ထို့နောက် သားအဖနှစ်ယောက် စကားပြတ်သွားကြပြန်သည်။ အတန်ကြာမှ မောင်တင်ဦးက ပြန်ဆက် ၏။
''ကျွန်တော်သိချင်တာ တခု ပြောပါအုံးအဖေ''
''ဘာများလဲ သားရဲ့''
''အဖေ နွေဦးပေါက်ချိန်တိုင်း ငေးငိုင်နေခဲ့တဲ့အကြောင်းရယ်၊ သူ့မေတ္တာက တမျိုးဆိုတာရယ်လေ၊ ဒီအဖေ နဲ့ ဒီသားဘဲရှိတော့တာ အဖေ့အကြောင်းသိပါရစေလား အဖေရယ်''
ဦးအောင်က သားမျက်နှာကို စိုက်ကြည့်ပြီး...
''ပြောရတာပေါ့ သားရယ်''
ဟု အစချီကုသူ့ရင်ထဲက သိုသိပ်လာခဲ့သည့်အကြောင်းတွေကို သားဖြစ်သူအား ဖွင့်ဟလိုက်သည်။
''မသစ်ဆွေက စစ်သားယူပြီး မုဆိုးမ ဖြစ်ရမှာ ကြောက်ပါတယ်လို့ အတိအလင်း ပြောလိုက်ပြီးတဲ့ နောက် အဖေ လဲ စိတ်တင်းအာရုံဖြတ်ပြီး စစ်တပ်ချီတက်ရာ လိုက်ခဲ့တာပေါ့ကွယ်။ အဲဒီအချိန်က အဖေ တို့ တပ်က ချင်းတောင် ဘက်ကို တက်ကြရတယ်လေ။ အိန္ဒိယနယ်စပ်ဆီ ဦးတည်သွားရတာပေါ့ကွယ်။ လမ်းခရီး တလျှောက် တောတောင်စိမ့်စမ်းထူထပ်တာတွေ၊ ပင်ပန်းဆင်းရဲတာတွေ အစားအသောက် ဒုက္ခ ဖြစ်တာတွေ၊ တောတိရစ္ဆာန်နဲ့တွေ့ရတာတွေ့၊ ရန်သူလေယာဉ်ကို ရှောင်ရတာတွေ ဆိုတာက တော့ အဖေ အကျယ်ချဲ့ မပြောလိုတော့ပါဘူး။ ဟိုလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က တွေ့ခဲ့ကြုံခဲ့ရပုံတွေ ကို သားဘဲ စိတ်ကူး ထင်မြင်ကြည့်ပေတော့ကွယ်''
မောင်တင်ဦး က ငြိမ်နေသည်။သူ့အဖေပြောသလိုသူက စိတ်ကူးထင်မြင်ကြည့်သည်။သူ့စိတ်ကူးထဲတွင် ကား သူ့မေတ္တာ ကလည်း တမျိုးပေါ့ ဆိုသောစကားအရ သူ့အဖေသည် ချင်းတောင်မှ ချင်းအမျိုးသမီး လှလှ ကလေး နှင့် မေတ္တာကူးယှက်လာခဲ့ပေမည်ဟု တွေးမိ၏။ ဘယ်လိုလဲသား.. သားရဲ့စိတ်အာရုံထဲ မှာ တောပုံ တောင်ပုံ တွေထင်ရဲ့လား ငြိမ်နေသော မောင်တင်ဦးကို ဦးအောင်က မေး၏။ တောပုံ တောင်ပုံတော့ မထင်ဘူး အဖေရဲ့ ချင်းအမျိုးသမီးလှလှကလေးဘဲ ထင်နေတယ်။
ဟေ.. ဘယ်လိုအကြောင်းကြောင့် ချင်းအမျိုးသမီးကို ထင်ရသလား သားရဲ့။ သူ့မေတ္တာက တမျိုးလို့ အဖေပြောထားတယ် မဟုတ်လား ဒီတော့ ချင်းတောင်ကို သွားနေမှ ချင်းအမျိုးသမီးလှလှကလေး နဲ့ အဖေ အဆက် အသွယ် ဖြစ်လာမှာပေါ့အဖေ မောင်တင်ဦးက သူ့ထင်မြင်ချက်ကို ပြောသောအခါ ဦးအောင်ပြုံး နေသည်။ မဟုတ်ဖူးလားအဖေ မဟုတ်ဖူးသားရဲ့ ဒါဖြင့် ဘာကြောင့် အဖေပြုံးသလဲ သားထင်မြင်ချက် မှားနေ လို့ ပြုံးတာပါ ကဲပါအဖေရယ် ဆက်ပြောပါ၊ ကျွန်တော်သိပ်သိချင်ပါပြီ။
မောင်တင်ဦးက ခလေးသဖွယ် ဖခင်ဒူးကို ဖက်ထားရာမှ ကိုင်လှုပ်ပြီး ပြောသဖြင့် ဦးအောင်က သားချစ် အလို အတိုင်း ဆက်ပြောသည်။ အဖေတို့က ဗမာ့တပ်မတော် သားတွေဆိုတော့ ကျရာတာဝန်ကို ဦးလည် မသုံ ယူရတာကိုး သားရဲ့ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ ကားလမ်းဖောက် ပေးရတယ်ကွဲ့ ဘယ်နားက ကားလမ်း လဲ အဖေ ပြောမယ်လေသားရဲ့ အဖေတို့ တပ်မတော် သားတစ်စုကို စစ်ကိုင်းက နေပြီး အင်းတော် အထိ ဂျပန် က မီးရထားနဲ့ တင်ခေါ်သွားတယ်။
အဲဒီအချိန်က ဂျပန်တပ်နဲ့ ဗမာ့တပ်မတော်က မကွဲသေးဘူး လုပ်စရာရှိရင် အတူပူးတွဲလုပ်ဆောင်နေတဲ့ အချိန် ကာလ ကိုး သားရဲ့ အင်းတော်ရောက်တော့ ဟိုဘက်တခွင်ကို ခြေ လျင်တက်ရကိုးသားရဲ့ ဒါပေမယ့် တစ်ခု တော်သေး တာက အရင်ကရှိထားပြီးသား ကားလမ်းဟောင်းအတိုင်း လိုက်ရတော့ ပြော လောက် အောင် လမ်းမဆိုးဘူးပေါ့ သားရယ်။ ကားလမ်းအဟောင်းကြီးအတိုင်း လိုက်နေရတော့ အဖေ တို့ လမ်းဖေါက် ဖို့ မလိုတော့ဘူးပေါ့ မောင်တင်ဦး က ဖြတ်ပြောသည်။
အဖေ့စကားက မပြည့်စုံးသေးဘူးလေသားရဲ့ ဟုတ်ကဲ့ အဖေပြောပါ။ အဲ... အင်းတော်ကနေ ဗန်းမောက်-ဗန်းမောက် ကနေ မန်စီ အထိတော့ ကားလမ်းအဟောင်းအတိုင်းပေါ့သားရယ် မန်စီဟိုဘက်ကစပြီး လမ်း လုံးဝမ ရှိတဲ့ တောတောင် တွေကို ကားသွားလို့ရအောင် လမ်းဖောက်ရတယ်။ စက်ကိရိယာတွေ ဘူဒိုဇာ တွေဆိုတာဝေလာဝေး ဒို့တစ်တွေလက်နဲ့ အားစိုက်ထွင်ရတဲ့ လမ်းဆိုတော့ ဘယ်လောက် ပင်ပန်းမယ် ဆိုတာ သားစဉ်းစားကြည့်ပေတော့ကွယ်။

မောင်တင်ဦးက ဦးခေါင်းညိတ်သည် သူ့မျက်လုံး ထဲတွင် သူ့အဖေအပါအ၀င် ဗမာ့တပ်မတော်သား တစုပင်ပန်းကြီးစွာ လမ်းဖောက်နေပုံကို မျက်စိထဲမှာ မြင်ယောင် လာသည် ဆက်ပြောပါအုံးအဖေ မောင်တင်ဦးက တိုက်တွန်းသည် ဂျပန်တွေအကြံနဲ့ လမ်းဖောက်ခိုင်းတာကိုးသားရဲ့ သူတို့ရည်ရွယ်ချက်က အိန္ဒိယနယ်ထဲမှာ ရှိတဲ့ အင်ဖာနဲ့ ကိုဟီးမားကို ဦးတည်တိုက်ဖို့ပေါ့။ အဖေတို့ အဲဒီ အထိ ရောက်ခဲ့လား ဘယ်ရောက်မလဲသားရဲ့ မန်စီ ဟိုဘက် ကားလမ်းပေါက်သွားတော့ ခွေးအော်ဆိုတာကို ရောက်ခဲ့ရော။ ဘာအဖေ ခွေးအော်ဟုတ်လား နာမည်ကလဲ ထူးထူးဆန်းဆန်း ရွာလား။
ရွာမဟုတ်ဖူးသား စခန်းတခုနာမည်
နာမည်ကလဲ အဖေရယ် မှည့်စရာ ရှားလွန်းလို့
ဒီစခန်းနာမည်က ဂျပန်လို ဂုယုအွန် အဲဒီ အသံထွက်ကနေ ဂုယွန်ဖြစ်လာရော၊ ဗမာတွေက ဒီအသံထွက် မခေါ်တတ်တော့ အလွယ်တကူ ခွေးအော်လို့ ခေါ်လိုက်တာပေါ့။
အဓိပ္ပါယ်ကတော့ ရှိပါတယ်
မောင်တင်ဦးက ခပ်ပြုံးပြုံး မျက်နှာဖြင့် ပြန်မေး၏။
ပြုံးနေသော မောင်တင်ဦးမျက်နှာကြည့်ပြီး ဦးအောင်ကလည်း ပြုံးသည်။
အဲဒီ ဂုယွန်က ရှေ့ဆက်သွားရင် ၀ါးပါးဆိုတဲ့ စခန်းရှိတယ်။ ဂုယွန်နဲ့ ၀ါးပါးအကြားမှာ ဂုယွန်နဲ့တော့ ပိုနီးတာ ပေါ့လေ။ တောင်ကြီးတစ်တောင်ရှိတယ် သားရဲ့။ တောင်ကြီးက သိပ်မြင့်တယ်။ အဖေတို့ ဗမာ့တပ်မတော်သားတွေ တောင်ထိပ် မော့ကြည့်မိတဲ့ လူဟာ ဦးထုပ်ကျွတ်ကျတာဘဲ ဒီတောင်ကြီးကို ကျော်သွားမှလဲ ၀ါးပါးစခန်းကို ရောက်မှာကိုး။ ဒီတောင်ကြီးကို ကျော်လွားဘို့အတွက် လူမပြောနဲ့ ခွေးကတောင် စိတ်ညစ်တယ်။ ဒီတောင်ကြီးတက်ဖို့ ခရီးစလိုက်တယ်ဆို တပ်နဲ့ပါလာတဲ့ ခွေးတွေ တောင်ကြီး တက်ရမှာ ကြောက်တော့ အော်ကြတာဘဲ သားရေ။
အဲဒါကြောင့် ခေါ်ရခက်တဲ့ ဂျပန်နာမည် မခေါ်တော့ဘဲ ဒို့ဗမာ တပ်စုက လွယ်လွယ်ကူကူ ခွေးအော် စခန်း လို့ ခေါ်လိုက်ကြတာပေါ့
သူ့အဖေ ဖြေရှင်းချက်ကို သဘောကျသော မောင်တင်ဦးက အားပါးတရ ရယ်လိုက်၏။ သားရယ်သည်ကို မြင်ရသောဦးအောင်က သူပါရောပြီးရယ်သည်။
'ဒါနဲ့ဆက်ပါအုံး အဖေနားထောင်လို့အကောင်းသား'
မောင်တင်ဦးက အားပေးတိုက်တွန်း၏။
'အေးခွေးတွေတောင် အော်ယူရတဲ့ တောင်မြင့်ကြီး ကျော်လိုက်တော့ အခုတင်က အဖေပြောခဲ့တဲ့ ၀ါးပါးစခန်း ကိုရောက်တယ်။ ဒီစခန်း နာမည်ကလဲ အဓိပ္ပါယ်ရှိတာပဲ သားရဲ့။ အဲဒီနေရာမှာ ရှင်သန် ပေါက်ပွား နေတဲ့ ၀ါးပင်ကြီးတွေက အလုံးကြီးသလောက် အသားက ပါးလွန်းတယ်လေ၊ ဂျပန်တွေက ဒီနေရာ ကို ဥပစခံလို့ နာမည်ပေးထားပါရဲ့ သူတို့အသံထွက်က ပေါ်လို့ မလွယ်တော့ ဒို့တတွေက ၀ါးလုံး အသား ပါးတာ အစွဲပြုပြီး ၀ါးပါးစခန်းလို့ ကင်ပွန်းတပ်လိုက်တာပေါ့ကွယ်'
'ဟုတ်ပြီအဖေ၊ အဲဒီကရှေ့ဆက်တော့'
'အဲဒီကေ၇ှ့ဆက်တော့ လမ်းခွဲဆိုဘာကိုရောက်၊ အဲဒီကမှ ဟုမ္မလင်းကို လှမ်းမြင်နေရတဲ့ နေရာအထိ ရောက်အောင် ဒို့တွေ လမ်းဖောက်လာကြတယ်ကွဲ့'
'ရှေ့ဆက် ဖောက်သေးလား အဖေ'
'ဒို့…ဗမာ့တပ်မတော်သားတွေအနေနဲ့ ရှေ့ဆက်မသွားရတော့ဘူး။ ဟုမ္မလင်းအနားဘဲ နောက်ကြောင်း ပြန်လှည့်ခဲ့ကြရတယ်။ ဒါပေမဲ့ နောက်ကြောင်းပြန်လှည့်သွားကြရတဲ့ ဗမာ့တပ်မတော်သားတွေထဲမှာ အဖေ မပါဘူး။ အဖေက တယောက်ထဲ ကျန်နေရစ်တယ်သားရဲ့'
'ဘယ်လိုဖြစ်ပြီး အဖေက ကျန်နေရစ်တာလဲ'
'အဲဒီဘက်ကိုတက်လာတဲ့ တပ်တွေကို ကွပ်ကဲတဲ့စစ်ဦးစီးအဖွဲ့က ဂျပန်တွေချည်းဘဲသားရဲ့။ စစ်ဦးစီးရဲ့အဖွဲ့က ဒုတိယအကြီးဆုံးဖြစ်တဲ့ ဗိုလ်မှူးယာမာမိုတိုက အဖေ့ကို သူ့စိတ်နဲ့တွေ့နေတာကိုး။ တနေ့ ဟုမ္မလင်းမြို့ကို ကွေ့ပြီး အိန္ဒိယနယ်စစ်ဖက် အခြေအနေကြည့်ဖို့ သွားကြရာမှာ အဖေ့ကို သူကရွေးပြီး ခေါ်သွားတယ်။ အကြောင်းပြချက်ကတော့ အဖေက ဟိန္ဒူစကားနဲ့ ပါဠိဘာသာကို တော်တော် ရည်ရည် လည်လည် ပြောတတ်တဲ့အတွက် သူတို့နဲ့ ခေတ္တတွဲဖက်ထားပါလို့ သက်ဆိုင်ရာကို ခွင့်တောင်း ခေါ်ယူ ထားလိုက် လို့ဘဲသား'
'အဖေဟိန္ဒူဘာသာနဲ့ ပါဠိဘာသာကို တတ်တယ်လား၊ ကျွန်တော်လုံးဝ မသိခဲ့ ပါလား အဖေ၊ ဘယ်လို တတ်ထားတာလဲ'
မောင်တင်ဦးက အံ့သြစွာမေး၏။
'တက်ခဲ့ရပုံက မဆန်းပါဘူးသားရယ်။ အဖေတို့ ငယ်ငယ်က အိမ်နားနီးချင်းဖြစ်တဲ့ ဟိန္ဒူလူမျိုးတဦးနဲ့ လူကြီးချင်း လဲခင်၊ လူငယ်ခင်ျးလဲ ခင်ကြတော့ အဖေက မနေတတ်တဲ့အတွက် ဟိန္ဒူ စကား တတ်ခဲ့တာပါပဘဲ။ ပါဠိဘာသာကတော့ တက္ကသိုလ်မှာပါတဲ့ ပါဠိဘာသာကို ၀ါသနာပါလို့ အပိုဘာသာအဖြစ် သင်ယူလာခဲ့ဘူးတယ်။ ဟိန္ဒူစကားနဲ့ ပါဠိဘာသာက သိပ်ကွဲပြားတာမဟုတ်တော့ သင်ရမှတ်ရတာ သိပ်မခဲယဉ်းပါဘူး'
'အဲဒီဘာသာ အဖေတတ်တယ်ဆိုတာ ဂျပန်တွေက ဘယ်လိုသိလဲအဖေ'
'အဖေတို့က မင်္ဂလာဒုံ ဗိုလ်သင်တန်း ပထမပတ်ကျောင်းသားတွေကိုးသားရဲ့။ သင်တန်းဆရာတွေက ကျောင်းသားတွေရဲ့ ကိုယ်ရေးရာဇ၀င်ကို ယူရတယ်။ အဲဒီမှာ အဖေ ဆရာဖြစ်တဲံ ဂျပန်တစ်ယောက်က စစ်ဦးစီးအဖွဲ့ထဲ ပါလာတော့ အဖေ့အကြောင်း ကောင်းကောင်း သိနေပြီးသားလေ'
'ဆက်ပြောပါအုံးအဖေရယ်'
'အေး-ဟုမ္မလင်းက နေပြီး ဗမာပြည် နယ်နမိတ်အဆုံး အိန္ဒိယနယ်စပ်အထိဆိုရင် မိုက်နှစ်ဆယ်လောက် ရှိမလား နှစ်ဆယ်က ကျော်မလား အဖေလဲ သေသေချာချာ မမှတ်မိတော့ဘူးကွဲ့၊ ဂျပန်ဦးစီးအဖွဲ့က လက်ရွေးစင် လူလေးယောက်နဲ့အဖေပါ အားလုံးပေါင်း ငါးယောက်ပေါ့၊ စစ်ယူနီဖေါင်းချွတ်ပြီး ရိုးရိုးသာမန် လူတွေလို ၀တ်ပြီး အခြေအနေထောက်လှမ်းဘို့ ထွက်လာခဲ့ကြတယ်လေ၊ သာမန်လူတွေလို၊ ဆိုတာက ချင်းအမျိုးသား တွေလို ၀တ်ခဲ့ရတာပေါ့၊ စောင်ကြီးတွေခြုံထားရတော့ လက်နက်ကို ဖွက်ယူလို့ ရတယ် သားရဲ့'
'ဒါနဲ့အဖေတို့ အိန္ဒိယနယ်ထဲရောက်ရောဆိုပါတော့'
'မရောက်သေးဘူးလား၊ ဒို့ငါးယောက်မက်ျစိလည်ပြီး ဘယ်ကနေ ဘယ်ရောက်သွားမှန်း မသိတော့ဘူး တောကလဲ နက် တောင်ကြီးတွေကလဲ မြင့ိုက်တာ မိုးတိမ်တွေထဲ ထိုးဝင်နေတယ်လို့ ထင်ရတယ်။ ဒီလိုနဲ့ အစာရေစာပြတ်ပြီါ် ဟုမ္မလင်းဘက် ပြန်ရောက်နိုးနိုးနဲ့ သွားရင်း သွားရင်း တောတောင် ထူသည်ထက် ထူလာပြီး တနေ့မှာတော့ အားပြတ်ပြီး တောင်ကမ္ဘားယံစောင်းတစ်ခုမှာ အားလုံး လဲကြတာ ပေါ့ကွယ်'
ဦးအောင်က စကားဖြတ်ပြီး ရေသောက်လိုက်သဖြင့်…
'အဖေ့ရေတခွက်လောက် ပေးစမ်းပါအုံး'
ဟုဆိုသဖြင့် မောင်တင်ဦးက ကဗျာကသီ ရေခပ်ပေးသည်။ ဦးအောင် ရေသောက်နေစဉ်မှာ မောင်တင်ဦး သည် သူ့အဖေ၏ အတွေ့အကြုံကို စိတ်မှန်းဖြင့် စဉ်းစားကြည့်သည် အဖေသောက်ပြီးသော ရေခွက်ကို ပြန်ထားပြီး သောအခါ သိလိုသောဇောဖြင့်…
'ဆက်ပြောပါအုံးအဖေရဲ့'ဟု တိုက်တွန်း၏။
'ပြောမှာပေါ့သားရယ် အဖေနည်းနည်းနားပါရစေအုံး'
ဟုဦးအောင်ကပြောမှ ဖခင်ကြီး စကားအဆက်မပြတ် ပြောရ၍ မောနေကြောင်း တွေးမိကာ ဖခင်ကို သနား သွားသည်။
'ဟုတ်သားပဲ၊ အဖေမောနေမှာပေါ့၊ ကျွန်တော်က သိချင်တာလောက် စိတ်စောပြီး တိုက်တွန်းနေတာ နားပါ အဖေ၊ အမောပြေမှ ဆက်ပြောပါ'
မောင်တင်ဦးက ကြင်နာစွာပြောသောအခါ ဦးအောင်က ချစ်လှသော သားကို ခွင့်လွှတ်သောအပြုံးဖြင့် ကြည့်သည်။ အတန်ငယ်နားလိုက်ရ၍အမောပြေသောအခါ ဦးအောင်က စကားဆက်ပြောသည်။
'အဖေတို့ တောင်ကမ္ဘာယံစောင်း တခု မှာ လဲနေကြပြီနော်'
'ဟုတ်တယ်အဖေ'
'အဖေတို့ အဲဒီနေရာ ရောက်လာတာ ညနေမှောင်တရီအချိန်ပေါ့ကွယ်။ တဖြေးဖြေးနဲ့ ရောက်လာတာ ညနေ မှောင်တရီတချိန်ပေါ့ကွယ်။ တဖြေးဖြေးနဲ့ အမှောင်ကလွှမ်းလာတော့ တောကြီး တောင်ကြီး တခုလုံး ဟာ မဲနေတယ်။ ဒီလိုနက်ခေါင်တဲ့ညအချိန်မှာ အဖေတို့ ဘာတွေ့ရတယ်ထင်လဲသား'
ကျွန်တော်မထင်တတ်ဖူးအဖေ၊ ဘာတွေ့ရလဲ'
မောင်တင်ဦးက မေးသည်။
'အဖေတို့ လဲနေတဲ့ ကမ္ဘားယံစောင်း အောက်ခြေတောင်လေးလုံးဆိုင် အနိမ့်ချိုင့်ဝှမ်းကြီးထဲမှာ ၀င်းဝင်း လက်လက် နဲ့ မီးရောင်တွေ တော်တော်များတွေ့ရတယ်။ နောက်ပြီး လူသံလိုလို မသဲမကွဲအသံတွေက အောက်ခြေအနိမ့်ထဲက ပင့်တိုက်နေတဲ့ လေသံနဲ့ရောပြီး ကြားနေရတယ်။ လူနေအိမ်ခြေတွေ့ရပြီရယ်လို့ ၀မ်းတော့သာပါရဲ့၊ ဒီလူနေအိမ်ခြေက ဘယ်လိုလူမျိုးတွေ ဖြစ်မလဲ အဖေတို့အုပ်စုကို လိုလား ကြည်ဖြူ ပါ့မလား၊ လက်မခံဘဲ ရန်မူရင်ဆိုတဲ့ အတွေးတွေက အဖေသာမဟုတ်ဘူး၊ ဂျပန်လေးယောက်ကလဲ ဒီအတိုင်း ဘဲ တွေးတယ် ။ ဂျပန်တယောက်ဆိုရင် ဒို့လူနည်းနေလို့ပေါ့ကွယ်။ ဒိုကဂျပန်စစ်တပ် တတပ်သာ ဆိုရင် ဒီလူလောက်ကို ဘာမှ မလဲဘူးဆိုတဲ့ လေသံ ထွက်လာသေး'
'ဒါ-ဂျပန်က သူတို့စိတ်ထဲ ရှိတာအမှန်အတိုင်းပြောတာပဲ၊ သူတို့က အင်အားသာရင် ဘယ်သူ့ဖြစ်ဖြစ် အပေါ်စီး က နှိပ်စက်မှာ သေချာတာပေါ့'
မောင်တင်ဦးက ထောက်ခံ၏။
'အေးပေါ့ကွဲ့၊ ဒီလိုနဲ့ဘဲ အခြေအနေမှန်ကို မသိသေးတာတကြောင်း တောင်ခြေအောက် ဆင်းဘို့ရာ အားအင် ကုန်ခမ်းအောင်ကို ပင်ပန်းနေတာ တကြောင်းကြောင့် အဲဒီနေရာမှာပဲ ငြိမ်ငြိမ်ကလေး အနားယူ လဲလျောင်းရင်း အိပ်ပျော်နေကြရတယ်။ ဂျပန်တွေကတော့ အိပ်ပျော်တယ် မပျော်ဘူးဆိုတာ မသိကြဘူ။ အဖေ ကတော့ အိပ်မပျော်ဘူးကွဲ့၊ တောင်အောက်ချိုင့်ဝှမ်းထဲက လေနဲ့ရောပြီး လွင့်ပျံလာတဲ့ မသဲမကွဲ အသံ တွေကိုသာ စိတ်ဝင်စား နေမိတယ်'
ဆက်ရန်
.

No comments:
Post a Comment