Thursday, February 10, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၁၄) (ဇာတ်သိမ်း)

''ဘာဖြစ်လို့ရီတာလဲ မမယုရဲ့ ဖေဖေ့ကြည့်ပါလား တခါတလေ သူခိုင်းတာတွေကို ကျွန်တော်မလုပ်ချင် လို့ အထင်လွဲ တဲ့ အခါ ကျွန်တော်စိတ်မကောင်းဘူး၊ အပြင်မှာကလဲ အခြေအနေတွေက အားလုံး ပြောင်း သွားဘီမို့လား''

''သည်းခံ ကိုအောင်ရေ... သည်းခံ ဒီတခါ မမယုကတရားဟောဆရာဖြစ်သွားဘီ၊ ကိုအောင်က အများ ကြီး တော်သေး၊ ဖေဖေနဲ့အဆင်မပြေလို့ ဖေဖေစိတ်ဆိုးလဲ အလွန်ဆုံးတရက်ပေါ့၊ ဖေဖေ စိတ်ကြည်ကြည် လင်လင် ရှိတဲ့အခါ ''အကျိုးအကြောင်းက ဒီလိုဖေဖေရေ၊ သားရဲ့စိတ်ရင်းခံက ဘယ်လိုရှိတယ်၊ ဒါ ပေမဲ့ လက်ရှိဖြစ်နေ တဲ့ အကြေင်းက ဘယ်လို''နဲ့ ခြေပပိုင်ခွင့် ရှင်းလင်းပြောပြပိုင်ခွင့်ရှိဒါပေါ့၊ ဖေဖေက လဲ အခြေအနေ အမှန်ကိုသိတော့ စိတ်ပြေ့သွားပြီး သားကိုခွင့်လွှတ်နိုင်တာပေါ့၊ မမယု အဖြစ်ကမှဆိုး တာ''

''ဟင်... ဘာဖြစ်လို့လဲ''
ကျမကလည်း ထိုအခါကျမှ ကျမတို့သားအဖနှစ်ယောက်ဖြစ်ခဲ့သော အရေးအခင်းကို ပြောပြရပါသည်။
''ဘာမှ ရှင်းလင်းပိုင်ခွင့် ခြေပပိုင်ခွင့်လဲမရှိဘူး ဆရာရော့၊ စာရေးပြသမျှ ဆုတ်ပြစ်လို့ မယုလဲ စာလဲမ ရေး၊ စကားလဲမပြော နေလိုက်ရော သူလဲ သူထင်တာ သူလုပ်ဒါဘဲ၊ မိနုကြီးကလာပြီး ပြဿနာရှင်းမှ ဆေးရုံ မတက်ခင် လေးဒင် သားအဖပြဿနာပြေတော့တယ်''

''အော်... ဒီလိုကိုး''ဟုဆိုကာ သူ့ခမျာလည်း ထိုအခါ ကျမ ရယ်ပါတော့သည်။
    အော်ဖေဖေ
    ဒီလိုနှင့်ပင် မြေးဦးကြီး မိ၊ မောင်အောင်ခိုင်၊ မောင်ကျော်ခိုင်၊ နီ၊ သက်၊ မောင်ညီညီ နှင့် တိုး ကြည်ဆွေ၊ ထားကြည်ဆွေ၊ သိုးကြည်ဆွေတို့ ၏ အဘိုးအဖြစ် အသက်ရှစ်ဆယ်ပြည့်အောင်     သူ လူ့ပြည်တွင် နေလာခဲ့ပေပြီ။

ကျမ ပန်တပွတ် ကို ထွက်လာခဲ့ပြီးနောက် သမီးကြီး မိကို စေ့စပ်ကြောင်းလမ်းပေးရန် ရန်ကုန် ကို ခေတ္တ ပြန်လာခဲ့၏။ ကျမ၏ကျန်းမာရေးအခြေအနေကတော့ မကောင်းသေးပါ။ တညတွင် ဧည့်ခန်းမှာထိုင်ရင်း ကျမ ကိစ္စတခု ကို စိတ်ကူးနေရာမှ ပျားရေကို ဘာနှင့်မှမရောဘဲ သောက်ချလိုက်ရာ ပျားရေသီးပါတော့ သည်။ ခလေးမလေး နှစ်ယောက်မှာ အသက်မရှုနိုင်ဘဲ ပုံရက်လဲကျသွားသော ကျမကိုပွေ့ချီရင်း သူတို့ လည်း တတ်သမျှ မှတ်သမျှ ပြုစုကြပါသည်။ တနာရီလောက်ကြာမှ ကျမအသက်ပြန်ရှုနိုင်ပါသည်။ (ပျားရည်သီးလျှင် သေတတ်သည်ကို နောက်မှသိပါသည်။)

ထိုညတွင်တော့ ဖေဖေသည် ကျမကို အနားကိုလာကြည့်၏။ ''မလှိုင် ဒီညမမကို တယောက်ထဲ အခန်း ထဲမှ မသိတ်နဲ့ နင်အနားမှာ အိပ်နော်''ဟုဆိုကာ ကျမကို စေ့စေ့ကြည့်ပါသည်။ ယခုအခါမှ ဖေဖေသည် ကျမ၏ကျန်းမာရေးမှာ ဖြစ်ချင်လျှင်ချက်ခြင်း စိုးရိမ်ဘွယ်ရာဖြစ်သည်ကို တွေးမိလာဟန်ရှိပါသည်။

''သမီးနေ့တိုင်း ဘာတရားတွေကို ဆင်ခြင်လဲတော့မသိဘူး၊ ဖေဖေတော့ နေ့တိုင်း မရဏာမေဘ၀ီဿ တိ သေခြင်းလျှင် အဆုံးရှိ၏ဆိုတဲ့ မရဏနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းတယ်၊ ဒါကြောင့်များ ဖေဖေအ သက်ရှည်နေလားမသိဘူး၊ သမီးနေ့တိုင်း မရဏနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ''

ဖေဖေသည် ဒီလိုပြောကာ အခန်းထဲမှ ထွက်သွား၏။ ကျမ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။
ရှေးယခင်က ဦးနုတိုက်တွန်းချက်ဖြင့် ဖေဖေသည် သာသနာ့ရိပ်သာတွင် ကိုယ်ရင်ကြီးဝတ်ခါ ၀ိပဿနာ တရား ကို အားထုတ်၏။ သူကအမြဲဘဲ သင်္ကန်းဝတ်နှင့်နေလိုသည်ဟုဆိုသည်။ ကျမကနေခွင့်မပေးပါ။ ဖေဖေ့ မှာ ဦးနှောက်မှန်သူမဟုတ် ၀ိနည်းမလျော်သော အလုပ်များကို လုပ်မိလျှင် သင်္ကန်းငရဲကြီးမှာ စိုး သည်။ ဒုတိယအကြောင်းမှာ ဖေဖေက နားကြားသူမဟုတ် ဖေဖေ့ခြေသံ ဖေဖေလှုပ်ရှားသံများသည် သာမာန်လူ ထက် ကျယ်၍ တခြားသော ယောဂီရဟန်းများကို အနှောင့်အယှက်ဖြစ်မှာစိုး၍ သင်္ကန်းဆီး ၍ ဆက်နေရန် ကျမခွင့်မပြုဘဲ အိမ်ကို ခေါ်လာခဲ့ပါသည်။ အိမ်ရောက်လျှင် ၀ါတွင်း လပြည့်လကွယ်များ တွင် ဥပုသ် စောင့်ရင်း ၀ိပဿနာတရားကို အားထုတ်၏။

သို့ပေမင့် စိတ်ငြိမ်ပုံမရပါ။ အပင်မှ ကွမ်းသီးများကို ခွဲစိတ်အခြောက်လှမ်းထား၏။ မိုးရွာလျှင် တရား ထိုင် နေသော အခန်းထဲမှ ထွက်လာကာ  ''ဒီကွမ်းသီးဘမ်းကို''ယုတ်ရ၏။
ကျမသည် ဖေဖေ့ကိုစာရေးပြရ၏။ (ထိုစဉ်က သားအဖအဆင်ပြေနေသေးသည်။)

''နိဗ္ဗာန်ကိုလိုချင်လို့ ဖေဖေ၀ိပဿနာတရားကို အားထုတ်နေတယ်မို့လား၊ နိဗ္ဗာန်ဆိုဒါ ပစ္စည်းဥစ္စာတွေ ဆို ဒါကိုမပြော နဲ့ ဒီခန္ဓာကိုယ်ကြီးကိုတောင် ပြတ်ချင်လွန်းလို့ နောက်တဘ၀ပြန်မဖြစ်ချင်လို့ အားထုတ် ကြဒါ၊ ဒီကွမ်းသီးလေး တဘန်းကို (၀ိပဿနာတရား အားထုတ်ဆဲ အချိန်လေးမှာတောင်) မပြတ်နိုင်ရင် နိဗ္ဗာန်ကို ဖေဖေလိုချင်တယ်ဆိုတာ၊ အဓိပ္ပါယ်ရှိသေးရဲ့လား''
ကျမစာကိုဖတ်ခါ ''နောက်မလုပ်ဘူး၊ နောက်မလုပ်ဘူး''ဟုအော်ရင်း အခန်းထဲဝင်သွားပါသည်။ မည်သို့ ပင်ဆိုစေ ၀ိပဿနာကို အားထုတ်ဘူးသည်ဆိုသော ပါရမီကတော့ဖြင့် ဖေဖေ့တွင်ပါသွားပေမည်။ ဖေဖေသာ စိတ်မှနှ်လျှင် ကောင်းလေစွ အဘယ့်ကြောင့်ဆိုသော် သူအားထုတ်ချိန်တွင် နားမကြားသူ ဖြစ်၍ သောတ အာရုံ တွင် ကျမတို့လို ပျံ့လွင့်စရာမရှိပေ၊ ထို့ကြောင့်ပင် သူ့အခန်းထဲ၌ အားထုတ်ဆဲ ခဏတွင်မူ သူသည် သမာဓိမြန်မြန်ရလွယ်သည်ကို တွေ့ရ၏။

ဦးနုသည် ထိန်းသိမ်းခံရပြီး လွတ်လာချိန်တွင် ဖေဖေ့ကို လာကန်တော့ကာ ဖေဖေ့ကျန်းမာရေးကို ကြည့်၏။
''အသက်ရှစ်ဆယ် ထိ နေရတယ်ဆိုတာကတော့ ၀မ်းသာစရာဘဲ၊ ဦးလေးဘ၀ဟာ ငယ်ငယ်ကထဲက ကျောက်ပေါက်ရ၊ လေငန်းဖြစ်ရ၊ နားမကြားရ၊ ခွဲရစိတ်ရ၊ ခုလဲခြေမသန်ဖြစ်ရနဲ့ ၀ဋ်တွေဘဲ၊ မိခင်ယု ရေ... သံသရာ မှာ ပျော်မွေ့မယ်လို့ စိတ်တဖန်ဖြစ်လာတိုင်း ဦးလေးကိုကြည့်ပြီး ၀ဋ်ဆင်းရဲကို ဆင်ခြင်ပါ ကွယ်'' သူက ပြန်ကာနီး ကျမကို သတိပေးသွား၏။
ဖေဖေသည် ကံလည်းကောင်း၏။ ကံလည်း ဆိုး၏။ ရောဂါမျိုးစုံခံစားရသော်လည်း သူအသက်ရှည်၏။ ယခုတိုင် ကျန်းမာတောင့်တင်း၏။ ယခုလိုပုံဖြင့် သူ့ကျန်းမာရေးမှာ မြေးဦးကြီး မိမှ မွေးသောမြစ်ဦး အထိ နေနိုင် ပုံရ၏။

ကျမအိုမင်းသောအခါ ဖေဖေ့လိုမှ အသက်ရှည်စွာနှင့် အဆင်ပြေစွာ နေနိုင်ပါမည်လား။ ဤလိုနောင် ရေးကို တွေးမိ သောအခါ တုံလှုပ်သွားသည်။ ကျမနောင်ရေးက ဘာမှမသေချာ၊ ကျမကလည်း ဘာမှ ပြင်ဆင်၍ မထားပါပေ။
သို့သော် အားကိုးရာ တရားတော်တည်ရှိပါသေး၏ဟု ပြန်အားတင်းရ၏။ ဖေဖေက ထိုနေ့ညက မရဏ ဿတိကမ္မဋ္ဌာန်းကို အစဉ်စီးဖြန်းရန် သတိပေးလာသောအခါ ဖေဖေဦးနှောက်အတော်ပင်ပြန်၍ ကြည်လင် လာသော အထိမ်းအမှတ်အဖြစ် ကျမ၀မ်းသာသွားမိပါသည်။

မိကို လက်ထပ်ပေးပြီးနောက် ကျမပန်တပွတ်ကို ပြန်ခဲ့၏။
သူချစ်သော မြေးဦးမိ... မြေးသားမက် ထွန်းအောင်ကျော် (ဗိုလ်ကြီး တပ်မတော်လေတပ်)တို့နှင့် အဆင်မှ ပြေပါလေစဟု သင်္ဘောပေါ်အရောက် စိတ်ကထင့်လိုက်သေးသည်။
''ငါသေတော့လဲ သူတို့ဖာသာ ကြည့်ပြီးဆက်နေသွားကြမှာပါလေ'' ကျမစိတ်ကို ကျမဖြတ်လိုက်၏။
တလအကြာတွင်မူ မိထံမှ စာတစောင်ရောက်လာသည်။

    မေမေ...

    မေလ ရှစ်ရက်နေ့မှာ သမီးကျောင်းပြန်တက်ရမယ်။ ကိုကိုထွန်းအောင်ကျော်လဲ ခွင့်တလစေ့     လို့ ရုံး ပြန်တက်ရမယ်၊ အလှိုင်လဲ ယောက်ျားယူဖို့ပြန်သွားတယ်၊ သမီးတို့နှစ်ယောက် ကိုယ့်ပြဿနာကိုယ် ရှင်းနိုင် ပါတယ်။ အရေးကြီးဆုံးပြဿနာကတော့ ဘဘကြီးရဲ့ပြဿနာဘဲ၊ သမီး     တို့ ကျောင်းသွားနေတုန်း ဘဘကြီး ကို အိမ်မှာတယောက်ထဲ ထားရစ်ခဲ့ဖို့ စိတ်မချဘူး၊ ဒါ     ကြောင့် ဘဘကြီးအတွက် လူတယောက် အမြန်ရှာ ၍ ပို့ပေးပါ။

                                    ကျန်းမာ ချမ်းသာပါစေ...
                                            မိ
မိဆိုသော ကျမ၏သမီးသည် ဘယ်သောအခါမှ စာရှည်ရှည်မရေး၊ အဖေနှင့် အမေကိုပင် စကားဖွဲ့ဖွဲ့နွဲ့ နွဲ့ မပြောတတ်၊ သူ့ကျောင်းမှ ဆရာမကြီးများကပင် ဆုံမိ၍ စကားစပ်မိလျှင် မိသည် အင်္ဂလိပ်လိုဘဲဖြစ် စေ၊ မြန်မာ လိုဘဲဖြစ်စေ စာစီစာကုံးရေးလျှင် ဖွဲ့ဖွဲ့နွဲ့နွဲ့မရှိကြောင်း ပြောပြတတ်၏။
ယခုစာ ကို ကျမဖတ်ရသောအခါ ရယ်မိ၏။ ပြုံးမိ၏။ ခွေးမိဆိုသော ဤမိန်းကလေးက ''ပြဿနာ''ဆို သော စကား ကို ကြီးကြီးကျယ်ကျယ် သုံးလာသောကြောင့်ပင်တည်း။
တခါက ဆွေမျိုးတယောက်က ကျမကိုပြောဘူးပါသည်။

''အလကားပါဗျာ... ဒီအဖေကြီးကို သူကပုံကြီးချဲ့နေတာ၊ ဘယ်အိမ်ဖြစ်ဖြစ် ဆွဲတင်ထားလိုက်ရင်ပြီးနေ တဲ့ ကိစ္စ...''
သူပြောစဉ်က ကျမဒေါသဖြစ်မိပါသေးသည်။ ယခု မိစာကိုသာ ထိုသူကိုထိုးပြလိုက်ချင်ပါသည်။ ဘယ် အိမ်ဖြစ်ဖြစ် ဆွဲတင်ထား၍မရပေသော အဖေမျိုးပေလားဆိုသည်ကို ထိုသူ့ကိုပြချင်သည်။ တကယ်သာ ဆွဲတင် ထား၍ရလျှင် မိ၏စာသည် ကျမထံသို့ပင် ရောက်လာရန်မလို၊ သူတို့က လာကြည့်၍ ဖေဖေ့ကို ဆွဲခေါ် သွားဖို့ပင်ဖြစ်၏။ သို့သော်လည်း ကျမသည် သူတို့ကို ချေပပြောဆိုမနေလိုတော့ပါပေ။
စိတ်ချ ရသော ကျမကိုပြုစုနေသည့် မအေးမြင့်ကို ဖေဖေ့အား ပြုစုရန် ရန်ကုန်ကို ပို့ပေးလိုက်ရပါသည်။ မအေးမြင့် သည် မီလက်ထပ်ဖို့ ရန်ကုန်တွင်သွားရောက်ပြင်ဆင်စဉ် ဖေဖေနှင့်တလလောက် အတူနေ ဘူး၍ ဖေဖေ့ ဓာတ် ကို သိပြီးဖြစ်လေသည်။

နောက်တနှစ်တွင် ကျမတို့ ပန်တမွတ်ရှမ်းတပ်ရင်း(၁)မှ ရန်ကုန်စစ်ရုံးချုပ်ကြီးသို့ ပြန်လည်ပြောင်းရွေ့ရ ၏။
ကျမ၏ညီမအငယ်ဆုံး နုနုသည် မော်လမြိုင်တက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ်သို့ မြန်မာစာဌာနတွင် လက်ထောက် ကထိကအဖြစ် ပြန်လည်ပြောင်းရွေ့လာရ၍ ဖေဖေ့ကို သူ့လုပ်စာနှင့် ကျွေးမွေးပြုစုလို သေးသည် ဆို၍ လာခေါ်သွားပါသည်။ စင်စစ်တော့ ကျမ မသေမချင်း ဖေဖေ့အကြောင်းကရေး၍ မဆုံး နိုင်ပါ။

ယခုဤနေရာတွင်ပင် လက်စသတ်သောအချိန် ၁၉၆၈ ခု၊ ဇန္န၀ါရီလ၊ နှစ်ဆန်းတရက်နေ့တွင် သူချစ် သော မြေးဦးကြီး ''မိ''မှ မြစ်ဦးဖြစ်သော သားဦးရတနာကို ဖွားမြင်ပါသည်။ ဆေးရုံသို့အောက်ပါစာကို သူရေးပို့၏။

    မိ
    Congratulation
    မိနှင့်တကွ သားကလေးပါ ကျန်းမာချမ်းသာစေရန် ဆုတောင်း၏။
    ကျန်းမာချမ်းသာကြပါစေသော်
    ဘဘ မလာနိုင်ဘူး
                                မောင်ဘ

ဤသို့နှင့် မျိုးစေ့တစေ့မှသည် တောအုပ်တခုသည် ဤမြေပေါ်တွင် ခက်လက်စိမ်းစိုစွာနှင့် ရှင်သန်ဖြစ် ထွန်းလာခဲ့၏။ ပုံစံအမျိုးမျိုးတို့နှင့် ဤတောတန်းတွင် ပန်းတို့လည်း ပွင့်လာခဲ့ကြသည်။ ဤတောတန်းမှ ပွင့်သောပန်းနှင့် သီးသော သစ်သီဝလံတို့သည် သတ္တ၀ါတို့အတွက် ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းပါ စေသတည်း။
အဘိုးနှင့် မြေး မြစ်တစု ချမ်းမြေ့ရွှင်လန်းပါစေ။

ခင်နှင်းယု
၁-၁-၆၈

2 comments:

မေဓာဝီ said...

အမကြီး မရွှေစင်ရေ ...
ကွန်နက်ရှင်မကောင်းတဲ့ ကြားက ရအောင် ကြိုးစားတင်ပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။
ဒီနေ့အဆုံးထိ ဖတ်လိုက်ရတာ ၀မ်းသာသွားတယ်။ တနေ့ တနေ့ မျှော်နေတရတာမို့ :)

Anonymous said...

အမရေ... အမမေဓာဝီပြောတဲာ့..တထပ်တည်းပါပဲ..ဟီးး


မြတ်နိုး