Friday, January 7, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၅)

နောက်တစ်နေ့တွင် ပင်လယ်ဓားပြသည် သူပေးထားသည့် ကတိအတိုင်း မွန်ထရေးမြို့ထဲသို့ သွားသည်။ သူ့ စိတ်ထဲ မှ ကောင်းနိုးရာရာများကို သတိနှင့်ကြည့်၍ စေ့စေ့စပ်စပ် ဈေးဆစ်ပြီးမှ ၀ယ်သည်။ သူပြန်လာသည့် အခါ အစိမ်းနှင့်အပြာ ရောထားသည့် လည်စည်း ပိုးလက်ကိုင်ပ၀ါ တစ်ထည်နှင့် မှန်စများကို ရောင်စုံကျောက်တု များ လုပ်၍ စီခြယ်ထားသော ခါးပတ်ကြီး တစ်ခုပါလာသည်။ ၀ယ်လာသော ပစ္စည်း များကို ကြည့်ပြီး သူ့ သူငယ်ချင်း များက တအံ့တသြ ချီးမွမ်းကြသည်။

" ဒါတွေ ၀ယ်လာတာကတော့ ဟုတ်ပါပြီ၊ အ၀တ်အစားကျတော့ မင်းက ဘာဝတ်မှာလဲ" ဟု ဒင်နီက စိတ်ပျက် လက်ပျက် မေးသည်။ " မင်းခြေထောက်က ရောင်နေတဲ့အနာ သက်သာအောင်ဆိုပြီး ဖောက်ထား တဲ့ ဖိနပ် အပေါက်က ခြေချောင်းတွေ ထွက်နေပြီ၊ ဖိနပ်ကလည်း မဟန်တော့ဘူး၊ အပေါ်ဝတ် အင်္ကျီကလည်း စုတ်ပြတ် နေတာပဲ၊ ဦးထုပ် လည်း မရှိဘူး၊ ဘယ်လိုလုပ်ကြမလဲ"
" ထူးပါဘူးကွာ၊ ငါတို့ အ၀တ်အစားတွေ ငှားလိုက်တာပေါ့" ဟု ဂျီးဆပ်မေရီယာက ၀င်ပြောသည်။ " ငါ့ဆီက ကုတ်အင်္ကျီ တစ်ထည်ရှိတယ် မဟုတ်လား။ ဟိုအကောင် ကောင်ကြီးဂျိုးဆီမှာ အပြာရောင် ဘောင်းဘီတွေ ရှိ နေတာပဲ ဖြစ်ပါတယ်"

" ငါတို့အ၀တ်တွေ သူ့ကို ငှားလိုက်ရင် ငါတို့မှာ ၀တ်စရာ မကျန်တော့ဘူး။ ငါတို့က ဘယ်လိုလုပ်ပြီး လိုက်နိုင် တော့မှာလဲ" ဟု ပီလွန်က ညည်းညည်းပြောသည်။
" ရွှေဖယောင်းတိုင်စင် လှူမှာက ငါတို့မှ မဟုတ်ဘဲကွ" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ " ဘုန်းကြီးရာမွန် ကလည်း ငါတို့ ဘယ်လိုပဲ ၀တ်လာလာ ဘာမှပြောမယ် မထင်ပါဘူး "
ထိုနေ့ မွန်းလွဲပိုင်းတွင် သူတို့သည် ပင်လယ်ဓားပြ၏ ငွေထုပ်ကို ၀န်းရံ စောင့်ရှောက်ကာ ဘုန်းတော်ကြီး၏ အိမ် သို့ သွားပို့ကြသည်။ ဘုန်းတော်ကြီးက ပင်လယ်ဓားပြ ပြောပြသည့် နေမကောင်း ဖြစ်ခဲ့သော ခွေးအကြောင်း ကို နားထောင်သည်။ သူ့မျက်လုံးများသည် ကြင်နာမှုကို ဖော်ပြလျက်ရှိသည်။

" အဲဒီ နောက်မှာတော့ ခွေးရဲ့ နှာ ခေါင်းဟာ ခြောက်လာတယ်၊ သူ့မျက်လုံးတွေကလည်း ပင်လယ်ရေထဲက ဆယ်လို့ရ တဲ့ ပုလင်းအရောင်လို ဖြစ်လာ တယ်။ ညည်းတာလည်း အဆက်မပြတ်ဘူး၊ သူ့ကိုယ်ထဲက နာနေလို့ အဲသလိုဖြစ်တာ" ဟု ပင်လယ်ဓားပြက ပြောသည်။ " ဒါနဲ့ပဲ တပည့်တော်က သူတော်စင် စိန့်ဖရန်စစ်ဆီ မှာ ဒီခွေးနေကောင်းသွားရင် ရွှေဖယောင်းတိုင်စင် တစ်ခု လှူပါ့မယ်လို့ အဓိပဋ္ဌာန် ပြုပြီး ဆုတောင်း ခဲ့ တယ်။ အရှင် စိန့်ဖရန်စစ်ဟာ တပည့် တော်ရဲ့ ကျေးဇူးရှင်ပါ၊ တပည့်တော် ဆုတောင်းပြီး မကြာခင်မှာပဲ တန်ခိုးဣဒ္ဓိပါဒ် ပြတော့တာပါပဲ။ ဘာကြောင့် လဲဆိုတော့ တပည့်တော် ခွေးက အမြီးကို သုံးကြိမ် တိတိ နန့်ပြတယ်။ အဲသလိုလည်း ပြပြီးရော တစ်ခါတည်း နေကောင်းသွားတာပဲ၊ ဒါဟာ သူတော်စင် စိန့်ဖရန်စစ် ကပြတဲ့ တန်ခိုးဣဒ္ဓိပါဒ်ပါပဲ၊ တပည့်တော် ထင်တာမှန်တယ် မဟုတ်လား "

ဘုန်းတော်ကြီးက ခေါင်းညိတ်ပြသည်။ " မှန်ပါတယ်ကွယ်" ဟု ပြောသည်။ " အဲဒါ ဟာ သူတော်စင် အရှင်စိန့် ဖ၇န်စစ် က ပြတဲ့ တန်ခိုးဣဒ္ဓိပါတ်ပါပဲ၊ ငါ မင်းအတွက် ရွှေဖယောင်းတိုင်စင် ၀ယ်ပေးပါ့မယ်" ပင်လယ်ဓားပြ က ဘုန်းတော်ကြီး စကားကို ကြားရသောအခါ အလွန်ဝမ်းသာသည်။ တစ်ကြိမ် တစ်ခါမျှ အဓိပဠာန် ပြုရုံဖြင့် သူတော်စင် ပုဂ္ဂိုလ်တစ်ဦးထံ မှ အဖြေရဖို့ဆိုသည်မှာ အလွန်မလွယ်သည့် ကိစ္စဖြစ်သည်။ ဤသတင်းကို တစ်ဆင့် စကား တစ်ဆင့်ကြား၍ လူများနားလို့ ရောက်သွားခဲ့ပါမူ သူသည် တော်လီလာဖလက် ရပ်ကွက် တွင် အမြင့်ဆုံး သော နေရာသို့ ရောက်ရတော့မည်ဖြစ်၏။ အခုပဲကြည့်၊ သူ့မိတ်ဆွေများက သူ့ကိုကြည့်ပုံမှာ စောစောကထက် တလေးတစားရှိလာသည်။

ယခင် တုန်းကတော့ သူ့ကို သူတို့လောက် ဥာဏ်မကောင်းဟု ထင် ခဲ့ကြသည်။ သို့သော်လည်း အခုကျတော့ သူ့တွင် ရှိနေသည့် နည်းပါးသော ဥာဏ်ရည်ဥာဏ်သွေးတွင် ကောင်းကင်ဘုံ မှ သူတော်စင်များ၏ တန်ခိုး လာရောက်ပေါင်းစပ်လျက်ရှိကြောင်းကို သူတို့ ဒိဋ္ဌဓမ္မ မြင်တွေ့သွားကြရပြီ မဟုတ်ပါလား။

သူတို့သည် ဒင်နီ၏ အိမ်သို့ ပြန်လာကြသည်။ ခွေးအုပ်သည် သူတို့နောက်မှ တကောက်ကောက်။ ပင်လယ်ဓားပြ သည် တစ်လမ်းလုံး သူ့အဖြစ်သူ ကျေနပ်ကာ ပီတိဖြစ်လာသည်။ သူ့တစ်ကိုယ်လုံးမှာ စိတ်၏ ချမ်းသာမှု တည်းဟူသော ပီတိလှိုင်းသည် စိမ့်ဝင်ပျံ့နှံ့လျက်ရှိ၏။ ပီဆာနိုးတစ်စုမှာလည်း ပင်လယ်ဓားပြ၏ ငွေ ကို ကာကွယ်စောင့်ရှောက်ပေးလိုက်ရသည့်အတွက် ကုသိုလ်စိတ်ပွားလာသည်။ ပီလွန်သည် ဤငွေကို ခိုးယူ ဖို့ ပထမဆုံး ကြံစည်ခဲ့သူဖြစ်၏။ သို့သော်လည်း မခိုးဖြစ်ခဲ့ပေ။ အခုကျတော့လည်း ယင်းကဲ့သို့ မခိုးဖြစ်ခဲ့ သည့်အတွက် သူ့စိတ်မှာများစွာ သက်သာရာရခဲ့၏။

ပင်လယ်ကမ်းခြေမှ ကောက်ယူခဲ့သော တိုလီမိုလီ ပစ္စည်းအဟောင်းအမြင်းများ ရောင်းခဲ့သည့် ငွေ ငါးဒေါ်လာ သည် ဒင်နီ၏ အိတ်ကပ်ထဲတွင် ရှိနေသေးသည်။ အခုလိုအချိန်တွင် ထိုငွေကို ဘယ်လိုသုံးလျှင် သင့်မည် ကို ဒင်နီ ကောင်းစွာသိသည်။ သူသည် ပီလွန်ကို ခေါ်၍ ဈေးသို့သွားကာ အမဲသားဟင်း ခုနှစ်ပေါင်၊ ကြက်သွန်နီ တစ်အိတ်၊ ပေါင်မုန့်နှင့်သကြားမုန့်များ ၀ယ်သည်။ ပက်ဘလိုနှင့် ဂျီးဆပ်မေရီယာတို့ တော်ရဲလီးဆိုင် သို့ သွားကာ ၀ိုင်နှစ်ဂါလံ ၀ယ်သည်။ ဟိုတုန်းကလို အိမ်အပြန်လမ်းတွင် ၀ိုင်ကို သောက်လာခြင်း မပြု။

ထိုညတွင် မီးဖိုမီးကို တထိန်ထိန် တညီးညီး တောက်လောင်နေအောင် ဖိုထားသည်။ စားပွဲပေါ်တွင် ဖယောင်းတိုင် နှစ်တိုင် ထွန်းထားသည်။ သူငယ်ချင်း တစ်စုသည် အစားအစာကို အလျှံပင် စားကြသည်။ ပင်လယ်ဓားပြ ကို ဂုဏ်ပြုသည့် ပါတီပွဲ တစ်ခုပေတည်း။ ပင်လယ်ဓားပြ သည် ဤပါတီပွဲတွင် သူ့ကိုယ်သူ ဂုဏ်သိက္ခာ တက်အောင် ပြုမူနေထိုင်လျက် ရှိ၏။ သို့သော်လည်း သူ့ကိုယ်သူ တည်ငြိမ်လေးနက်သော မျက်နှာ ထားဖြင့် ဣနြေ္ဒရရ နေနိုင်ရန် ကြိုးစား၍ မရဖြစ်နေသည်။ ပြုံးစရာအကြောင်းထူး မရှိပါဘဲလျက် တပြုံးပြုံး ဖြစ်နေသည်။

အစားအစာများကို အ၀အပြဲ စားပြီးသောအခါ သူတို့အားလုံး ၀ိုင်းထိုင်ကာ ၀ိုင်အရသာ ခံကြသည်။ သူတို့က ပင်လယ်ဓားပြကို " တို့များရဲ့ သူငယ်ချင်း" ဟု ခေါ်ကြသည်။
ဂျီးဆပ်စ်မေရီယာက မေးခွန်းတစ်ခု ထုတ်သည်။ " အဲဒါ ဖြစ်တုန်းက မင်းစိတ်ထဲမှာ ဘယ်လိုခံစားရသလဲ၊ ဟို ဟာကွာ၊ မင်းက ရွှေဖယောင်းတိုင် လှူမယ်လို့ အဓိဠာန် ပြုလိုက်တော့ မင်းခွေး နေကောင်းလာတယ်လေ၊ အဲဒီ တုန်းက မင်းစိတ်ထဲမှာ ဘယ်လိုရှိခဲ့သလဲ၊ အတိတ်နိမိတ် ပြတာကိုကော မျက်စိနဲ့ မြင်ခဲ့သေးလား"

ပင်လယ်ဓားပြက ထိုစဉ်က အဖြစ်အပျက်ကို သတိပြန်ရလာအောင် အားထုတ်သည်။ " ဘယ်လိုမှ မခံစားရဘူး၊ ဘာမှလည်း မမြင်ခဲ့ဘူးလို့ ထင်တာပဲ၊ အတိတ်နိမိတ်တော့ နည်းနည်းပါးပါး မြင်ခဲ့ရသလား မပြောတတ်ဘူး၊ ကျုပ် သူတော်စင် စိန့်ဖရန့်စစ်ကို လေထဲမှာ မြင်ခဲ့မိတယ်လို့ ထင်တာပဲ၊ သူ့တစ်ကိုယ်လုံး နေမင်းကြီး လို လင်း လက်နေတယ် "
" မင်းကလည်းကွာ၊ သေသေချာချာ မမှတ်မိဘူးလား" ဟု ပီလွန်က ၀င်ထောက်သည်။

" မှတ်မိသလိုလိုတော့ ရှိပါတယ်။ စိန့်ဖရန်စစ်က ကျုပ်ကို ကြည့်နေတယ်။ ပြီးတော့ ပြုံးပြတယ်။ အဲဒါပဲ နောက် တော့ ဘာမှမပြောတော့ဘူး၊ သူပြောသွားတာက အို အလွန်ညစ်ပတ် ပေရေနေသော လူသား ခွေးတွေ ကို သနား ပါတဲ့"
" သူက မင်းကို အဲဒီလိုပဲ ခေါ်ရသလားကွာ "
" ဟုတ်တယ်၊ အဲသလိုပဲ ပြောသွားတယ်၊ သူ့အနေနဲ့ အဲသလို မပြောလို့ ဘယ်ဖြစ်မလဲ၊ လိမ်ပြောရင် သူတော်စင် ဘယ်ဟုတ်တော့မှာလဲဗျာ "
" အကုန်လုံး ကို မင်းမှတ်မိမယ် မထင်ပါဘူးကွာ" ဟု ပက်ဘလိုက ပြောသည်။

" အင်းပေါ့ ဟုတ်ချင်ဟုတ်မှာပဲ" ပင်လယ်ဓားပြသည် သူ့ကို အားလုံးက ၀ိုင်း၍ မျက်နှာသာ ပေးပြီး အရေးတယူ ပြုနေကြသည့်အတွက် သာယာပျော်ရွှင်မှုဖြင့် ယစ်မူးလျက် ရှိလေသည်။
" ငါ့အဘွားကတော့ မယ်တော် မာရီယာကိုတောင် မြင်ဖူးတယ်ကွ" ဟု ဂျိုးဆပ်စ်မေရီယာက ပြောသည်။ " အဲဒီ တုန်းက အဘွားဟာ နေမကောင်းဖြစ်နေတယ်။ သေခါနီးဆဲဆဲပေါ့၊ အဘွားအော်ပြောနေတဲ့ စကားတွေ ကို ငါကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားရတာ၊ အို ငါမယ်တော်မာရီယာကို မြင်နေရတယ်။ အို မယ်တော် မေရီလို့ ပြောနေတာကွ"

" ဒါတွေက တချို့လူတွေသာ မြင်ရတာကွ" ဟု ဒင်နီက ပြောသည်။ " ငါ့အဖေက သိပ်ပြီးကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး၊ ဒါပေမယ့် သူဟာ သူတော်စင်တွေကို မြင်နေရတယ်၊ ဒါမျိုးက အဲဒီပုဂ္ဂိုလ်တွေကို မြင်ရတဲ့ အချိန်မှာ သူ့စိတ်ဟာ ကောင်းသလား ဆိုးသလားဆိုတဲ့ အချက်ပေါ်မှာ တည်နေတယ်၊ မင်း တခြား အတိတ်နမိတ် တွေ ကော မြင်ဖူးသေးသလား ပင်လယ်ဓားပြ "
" ဟင့်အင်း" ဟု ပင်လယ်ဓားပြက ဖြေသည်။ " နောက်ထပ် မြင်ရတွေ့ရမှာလည်း ကျုပ် ကြောက်ပါတယ် ဗျာ"
သူတို့ပါတီပွဲကလေးသည် သိမ်မွေ့ညင်သာစွာဖြင့် စခန်းသွားလျက်ရှိသည်။ ထိုညအဖို့ အိမ်ထဲတွင် သူတို့ သာလျှင် ရှိကြသည်မဟုတ်။ အိမ်နံရံ များသည် သူတို့ကို ကြည့်နေကြသည်ဟု စိတ်ထဲက ခံစားနေကြ ရသည်။

" တနင်္ဂနွေနေ့ဆိုရင် မင်းရဲ့ ရွှေဖယောင်းတိုင်စင်ဟာ ဘုရားရှိခိုးကျောင်းထဲ ရောက်နေတော့မယ်" ဟု ပီလွန် က ပြောသည်။ " မင်းတို့ကို တို့အ၀တ်တွေ ငှားလိုက်ရမှာဆိုတော့ ငါတို့ လိုက်နိုင်မှာ မဟုတ်ဘူး။ " မင်းတို့ကို တို့ အ၀တ်တွေ ငှားလိုက်ရမှာဆိုတော့ ငါတို့လိုက်နိုင်မှာ မဟုတ်ဘူး၊ ဘုန်းကြီးရာမွန် ကတော့ မင်းနာမည် ကို ထုတ်ပြီး ပြောချင်မှ ပြောမှာ၊ ဒါပေမယ့် မင်းလှူတဲ့ ဖယောင်းတိုင်စင် အကြောင်းကိုတော့ မပြောဘဲနေမှာ မဟုတ်ဘူး၊ သူ ဘာတွေပြောတယ်ဆိုတာ မင်းမှတ်လာခဲ့ကွာ၊ ပြီးတော့ ငါတို့ကို ပြန်ပြောပေါ့၊ ဟုတ်ဘူးလား"
ထို့နောက် ပီလွန်၏ မျက်နှာထားသည် တည်ငြိမ်သွားသည်။ " သူငယ်ချင်းကလေးရေ၊ ကနေ့တော့ ဘုန်းကြီး ရာမွန် ရဲ့ အိမ်ထဲမှာ မင်းခွေးတွေနဲ့ ပြည့်သွားတာပဲ၊ ကနေ့တစ်နေ့ အဖို့တော့ အကြောင်းမဟုတ်ပါဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့ သွားရင်တော့ မင်းခွေးတွေ ခေါ်သွားလို့ မဖြစ်ပေဘူး ထင်တယ်။ ခွေးတွေ ဘုရားရှိခိုး ကျောင်းထဲ ၀င်တာကတော့ မသင့်လျော်ဘူးကွ၊ ခွေးတွေကို အိမ်မှာပဲ ထားခဲ့ပါကွာ"

ပင်လယ်ဓားပြသည် စိတ်ထိခိုက်သွားပုံရသည်။ " ကျုပ်ခွေးတွေကလည်း လိုက်ချင်ကြမှာပဲ၊ ကျုပ်သူတို့ကို ဘယ်လိုလုပ်ပြီး ထားခဲ့ရမှာလဲ၊ ဘယ်မှာထားခဲ့ရမှာလဲ"
" ဒါမျိုးကျတော့ ကိုယ့်ကိုယ်ထိန်းမှပေါ့ ပင်လယ်ဓားပြရယ်။ နောက်ဆုံး ကုသိုလ်ကောင်းမှု ပြီးဆုံးခါနီးမှာ ဘုရား သခင် ရဲ့ အထွတ်အမြတ်နေရာ ကို မင်း ပြစ်မှားချင် သလား "
" မပြစ်မှားချင်ဘူး" ဟု ပင်လယ်ဓားပြက ပြောသည်။

" အေးလေ၊ အဲသလို ဆိုရင်တော့ ခွေးတွေကို အိမ်မှာပဲထားခဲ့ပေါ့၊ ငါတို့က မင်းခွေးတွေကို ဘာမှ မဖြစ်အောင် ကြည့်ထားပါ့မယ်၊ ဘုရားရှိခိုးကျောင်းထဲ ခေါ်သွားရင်တော့ ပြစ်မှားသလို ဖြစ်သွားမှာ သေချာ တယ်ကွ"

ထိုညက သူတို့ အရက်သောက်ပုံမှာ အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ် ရှိလှ၏။ ညဥ့်နက်ပိုင်း လူခြေတိတ် ချိန်တွင် ညစ်ပတ်စုတ်ပြတ်သော သီချင်းတစ်ပုဒ်ကို သံကုန်ဟစ်၍ ဆိုမိကြသည်။ သူတို့စိတ် များသည် မကောင်းသော မိန်းမများဆီသို့ တရစ်ဝဲ၀ဲ ရောက်သွားကြသေးသည်။ ထို့နောက် အရက် သောက်တိုင်း လုပ်နေကျဖြစ်သည့် တစ်ယောက်ကို တစ်ယောက် ဆော်ရန် တာစူ၍ မရကြချေ။ သူတို့ တစ်သက်တာတွင် မကောင်းသော အရာဟူ၍ ဘာတစ်ခုမှ မဖြစ်ဘဲ ပြီးဆုံးသွားသည့် အရက်ဝိုင်းမှာ ဤတစ်ကြိမ် သာလျှင် ရှိသေးသည်ဟု ပြောစမျတ် ပြုနိုင်ပြီ ဖြစ်လေသည်။

တနင်္ဂနွေနေ့ နံနက်သည် သူတို့ အလုပ်အရှုပ်ဆုံးနြေ့ဖစ်သည်။ သူတို့သည် ပင်လယ်ဓားပြကို ရေချိုးပေးကြ သည်။ နားရွက်ပေါက်များ နှင့် နှာခေါင်းပေါက်များတွင် ချေးညှော်စင် မစင် ဂရုစိုက်၍ ကြည့်ကြသည်။ စောင်ကြီး ပတ်ထားသော ကောင်ကြီးဂျိုးသည် သူ၏ အပြာရောင် ဘောင်းဘီရှည်များကို ၀တ်နေသည့် ပင်လယ်ဓားပြ အား ထိုင်ကြည့်နေသည်။ မှန်များကို ရတနာအတုလုပ်၍ စီခြယ်ထားသော ခါးပတ်ကြီးကို ကုတ်အင်္ကျီ အပြင်ဘက် မှ ထုတ်၍ မပတ်ရန် ပင်လယ်ဓားပြအား ၀ိုင်း၍ နားချကြသည်။ ခါးပတ်ကို အထဲတွင် ပတ်ပြီး ကုတ်အင်္ကျီကို ဟထားလိုက်လျှင် အရေဂာင်များသည် ၀င်းခနဲ လက်ခနဲ ဖြစ်ကာ ပို၍ ကြည့်ကောင်းလိမ့်မည်ဟု နားဝင်အောင် ရှင်းပြ၏ ခြေထောက်နှင့် တော်သော ဖိနပ်မှာ ကောင်ကြီးဂျိုး ဖိနပ် သာရှိ၏။ ထိုတစ်ရန်တည်းသော ဖိနပ်မှာ ပင်လယ်ဓားပြ၏ ဖိနပ်ထက်ပင် စုတ်ချာနေ၏။

ထိုဖိနပ် ကို စီးပေးရာ၌ အခက်ခဲဆုံး အပိုင်းမှာ ရောင်နေသော ခြေထောက်များကို လေသလပ်အောင် ဖောက်ထားသည့် အပေါက်ကို လူမမြင်အောင် ကာကွယ်ပေးဖို့ ဖြစ် သည်။ သည်အတိုင်းထားလျှင် အပေါက်မှ ထွက်နေသော ခြေချောင်းများကို အတိုင်းသားမြင်နေရ၏။ ဤပြဿနာကို ပီလွန်က သူ့နည်း သူ့ဟန်ဖြင့် ဖြေရှင်းသည်။ မီးဖိုမှ ကျပ်ခိုးများဖြင့် ပင်လယ်ဓားပြ၏ ခြေချောင်းများကို မည်းနက်သွားအောင် သုတ်ပေးသည်။ ဤသို့ဖြင့် ဖိနပ်အရောင်နှင့် ခွဲခြား၍ မရနိုင်တော့ပေ။

နောက်ဆုံးတွင် ပင်လယ်ဓားပြ၏ ၀တ်စားဆင်ယင်မှုသည် ပြီးဆုံးသွားသည်။ သူ့ခေါင်းတွင် ပီလွန့်ဖခင်၏ ဦးထုပ်၊ ကိုယ်ပေါ်တွင် ဒင်နီ၏ ရှပ်အင်္ကျီ၊ ခါးတွင် ကောင်ကြီးဂျိုး ၏ ဘောင်းဘီ၊ လည်တိုင်တွင် သူကိုယ်တိုင် ၀ယ်လာ သည့် လက်ကိုင်ပ၀ါကြီး စည်းလျက်၊ ခါးတွင် ပတ်ထားသည့် ခါးပတ်မှ အရောင်သည် တဖျပ်ဖျပ်၊ သူသည် သူငယ်ချင်းများ ရှေ့မှောက် တွင် လမ်းလျှောက်ပြသည်။
" ခြေထောက်ကို မြှောက်ပြီး လျှောက်ကွ"

" ဖိနပ်ကို ရှပ်မတိုက်နဲ့"
" လက်ကိုင်ပ၀ါကြီးကို ခဏခဏ မကိုင်နဲ့လေကွာ"
" လူတွေက မင်းကို အ၀တ်အစားသစ် မ၀တ်ဖူးလို့ ထင်ကုန်လိမ့်မယ်ကွ"
ပင်လယ်ဓားပြက သူ့မိတ်ဆွေများကို လှည့်ကြည့်သည်။ " ခွေးတွေကို ခေါ်သွားရင်လည်း ဖြစ်မှာပါဗျာ၊ ကျုပ် က သူတို့ကို ဘုရားရှိခိုးကျောင်းထဲ မ၀င်နဲ့လို့ ပြောရင် နားထောင်မှာပါ" ဟု ပြောသည်။
သို့သော်လည်း ပီဆာနိုးများက အလျှော့မပေး။ " မခေါ်နဲ့ကွာ" ဟု ဒင်နီက ကန့်ကွက်သည်။ " ဒီကောင်တွေ တစ်နည်းနည်း နဲ့ အထဲဝင်မှာပဲ၊ သူတို့ကို အိမ်မှာပဲထားခဲ့၊ ဘာမှမဖြစ်အောင် ငါတို့ ကြည့်ထားပေးမယ်"

" အဲသလို ထားခဲ့ရင် သူတို့ ကြိုက်မှာမဟုတ်ဘူးဗျ" ဟု ပင်လယ်ဓားကပြက ပြောသည်။ " သူတို့ ပျင်းနေမှာ စိုးရတယ်" သူသည် အခန်းထောင့်ထဲတွင် ခွေနေကြသော ခွေးများကို လှည့်ကြည့်သည်။ " မင်းတို့ ဒီမှာနေခဲ့ကြဟု" လှမ်းပြောသည်။ " ဘုရားရှိခိုးကျောင်းကို မင်းတို့ လိုက်လို့မဖြစ်ဘူး၊ ငါပြန်လာတဲ့အထိ ငါ့မိတ်ဆွေတွေနဲ့ မင်းတို့ နေခဲ့ကြ"။ ထို့နောက် ပင်လယ်ဓားပြသည် အိမ်ထဲမှ ထွက်ကာ တံခါးကို အသာပြန်ပိတ်သည်။ ရုတ်တရက် ချက်ချင်း ခွေးဟောင်သံများနှင့်အတူ အူသံများသည် အိမ်ထဲတွင် သောသောညံ သွားသည်။ သူ့မိတ်ဆွေများ အပေါ်တွင် ယုံကြည်စိတ်ချမှု အပြည့်အ၀ရှိနေပြီဖြစ်သော ပင်လယ်ဓားပြ သည် နောက်ပိုင်းသို့ ပြန်လှည့် မလာတော့ချေ။

လမ်းပေါ်တွင် လျှော်ကလာနေသော ပင်လယ်ဓားပြ၏ စိတ်သည် သူ့ခွေးများ ပါမလာသဖြင့် မလုံမလဲ ဖြစ်နေသည်။ သူ့စိတ်ထဲတွင် အကာအကွယ် မဲ့နေသလိုလို၊ ကိုယ်လုံးတီးကြီး လျှောက်နေရသလို ခံစား နေရသည်။ သူသည် တစ်ယောက်တည်း သွားရ လာရမည်ကို ကြောက်သည်။ သူ တစ်ယောက်တည်း ဆိုလျှင် တစ်ယောက်ယောက် က သူ့ကို ရန်ပြုလိမ့်မည်ဟု ထင်နေသည်။ သို့သော်လည်း သူသည် စိတ်ကိုတင်းကာ ရဲရဲဝံ့ဝံ့ပင် လျှောက်သွားသည်။ မြို့ထဲမှ ဖြတ်၍ မြို့ပြင်ထွက်ကာ ဘုရားရှိခိုးကျောင်းဆီသို့ ဦး တည်လျက်။

သူသည် ဘုရားဝတ်မပြုမီ ထုံးစံအတိုင်း ကျောက်စီရေခွက်ထဲမှ ဘုရားသခင်တော်၏ ရေစင်တော်တွင် လက်ဖြင့် နှစ်၍ နဖူးနှင့်ပခုံး နှစ်ဖက်ကို တို့ကာ ကြက်ခြေခတ် လုပ်လိုက်ပြီးနောက် မယ်တော်မာရီယာ၏ ရုပ်တု ရှေ့တွင် ခဏမျှ ဒူးထောက်ကာ အရိုအသေ ပြုသည်။ ထို့နောက်တွင် ဘုရားရှိခိုးကျောင်းမကြီးထဲသို့ ၀င်ခဲ့သည်။ ဘုရားရှိခိုးကျောင်းထဲတွင် မှောင်မည်းလျက်ရှိ၏။ သို့သော်လည်း စင်မြင့်ထက်ရှိ လက်ဝါးကပ် တိုင်ကြီးတွင် မူ ဖယောင်းတိုင်များ ထွန်းထားသည်။ ဘေးတစ်ဖက် တစ်ချက်ရှိ ရုပ်တုများရှေ့တွင် လည်း ဖယောင်းတိုင် များသည် တလက်လက် လင်းနေကြသည်။

ပင်လယ်ဓားပြသည် လက်ဝါးကပ်တိုင်ကြီးရှေ့၌ ထိုင်ကာ တွေဝေငေးမောနေသည်။ သူ့စိတ်ထဲတွင် မြင့်မြတ် သော ဤအရာသည် သူနှင့် အလွန်အလှမ်းဝေးလှသည်ဟု ထင်နေမိ၏။ သူလို ဆင်းရဲသား ပါမွှား တစ်ယောက် အနေဖြင့် ဘုရားသခင်နှင့် နီးစပ်ရန် မလွယ်ကူဟု တွေးနေမိသည်။ သူ့မျက်လုံးများသည် သူ့ရင် ကို နွေးထွေးသွား စေမည့် အရာ၊ သူ့ကို ကြောက်လန့်သောစိတ် မ၀င်အောင် ပြုလုပ်နိုင်မည့် အရာကို စူးစမ်းရှာဖွေ လျက်ရှိသည်။ စိန့်ဖရန်စစ်ရုပ်တုရှေ့တွင် ရွှေဖယောင်းတိုင်စင် တစ်ခု၊ ထိုစင်ပေါ်၌ တင်ထွန်း ထားသည့် ဖယောင်းတိုင်ကြီးသည် တ၀င်းဝင်း တလက်လက်။
ပင်လယ်ဓားပြ ၏ စိတ်သည် လှုပ်ရှားလျက်ရှိ၏။

လူအများသည် ၀င်ကြ ထွက်ကြနှင့် လှုပ်ရှားလျက်ရှိသည်။ ဘုရားရှိခိုးကျောင်း တံခါးသည် ပိတ်လိုက် ဖွင့်လိုက် နှင့် ရပ်နားနေသည်မရှိ။ ဘုရားဝတ်ပြုပွဲစပြီ။ ပင်လယ်ဓားပြသည် ၀တ်ပြုပွဲအပေါ် အာရုံစူးစိုက်၍မရ။ သူ့မျက်လုံးများသည် သူတော်စင် စိန့်ဖရန်စစ်၏ ရုပ်တု နှင့် ရုပ်တုရှေ့ရှိ ဖယောင်းတိုင် စင်ပေါ်၌ စူးစိုက်လျက် ရှိသည်။ ကြည့်နေရသည်မှာ ကျက်သရေ ရှိလှပါဘိ၏။ သပ္ပာယ်လှဘိ၏။ ဖယောင်းတိုင်စင် ကို လှူခဲ့သူမှာ သူမှ ဟုတ်ပါလေစ။ ပင်လယ်ဓားပြသည် သူ့ကိုယ်သူ မယုံ ကြည် နိုင်လောက်အောင် ဖြစ်လျက်ရှိ၏။  သူလှူထားသော ဖယောင်းတိုင်စင်ကို သူတော်စင် စိန့်ဖရန့်စစ်က နှစ်သက် ပါမည်လား။ သူသည် သံသယ မကင်းသော မျက်လုံးများဖြင့် ရုပ်တု၏ မျက်နှာကို စေ့စေ့စပ်စပ် ကြည့်နေသည်။ ရုပ်တု၏ မျက်နှာသည် မကြာခဏ ပြုံးပြုံးနေသည်ဟု ထင်၏။ အပြုံးမှာ စိတ်ချမ်းမြေ့ သာယာမှု ကို ဖော်ပြသော အပြုံး။

နောက်ဆုံးတွင် ဘုရားဝတ်ပြုပွဲ ပြီးသွားသဖြင့် ဘုန်းတော်ကြီးက ဓမ္မသြ၀ါဒစကား ပြောကြားသည်။ " ယနေ့ ဘုရားရှိခိုးကျောင်း ထဲမှာ အင်မတန် သစ်လွင်တဲ့ အလှတစ်ပါး ပေါက်ဖွားနေတယ်" ဟု ဘုန်းတော်ကြီး ရာမွန် က မိန့်ကြားသည်။" ဒီ ဘုရားရှိခိုးကျောင်းရဲ့ သားသမီးတွေထဲက သားတစ်ယောက်ဟာ သူတော်စင် အရှင်သူမြတ် စိန့်ဖရန်စစ် ရဲ့ ဂုဏ်တော်ကို ပူဇော်တဲ့အနေနဲ့ ရွှေဖယောင်းတိုင် စင်တစ်စင် ကို လှူခဲ့တယ်" ဘုန်းတော်ကြီး က ပင်လယ်ဓားပြ ပြောခဲ့သည့် နေမကောင်းဖြစ်ခဲ့သော ခွေးအကြောင်းကို ပြောပြသည်။ သူ့ မျက်လုံး များသည် တရားနာပရိသတ်၏ အရိပ်အခြည်ကို အကဲခတ်လျက်ရှိ၏။ တချို့က ပြုံးနေကြသည်ကို သူမြင်သွားသည်။

" ဒီ အဖြစ်အပျက်ကလေးဟာ ရယ်စရာကောင်းတယ်လို့ တွက်လို့ မဖြစ်ဘူး" ဟု ပြောသည်။ " စိန့်ဖရန်စစ် ဟာ တိရစ္ဆာန်တွေအပေါ်မှာ မေတ္တာထားရှာတယ်၊ ဒါကြောင့်မို့လည်း သူတို့ကို တရားဟောတော်မူတယ် မဟုတ်လား" ထို့နောက် ဘုန်းတော်ကြီးရာမွန်က ဂတ်ဘီယို၏ ၀ံပုလွေယုတ်ဇာတ်ကြောင်း၊ ချိုးလည်ပြောက် များနှင့် မိုးဆွေငှက်များ ဇာတ်ကြောင်းကို ဟောပြသည်။ ပင်လယ်ဓားပြသည် အံ့အားကြီးသင့်ကာ ဘုန်းတော်ကြီး၏ မျက်နှာကို ငေးကြည့်နေသည်။

ရုတ်တရက် တံခါးဆီမှ ပေါ်လာသော တိုးသံ၊ ဝှေ့သံများ၊ ခွေးဟောင်သံများနှင့် တံခါးကို ကုတ်ခြစ်သံများ။ တံခါး သည် ဖြုန်းခနဲပွင့်သွားပြီး ဖလက်၊ ရူးဒေါ့၊ အင်ရီကွေး။ ပါဂျာရီတို့နှင့် ဆီညော်အလက်သွန်မဆင် တို့သည် ၀ရုန်းသုန်းကား ကဆုန်ပေါက်၍ ၀င်လာကြသည်။ သူတို့သည် နှုတ်သီးများကို အပေါ်သို့ မော့၍ အနံ့ခံပြီး ပင်လယ်ဓားပြ ကိုယ်ပေါ်သို့ ခုန်တက်ကာ တစ်ကိုယ်လုံး နမ်းကြ၊ ရှုပ်ကြ၊ လျှာများနှင့် လျက်ကြ၊ ပါးစပ် များမှလည်း တအင်အင် အော်ကြ။

ဘုန်းတော်ကြီးသည် စကား ဆက်မပြောတော့ဘဲ ရပ်သွားသည်။ တင်းမာသော မျက်နှာထားဖြင့် ပင်လယ်ဓားပြ တို့ကို ကြည့်နေသည်။ ပင်လယ်ဓားပြခမျာ ဘာမှ မတတ်နိုင်တော့ဘဲ ဘုန်းကြီး၏ မျက်နှာကို ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ပြန်ကြည့်နေသည်။ မြင့်မြတ်သော နေရာတွင် သူ့ခွေးများကြောင့် ယုတ်ညံ့မှု တစ်ခုကို ကျူးလွန်သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရလေပြီ။
ထို့နောက် ဘုန်းတော်ကြီး ရာမွန်က ဟက်ဟက်ပက်ပက် ရယ်ချလိုက်သဖြင့် တရားနာ ပရိသတ်ကပါ လိုက် ၍ ရယ်ကြသည်။ " မင်းခွေးတွေကို အပြင်ကို ခေါ်ထုတ်သွား" ဟု သူက လှမ်းပြောသည်။ " ငါတို့ တရားပွဲပြီးချိန် အထိ သူတို့ကို အပြင်က စောင့်ခိုင်းထား"

ပင်လယ်ဓားပြသည် တောင်းပန်တိုးလျှိုသည့် မျက်နှာထားဖြင့် တစ်ချက်မျှ မော့ကြည့်လိုက်ပြီး သူ့ ခွေးများကို ခေါ်ထုတ်သွားသည်။ " မင်းတို့ လုပ်တာ မှားတယ် " ဟု သူ့ခွေးများကို ပြောသည်။ " ငါမင်းတို့ကို စိတ်ဆိုးတယ်၊ မင်းတို့ကြောင့် ငါအရှက်ကွဲရတယ်" ခွေများသည် မြေကြီးပေါ်၌ ၀ပ်ကာ တအင်အင် ညည်းနေကြသည်။ " မင်းတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ငါသိတယ်" ဟု ပင်လယ်ဓားပြက ထပ်ပြောသည်။ " မင်းတို့ ငါ့မိတ်ဆွေတွေကို ကိုက်ပြီး ပြတင်းပေါက်က ခုန်ဆင်းလာတယ်။ ပြီးတော့ ဒီကိုလာတယ်၊ မင်းတို့ဟာ ယုတ်မာ တဲ့ ခွေးတွေပါလား၊ ကဲ အခု ဒီနေရာက ဘယ်မှမသွားနဲ့၊ ဒီနေရာကနေ စောင့်ကြ "

သူသည် စိတ်ညစ် စိတ်ရှုပ်ထွေးစွာဖြင့် ဘုရားရှိခိုးကျောင်းထဲသို့ ပြန်ဝင်သည်။ ယခုအချိန်အထိ အရယ် မရပ်နိုင် ကြသေးပေ တရားနာပရိသတ်က သူ့ကို ၀ိုင်းကြည့်နေကြသည်။ သူသည် ရှက်စိတ်ဖြင့် မွှန်ထူကာ သူ့နေရာသူ ပြန်ထိုင်သည်။

"မရှက်ပါနဲ့" ဟု ဘုန်းတော်ကြီး ရာမွန်က လှမ်းပြောသည်။ " မင်းခွေးတွေက မင်းကိုချစ်တာ၊ မင်းက မင်းခွေးတွေ ကို ချစ်တာဟာ ဒုစရိုက်မှုတစ်ခုမဟုတ်ပါဘူး။ စိန့်ဖရန်စစ်ကလည်း တိရစ္ဆာန်တွေကို ချစ်တာပဲ မဟုတ်လား" ထို့နောက် ဘုန်းတော်ကြီးက သူတော်စင်နှင့် တိရစ္ဆာန်များ၏ ဇာတ်ကြောင်းများကို ထပ်မံ ပြောပြ ပြန်သည်။

ပင်လယ်ဓားပြသည် စိတ်သက်သာရာ ရသွားသည်။ " ဒီစကားတွေကို ခွေးတွေသာ ကြားရင် ၀မ်းသာ ကြမှာပဲ"ဟု တွေးသည်။ တရားပွဲ ပြီးဆုံးသွားချိန်အထိ ဘုန်းတော်ကြီး ဟောပြောလိုက်သော ဇာတ်လမ်း များသည် သူ့နားထဲမှ မထွက်သေး။ အခမ်းအနား ပြီးသွားသည့်အခါ သူသည် ရှေ့ဆုံးမှ ဦးအောင် အပြင်သို့ ထွက်သည်။ သူ့ခွေးများ က သူ့ကို ဆီးကြိုနှုတ်ဆက်နေကြသည်။
" ကဲ လာကြ" ဟု ပင်လယ်ဓားပြကခေးသည်။ " ငါ မင်းတို့ကို ပြောစရာရှိတယ်" သူသည် ထင်းရှူးတောဘက်သို့ ခပ်သုတ်သုတ်သွားသည်။ ခွေးများက သူ့နောက်မှ အပြေးအလွှားလိုက်ကြသည်။ ထင်းရှူးပင်များကြားတွင် လမ်းသွယ်ကဲ့သို့ ဖြစ်နေသော နေရာသို့ ရောက်မှ အပြေးရပ်သည်။

" မင်းတို့ တစ်တွေ ဘုရားရှိခိုးကျောင်းထဲဝင်ပြီး ဘုန်းတော်ကြီးဟောတဲ့ တရားကိုသာ နာရရင် ကောင်းမျာ" ဟု ပြောသည်။ သူသည် အနီးအနားမှ ကျောက်တုံးများကို ကောက်ကာ တစ်လုံးပေါ်တစ်လုံးဆင့်၍ တင်သည်။ " ဟောဒီမှာတွေ့လား၊ ဒါက သူတော်စင် ရုပ်တုကွ" ဟု သူ့ခွေးများကို လှမ်းပြောသည်။ သူသည် တုတ်တစ်ချောင်း ကောက်၍ မြေကြီးပေါ်၌ စိုက်လိုက်သည်။ " ဒီဟာ ကတော့ ဖယောင်းတိုင်စင်ကွ။ စင်ပေါ် မှ ဖယောင်းတိုင် ထွန်းထားတယ် ဆိုပါတော့ကွာ၊ ဟုတ်လား "

သူတို့ ထိုင်နေသော နေရာသည် သစ်ရိပ်များကြောင့် ခပ်မှောင်မှောင် ဖြစ်နေသည်။ လေသည် ထင်းရှူးနံ့ သင်း လျက်ရှိသည်။ ဖြည်းဖြည်းသာသာ တိုက်ခတ်လျက်ရှိသော လေအရှိန်ဖြင့် သစ်ပင်များသည် ယိမ်းနွဲ့လှုပ်ရှားနေ ကြသည်။ ပင်လယ်ဓားပြသည် သူ့ခွေးများဘက် လှည့်၍ အမိန့်ပေးသည်။ " ကဲ လာ အင်ရီကွေး က ဒီနေရာမှာ ထိုင်၊ ရူးဒေါကလည်း ဒီနေရာမှာပဲထိုင်၊ ဖလက်က အငယ်ဆုံးအကောင်ဆိုတော့ သူ့ကို ဒီနေရာ ပေးမှ၊ ပါဂျရီတို ကတော့ ဒီဘက်းမှာထိုင်၊ ဟေ့ကောင် ဆီညော်အလက်သွန်ဆင်၊ မင်းက လှဲမနေနဲ့ဦး"
ပင်လယ်ဓားပြသည် ခွေးများကို နှစ်တန်းခွဲ၍ နေရာချပေးသည်။ နှစ်ကောင်က ရှေ့တန်း၊ သုံးကောင်က နောက် တန်း။

" ငါ မင်းတို့ကို ပြောပြမယ်" ဟု သူက ပြောသည်။ " မင်းတို့ ဘုရားရှိခိုးကျောင်းထဲ ၀င်တာကို ခွင့်လွှတ်လိုက်တယ်။ ဘုန်းတော်ကြီး ရာမွန်က အခု တစ်ကြိမ် ဘုရားရှိခိုးကျောင်းထဲကို မင်းတို့ ၀င်တာဟာ ယုတ်ညံ့အောင် ပြုတာ မဟုတ်ဘူးလို့ ပြောလိုက်တယ်၊ မင်းတို့ကို ထပ်ပြီးပြောစရာ ရှိသေးတယ်၊ သေသေချာချာ နားထောင်ကြ"
ခွေးများသည် သူတို့နေရာတွင် သူတို့ထိုင်ကာ သူတို့သခင် ပြောသမျှကို နားစွင့်နေကြသည်။ ဆီညော်အလက်သွန်မဆင်က အမြီးတနန့်နန့်လုပ်သည်။ " ဒီနေရာဟာ အမြီးနှန့်ဖို့နေရာ မဟုတ်ဘူးကွ" ဟု ပင်လယ်ဓားပြက လှမ်းပြောသည်။ " စိန်ဖရန့်စစ်ကတော့ ခွင့်လွှတ်မှာပါ၊ ဒါပေမယ့် ငါကတော့ ငါ့စကားပြော နေတာကို နားထောင်ရင် အမြီးနန့်တာ မကြိုက်ဘူး၊ ကဲ အားလုံးနားထောင်ကြ၊ ငါ မင်းတို့ကို စိန့်ဖရန်စစ် အကြောင်း ပြောပြမယ်"

ထို့နေ့အဖို့ ပင်လယ်ဓားပြ၏ မှတ်ဥာဏ်များသည် များစွာ ကောင်းလျက်ရှီသည်။ ခွေးများသည် သူပေးထားသော နေရာမှ မရွှေ့။ ခွေးများ၏ မျက်လုံးများသည် သူ့နှုတ်ခမ်းပေါ်၌ စူးစိုက်လျက်ရှိသည်။ သူသည် ဘုန်းတော်ကြီး ဟောပြောလိုက်သည့် ဇာတ်ဝတ္ထုများကို တစ်လုံးမကျန် ပြောပြနေသည်။

သူပြောလိုသမျှ ပြောပြီးသောအခါ သူသည် ခွေးများ၏ အရိပ်အခြေကို တည်ငြိမ်လေးနက်သော မျက်နှာထား ဖြင့် အကဲခတ်သည်။ " သူတော်စင် စိန့်ဖရန်စစ်ဟာ အဲဒီအလုပ်တွေ လုပ်ခဲ့တယ်ကွ" ဟု ပြောသည်။ သစ်ပင်များသည် အော်မြည် ညည်းညူလျက်ရှိကြ၏။ ထင်းရှူးတော တစ်တောလုံး ငြိမ်ဆိတ် နေသည်။
ရုတ်တရက် ပင်လယ်ဓားပြ၏ နောက်မှ အသံတစ်သံ ထွက်လာသည်။ အသံမှာ ခပ်သေးသေး။ ခွေးများက အသံလာရာ ဆီသို့ ဖျတ်ခနဲ မော့ကြည့်လိုက်ကြသည်။ ပင်လယ်ဓားပြကတော့ နောက်သို့ လှည့်မကြည့်ရဲ။ ကြောက်စိတ်ဖြင့် အသာကလေး ငြိမ်နေသည်။ အချိန်အတော်ကြာမျှ ကုန်လွန်သွားသည်။

ထို့နောက် ခွေးများသည် မော့ကြည့်ရာမှ သူတို့ခေါင်းများကို အောက်သို့ ဖျတ်ခနဲ ပြန်ငုံ့လိုက်ကြသည်။ သစ်ပင် ထိပ်များဆီမှ သစ်ရွက်လေတိုးသံများနှင့် ဖြည်းဖြည်းချင်း ရွေ့လျားသွားနေသော နေရောင် အကွက်များ။

ပင်လယ်ဓားပြ သည် အလွန်အမင်း ပျော်ရွှင်မြူးကြွလျက်ရှိသည်။ " မင်းတို့သူ့ကို မြင်လိုက်တယ်မဟုတ်လား " ဟု အော်မေးသည်။ " အဲဒါ သူတော်စင် စိန့်ဖရန့်စစ်ပေါ့၊ သူတော်စင် ကိုယ်ရောင်ပြတာကို မြင်ရင် မင်း တို့ဟာ တကယ့်ခွေးကောင်တွေပဲကွ"
ခွေးများသည် သူတို့ထိုင်နေကြသည့် နေရာများမှ ခုန်ထလာကြသည်။ သူတို့ ပါးစပ်များသည် ဟလျက်။ သူတို့ အမြီးများသည် နှန့်လျက်။
---------------------------------
ဆက်ရန်
.

No comments: