Sunday, February 13, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၂၅)

ကျွန်တော်တို့အိမ်မှာ ညညမီးတွေ ထိန်နေတာဟာ ပြောစမှတ်ပြုလောက်တဲ့ တိုးတက်မှုပါ။ ဒါပေမဲ့ ကျွန်တော် လုပ်ထားပုံတွေဟာ သိပ်အနိုင်ကြီးတော့မဟုတ်ပါဘူး။ တွေ့ရာပစ္စည်းတွေ တွေ့ရာမီး ကြိုးတွေ ကောက်ရ တဲ့ ဘက်ထရီနဲ့ လုပ်ထားတော့ ဘယ်သိပ်စိတ်ချရပါ့မလဲ။
ချာရတီ့ဆီကရတဲ့ ကြိုးနဲ့ မလောက်လို့ သံပုံချိုင့်က ကောက်လာတဲ့ ကြိုးမျိုးစုံကို ဆက်ပြီး လုပ် ထားရတာ မဟုတ်လား။ တစ်ချို့ကြိုးတွေက မီးသွယ်ဖို့ မသင့်တဲ့ ကြိုးမျိုးတွေ။ အဆက်အပေါက် အမြဲတွေနဲ့။ သွယ်တန်း ထားပုံကလည်း တိုးလို့တွဲလောင်း၊ ခရစ္စမတ်သစ်ပင်မှာ မီးဆင်ထားတဲ့ အတိုင်းပါပဲ။ ကျွန်တော့်အခန်းအမိုးက သက်ငယ်ဆိုတော့ အဖိုနဲ့အမနဲ့ ကြိုးပေါင်းပြီး ပူသွားလို့ မီးဖွင့်ရင် မီးလောင် နိုင်ပါတယ်။

တစ်နေ့တော့ ကျွန်တော့် အိပ်ခန်းထဲကထုတ်တန်း ခြစားပြီး ညွှတ်ကျလာပါလေရော။ ဒီတော့ ဓာတ်ကြိုး တွေ ပိုအန္တရာယ်များလာတာပေါ့။ နောက်တစ်နေ့မှာ လေပြင်းတိုက်တော့ ထုတ်တန်း ကျိုးကျသွား ပါ တော့တယ်။ အဲဒီမှာတင် ခြတွေ မြင်မကောင်း ရှုမကောင်းလောက်အောင် တစ်ခန်း လုံး မွစာကျဲ သွားပါတယ်။ အပြေးအလွှား တံမြက်စည်း လှဲပါတယ်။ ဒါပေမဲ့ မနိုင်ပါဘူး။ အဲဒီမှာ သတိရပြီး ကြက်ခြံ ထဲက ကြက်တွေ ကို အခန်းထဲမောင်းသွင်းလိုက်ပါတယ်။ အဲဒီတော့မှ ခြတွေဟာ ကြက်တွေရဲ့ နှုတ်သီးအောက်မှာ အလူးအလဲ ခံရတော့တာ။

စား  စား၊ အားလုံးစား။ တစ်ကောင်မှ မကျန်စေနဲ့။ ဒီကောင်တွေကို ငါ မကြည့်ချင်ဘူး
ခြမနိုင်လို့ ကျွန်တော်က ကြက်တွေကို မြှောက်ပေးနေမိတယ်။ မကြာပါူး။ ပြောင်တလင်းခါသွားပါ တော့ တယ်။
ခြရန် ကို နှိမ်နင်းနေရတာနဲ့ ညှော်နံ့တစ်မျိုး နံနေတာကို ကျွန်တော် သတိမထားမိဘူး။ ကြက်တွေ ရှင်းသွား မှ အခွံချည်း ကျန်တော့တဲ့ ထုတ်တန်းအကျိုးကို ငုံ့ကြည့်လိုက်ပါတယ်။ တော်ပါသေးရဲ့။ ကံကောင်းလို့ မီးမလောင် တာပါလား။ မီးကြိုးက စံချိန်စံညွှန်းမမီတဲ့ ကြိုးသေး ကြိုးမျှင်တွေမို့ နှစ်ချောင်းပူးမိတဲ့နေရာက မီးမဖွင့် ဘဲ အရည်ပျော်ပြီး ကျွမ်းရုံကျွမ်းသွားပါတယ်။ အိမ်တစ်လုံးလုံး ပြာကျမသွားတဲ့အတွက် ဘုရားသခင် ကို ကျွန်တော် ကျေးဇူးတင်နေမိပါတယ်။

ဂျက်ဖရီ ရောက်ချလာပြီး ရှုပ်ပွနေတဲ့ ကျွန်တော့်အခန်းကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတယ်။
ဂျက်ဖရီရေ၊ ပိုက်ဆံမရှိတာကို ကျေးဇူးတင်နေရဦးမယ် သိလား။ ဓာတ်ကြိုးကောင်းကောင်း ၀ယ် နိုင်ရင် ဒီနေရာမှာ မီးလောင်မှာ သေချာတယ် သိလား
ငါ မင်းအမိုး ကို သတိပေးဖူးတယ်လေ

အေးကွာ၊ ငါ ပေါ့သွားတယ်
အိမ်ထဲမှာ စနစ်တကျ မီးကြိုးသွယ်ဖို့ ၀ိုင်ယာရင်းစနစ်ကို ကျွန်တော်သိဖို့ လိုလာပါပြီ။ ဒီတော့ ကျွန်တော့်ရဲ့ တစ်ခုတည်းသော အားထားရာဖြစ်တဲ့ ရူပဗေဒ ရှင်းလင်းခြင်း စာအုပ်ကိုပဲ ထုံးစံ အတိုင်း ပြန်လှန်ရပါတယ်။ စာမျက်နှာ ၂၇၁မှာ ပုံနဲ့တကွ ရှင်းပြထားတဲ့အခန်းကို ကျွန်တော် ဖတ်ပါတယ်။ ပုံထဲမှာ မိန်းကြိုး က ပထမဆုံး သွားရမယ့်အဆင့်က အားမနိုင်ရင် ဖြတ်ပေးတဲ့ ဆိုက် ကစ်ဘရိတ်ကာ။ ဟုတ်ပြီ။ ကျွန်တော့် အတွက် လိုနေတာ ဒါပဲ။

ပုံးထဲ မှာ ပြထားတဲ့အတိုင်းဆိုရင် ဆိုက်တစ်ဘရိတ်ကာမှာ ဖျုစ်လို့ခေါ်တဲ့ ဒဏ်ခံကြိုးတွေ ကြားခံ ထားတယ်။ ကြိုးသေးသေးမျှင်မျှင်ကလေးတွေ။ မနိုင်ဝန်ကို ထမ်းရတဲ့အခါ အဲဒီ ဒဏ်ခံကြိုးကလေး တွေ အရည်ပျော် သွားတယ်။ ကျွန်တော့်မှာ အဲဒီပစ္စည်းမရှိလို့ ခုလိုဖြစ်သွားတာ။ ဒီတော့ အိမ်မှာ တွေ့ရာ ပစ္စည်း နဲ့ အကြံအဖန် လုပ်ရပြန်ပါတယ်။

သိချင်စိတ်နဲ့ လျှပ်စစ်ဘဲလ်အကြောင်းကိုပါ ဆက်ဖတ်လိုက်တော့ ဆိုက်ကစ်ဘရိတ်ကာလုပ်ဖို့ ကျွန်တော် အကြံရသွားတယ်။ ဘရိတ်ကာ အိမ်ကိုတော့ ခါတိုင်းလို ပီဗွီစီပိုက်ကို အပူပေးပြီး လုပ် ယူလိုက်ပါတယ်။ (မီးခလုတ်တွေ လုပ်တုန်းက အတိုင်းပါပဲ) ပြီးတာနဲ့ သံချောင်းနှစ်ချောင်းမှာ ကြေးကြိုးနဲ့ ကွိုင်ပတ်ပါတယ်။ ကွိုင်နှစ်ခုကို ပလပ်စတစ်အိမ်ထဲမှာ တစ်ခုနဲ့တစ်ခု ငါးလက်မ လောက်ခွာပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်တယ်။

