ကျွန်တော် အဘအိမ် ရောက်သော အခါ အဘနှင့်အတူ ကျွန်တော့် မိထွေး ကို တွေ့ရသည်။
ထိုအခါကျမှ အဘသည် ဘာကြောင့် ကျွန်တော့် ကို ရွာမပြန်ခိုင်းဘဲ မြို့တွင်သာ ဆက်နေခိုင်းကြောင်း သဘော ပေါက်မိသည်။
ကျွန်တော့မိထွေး မှာ ကျွန်တော်နှင့် ရွယ်တူခန့်သာ ဖြစ်ပါ၏။
တစ်ပင်လဲမူ တစ်ပင်ထူသည့် ဓမ္မတာမို့ အဘကို ကျွန်တော်အပြစ်မတင်လို။ သို့ရာတွင် သမီးအရွယ်ကို မယား လုပ်ထားသည့် အတွက်မူ အဘ အစား ကျွန်တော်ရှက်မိသည်။
ရှက်ရာ မှ တစ်ဖန် ကိုကျော်ရှိန်ဆီမှ အဘ၏အကြောင်းစုံ သိရသောအခါ ကျွန်တော်သည် မခံမရနိုင်အောင် ဒေါသထွက်မိသည်။
ကျွန်တော့်မိထွေး မလှယဉ်မှာ စင်စစ် ကျွန်တော့်၏ နံပါတ်တစ် မိထွေးသာတည်း ...။ အဘ၏နံပါတ်နှစ်၊ နံပါတ်သုံး မယားငယ် များကိုပါ ထည့်တွက်လျှင် ကျွန်တော့်၌ စုစုပေါင်း မိထွေး သုံးလေးယောက် ရှိနေလေပြီ တကား....။
ကျွန်တော်ရွာရောက်ပြီး သုံးရက်မြောက်၌ ဤကိစ္စနှင့်ပတ်သက်၍ သားအဖ ရန်ဖြစ်ကြသည်။ ရန်ဖြစ်ကြသည် ဆိုသော်လည်း ငယ်ကြောက် မို့ အဘကို မလွန်ဆန်သာ။ ကျွန်တော်ပင် အရှုံးပေးခဲ့ရ၏။
''ငါ့ဖာသာငါ... ဘာလုပ်လုပ်၊ မင်းကဝေဖန်နေဖို့မလိုဘူး၊ ငါကအဖေ၊ မင်းကသား၊ အဖေတစ်ယောက်အနေနဲ့ မင်းအပေါ် ငါတာဝန်ကျေရင် ပြီးတာပဲ၊ မင်းတာဝန် က ပညာသာ ဆက်သင်ချင်သမျှသင်၊ ကုန်ချင် သလောက် ကုန် ငါပေးမယ်၊ ငါလုပ်တာတွေကို ဘာမှဝင်မပြောနဲ့၊ ငါလုပ်တာတွေကို မကြည့်ချင်ရင် မင်း.... ရွာပြန် မလာနဲ့''
အဘ၏စကားကြောင့် ရွာမှ ကျွန်တော် ချက်ချင်း ပြန်ပြေးလိုသည်။ သို့ရာတွင် မပြေးနိုင်ခဲ့။ မယဉ်နွယ် တစ်ယောက် ရှိလေသေးသောကြောင့် ကျွန်တော် မပြေးနိုင်ခဲ့.....။
မယဉ်နွယ် ကို ယခင်ကလို ကျွန်တော် ခိုးကြောင်ခိုးဝှက် တွေ့ရန်မလိုတော့.....။
အဘ က ဤနယ်တွင် အစိုးရအဖွဲ့၏ ပါတီကို ကိုယ်စားပြုသော ခေါင်းဆောင်ကြီးဖြစ်သည်။ သူကြီးက အစိုးရ အမိန့် ကို ဦးထိပ်ပန်ဆင်ရသူ ဖြစ်၏။ သူကြီးလိုပင် ၀န်ထောက်ကြီးက လည်းအစိုးရဘက်သား ဖြစ်ပါ၏။
အဘ၊ သူကြီး၊ ၀န်ထောက်ကြီးတို့ပူးပေါင်း၍ ဆရာ ၏ သူပုန်အဖွဲ့ကိုလက်တွဲ နှိမ်နင်းနေကြ သည်။
ကျွန်တော့် ဦးနှောက် ချာချာလည်ခဲ့ရသည်။
အဘ နှင့် တော်လှန်ရေးတွင် လက်တွဲဆောင်ရွက်ခဲ့သော ဆရာသည် ယခုရန်သူကြီးများ ဖြစ်နေကြသည်။ ဆရာစံ တော်လှန်ရေး မှ ဂျပန်တော်လှန်ရေးအထိ အဘအပေါ် ဘယ်တုန်း ကမှ မကောင်းခဲ့သလို ပြည်သူ ဘက်တွင် တစ်ကြိမ်မျှမရှိခဲ့သော ၀န်ထောက်ကြီးနှင့် သူကြီးက ယခု အဘ၏ မဟာမိတ်ကြီးများ ဖြစ်နေ လေပြီ။
ကျွန်တော် သည် အဘကိုလည်း ရွံမုန်းမိသည်။ ဆရာ့ကိုလည်း နာကျည်းမိသည်။ သူ့တို့၏ နိုင်ငံရေးဝါဒ များ ကိုလည်း စက်ဆုပ်မိ၏။
မည်သို့ဖြစ်စေ မယဉ်နွယ် ကို ကျွန်တော် ခိုးကြောင်ခိုးဝှက် မတွေ့ရတော့။
အဘ ကို လေးစား၍လော၊ခေတ်ပညာတတ်ဖြစ်ခဲ့သော ကျွန်တော့်ကို နှစ်သက်၍လော။ သို့မဟုတ်.... နှစ်ချက် စလုံး ကြောင့်လော မသိ။
သူကြီး နှင့် သူကြီးကတော် ဒေါ်မိုးသည် ကျွန်တော့်ကို သူတို့အိမ်သို့ ထွက်ဝင်ခွင့်ပေးသည်။ မယဉ်နွယ် နှင့် လည်း လွတ်လပ်စွာ ဆက်ဆံခွင့်ရ၏။
သဲကန္တာရ ပမာဖြစ်နေသော ဤရွာတွင် မယဉ်နွယ်သည်သာ ကျွန်တော့်အတွက် အေးမြချမ်းသာသော အိုအေစစ် ဖြစ်ခဲ့ပါ၏။
ညနေချမ်း မီးတငွေ့ငွေ့လူသော ရိုးကလေးကို မျက်နှာမူ၍ ကျွန်တော်တို့ လမ်းအတူ လျှောက်ခဲ့ကြသည်။ ရွာပြင်ဝါးရုံရိပ်များ၌ ထိုင်လျက်ဥသြသံကို နားခံရင်း တစ်ဦးမျက်နှာ တစ်ဦး ရှုမ၀အောင် ဖြစ်ခဲ့ရသည်။ ငွေလရောင်သာလျှင် စံပယ်ရုံဘေး၌ သူ့ကိုယ်လေးကို ပိုက်ထွေးရင်း မဆုံးနိုင်သည့် ချစ်တေးကိုလည်း ဖွဲ့ခဲ့ရသည်။
ချစ်သူရယ် ဖြစ်လာပြန်တော့ ငယ်စဉ်က စရိုက်အတိုင်း ''နင်'' ငါအသုံးအနှုန်းကို မဆီလျော်ဟု ကျွန်တော် ထင်သည်။ မြို့သားဖြစ်ခဲ့၍ မြို့ဓလေ့အတိုင်း ကျွန်တော်က ကျွန်တော့်ကို ''မောင်'' ဟု မယဉ်နွယ်ကို ခေါ်ခိုင်းသည်။ သူ့ကိုလည်း ချစ်စနိုးမို့ 'နွယ်' ဟုသာ အဖျားဆွတ်ခေါ်မိသည်။
'မောင်' ဟုခေါ်ရမည်ကို မယဉ်နွယ် က ရှက်နေပြန်သည်။
''မခေါ်ချင်ပါဘူးကွယ်ရယ်၊ မောင်ဆိုတာ ဓာတ်ရှင်ထဲက မင်းသမီးမင်းသားတွေသုံးတာ.. ၊ ရှက်စရာကြီး''
''ဘာကြောင့် ရှက်ရမလဲ...မယဉ်နွယ်ရယ်၊ မောင်နဲ့ နွယ်မှာ ထူးရှက်စရာကျန်သေးလို့လား''
''အို... သန့်ဇင် ...ဘာတွေလျှောက်ပြောနေတာလဲ''
မယဉ်နွယ် က ကျွန်တော့်ပါးစပ်ကို လက်ဖ၀ါးနုနု ကလေးများဖြင့် ပိတ်သည်။ မျက်နှာလည်း ရှက်သွေး ကြောင့် ရဲနေ၏။
''ဒါဖြင့် .... ကိုယ့်ချစ်သူကို တစ်သက်လုံး နင်နဲ့ငါပြောတော့မလားဟင် နွယ်''
''အို....ဒီလိုတော့လဲ မပြောချင်ပါဘူးရှင်...၊ ငရဲကြီးမှာပေါ့''
''နို့...ဘယ်လိုပြောမလဲ''
မဖြေတတ်သော မယဉ်နွယ်က ကလေးငယ်လိုသာ ကျွန်တော့်ရင်ခွင်ကျ၌ မျက်နှာ အပ်ထားသည်။
အဆုံးမတော့ ထုံစံအတိုင်း ကျွန်တော်ပင် အနိုင်ရခဲ့သည်။
သူ့ နီထွေးသော နှုတ်ခမ်းကလေးများဖြင့် မရဲတရဲခေါ်သည်။
'' မောင်..... ''
ဤ မရဲတရဲခေါ်သံ သည်ပင် ကျွန်တော့်နား၌ ချိုခဲ့ရသည်တကား။
မတ်ထရစ် အောင်စာရင်း ၌ ကျွန်တော့်ခုံပါတ်နှင့် နာမည်ပါလာသည်။
ကောလိပ်တက်ရန် ရွာမှခွာခါနီး မယဉ်နွယ်နှင့် ကျွန်တော်သည် တောင်စွယ်မြေပြန့် ဆီးတော်ပင်ကြီး၌ နှစ်ဦးတည်း ရှိနေခဲ့ကြသည်။
ရိုးလေးပေါ် ၌ တောင်ပေါ်တောရကျောင်းရှိသည်။ နယုန်လပြည့် မဟာသမယနေ့ ဖြစ်သောကြောင့် တောရကျောင်း ၌ လူကြီးတို့ ဥပုသ်စောင့် တရားနာသည်။
ခွဲခွာခါနီးမို့ ရသမျှအချိန်သည် အဖိုးမဖြတ်နိုင်သော မယဉ်နွယ်နှင့် ကျွန်တော်က တောရကျောင်းမှထွက်ကာ ကျွန်တော် တို့ သမုဒယဇာတ်အိမ် မဏ္ဍိုင်စတည်ရာ ဤဆီးတော်ပင်ကြီးဆီ ရောက်လာခဲ့ကြသည်။
မိုးဦး ကျခဲ့ပြီးဖြစ်သဖြင့် တောင်ခြေမြေပြန့် လယ်ကွင်းများ၌ ရေ၀ါတို့ ဖုံးနေသည်။ ရေ၀ါဝါထက် အညွှန့် တလူလူ ဖြင့် ပျိုးနုတို့ မြစိမ်းရောင်လွင်နေသည်။
ပျိုးနုတို့အသွင် ရွှန်းသစ်ပျိုမျစ်သည့် ငယ်ချစ်ကို ရင်မှာပိုက်ထွေးရင်း အဝေးသို့ငေးလျက် ကျွန်တော် အတွေးနက် နေမိ၏။
ဤသည်တစ်ဝိုက်တွင် မယဉ်နွယ်နှင့် ကျွန်တော် အတူကြီးပြင်းခဲ့သည်။ ဤသည်တစ်ဝိုက် တွင်ပင် မယဉ်နွယ် နှင့် ကျွန်တော် ချစ်ကြိုးခွေ၍ ချစ်မိုးစွေခဲ့ရသည်။
ဤသည် တစ်ဝိုက် ကျွန်တော့်မြေသည် ရေယဉ်ဝန်းကား မြရောက်လွှမ်း၍ စိမ်းလန်းနေပါ၏။
သို့ရာတွင် ကျွန်တော့်မြေသည် အဘယ်မျှဆက်၍ စိမ်းလန်းနိုင်ပါမည်နည်း....၊ ကြောက်မက်ဖွယ်သော ပြည်တွင်းစစ်သည် ဘယ်အချိန် စိမ်းလန်းသည့်မြေကို သွေးရောင် နှင့်ဖုံးလွှမ်းလေမည်နည်း....။
''မောင်... ဘာတွေတွေးနေတာလဲ''
မယဉ်နွယ် သည် ရင်ခွင်တွင်းမှ မော့ကြည့်ရင်းမေးသည်။
''မောင်တွေးနေတာက မောင့်အဘရယ်၊ မောင့်ဆရာရယ်...၊ နွယ့်အဘနဲ့ တခြားလူကြီး လူမိုက်တွေဟာ ဘယ်လောက်ထိ ဆက်မိုက်တွင်းနက်ကြအုံးမလဲလို့... ''
''အို.... လူကြီးတွေကို ဒီလိုမပြောနဲ့လေ ...မောင် ငရဲကြီးနေဦးမယ်...... ''
ကျွန်တော်သည် ရိုးသားဖြူစင်သော မယဉ်နွယ်၏ မျက်နှာလေးကို ငုံ့ကြည့်မိသည်။
''မောင် ငရဲမကြီးပါဘူး နွယ်၊ ဒီလူကြီးမျိုးတွေကို ပြစ်မှားလို့ ငရဲကြီးမယ်ဆိုရင် အဲဒီငရဲကို မောင်မယုံဘူး၊ ကြောက်လဲမကြောက်ဘူး''
''ဟော .... ပြောရင်းဆိုရင်း မောင် စကားတွေလွန်လာပြီ.... ''
မယဉ်နွယ်သည် ကျွန်တော်ရင်ခွင်မှထထိုင်၍ ပြုံးမူမူနှင့် ဟန့်ထားသည်။
ကျွန်တော်က မယဉ်နွယ်ကို သနားသွားသည်။ အလိုက်မသိသော ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိသည်။
ခွဲခွာခါနီး ချစ်သူသည် မေတ္တာဘွဲ့စကားကိုသာ ကြားချင်ရှာမည်။ ယခု ကျွန်တော်က ဘာစကားတွေ ပြောနေ မိပါသနည်း....။
ကျွန်တော် သည် မျက်နှာထားပြင်၍ ပြုံးရသည်။
''အလကား စိတ်ရှိလို့ ပြောတာပါနွယ်၊ သူတို့ဘာ လုပ်ကြကြပေါ့၊ မောင်က ဘွဲ့ရအောင် မြန်မြန်ကြိုးစားမယ်၊ မောင်မြန်မြန် ဘွဲ့ရ မှနွယ်နဲ့ မြန်မြန်လက်ထပ်ရမယ်''
''မောင် ဘွဲ့ရအောင် ဘယ်လောက်ကြာမလဲ''
''လေးနှစ်ထဲပါနွယ် ...လေးနှစ်ဆိုတာဟာလည်း ခဏလေးပါ''
''လေးနှစ် ကို ခဏလေးလို့ မောင်ကပြောတယ်''
မယဉ်နွယ် က မျက်နှာလေးကိုညှိုး၍ တိုးတိုးမေး၏။
''ခဏလေး မဟုတ်လားနွယ်ရဲ့၊ ကဲ...မောင်တို့ အင်္ဂလိပ်တက်ပြိး ကွဲသွားကြတာ ပြန်စဉ်းစားစမ်း၊ သုံးနှစ် တောင် မဟုတ်လား၊ ဒါပေမယ့် ခဏလေးလိုပဲဟာ... ''
ဟိုတုန်းကတော့ ဟုတ်တယ်လေ၊ ခုတော့ တမျိုးပဲ''
''ဘယ်လိုတစ်မျိုးလဲ''
မယဉ်နွယ်သည် စကားရှာဟန် စဉ်းစားနေသည်။ မျက်သားပြာသော မျက်လုံးများ၌လည်း မျက်ရည်များဝဲနေ၏။
''ပြောလေ.....ဘယ်လိုတစ်မျိုးလဲ''
မယဉ်နွယ်က သက်ပြင်းလေးရှိုက်သည်။
''ဟိုတုန်းကတော့ တစ်မျိုးမို့လား၊ ဒါပေမယ့်...မနှစ်က မောင်ပြန်သွားတော့ တစ်နှစ်ထဲဟာ. နွယ့်စိတ်ထဲမှာ အကြာကြီးပဲ''
ကျွန်တော် က မယဉ်နွယ်၏ ပခုံးလေးကို ဆုပ်ကိုင်ရင်း အားေးနှစ်သိပ့်ရ၏။
''ဒီတစ်ခါတော့ တစ်နှစ်လုံး မခွဲရပါဘူးနွယ်၊ တစ်နှစ်မှာ သုံးခါမောင်ပြန်လာခဲ့မယ်''
''အို....သုံးခါ...တကယ်ပြောတာလား''
''တကယ်ပြောတာနွယ်၊ သီတင်းကျွတ်ကျရင် တစ်ခါ၊ ဒီဇင်ဘာလကျရင် တစ်ခါ၊ နွေကျောင်းကြီးပိတ်တော့ တစ်ခါ... ''
မယဉ်နွယ်၏ မျက်လုံးများ၌ မျက်ရညအ်ဝဲမပျောက်။ ညှိုးသောမျက်နှာလေးမူ အနည်းငယ်ပြန်ရွှင်လာသည်။
''မောင် ပြန်လာရင်လေ...အရင်တစ်ခါလိုပဲ နွယ့်ဖို့ လက်ဆောင်တွေ ၀ယ်ခဲ့ဦးမယ်''
''တော်ပါ...အဲဒီလက်ဆောင်တွေနဲ့ လူကို.... ဟွန်း...မုန်းပါတယ်''
မယဉ်နွယ်က မျက်စောင်းလေးထိုး၍ ကျွန်တော့်ရင်ကို မနာအောင် အသာထုသည်။
မယဉ်နွယ်နှင့် ကျွန်တော်ဆီးတော်ပင်ကြီးအောက်မှ ပြန်ကြချိန်၌ အနောက်မိုးပြင်၌ နေငုပ်လျှိုးစပြု၍ ရဲရဲနီ နေသည်။
မိုးပြင်မှ အရောင်နီရဲရဲ တို့ လယ်ရေပြင်မှာ ဟပ်သောအခါ စိမ်းသောလယ်ကွင်း တို့၌ ချောက်ချားဖွယ် သွေးရောင် ရိပ်ရိပ် လွှမ်းနေသတည်း။
ဆက်ရန်
.

4 comments:
"ကျွန်တော် သည် အဘကိုလည်း ရွံမုန်းမိသည်။ ဆရာ့ကိုလည်း နာကျည်းမိသည်။ သူ့တို့၏ နိုင်ငံရေးဝါဒ များ ကိုလည်း စက်ဆုပ်မိ၏။"
ဟုတ်တယ် ... သန့်ဇင်ပြောသလို အားလုံးက ရွံမုန်း နာကျည်း စက်ဆုပ်စရာတွေ ချည်းပဲ ... ။
စိမ်းလန်းတဲ့ မြေမှာ သွေးညှီနံ့တွေလဲ လွှမ်း ... သွေးရောင်တွေလဲ ခုထိ သန်းနေတုန်း ... ။
ဆရာဘုန်းနိုင်စာအုပ်ကို လာဖတ်တာ ၃၅ပိုဒ်တောင်ရှိပါပြီ ကြိုးစားပင်ပန်းခံပြီးတင်ပေး တဲ့သူကိုနှုတ်မဆက်တာ အားလဲနာတယ် ကျေးဇူးလဲတင်ပါတယ် အခုတော့ နှုတ်ဆက်လိုက်တယ်နော် အမြဲတမ်းလာအားပေးပါတယ်လို့ ကျေးဇူးတင်ပါတယ်
လွမ်းစရာလေးတွေဖြစ်ကုန်ပြီ...
အရမ်းကောင်းပါတယ်ဗျာကျေးဇူးပါ
Post a Comment