အဘ အိမ်မကပ်နိုင်သော အခါ ကျွန်တော်ပို၍ အလုပ်များသည်။
အမကိုယ်ဝန်မှာ နေ့လစေ့၍ မွေးဖွားချိန်နီးပြီ၊ မွေးဖွားချိန်နီးသမျှ အစ်မကျန်းမာရေးမှာ ချွတ်ယွင်းလာသည်။ ထို့ကြောင့် အိမ်တာဝန်များကို ကျွန်တော်သည် အရီးလေးနှင့် ဘထွေးတို့ အကူအညီဖြင့် အစစ ထမ်းဆောင် ရ၏။
ဘထွေး အဖြစ်မှာလည်း သနားစရာဖြစ်သည်။ သူ့အိမ်တာဝန်များကိုလည်း ထမ်းရသည်။ ကျွန်တော် တို့အိမ်ကိုလည်း ကူညီရသည်။ သူကြီး အလုပ်တွေကိုလည်း သွားလုပ်ပေး ရသေးသည်။
ကျွန်တော် သည် ယခုတလော အလုပ်ရှုပ်နေသဖြင့် မယဉ်နွယ်နှင့် မတွေ့အားခဲ့။ တစ်နေ့ ခင်းတွင် ဘထွေးသူကြီး အိမ်မှာ ပြန်လာသောအခါ အမှာစကားပါလာသည်။
"ငယ်လေး မယဉ်နွယ် က မှာလိုက်တယ်"
"ဟုတ်လား....မယဉ်နွယ်က ဘာမှာလိုက်လဲ"
"ဘာရယ်တော့ မဟုတ်ပါဘူး....ငါ့လူဘယ်ပျောက်နေလဲတဲ့"
"ဟုတ်တယ်ဗျာ.......ကျုပ်မယဉ်နွယ်နဲ့တောင် မတွေ့အားဘူး၊ ကိစ္စမရှိပါဘူး၊ ကျုပ်သွား တွေ့လိုက် ပါဦးမယ်"
ဘထွေးမျက်လုံးပြူးသွားသည်။
"ဘာရယ်....ငါ့လူက သွားတွေ့မယ်၊ ကြီးကျယ်လှချည့်လားကွာ...."
"မယဉ်နွယ် ကို ကျုပ်သွားတွေ့မယ်ဆိုတာ...... ဘာများကြီးကျယ်လို့လဲ"
"ဟာ.....ကြီးကျယ်တာပေါ့။ ငါ့လူက ဘယ်လိုသွားတွေ့မှာလဲ"
"ဘယ်လို သွားတွေ့တွေ့ အရေးမကြီးပါဘူး၊ ဒါပေမယ့် ဘထွေးကို ကျုပ်တစ်ခု တောင်းပန် ချင်တယ်"
"ဘာလဲကွ"
"ဘထွေး ဒီညနေ သူကြီးအိမ်ရောက်ဦးမလား"
"ရောက်မှာပေါ့ကွာ....ငါလူဘာလုပ်ဦးမလို့လဲ"
"ဘာမှ မလုပ်ပါဘူး၊ မယဉ်နွယ်ကို ပြောပေးပါလား.......သူ့ကို ကျုပ်တာတွေ့မယ်လို့"
"အလိုလေး မြတ်စွာဘုရား၊ ငါ့လူက တကယ်သွားတွေ့မယ်၊ ဘယ်လိုလုပ်တွေ့ မှာလဲ"
"အဲဒါ အရေးမကြီးပါဘူးလို့ ကျုပ်ပြောပြီးပါရောလား၊ ကျုပ်လာတွေ့မယ်ဆိုတာသာ ပြောပေးပါ၊ ဟုတ်လား ဘထွေး"
ဘထွေးသည် ခေါင်းကိုစိတ်ပျက်စွာ ခါသည်။
"ဘယ်လိုလဲ....ပြောမပေးဘူးလား ဘထွေး"
"ငါ့လူရာ....ပြောပေးတာ ၀န်မလေးပါဘူး၊ ဘာလို့သွားတွေ့တာလဲကွာ"
ဤတစ်ကြိမ်တွင်မူ ကျွန်တော်သည် လေပျော့နှင့် ဘထွေးကို ချော့ရသည်။
"ဘာလို့တွေ့ချင်တယ်ဆိုတာ......ကျုပ်လည်းမသိဘူး ဘထွေးဒါပေမယ့်..မယဉ်နွယ်ဟာ ကျုပ်သူငယ်ချင်းပဲ၊ သူကြီး ကြောင့်သာ တခြားသူငယ်ချင်းတွေလို လွတ်လွတ်လပ်လပ် မတွေ့ရတာ၊ ကျုပ်တို့ချင်း သိပ်ခင်တယ်၊ ဒါကို ဘထွေး မသနားဘူးလား"
ဘထွေးသည် သဘောကောင်း၍ စိတ်ပျော့သူဖြစ်သည်။ သူသည် မည်သူခိုင်းခိုင်း ငြင်းဆန် ရဲသူမဟုတ်။ ကျွန်တော့် အသနားခံချက် ကို လည်း မငြင်းနိုင်။
"အေးပါကွာ ငါ့လူရာ၊ မင်းကတယ်တတ်နိုင်တဲ့ကောင်၊ ငါ့ကို....ခြောက်လိုက် ချော့လိုက်နဲ့ လုပ်လိုက်ပေါ့ ငါ့လူရာ...ကောင်းတယ်ထင်သလို လုပ်တာပေါ့"
"ဒါဖြင့်.......ဘထွေးကျုပ်ကို ပြောမပေးဘူးလား"
"ငါ့လူခိုင်းတာ.....ဘယ်တုန်းကများ ငါမလုပ်လို့လဲ ငယ်လေးရာ....ကျပ်ပါဘိ၊ ငါပြောတယ် မဟုတ်လား..... ကောင်းတယ် ထင်သလို လုပ်......တဲ့.."
ထိုည နေ၀င်ချိန်၌ ၀င်နေကျအပေါက်မှဝင်၍ သူကြီးခြံတွင်းသို့ ကျွန်တော်ရောက်ခဲ့ပြန် သည်။ ဘထွေး ကတိတည် စွာ ပြောထားသဖြင့် ခြံစပ်အမှောင်ရိပ်၌ မယဉ်နွယ် အဆင်သင့် စောင့်နေရှာသည်။
ကျွန်တော် တို့ နှစ်ဦးသည် အကာအကွယ် အကောင်းဆုံးပေးနိုင်သည့် ကောက်ရိုးပုံကြီး ဘေး၌ပင် ထိုင်ကြ သည်။
"သန့်ဇင်.....ခုတလော နင်ဘယ်ပျောက်နေတာလဲ"
"ရှိပါတယ်ဟာ....ရွာမှပါပဲ၊ ငါ...နည်းနည်း အလုပ်များနေလို့ပါ"
"နင် ဘာတွေအလုပ်များနေလဲ"
"ဘာရယ်လို့ မဟုတ်ပါဘူးဟာ......အစ်မက မွေးခါနီးဖွားခါနီး မဟုတ်လား၊ ဒီတော့... အိမ်အလုပ်တွေ ကူညီ လုပ်ကိုင် ပေး နေရတာပေါ့"
"တော်ပါ သန့်ဇင်ရာ၊ နင်တကယ် ဘတွေလုပ်နေတယ်ဆိုတာ ငါရိပ်မိပါတယ်"
"ငါ ဘာတွေလုပ်နေလို့လဲ...."
"နင်တို့ ဂျပန်ကို ပြန်ချတော့မယ် မဟုတ်လား"
ကျွန်တော် မျက်လုံးပြူးသွားသည်။
"နင့် ဘယ်သူပြောလဲ မယဉ်နွယ်...."
"ဘယ်သူ မှ တော့ မပြောပါဘူး....ဒါပေမယ့် ငါရိပ်မိတာပေါ့"
ကျွန်တော် က ငိုင်နေမိသည်။ မယဉ်နွယ်က အားမရဟန် ကျွန်တော့လက်မောင်း ကိုဆုပ် ကာမေးသည်။
"သန့်ဇင်......ငါနင့်ဆီ သစ္စာကျိန်ဆိုထားတာ မေ့သွားပြီးလား၊ နင်ငါ့ကို မယုံတော့ဘူးပေါ့"
မယဉ်နွယ်၏ အသံ၌ငိုသံပါသည်။ မျက်နှာလေးကလည်း မဲ့လာ၏။ ကျွန်တော် မခံနိုင် တော့။
"ယုံပါတယ်ဟယ်၊ ကဲပါ ငါပြောပြမယ်၊ တို့တွေ ဂျပန်ကို ခံချကြတော့မယ်"
"ဘယ်တော့လဲ"
"အဲဒါတော့ ငါမသိဘူး၊ လူကြီးတွေလုပ်နေကြတာ"
မယဉ်နွယ် သည် သက်ပြင်းလေးရှိုက်၍ တိုးတိုးပြောသလည်။
"သန့်ဇင်....နင့်ကို ငါမှာလိုက်တာ ဘာကြောင့်လဲ သိလား"
"ဟင့်အင်း"
"ငါကြောက်လို့ဟယ်...."
"အို.....နင်ကြောက်လို့၊ နင်ဘာကိုကြောက်တာလဲ"
"ဘာ ကို ကြောက်မှန်း မသိဘူး၊ ငါ့အဘလည်း သိပ်ကြောက်နေတယ်၊ တိုက်ပိုင်ကြီးလည်း သိပ်ကြောက် နေတယ်"
"သူတို့ကကော ဘာတွေ ကြောက်နေကြတာလဲ...."
"သူတို့က ပြောနေတာပဲ၊ အခုတောင် အဘရယ် တိုက်ပိုင်ကြီးနဲ့ တိုးတိုးကျိတ် တိုင်ပင် နေတုန်း ငါ လစ်ခဲ့တာ"
"ဒီခွေးကောင်ကြီး ရောက်နေပြန်ပလား...."
"တိုးတိုးဟယ်၊ အေး.....ရောက်နေတယ်၊ ဒီလိုပဲ ခဏခဏလာတာပဲ"
"နေပါဦး....သူတို့ ဘာပြောကြသလဲ"
"သူတို့က ပြောတယ်၊ မြို့ပေါ်မှာ ဂျပန်တွေဂနာမငြိမ် ဖြစ်နေတယ်တဲ့၊ မြစ်ကြီးနားဆို လား...အဲဒီဘက်က အင်္ဂလိပ်တပ်တွေ ဆင်းလာပြီတဲ့၊ မြန်မာတွေကလည်း ဂျပန်ကို နေ့လား ညလားချကြတော့မှာပဲ.....တဲ့၊ မြန်မာတွေ ထချ ၇င် တိုက်ပိုင်ကြီးနဲ့ အဘက သူတို့ကိုပါသတ်မှာကြောက် နေကြတယ်"
ကျွန်တော် ရုတ်တရက် ဘာမျှပြန်မပြောနိုင်။ ကျွန်တော့်စိတ်တွင်း၌မူ ဗမာတွေ ဂျပန်ကို ထချလျှင် တိုက်ပိုင်ကြီး နှင့် သူကြီးကိုပါ သတ်ထိုက်သည် ထင်နေသည်။ သို့ရာတွင် သူကြီးသည် မယဉ်နွယ် ၏ အဖေဖြစ်နေသည်။
ကျွန်တော်က မလှုပ်မယှက် ဖြစ်နေသောအခါ မယဉ်နွယ်သည် ပိုမိုပူပန်ဟန် ထပ်မေးသည်။
"သန့်ဇင်.....ငါ့ကို အမှန်ဖြေစမ်းဟာ၊ နင်တို့တွေ ဂျပန်ကိုချရင် ငါ့အဘကိုကော သတ် ကြမှာလား"
ဤအဖြေကို ကျွန်တော်မသိ။ ဤအဖြေကို ဖြေနိုင်သူမှာ ကျွန်တော်အဘနှင့် ကိုမြင့်ဦးတို့ သာဖြစ်မည်။ ချက်ချင်းပင် ကျွန်တော်၌ အသိဥာဏ်ဝင်လာ၍ ယုံကြည်မှုတစ်ခုလည်း ပေါ်လာသည်။ ထို့ကြောင့် မယဉ်နွယ် ကို အားပေးစကား ပြောနိုင်၏။
"နင့်အဘ ကို သူတို့ မသတ်ကြပါဘူးဟာ"
"နင်တကယ်ပြောတာလား"
"ငါယုံတာ ငါပြောတာလေ"
"နင်က ..... ဘာယုံတာလဲ"
"ဒီမှာ မယဉ်နွယ်၊ ငါပြောတာ သေသေချာချာ နားထောင်းစမ်း"
ကျွန်တော် အသံက လေးနက်လာသဖြင့် မယဉ်နွယ်သည် မျက်တောင်ကော့များလှန်၍ ကလေးပမာ ဆိတ်ငြိမ်စွာ နားထောင်သည်။
"ငါ့အဘဟာ မဟုတ်မခံမေမယ့် လူတစ်ဖက်သားကို မနှိပ်စက်တတ်ဘူး၊ ကိုမြင့်ဦးက လည်းပြောဖူးတယ်၊ မြန်မာအချင်းချင်း မညှင်းဆဲရဘူးတဲ့၊ ပြီးတော့........ အခုလုပ်နေကြ တာမှာ ဆရာလည်း ခေါင်းဆောင် တစ်ဦး ပဲ၊ ဆရာကငါ့ကိုလည်းချစ်တယ်၊ နင့်ကိုလည်း ချစ်တယ်၊ ဒီတော့..... နင့်အဘကို ရှန်ရှာမှ မဟုတ်ပါဘူး"
ဆရာ့ကို ဖော်ပြပြောဆိုသံကြားသော် မယဉ်နွယ်၏ မျက်နှာလေးမှာ အားတက်ရွှင်လန်း သွားသည်။
"ဆရာပြန်လာပြီလား"
"အေး....ဆရာရော၊ မမရှင်ရော ပြန်လာပြီ၊ ကိုအုန်းမောင်နဲ့ မခင်သိန်းလည်း ပါလာ ကြတယ်"
"သန့်ဇင်..... နင်တကယ်ပြောတာလား၊ အခုသူတို့ဘယ်မှာလဲ"
"သူတို့ ဒီရွာမှာမရှိတော့ဘူး၊ အနီးအနားမှာတော့ ရှိတယ်....နောက်ပြီး နင်နဲ့ငါ ရိက္ခာပေး ခဲ့တဲ့ ဗိုလ်စောလင်း လည်း ရှိသေးတယ် မဟုတ်လား၊ ဒီတော့... နင့်အဘအတွက် မပူပါနဲ့ ဟာ"
မယဉ်နွယ် သည် စိတ်ချမ်းသာ သွားဟန် ယနေ့ညအတွက် ပထမဦးစွာအဖြစ် ပြုံးသည်။
"သန့်ဇင် ရယ်......နင်နဲ့တွေ့တော့မှပဲ စိတ်ချမ်းသာတော့တယ်၊ ဒါပေမယ့်......."
မယဉ်နွယ်သည် စကားမဆက်ဘဲ ရပ်ထားသည်။
"ဒါပေမယ့် .... ဘာဖြစ်လဲ မယဉ်နွယ်..."
လရောင်မရှိ ကြယ်ရောင်များက ထွန်းလက်နေသည်။ အမှောင်၌ ကျင့်သားရသော မျက်လုံး များကြောင့် ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး သဲကွဲအောင် မြင်နေကြရာ မယဉ်နွယ်၏ မျက်လုံးများ တောက်ပြောင် အရောင် လက်နေသည် အား သတိထား မိသည်။
"ပြောလေမယဉ်နွယ် ဘာဖြစသလဲ...."
မယဉ်နွယ်က သဲ့သဲ့ရှိုက်သည်။ မယဉ်နါယ် ငိုနေလေသည်တကား။
"အို......မယဉ်နွယ်....နင်ငိုနေတယ်"
ကျွန်တော်ပြောခါ မှ မယဉ်နွယ်သည် မထိန်းနိုင်ဘဲ ငိုသည်။ ကျွန်တော့်ကို ဖက်ငိုသည်။ ကျွန်တော်က သူ့ကိုယ်လေး ကို ပွေ့ဖက်ပွတ်သပ် ချော့မိသည်။
"တိတ်ပါ မယဉ်နွယ်ရယ်တိတ်ပါ ဘာဖြစ်လို့ ငိုရတာလဲ... ငါပြောပါပကော၊ နင့်အဘကို တို့ရန်မရှာဘူးလို့"
မယဉ်နွယ် သည် အတန်ကြာ ဆက်ငိုသည်။ ငို၍အားရမှ စကားဆိုသည်။
"ငါငိုတာ က အဘကြောင့် မဟုတ်ပါဘူး သန့်ဇင်၊ နက်ဖြန်ဆိုငါတို့ ဒီရွာက ပြောင်းသွား တော့မယ်"
ကြားရသော စကားကြောင့် ကျွန်တော်ငိုင်သွားမိ၏။
"ဘာပြောတယ် မယဉ်နွယ်.... နင်တို့ ဒီရွာက သွားတော့မယ်"
"ဟုတ်တယ်......အဘက ဒီရွာမှာမနေရဲဘူး၊ ပြည်ကနိဗ္ဗိန္ဒချောင်မှာ အဘဆောက်ထား တဲ့ ကျောင်းရှိတယ်၊ အဲဒီကို တို့တစ်အိမ်သားလုံး ရွေ့သွားကြတော့မယ်၊ ဟိုမှာတော့ တို့ဆရာတော်က သြဇာရှိတယ်၊ တို့ ဘေးကင်း နိုင်တယ်"
ကျွန်တော် ဘာမျှမဖြေနိုင်။ မဖြေနိုင်ရုံမက မယဉ်နွယ်နှင့် ရောငိုမိသည်။
ချစ်သောသူနှင့် ခွဲခွာရခြင်းသည် ဒုက္ခဟူ၍ စမ္မစကြာသင်ရစဉ်က ကျွန်တော်က မှတ်မိ ဖူးသည်။ ဤဒုက္ခ၏ အနက် အဓိပ္ပာယ် အစစ် ကို ဆရာနှင့် မမရှင်တို့နှင့် ခွဲရစဉ်က ရေးရေး သဘောပေါက်မိဖူးသည်။ ယခု မယဉ်နွယ် နှင့် လည်း ခွဲရတော့မည်။ ထိုအခါ ဤဒုက္ခ၏ဒဏ် ကိုပြည့်ပြည့်၀၀ ခံစားနားလည်မိသည်။
ထိုညက မယဉ်နွယ်နှင့်ခွဲစဉ် ကျွန်တော် မက်မက်မောမာ တောင့်တမိသော အရာတစ် ခုကို ပြုမိသည်။
လှပသော မယဉ်နွယ်၏ နူးညံ့သော ပါးကလေးများကို နမ်းမိသည်။
ကျွန်တော် ရှေးဦးစွာ နမ်းမိချိန်ကတည်းက မယဉ်နွယ်၏ ပါးနုနုထက် မျက်ရည်ဥများ နှင့် သာတကား........။
ထိုနှစ်ခွေသည် ခပ်ကြမ်းကြမ်း ဆိုက်ရောက်လာသည်။ တောင်လေသည် စောစော ဆိုက်ရောက်၍ ရွက်ဝါ တို့ကို တသောသော ကြွေလေသည်။
ရွက်ဝါကြွေသံ လေပြင်းသံ တို့နှင့်အတူ လေယာဉ်ပျံများ သည်။ နေရောညပါ ဆူညံတတ် သည်။
ပေါင်းတလည် ပေါင်ခေါင်းလမ်းတစ်လျှောက် အနောက်မှ အရှေ့ဆီ ဦးတည်မောင်းနှင် ဆုတ်ခွာလျက် ရှိသော ဂျပန်ကားတန်းများကို မြင်ရသည်။ ၍ကားတန်းတို့ နောက်မှ လေယာဉ်ပျံတို့သည် စက်သေနတ် တရစပ်ပစ် ၍ ပါလာစမြဲ ဖြစ်၏။
မယဉ်နွယ်တို့ တစ်အိမ်သားလုံး ရွာမှပြောင်းသွားပြီ သုံးရက်လောက် ကြာ၌ကိုမြင့်ဦးနှင့် သူ့ရဲဘော်များ ပြန်ရောက်လာကြသည်။
ဤအကြိမ်၌ သူတို့သည် စစ်ဝတ်တန်ဆာမ၀တ်၊ သူတို့ကိုယ်၌ အများရွာသားတို့ နည်းတူ ဆယ်ယင် ထားသည်။ သူတို့လက်မောင်းများ၌ အနီခံတွင် ကြယ်ဖြူတစ်ပွင့်ပါသော လက်ပတ်များ စည်းထားသည်သာ ထူးခြား၏။
ကိုမြင့်ဦး သည် ရဲဘော်များကို တစ်အိမ်တစ်ယောက် ဝေပုံချခွဲထားသည်။ ရဲဘော်သည် ထင်းခွဲ၊ ရေခပ်၊ မောင်းထောင်း၊ ဆန်ဖွပ်အလုပ်များကို လုပ်ပေးရသည်။ ထမ်းကိုမူ ရွာခံအိမ် ရှင်က တာဝန်ယူရ၏။
ကျွန်တော်တို့ရွာနှင့် တကွ အနီးတစ်ဝိုက် သစ်ပင်များ၌ ကြော်ငြာစာရွက်ကြီးများ ကပ်ထား သည်ကို မြင်နိုင်သည်။
"ဖက်ဆစ်ဂျပန်ကို ဗမာ့တပ်မတော်က တော်လှန်ပြီ"
"ဗမာတစ်မျိုးသားလုံး တပ်မတော်နှင့် ပူးပေါင်းကြလော့"
ဤစာမျိုးတို့ကို နေရာအနှံ့အပြားတွေ့ရ သည်။]
လက်နက်ကိုင် ဓားပြလူဆိုးတို့ပင် တပ်မတော်သို့ လက်နက်ချ၍ သူတို့ကိုယ်ကို ဂျပန် တိုက်ရန် လာအပ်ကြသည်။
ခြံစည်းရိုးကို ပိုမိုလုံခြုံအောင် ကာကြသည်။ ရွာတံခါးများကို နေ့ကင်းညကင်းချ၍ စောင့် ကြသည်။
ကျွန်တော် နှင့် သူငယ်ချင်းဟောင်း များ ဖြစ်ကြသည့် နက်ကျော၊ သောင်းဟန်၊ ပါစိနောင်၊ တိမ်တစ်လုံး၊ ဂွေးကျား၊ ငထစ်တို့က နေ့အခါ၌ ကျွဲနွားကျောင်းရင်း ရွာပြင်တွင် မျက်စိရှင် ရှင်နေကြရသည်။ သစ်ပင်များ ပေါ် မှ လည်းကောင်း၊ သင်္ချိုင်းဂူပျက်များမှလည်းကောင်း၊ ချောင်းကွေ့ ကိုင်းစပ် တို့မှ လည်းကောင်း၊ စောင့်၍ ဂျပန်အရိပ်အယောင် မြင်သော် ကျွဲချို မှုတ်တန်မှုတ်၊ ပလွေသံပေးတန်ပေးနှင့် ကင်းထောက် အချက် ပြကြရ၏။
ဆက်ရန်
.

1 comment:
ဟိုနားဒီနား ခရီးသွားနေတာနဲ့ ခုမှ လာဖတ်ရတယ် အမကြီးရေ ...။
Post a Comment