Sunday, February 13, 2011
မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၃)
    'ဘယ်လိုအသံတွေကြောင့်  စိတ်ဝင်စား နေတာလဲအဖေ'
    'အဖေ့နားထဲမှာ ဒီစကားသံတွေဟာ ကုလားလူမျိုးတွေ လေသံမျိုးဖြစ်တယ်လို့ ထင်နေတယ်ကွဲ့'
    'ဟိန္ဒူဘာသာ ဆိုရင် အဖေနားလည်မှာပေါ့နော်'
    'အေး…ဟိန္ဒူဘာသာလို့တော့ ထင်တယ် ဒါပေမယ့် စကားလုံးက မသဲကွဲတော့ အတိအကျ မထင်တတ် သေးဘူးလေ'
    'ဘယ်အချိန်ကျမှ အဖေသေသေချာချာကြားသလဲ'
    'သန်းခေါင်ကျော်လောက်မှာတော့ အဖေ သေသေချာချာ ကြားရပြီကွဲ့။ အဲဒီအချိန်မှာ ကြယ်ရောင်ကလဲ လင်းနေ မျက်လုံးကလဲ အမှောင်ထဲမှာ ကျင့်သားရလာတော့ အဖေလက်ပတ်နာရီကိုကြည့်တယ် ဆယ့်နှစ် နာရီခွဲ နေပြီ ဟိုဂျပန်လေးယောက် တုတ်တုတ်တောင်မလှုပ်ဖူး။
တောင်အောက်ချိုင့်ဝှမ်းထဲက လေနဲ့အတူလွှင့်ပျံ့လာတဲ့ မသဲမကွဲ အသံတွေဟာ အားလုံးပျောက်ပြီး ဆိတ်ငြိမ် သွားသလို ချိုင့်ဝှမ်းကြီးတစ်ခုလုံး အနှံ့အပြား လင်းလက်နေတဲ့ မီးရောင်ဟာလည်း ပျောက်ကွယ် သွားတယ်။ စောစောက မီးရောင်နဲ့မသဲကွဲတဲ့ အသံတွေနဲ့ ပြည့်နေတဲ့ ချိုင့်ဝှမ်းကြီးဟာ စိတ်ချောက်ချား စရာကောင်းအောင် ဆိတ်ငြိမ်သွားပြီး ကြယ်ရောင်အောက်မှာ မို့မို့မဲမဲမြင်နေရတယ့် သစ်ပင်တွေနဲ့ လေသံ ကိုသာ မြင်ရကြားရတော့တယ်။
အဖေလဲ အိပ်မပျော်နိုင်တာနဲ့ ချိုင့်ဝှမ်းဘက် မျက်နှာပြု လဲလောင်ျးပြီးပြီး အမှတ်မထင် ချိုင်းဝှမ်း ထဲကြည့်နေခိုက် ထူးထူးခြားခြား ပန်းဆိုင်းကြီးလို မီးဒဒေသခိုင်ကြီးဟာ ချိုင့်ဝှမ်းရဲ့အစွန်းတနေရာက ပေါ်လာတယ်။ ဒီ မီးပဒေသာခိုင်ကြီးပေါ်လာတဲ့ နေရာက အဖေလဲလျောင်းနေရာရဲ့ အောက်နားဆီက ဘဲကွဲ့။ မီးပန်းဆိုင်းကြီးပုံသဏ္ဍာန်ပြောရမယ် ဆိုရင် ဒို့ဗုဒ္ဓဘာသာ စေတီပုထိုးတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေ မှာ သီတင်းကျွတ် မီးပူဇော်ပွဲ ကျင်းပကြတဲ့အခါ၊ လျှပ်စစ်မီးသီးတွေကို အသွယ်လိုက် အတန်းလိုက် အစုလိုက် ထွန်းညှိပူဇော်သလို သဘောမျိုးနဲ့ တူတယ် သားရဲ့
    ''အဖေမြင်ခဲ့ရတာ ဘာလဲ လျှပ်စစ်မီးသီးဘဲလား အဖေ"
    မောင်တင်ဦး က စိတ်ဝင်စားစွာမေးသည်။
    "လျှပ်စစ်မီးတော့ ဟုတ်ဟန်မတူပါဘူး၊ မီးကအပြာရောင် နဲ့ အစိမ်းရောင်ကများတယ်။ တ ခုခုကို လောင်ကြွမ်း နေသလို လေခတ်တော့ မီးလျှံ လှုပ်ရှားနေသလို အဖေလဲ ကမ္ဘာထက် က ဂရုစိုက်တော့ ကြည့်တာ ဘဲကွဲ့၊ ဒါပေမဲ့-ချောက်ကတော် တော်နက်ပြီး သစ်ပင်တွေကလဲ ကွယ်သင့်သလောက် ကွယ် နေသေးတော့ သိပ်မသဲကွဲဘူးသားရဲ့"
    'အင်း...အပြာရောင် အစိမ်းရောင် မီးလျှံဆိုတော့ လျှပ်စစ်မီးတော့ မဟုတ်နိုင်ပါဘူးလေ'
    မောင်တင်ဦးက စဉ်းစဉ်းစားစားပြောပြီး...
    "အဲဒီ မီးတွေ က အဖေ့အမြင်တော့ တပြိုင်ထဲလိုလိုအရောက်ထွက်လာတာဘဲ"
    ဦးအောင်က ဖြေ၏။ ထို့နောက် ဖခင်မောနေမှန်းသိသောကြောင့် ကော်ဖီတခွက်ဖျော်လာခဲ့ သည်။ ဦးအောင် က မောမောဆာဆာဖြင့် ကော်ဖီကိုနှစ်ခြိုက်စွာ သောက်ပြီး၊ ချက်ခြင်း ဆက်မပြောသေးဘဲ ခေတ္တမျှ အနားယူနေလိုက်သည်။ မောင်တင်ဦးက ဖခင်လည်းအမောပြေစေ အလုပ်လည်းပြီးစေဟူသော သဘော ဖြင့် ဖခင်သောက်ပြီးတော့ ကော်ဖီပန်ကန်ကိုဆေးသည်။ ဓါတ် ဗူးကလေးထဲမှာ ရေနွေး ကုန်နေပြီ ဖြစ်၍ ဓါတ်ဗူးထဲ ထည့်ပြီးသောအခါ၊ ဖခင်ကြီးရှိရာသို့ လာခဲ့သည်။
    ဦးအောင်ကား ပက်လက်ကုလားထိုင်ပေါ်မှာပင် အိပ်ပျော်နေလေပြီး။
    မောင်တင်ဦးသည် သူအလွန်မှသိလိုကြားလိုသောတောင်ကြားထဲက အတ္တုပ္ပတ္တိ အကြောင်းကို တပိုင်းတစ ဖြင့်သာ ရောင့်ရဲလိုက် လေတော့သည်။
    ဖခင်အိပ်ရာမှ နိုးလာသောအခါမှာလည်း စကား က မဆက် မိကြတော့ချေ။ ဦးအောင်က ဘုရား ရှစ်ခိုး ပုတီးစိတ်၊ အိမ်ပေါ်မှာပင် လမ်းလျှောက်ရင်း ပရိတ်ကြီး-ဓမ္မစကြာရွတ်နေသည်။ မောင်တင်ဦး က အိမ်ကို လှဲကျင်း သုတ်သင်ခြင်း၊ ညနေစာ ထမင်းဟင်းကို စီမံချက်ပြုတ်ခြင်း၊ မနက်က လျှော်ထားသော အ၀တ် တွေကို မီးပူတိုက်ခြင်း၊ စားသောက်ခြင်း နက်ခေါင် သော တောအတွင်း  တွေ့ခဲ့ရသည့် ထူးဆန်းသော မီးလျှံ တွေ အကြောင်း ကို မေးကြပြောကြရန် အချိန်မရတော့ချေ။
    နောက်တနေ့တွင် မောင်တင်ဦးသည် ရုံးတက်ရန်၌အတွက်အိမ်မှထွက်လာသည်။ ကားမှတ်တိုင်တွင် သူ့ကို စောင့်မျှော်နေသော ချစ်သူကြည်ကြည်နွဲ့ကို တွေ့ရ၏။
    မောင်တင်ဦးနှင့်ကြည်ကြည်နွဲ့ကား၊ မက်ထရစ်ကို တက္ကသိုလ်ဝင်ခွင့်ဖြင့် အောင်ခဲ့ကြပါသော် လည်း နှစ်ဦးလုံး ၏ မိဘ အခြေအနေ စီးပွားရေးက မပြည့်စုံကြသည့်အလျောက် ပညာဆက်မသင်နိုင် ကြချေ။
    မောင်တင်ဦးက နိုင်ငံခြား သံရုံး တရုံးမှာ အဆင်ပြေစွာ အလုပ်ရလိုက်သည်။ အလုပ်အလွန်ရှားပါးလှ၍ ဒီဂရီ တွေ ဘွဲ့တွေရပြီးသူများပင် တနေ့ငါးကျပ်စားဖြစ်ရန် များစွာ ခဲယဉ်း နေသော အချိန်အခါ ၌ မောင်တင်ဦး အဖို့ စီးပွားရေး ကြွယ်ဝတောင့်တင်းသော နိုင်ငံကြီး တနိုင်ငံ ၏ သံရုံးတွင် လက်နှိပ်စက် စာရေးအလုပ် ကို သံရုံးက တလသုံးရာမျှ ရက်ရက်ရောရော ပေးထားသည် ဖြစ်ရာ၊ မောင်တင်ဦး တို့ သားအဖ နှစ်ယောက်အဖို့ နေရေးစားရေးမှာ များစွာ အဆင်ပြေ၍ ငွေအပိုကလေးများပင် စုဆောင်း နိုင်ခဲ့သည်။ သို့သော် မောင်တင်ဦး၏ ချစ်သူ ကြည်ကြည်နွဲ့ကား မိဘက လက်လုပ်လက်စားဖြစ်သည်။
ကြည်ကြည်နွဲ့က အကြီးဆုံးဖြစ်သည်။ ကြည်ကြည်နွဲ့ကို မက်ထရစ်အောင်သည်အထိကြိုးစားသင်ပေးခဲ့ပြီး။ ယခု ကြည်ကြည်နွဲ့က သူ့အဖေအလုပ်လုပ်သော အစိုးရ ဂိုဒေါင်တွင် တနေ့ သုံးကျပ်ဆယ့်ငါးပြားဖြင့် လုပ်အား ပေးနေရသူဖြစ်သည်။
    'အိမ်ထောင်ရေးဆိုတာ ဖြေးဖြေးစဉ်းစားရတယ် သား၊ ဦးသာညွန့်အကြောင်း အဖေ ကောင်းကောင်း သိတာပေါ့။ ဒီလူ သိပ်သစ္စာမဲ့ တဲ့လူ၊ ငွေရမယ်ဆိုရင် ဘာမဆို မထောက်မညှာ လုပ်တတ်တယ်။ အဖေတို့ တော်လှန်ရေးတုန်းက တပ်မတော်က ရဲဘော်သုံးယောက် တဲ့ကွယ် ဂျပန့် မျက်စေ့အောက်က မထွက်သာ လို့ ရုပ်ဖျက်ပြီး လျှိုနေတာကို ဂျပန်က သူ့ကို ငွေသုံးရာ ပေးပြီး မေးတာနဲ့ ပြပေးလိုက်တယ်တဲ့ကွယ်။ သူ့ကြောင့် တိုင်းပြည် သားကောင်း သုံးယောက်ဆုံး ပါလေရော၊ သားကလဲ နိုင်ငံခြားသံရုံးမှာ လုပ်နေရတာ ဆိုတော့ ဒီလူကြီး မိသားစု ထဲ ရောက်ရမဲ့ ကိစ္စ ဆိုရင် လေးလေးနက်နက်စဉ်းစား သားရဲ့'
    ဟူသော ဘခင် ဦးအောင်၏ စကားကလည်း မောင်တင်ဦးအဖို့ ပေါ့ပေါ့ဆဆ သဘောထား မဖြစ်ပေ။ ထို့ကြောင့်...
    'ကိုဦး နွဲ့ကို မချစ် လို့ လက်ထပ်ရေးကို မစဉ်းစားတာလား'
    ဟူသော ချစ်သူ ကြည်ကြည်နွဲ့၏ စကားနားထိုးချက်ကို...
    'မဟုတ်ပါဘူးနွဲ့ရယ်၊ အဖေက ဒုက္ခိတကြီးဟုတ်လား၊ ကျန်းမာရေးကလဲ သိပ်ကောင်းတာ မဟုတ်ဖူး၊ အမေ ဆုံးတာ သိပ်မကြာသေးခင် ကိုဦးက မိန်းမယူလိုက်မယ်ဆိုရင် အဖေက သူ့အပေါ် အချစ်အကြင်နာ လျော့မလား၊ ပြုစုလုပ်ကိုင်ပေးမှုရှိပါတော့မလားလို့ တွေးပြီး စိတ်မကောင်းဖြစ်မှာ စိုးတော့ ကျွန်တော် မိန်းမ ယူမယ်လို့ ပြောရမှာ နှုတ်က မထွက်ရက်အောင် ဖြစ်နေလို့ပါ'ဟူသော စကားဖြင့် ကြည်ကြည်နွဲ့ကို နှစ်သိမ့် ရသည်။
    'မောင်တင်ဦးရေ၊ ဦးလေးတို့ မျက်စိမမှိတ်ခင် သမီးကို လုံခြုံအေးချမ်းမှု ဖြစ်သွားတာ မြင်ချင်တယ်ကွယ်၊ ဖအေကြီး တန်မဲ့ အရှက်မရှိ ပြောတယ်လဲ မထင်နဲ့ကွယ်၊ ဒီနှစ်ဝါမ၀င်ခင် ကိစ္စပြီးမြောက်အောင် ဖြစ်စေချင် တယ်ကွယ်'
    ထူအမ်းသော မျက်နှာ၊ နီရဲသော မျက်လုံး၊ ပါးစပ်မှ ချက်အရက်နံ့ ထောင်းထောင်း ထွက်နေသော ဦးသာညွန့် က ပြောင်ပြောင်ရှင်းရှင်းပင် မောင်တင်ဦးကို ဖွင့်ပြောသလို....
    'ဟုတ်တယ်သား၊ ဦးအောင်ကို သားအနေနဲ့ ပြောရမှာ ခက်ရင် အမေတို့နဲ့ ခင်တဲ့လူ တယောက် ယောက်ကို နားဖေါက်ခိုင်းမယ်လေ'ဟူ၍ ဒေါ်ကြည်က ချည်ပြီး တုပ်ပြီးဖြစ်အောင် ပြောသည်။
    မောင်တင်ဦးသည် သူ့ယောက္ခမလောင်းနှစ်ယောက်၏ သိက္ခာကင်းမဲ့စွာ ပြောသော စကားတွေကို ကြားရသောအခါ ဖခင် ဦးအောင်ပြောခဲ့သော 'ဒီလူကြီး မိသားစုထဲ ရောက်ရမဲ့ ကိစ္စဆိုရင် လေးလေး နက်နက် စဉ်းစား' ဟူသော စကားကို သတိရလိုက်သည်။ ထို့ကြောင့်...
    'အဖေ့ကျန်းမာရေး အခြေအနေကြည့်ပြီး ပြောသင့်တဲ့ အချိန်မှာ ကျွန်တော် ကိုယ်တိုင် ပြောပါ့မယ် ဦးလေး ရယ်၊ ကြည်ကြည်နွဲ့ အပေါ်မှာ ကျွန်တော် စော်ကားခြင်း သစ္စာမဲ့ခြင်း အလုပ်ကို မလုပ်ပါဘူးဆိုတာ၊ ဦးလေးရော-အဒေါ်ရော စိတ်ချပါ' ဟူ၍ အဆင်ပြေအောင် ပြောရသည်။ စကားဖြင့် ပြော၍မရသောအခါ ဦးသာညွန့်နှင့် ဒေါ်ကြည်က မောင်တင်ဦးလာလျှင် နှစ်ယောက်ချင်း လွှတ်ပေးခြင်း၊ အမှတ်တမဲ့ သဘောမျိုး လိုလိုနှင့် အခြားလူတဦးနှစ်ဦးကို ခေါ်ထားခြင်း စသည်အလုပ်တွေ လုပ်လာသောအခါ မောင်တင်ဦး ကောင်းကောင်း ရိပ်မိလာသည်။ သူ့ကို မြန်မြန်ရ အောင် အမိဖမ်းကြတော့မည့် အစီအစဉ်တွေဟု စဉ်းစား မိလာသည် နှင့် တပြိုင်နက် ချစ်သူကြည်ကြည်နွဲ့အိမ်သို့ သွားရောက်လည်ပတ်ခြင်းကို လုံးဝ အဆက်ဖြတ် လိုက်လေ တော့၏။
    ထို့ကြောင့် ကားမှတ်တိုင်တွင် သူ့ချစ်သူ ကြည်ကြည်နွဲ့နှင့် တွေ့ဆုံသည့် အခါမှသာ ယုယကြင်နာစွာ စကား ပြောသည်။ ကြည်ကြည်နွဲ့ကလည်း လာနေကျ မလာသော မောင်တင်ဦးကို အစပထမတွင် မအားလပ် ၍ အဆင်မပြေ၍ဟုထင်ခဲ့သော်လည်း လုံးဝ မလာတော့ သည်မှာ ရက်ပေါင်းအတန်ပင်ကြာပြီကို သတိထား မိလာသောအခါ၊ စိတ်ထဲတွင် သံသယဖြစ်လာ သည်။ ထို့ကြောင့် ဤနေ့ကားမှတ်တိုင်တွင် စောစော ရောက်အောင်လာပြီး မောင်တင်ဦးကို စောင့်နေသည်။ မောင်တင်ဦးရောက်လာသည်ဆိုလျှင်ပင် ကြည်ကြည်နွဲ့ က မကြေနပ်သော စကားကို စတင်ဆို၏။
    'ကိုဦးနွဲ့တို့ကို ဘာကြောင့် မလာတော့တာလည်းဟင်၊ နွဲ့ကို လက်ထပ်ရမှာစိုးလို့ ရှောင်နေတာလား'
    ကားမှတ်တိုင် မှာ လူတွေရှိနေ၍ မှတ်တိုင်နှင့် ခပ်လှမ်းလှမ်းနေရာမှာ မျက်နှာမှုံမှုံဖြင့် ရပ်နေသော ကြည်ကြည်နွဲ့က ကြည်လင် ပြုံးရွှင်သော မျက်နှာပေးဖြင့် သူ့အနားမှာ လာရပ်သော မောင်တင်ဦးကို ၀မ်းနည်း သံဖြင့် ပြောသည်။
ဆက်ရန်
.
No comments: