Friday, January 7, 2011

ပဆစ်အိမ် အပိုင်း (၂၉)

အထီးကျန် ဆန်လာခဲ့သည်။
မြိုင့်တွင် အိပ်မပျော်နိုင်သော နေ့ရက်တို့ များပြားလာသည်။
တစ်လော ကတော့ မိသားစု ဆရာဝန်လို ဖြစ်နေသော ဒေါက်တာတင်အောင်မြင့် ထံ ရောက်ခဲ့ သည်။

"ကဲ ဆိုပါဦး၊ ဒီတစ်ခါ ဘာဖြစ်သလဲ"
"မြိုင် အိပ်မပျော်ဘူး"
"ဘယ်လောက် ကြာပြီလဲ"
"ကြာပါပြီ"
"တစ်ခြားကော"
"တစ်ခြားတော့ မပြောတတ်ပါဘူး"
"သွေးလေ အသွားအလာ မှန်ရဲ့လား"
"သိပ် သတိမထားမိဘူး"
"ဒါဖြင့် စမ်းသပ်ကြည့်ရအောင်"

ဆရာဝန်က မြိုင့် နှလုံးခုန်သံကို နားထောင်သည်။ သွေးပေါင်ချိန်ကြည့်သည်။ သူနာပြု ဆရာမ အား သွေးနမူနာ ယူခိုင်သည်။ ဆီးယူခိုင်းသည်။ ကျောက်တက် အနေအထား၊ အဆုတ်အနေ အထား၊ အသည်း အနေအထား တွေရော စုံစေ့အောင် စမ်းသည်။ နောက်ရက်သို့ ပြန်ချိန်းသည်။
သည်တစ်ခါ ရောက်သွားသောအခါ ဆရာဝန်က ကောက်ကာ ငင်ကာ မေးသည်။

"ဒေါ်ခင်မြိုင်ရဲ့ အသက် ဘယ်လောက်ရှိပြီလဲ ဟင်"
"သုံးဆယ်ရှစ်ပါ"
"ဟုတ်လား၊ ကျွန်တော် အံ့သြနေတယ်"
"ဘာကိုပါလိမ့် ဒေါက်တာ"
"ဒီထက်များ အသက်ပိုကြီးနေမလားလို့ ထင်ထားမိတာ"
"ဒေါက်တာ ဘာတွေ့ရလို့လဲ ဟင်"

"ဒေါ်ခင်မြိုင် ဖြစ်နေတာက သိပ္ပံနည်းတော့ သိပ်မကျဘူးထင်တာပဲ။ စိတ်ကြောင့်လို့ ပြောရမလား မသိဘူး။ ဘာခေါ်မလဲ။ အရွယ်မတိုင်ခင် သွေးဆုံး (Pre-menopausal) ဖြစ်ချင်တဲ့ လက္ခဏာကို တွေ့နေရလို့ပဲ။ ဒါပေမယ့် ဒါဟာ စိုးရိမ်စရာတော့ မဟုတ်ဘူးနော်"
"အဲဒီအတွက် မြိုင် မစိုးရိမ်ပါဘူး ဒေါက်တာ၊ မြိုင်အလိုရှိတာက အိပ်ပျော်ဖို့ပါပဲ"
"ဒါဆိုရင်လဲ အိပ်ဆေး အနည်းအပါးတော့ သုံးပါ"
ကျေးဇူးတင်ပါသည် ဒေါက်တာပေါ့။

အိပ်ဆေးအနည်းအပါး သုံးခွင့်င်္ရတော့ မြိုင် အိပ်ပျော်ရသည်ပေါ့။
အိပ်ပျော်နေချိန်ဆိုတာ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းပါသလဲ။ ဘယ်လောက် လွတ်လပ်ပါသလဲ။
ဘ၀ကို မေ့သည်။
သောကကို မေ့သည်။
လောကကို မေ့သည်။

မြိုင့်အဖို့တော့ အရာရာကို မေ့ထားနိုင်ခြင်းသည် စိတ်ချမ်းမြေ့စရာပင်
မြိုင်သည် စီးကရက်ကို ပြာခံခွက်၌ ထိုးချေလိုက်သည်
ကိုးနာရီခွဲပြီ။
ကိုကို့ဆီကို ဖုန်းမဆက်။
သမီးဆီက ဖုန်းမဆက်။
အဲ ... တစ်ယောက်တည်းကသာ ဆက်သည်။
သူက သူစိမ်း။

"ကျွန်မနာမည် မသက်ဇင်ပါ x x x ကျွန်မမှာ ပြောစရာ စကားတစ်ချို့ ရှိပါတယ်။ x x x ဦးတင်မောင်သန့်နဲ့ ပတ်သက်လို့ပါပဲ x x x သူက အစ်မကြီးနဲ့ ကွာရှင်းပြတ်စဲ ချင်တယ်တဲ့ x x x ကျွန်မကို လက်ထပ် ချင်တယ်တဲ့...

စကားသံများက နားမှ ပဲ့တင်ထပ်ဆဲ ဖြစ်သည်။
မြိုင်သည် အိပ်ရာဆီသို့ လျှောက်ခဲ့သည်။ မှန်တင်ခုံကို ဖြတ်ကျော်ရတော့ မှန်ထဲမှာ မိမိရုပ်သွင်ကို ခေတ္တ ရပ်ကြည့်မိသည်။
မှန်ထဲတွင် မြင်နေရသော ကြည်ပြာရောင် ည၀တ် အင်္ကျီအောက်မှ မြိုင်၏ ရုပ်သွင်သည် ကြုံလှီ လှလေ သည်။

အသားရောင် သည် ၀ါနုသော်လည်း ဖျော့တော့လှလေသည်။
ပင်ကိုက နွဲ့နွဲ့နှောင်းနှောင်းနှင့် လမ်းလျှောက်လျှင် ဖွဖွ ငြင်ငြင်ကလေး လျှောက်တတ်သည်။
ဒါကိုပင် လူတွေက ပိုးသားခန်းဆီးစကလေး လွင့်လာသလို ကနွဲ့ကယ နိုင်သည်ဟု တခုတ်တရ ချီးမွမ်း တတ်ကြ သေးသည်။
မြိုင် ၏ မျက်နှာပြင်တွင် အသားအရည် လျော့ပါးနေသည်။

မျက်တွင်းကျနေသဖြင့် မျက်ခုံးရိုး အရိပ်သည် မျက်ခွံပေါ်မှာ ကျနေသည်။
မျက်ဝန်းသည် ဖျော့သော်လည်း တစ်ကိုယ်လုံးတွင် အရှင်သန်ဆုံးလို ဖြစ်နေသည်။
မှန်မှ ခွာသည်။
အိပ်ရာ သို့ လာသည်။

ခုတင်ခေါင်းရင်းတွင် စားပွဲခုံငယ်တစ်ခု ရှိသည်။ ဆေးပုလင်း အများအပြား တင်ထားသည်။ သူ့အချိန်နှင့်သူ သောက်ရမည့် ဆေးများ။ အပြားပါသည်။ အလုံးပါသည်။ အရည်ပါသည်။ ပုလင်း  အရွယ်ကလည်း အစုံစုံ၊ ဆေးလုံး ဆေးရည် တို့၏ အရောင်ကလည်း အစုံ။ ဖြူဖြူ၊ နီနီ၊ ၀ါဝါ၊ ပြာပြာ၊ စိမ်းစိမ်း၊ ရွှေရွှေ။
မြိုင်သည် အစိမ်းရောင် ဆေးပုလင်း ကို လှမ်းယူလိုက်သည်။ အိပ်ဆေး အများအပြားပါသော ပုလင်း ဖြစ်သည်။ လက်တစ်ဆုပ်စာ မျှ လက်ထဲသို့ လောင်းထည့်ကာ ရေနှင့်ကျိုက်ချလိုက်သည်။ ပြီးတော့ လှဲလျောင်း လိုက်သည်။

"ကျွန်မနာမည် မသက်ဇင်ပါ x x x ကျွန်မမှာ ပြောစရာ စကားတစ်ချို့ ရှိပါတယ် x x x ဦးတင်မောင်သန့်နဲ့ ပတ်သက်လို့ပါပဲ x x x သူက အစ်မကြီးနဲ့ ကွာရှင်းပြတ်စဲချင်တယ်တဲ့ x x x ကျွန်မကို လက်ထပ် ချင်တယ်တဲ့ x x x"
အစသော် သည်အသံသည် နားဝယ် ပဲ့တင်သံလို ရိုက်ခတ်မြည်ဟိန်းနေသည်။

နောက်တော့ တစ်စထက်တစ်စ ဝေးလံသွားသည်။ တိုးတိတ်သွားသည်။
မြိုင့်စိတ်မှာ ပေါ့ပါး လွတ်လပ်လာသည်။ စိတ်အတွေးတို့သည် လေဟာပြင်ကျယ်ကို ဖြတ်ကျော် သွားသည့် နှယ် စကြ၀ဠာထဲ မှာ လွင့်မျောနေသလို ရှိသည်။
မြိုင့်စိတ်မှာ ချမ်းမြေ့ရလွန်းလှပါကလား။

ဆက်ရန်
.

1 comment:

ကိုဇော် said...

အယ်. . .တိုတိုလေး။