘဲ သူ့ဆီလျှောက်သွားပြီး ခွင့်တောင်းလိုက်ပါတယ်။
''သူငယ်ချင်း၊ မင်းစက်ဘီး ခဏကြည့်ပါရစေလားကွာ''
ပြောပြောဆိုဆို ဒိုင်နမိုနဲ့ ရှေ့မီးနှစ်လုံးကို ငုံ့ကြည့်ပါတယ်။
''ဟေ့ ဂီးလ်ဘတ်၊ အနိပ်စားကွ''
ဂီးလ်ဘတ်က ကောက်မေးလိုက်ပါတယ်။
''မင်းမီးလုံးနဲ့ ဒိုင်နမိုရောင်းမလား''
''ဟေး မလုပ်နဲ့''
''''
ဆက်ရန်
.

No comments:
Post a Comment