အလယ်ခေါင်မှာ ရေဒီယိုစပီကာက ဖြုတ်ထားတဲ့ သံလိုက်ချောင်း တစ်ချောင်းကို စက်ဘီးစပုတ်တံနဲ့ ဖမ်းပြီး ဟိုဘက်ဒီဘက် အလွယ်တကူ ပြေးနိုင် အောင် ချိန်ပြီး ဖမ်းလိုက်တယ်။ ပြီးမှ ဘောလ်ပင်ထဲက စပလိန်ကလေးကို ဆွဲဆန့်ပြီး တစ်ဖက် ထိပ်ကို ကွိုင်တစ်ခုရဲ့ ၀င်ရိုးလုပ်ထားတဲ့ သံချောင်းနဲ့ ဆက်၊ နောက်တစ်ဖက်စွန်းကို သံလိုက် ချောင်းနဲ့ ဆက်လိုက်တယ်။ ပြီးတော့ ကွိုင်ထုပ်ရဲ့ ၀င်ရိုးသံချောင်းကလေးကို မိန်းကြိုးတစ်ခုပေါ်မှာ တည်ထားလိုက်တယ်။ အဲဒီစပလိန်ကလေးကြောင့် ဆိုက်ကစ်ဟာ ကြွက်ထောင်ချောက်ပုံစံနဲ့၊ ပြီး ပြည့်စုံတဲ့ ဘရိတ်ကာကလေး ဖြစ်သွားတယ်။

မီးခလုတ်ဖွင့်လိုက်တာနဲ့ ဘက်ထရီကလာတဲ့ လျှပ်စစ်ဟာ ဆိုက်ကစ်ထဲ စီးဝင်သွားတယ်။ အဲဒီ အခါမှာ ၀င်ရိုးသံချောင်းနှစ်ချောင်းစလုံး သံလိုက်ဖြစ်သွားတယ်။ တစ်ချောင်းက သံလိုက်ချောင်းနဲ့ မထိတထိ ကပ်ထားတယ်။ ဘယ်ဘက်ကို ဆွဲမလဲဆိုတာ လျှပ်စစ်ဘယ်ဘက်က စီးတယ်ဆိုတာ ပေါ်မှာ မူတည်တယ်။ ၀င်ရိုးသံချောင်းနှစ်ချောင်းကို ကျွန်တော် ၀ိုင်ယာကြိုးတစ်ချောင်းနဲ့ ပတ် လိုက်တယ်။ အဲဒီအခါ သံလိုက် နဲ့အနီးဆုံး သံချောင်း က တွန်းတယ်၊ နောက်တစ်ချောင်းက ဆွဲ တယ်။

အဲဒီတွန်းအားနဲ့ ဆွဲအားကြားမှာ သံလိုက်ချောင်းဟာ ဟန်ချက်ညီနေတယ်။ ဘယ်ဘက်မှ မလိုက်ဘူး။
လျှပ်စစ်ဓာတ်အား ဆောင့်တက်လာရင် အဲဒီ ဟန်ချက် ပျက်သွားလိမ့်မယ်။ သံလိုက်ချောင်းနဲ့ အနီးဆုံး ၀င်ရိုး သံချောင်းက ဆောင့်တက်လာတဲ့ဒဏ်ကို ပထမဦးဆုံး ခံရလိမ့်မယ်။ အဲဒီမှာ တစ် ဖက်မှာရှိတဲ့ ၀င်ရိုးသံချောင်း ဆီကို တအားပြေးဆောင့်လိမ့်မယ်။ အဲဒီအခါမှာ ဘောလ်ပင်က စပလိန်ကလေးနဲ့ သူနဲ့ ဆက်ထားတဲ့ ကြိုးလွတ်ထွက်သွားလိမ့်မယ်။ အဲဒီတော့မှ လျှပ်စစ်စီးဆင်း မှု ပြတ်သွားမှာ။
အဲဒီ ဆိုက်ကစ်ဘရိတ်ကာလေး လုပ်ပြီးတာနဲ့ ဘက်ထရီအိုးအပေါ် တည့်တည့်နံရံမှာ ကျွန်တာ် သံ နဲ့ရိုက် ကပ်ထားလိုက်တယ်။ အိပ်ရာထဲကနေပြီး ညတိုင်း အဲဒီပလက်စတစ်သေတ္တာကလေးကို ကျွန်တော်  စောင့်ကြည့် နေတယ်။

အလုပ်ဖြစ်မဖြစ် ကျွန်တော်သိချင်လှပြီ၊ နောက်နှစ်ပတ်ကြာမှ ကျွန်တော့်ဆန္ဒပြည့်ဝပါတော့တယ်။ မုန်တိုင်းကျလာပြီး အိမ်ကို ၀င်ဆောင့်တော့တာပါပဲ။
အဲဒီနေ့က ကျွန်တော်အိမ်မှာ မရှိပါဘူး။ ဈေးပိုင်းရောက်နေတယ်။ အိမ်ပြန်ရောက်တော့ ရှု မကောင်း မြင်မကောင်း ဖြစ်နေပါပြီ။ ကျွန်တော့်အဖီကလေးပေါ်က သက်ငယ်ပျစ်တွေ အိမ်ရှေ့မှာ ပြန့်ကျဲနေတယ်။ ဘီလူးကြီးတစ်ကောင် လာပြီး အိမ်ကို ဆွဲယမ်းထားတဲ့ အတိုင်းပဲ။
အမေ မီးဖိုထဲက ထွက်လာတယ်။ ကျွန်တော် လှမ်းပေးလိုက်ပါတယ်။

အမေ ဘာဖြစ်တာလဲဟင်
ကွင်းဘက်ကနေ ချက်ချင်းမုန်တိုင်းဝင်လာတာ။ အိမ်ထဲရောက်အောင် မနည်းပြေးဝင်ရတယ်
အိမ်ထဲ ၀င်ကြည့်တော့ ကျွန်တော့်အမိုး မရှိတော့ပါဘူး။ ဟိုတစ်ခါထက် ဆိုးပါတယ်။ ကျွန်တော့် ဆိုက်ကစ် ဘရိတ်ကာကလေးလည်း ဂျွမ်းထိုးမှောက်ခုံ ဖြစ်နေပါပြီ။ သံလိုက်ချောင်းကို အလယ်မှာ ပြန်ထားတော့ အလယ်မှာမနေဘဲ တစ်ဖက်ကိုချည်း ပြေးပြေးကပ်နေပါတယ်။ နောက်တစ်ခါ ပြန် ထားကြည့်တော့လည်း မရဘူး။ သံချောင်းဆီကိုပဲ ပြေးကပ်တယ်။ ဒါနဲ့ ဘက်ထရီက ကြိုးတွေကို ဖြုတ် လိုက်ပြီ။ မျက်နှာကြပ်ကို မော့ကြည့်လိုက်တယ်။ ကြိုးတွေ ရှုပ်ထွေးနေပြီး သစ်သားချောင်း တွေကြားမှာ တိုးလို့ တွဲလောင်း တွေ ဖြစ်နေတော့တာကိုး။ ကြိုးတွေကိုရှင်းပြီး မိန်းကြိုးနှစ်စကို ဘက်ထရီမှာ ပြန်တပ် လိုက်တော့ သံလိုက်ချောင်း ဟာ အလိုလို အလယ်ပြန်ရောက်သွားပါတယ်။ တစ်ခါထပ်ပြီး ကံကောင်း သွားတာ ပါ။ တစ်အိမ်လုံး ပြာကျ သွားနိုင်တယ်လေ။
ကျွန်တော့်ဆိုက်ကစ်ဘရိတ်ကာကလေးကို ကျွန်တော် သဘောကျလို့မဆုံး ဖြစ်နေပါတော့တယ်။

ဒါနဲ့ ဂျက်ဖရီ့ကို အားရပါးရ ပြန်ပြောမိပါတယ်။
ဟေ့ ဂျက်ဖရီ၊ တစ်အိမ်လုံး ပြာမကျအောင် ငါ့ဘရိတ်ကာကလေးက ကယ်လိုက်တာကွ၊ အလုပ်ဖြစ် သွားပြီ
အေး ၀မ်းသာပါတယ်ကွာ၊ ဒါပေမဲ့ အကောင်းဆုံးကတော့ မင်းအဖိုးကို သေသေချာချာ ပြန်လုပ်ဖို့ပဲ
တစ်ခုခု အသစ်ထွင်မယ်ဆိုရင် ပြဿနာတွေကတော့ ရှင်းရစမြဲပါ။ အပျော်တမ်း ၀ါယာရင်းကိစ္စ တစ်ခုတည်း မဟုတ်ပါဘူး။ နောက်တစ်ခု ကျွန်တော် ခေါင်းခဲနေတဲ့ကိစ္စက စက်ဘီးချိန်းကြိုး ပြဿနာပါ။ လေအရမ်းပြင်းလို့ ပန်ကာရွက်တွေ တအားလည်လာရင် ချိန်းကြိုးဟာ ခွေးသွားစိတ် တွေရဲ့ နံဘေးကို ချော်ကျသွားတတ်ပါတယ်။ အဲဒီအခါမှ လေရဟတ်ပေါ် မဖြစ်မနေ တက်ရပါ တော့တယ်။ ပန်ကာရွက်တွေကို ရပ်အောင် လုပ်ရပါတယ်။ အဲဒီအလုပ်၂လုပ်ဟာ မလွယ်ပါဘူး။

တစ်နေ့မနက်မှာတော့ ကျွန်တော်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပါတယ်။ ကြက် ဦး မတွန်ခင်အချိန်ဟာ အိပ်လို့အကောင်းဆုံးအချိန်ပါ။ အိပ်မက်လှလှထဲမှာ ပြုံးနေသလားတောင် မသိပါဘူး။ အဲဒီအချိန်မှာ ၀ုန်းခနဲ အသံကြီးကြောင့် ကျွန်တော် လန့်နိုးလာပါတယ်။ ကျွန်တော် တန်းသိလိုက်ပါပြီ။ ချိန်းကြိုးပြုတ်သွားတာပါပဲ။ နောက်ဘေးက ထနောင်းပင်ကြီးကို လေတိုးသံက တ၀ှီးဝှီး မြည်နေပါတယ်။ ကျွန်တော့် လေရဟတ်ကြီးလည်း သိမ့်သိမ့်တုန်နေပါပြီ။ ပန်ကာရွက်တွေ  ဟာ တဟဲဟဲအောင်ပြီး တအားလည် နေပါတယ်။ ဘုတ်ချောင်းတွေ၊ နတ်တွေ အများကြီးနဲ့ ဖမ်း မထားခဲ့ရင် တစ်စစီ လွင့်ကုန်မှာ သေချာ ပါတယ်။

ပထမတော့ ဘရိတ်စနစ်ကိုသုံးဖို့ ကျွန်တော်စိတ်ကူးပါသေးတယ်။ ကလေးတွေစီးတဲ့ ချားတွေမှာ လိုပေါ့။ စက်ဘီးတွေကို ဘရိတ်ဖမ်းသလိုပေါ့။ ဒါပေမဲ့ ဆိုက်ကိုက်တဲ့ ဟတ် ရှာမရတာနဲ့ အကောင် အထည်မဖော်နိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ပဲ လေရဟတ်ပေါ်ကို ကျွန်တော် တက်ခဲ့ရပြန်ပါတယ်။ အထစ်တွေပေါ်ကို မြဲမြဲမြံမြဲ ခြေကုတ် ရဖို့ ခြေညှပ်ဖိနပ် ကို ခါထုတ်ပစ်လိုက်တယ်။ လေက ဒေါသကြီးသထက် ကြီးလာပြီး သစ်သားစင် ကြီးလည်း လှုပ်သည်ထက် လှုပ်လာနေပြီ။ လွင့်ကျမသွားအောင် လှေကားထစ်ကို ကားယားခွပြီး မြဲ မြဲ ကိုင်ထားရပါတယ်။ ဒီလိုနဲ့ တစ်ထစ်ချင်းတွယ်တက်သွားပြီး အပေါ်ဆုံးအထစ် ရောက်ကာနီးမှ ကျွန်တော့်မျက်စိတွေ ပြာသွားပါတယ်။ ဘုရား၊ ဘုရား၊ စက်ဘီးတစ်ခြမ်းပဲ့လည်း ယိမ်းထိုးနေပါပ ကော။ နောက် တစ်ထစ်တက်ဖို့ အပေါ်တန်းကို လှမ်းအဆွဲမှာ ပိုအရှိန်ပြင်းလာတဲ့ ပန်ကာရွက်နဲ့ ကျွန်တော့် လက်တစ်ဖက် ထိသွားပါတယ်။ လွင့်ကျသွားလုမတတ် ဖြစ်သွားပြီး ပါးစပ်က ကျိန်ဆဲ ရင်း လက်ကို မော့ကြည့် လိုက်ပါတယ်။ လက်ခုံက အရေပြားတစ်နေရာပါသွားပြီး လေထဲမှာ သွေး စက်တွေ လွင့်နေတာ ကို တွေ့လိုက်ရပါတယ်။

ပန်ကာရွက်တွေကို မော့ကြည့်ပြီး အော်လိုက်ပါတယ်။
ဟေ့ မင်းကို ငါ လုပ်ထားတာကွ၊ ဘာပြုလို့ မင်း ငါ့ကို ဖျက်ဆီးချင်ရတာလဲ
ပြီးတော့မှ ပြန်ချော့ပါတယ်။
မလုပ်ပါနဲ့ကွာ မင်းကိုငါ ကူညီမှာပါ
ကျွန်တော် ထိန်းနိုင်သွားတာနဲ့ အိတ်ထဲမှာ အသင့်ပါလာတဲ့ စက်ဘီးတာယာအပိုင်း တစ်ပိုင်းကို အိတ်ထဲက ထုတ်ယူလိုက်တယ်။ ပြီးတာနဲ့ လည်နေတဲ့ခွေးသွားစိတ်ဘီးငယ်နဲ့ ချိန်းကြိုးကြားထဲကို စက်ဘီးတာယာ ထိုးသွင်းလိုက်ရင်း အော်လိုက်တယ်။

ရပ်
စက်ဘီးတာယာ ထိကနဲ ပြတ်သွားတယ်။ တပြိုင်တည်းမှာ ပန်ကာရွက်တွေ အရှိန်လျော့ကျသွား တယ်။ အဲဒီမှာ ဖမ်းထိန်းပြီး လုံးဝ ရပ်သွားအောင် ဆွဲထားလိုက်တယ်။ ဒီတော့မှ ချိန်းကြိုးကို ပြန် တပ် ပေးလိုက်တယ်။ နောက်တစ်ခါ ဒီလိုဖြစ်ရင် ကျွန်တော် ခုလိုကံကောင်းနိုင်ပါ့မလား။ မကြာခင် ထပ်ဖြစ် သေးတယ်။ ခွေးသွားစိတ်ဘီးငယ်နဲ့ ချိန်းကြိုးကြား လက်စုတ်သွားသေးတယ်။ ကျွန်တော့် လက်တွေမှာ ခြစ်ရာ ရှရာတွေနဲ့ ပြည့်နေပါပြီ။ ကျွန်တော့်ရဲ့ အနာတရ ကာလများပေါ့။

ဂျက်ဖရီတ စ်ယောက် ဆီပမ်မာက ဦးလေး မူဆယ်ဝေးလ်ရဲ့ ပြောင်းကျိတ်စက်ရုံမှာ အလုပ်လုပ်နေ ဆဲပါပဲ။ သူ့ကို ငှားတုန်းက အိမ်မှာ တံမြက်စည်းလှည်းရုံနဲ့ ဦးလေးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရုံ ပါပဲလို့ပြောပြီး ငှားတာပါ။ ဒါပေမဲ့ ဟိုရောက်တော့ အောက်ခြေသိမ်းလုပ်ရတယ်။ စက်ရုံထဲမှာ လည်း လုပ်ရတယ်။ အိမ်မှာလည်း လုပ်ရတယ်။ ဦးလေးက မူးပြီး ညမိုးချုပ်မှ ပြန်တယ်။ အားလုံး သူတစ်ယောက်တည်း ဒိုင်ခံ လုပ်ရတယ်။ ရွာပြန်လာရင် ကျွန်တော့်ကို ရင်ဖွင့်ပြီး ဂျက်ဖရီ ညည်းရှာ တယ်။

မင်းတို့ကို ငါ သိပ်အောက်မေ့တယ်ကွာ။ ဒီဇယ်သွားသယ်ရတဲ့ နေရာက တောာင်ငါးလုံး ကျော်ရ တယ်။ ပြန်လာရင် ငါ့တစ်ကိုယ်လုံး ဆီတွေ စက်စက် နစ်နေတာချည်းပဲ
တစ်ခါတလေလည်း သူတို့ ကြိတ်စက်တွေအကြောင်း ပြောပြတယ်။

သူတို့စက်တွေမှာ မူလီဘီးတွေ သားရေပတ်တွေနဲ့ လည်ပတ်တယ်တဲ့။ ဘယ်တော့မှ ရပ်တယ်မရှိ ဘူးလို့ ပြောပြီး ကျွန်တော့်ကို အကြံပေးတယ်။
မင်းလည်း စဉ်းစားပါလား။ အဲဒီလို လုပ်နိုင်ရင် မင်းချိန်းကြိုး ခဏခဏပြုတ်တဲ့ ပြဿနာမရှိတော့ ဘူးပေါ့
ကျွန်တော့်အတွက် သိပ်တန်ဖိုးရှိတဲ့အကြံ ဖြစ်ပါတယ်။ မူလီဘီးနဲ့ သားရေပတ်ကြိုး သုံးနိုင်ရင် လည်ပတ်ပုံ ပိုညက်လာမယ်ထင်တယ်။ ခုလို အမဲဆီလည်း မကုန်တော့ဘူး။ ခွေးသွားစိတ်တွေနဲ့ ချိန်းကြိုးထဲကို ထည့်ဖို့ အမဲဆီပြတ်သွားတာ ကြာပြီ။

ဆက်ရန်
.

No comments: