Tuesday, January 18, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃၆) (ဇာတ်သိမ်း)

ဘုရားရှိခိုးကျောင်းထဲမှ ဒင်နီ၏ ခေါင်းကို မထုတ်လာကြပြီး မြင်းရထားပေါ်တင်သည်။ ပီလွန်တို့သည် ဘာလုပ် ၍ ဘာကိုင်ရမှန်း မသိ၊ သည်အတိုင်းပင်ရပ်၍ ကြည့်နေကြည်။
မြင်းရထားပေါ် ခေါင်းရောက်သွားသည့်အခါ အလံတစ်ခုဖြင့် လွှမ်းလိုက်သည်။ စစ်ဗိုလ်တစ်ဦးက ခရာမှုတ် လိုက်ပြီး သူ့လက်တစ်ဖက်ကို အပေါ်သို့ မြှောက်ကာ ပြန်ချလိုက်သည်။ တပ်စုသည် ဖြည်းဖြည်းနှင့် မှန်မှန် ချီတက်သွားသည်။ နောက်မှ ကပ်လိုက်လျက်ရှိသော သေနတ်ပစ်အဖွဲ့ တပ်ဖွဲ့ဝင်များသည် သူတို့၏ ရိုင်ဖယ် သေနတ်ပြောင်းများ ကို အောက်စိုက်ထားကြသည်။

စစ်တီးဝိုင်းအဖွဲ့ မှ ဘင်ခရာသံသည် ပီလွန်တို့လူစု၏ နှလုံးသားများကို နာကျင်သည်ထက် နာကျင်အောင် ရိုက် ပုတ်နေသည့်နှယ် ရှိသည်။ ဘင်ခရာ အဖွဲ့နောက်မှ အလောင်းတင် မြင်းရထားသည် ဖြည်းဖြည်းချင်း ရွေ့လျား ၍ လိုက်လာလျက်ရှိ၏။ အသုဘပို့ ပရိသတ်ကတော့ အလောင်းနောက်မှ ကပ်၍ အမျိုးသား များသည် တည်ငြိမ် ရင့်ကျက်သော ဣနြေ္ဒဖြင့် ရှေ့တည့်တည့်ကို ကြည့်လျက် အမျိုးသမီးများကတော့ သူတို့၏ ဂါဝန်စ၊ စကတ်စ များကို လက်နှစ်ဖက်ဖြင့် မသိမသာ မလျက်။ ရပ်ကွက်အတွင်းမှ လူတိုင်းလိုလိုပင် လိုက်ပို့ကြသည်။ ကော်နယ် လီယာရုဇ်၊ မစ္စက်မော်ရေး၊ ဂလ်ဗက်စ်၊ တော်ရဲလီးနှင့်သူ့ဇနီး၊ မစ္စက်ပါလိုချီကို၊ တီးတိုးရပ်ဖ်၊ ရာမီရက်ဇ်၊ စမ္မတာမာချာဒိုး စသည့် စသည့် လူများ။

ဒင်နီ ၏ သူငယ်ချင်းများ ဖြစ်ကြသော ပီလွန်တို့လူစုသည် မြင်ကွင်းကို ကြည့်ကာ ရှက်ခြင်း၊ ကြောက်ခြင်း၊ စိတ်ဆင်းရဲခြင်း စသည့် ဝေဒနာများကို အပြင်းအထန် ခံစားကြရ၏။ သူတို့သည် တတ်နိုင်သမျှ အားတင်း ကာ လမ်း ဘေးပလက်ဖောင်းပေါ် အတိုင်း လျှောက်၍ လိုက်လာကြသည်။

ပထမဆုံး သူ့စိတ်သူ မထိန်းနိုင်ဘဲ ပေါက်ကွဲသူမှာ ဂျီးဆပ်စ်မေရီယာဖြစ်၏။ သူသည် ရှက်လွန်းသဖြင့် ရှိုက်ကြီး တငင် ငိုကြွေးသည်။ သူ့အဖေသည် လူချမ်းသာတစ်ဦးဖြစ်ခဲ့ဖူးသည်။ လူအများက လေးစား ကြည်ညို ခဲ့ရသော နာမည်ကြီး လက်ဝှေ့ သမားတစ်ဦးဖြစ်ခဲ့ဖူးသည်။ ဂျီးဆပ်စ်မေရီယာ သည် သူ့မျက်နှာ ကို လူအများမမြင်နိုင် အောင် ငိုက်စိုက်ချကာ ခပ်ကုပ်ကုပ် လျှောက်သွားသည်။ သူ့သူငယ်ချင်း ငါးယောက် ကလည်း သူ့လိုပင် လုပ် ကာ ခပ်ကုပ်ကုပ် လျှောက်ကြသည်။ ခွေးငါးကောင်ကလည်း သူတို့နောက်မှ သူတို့ လိုပင်။

အသုဘပို့သူများ သုဿာန်တွင်းသို့ မ၀င်မီ ပီလွန်တို့ လူစုသည် ရှေ့မှ ဦးဆောင်သွားကာ ဒင်နီ၏ အလောင်း မြေချသည့် တွင်း နှင့် မလှမ်းမကမ်းရှိ မြက်ပင်ရှည်ကြီးများ ကြား၌ ၀င်ပုန်းနေကြသည်။ အသုဘမြေချသည့် အခမ်းအနား မှာ တိုတောင်းလွန်းလှချေသည်။ ခေါင်းကို မြေတွင်းထဲသို့ ဖြည်းဖြည်းချင်းချသည်။ ရိုင်ဖယ်သေ နတ်သံ များ ကြားသောအခါ ကြောက်လန့်ခြင်းမဖြစ်။ သူတို့ သေနတ်များ မောင်းတင်သံကို ကြားရ၏။ ထို့နောက် ခရာမှုတ်သံ၊ ပြီးတော့ သေနတ်ပစ်ဖောက်သံများ၊ ပင်လယ်ဓားပြ၏ ခွေးများသည် ဦးခေါင်းများကို မော့ကာ သံရှည်ဆွဲ၍ အူကြသည်။ ပင်လယ်ဓားပြ သည် သူ့ခွေးများ အတွက် ဂုဏ်ယူ၍ မဆုံးနိုင်အောင် ဖြစ်လျက် ရှိ လေသည်။

ဒင်နီ ၏ အလောင်း မြေမြှုပ် သင်္ဂြိုလ်သည့် အခမ်းအနားသည် လျင်မြန်စွာပင် ပြီးဆုံးသွားသည်။ ပီလွန်တို့ လူစု သည် အသုဘပို့ ပရိသတ် လူစုမကွဲမီ စော၍ သုဿာန်အပြင်သို့ ထွက်ကာ တိတ်တဆိတ် ပြန်ခဲ့ကြ သည်။ ဤ နည်းဖြင့် သူတို့အဖြစ်ကို လူအများမမြင်အောင် ကာကွယ်နိုင်ခဲ့ကြလေ၏။

သူတို့သည် လူသူမရှိသဖြင့် တိတ်ဆိတ်နေသော တော်ရဲလီး၏ အိမ်အနီးမှ ဖြတ်ကြရသည်။ ပီလွန်သည် ပြတင်း ပေါက်တစ်ခု ကိုဖွင့်ပြီး ၀ိုင်တစ်ဂါလန် အိုးနှစ်လုံးကို ယူသည်။ သူတို့သည် ငြိမ်ဆိတ်နေသော ဒင်နီ၏ အိမ် သို့ တိတ်တဆိတ်ပင် ပြန်ရောက်လာကြသည်။ ရောက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် ၀ိုင်အိုးနှစ်လုံး ကို အလယ်တွင် ချကာ သောက်ကြလေသည်။
" ဒင်နီဟာ ၀ိုင် သိပ်ကြိုက်တဲ့ကောင်" ဟု ပြောမိကြသည်။ " သောက်စရာ ၀ိုင်သာ ရှိနေလို့ကတော့ ဒီကောင်ကြီး ဟာ ပျော်နေတာပဲ"

မွန်းလွဲပိုင်းကုန်သွားပြီး ညပိုင်းသို့ ရောက်လာသည်။ ခုနစ်နာရီထိုးသောအခါ တီးတိုးရပ်ဖ်သည် ဆေးပြင်းလိပ် တစ်ထုပ်ကိုင်ပြီး ပြန်ရောက်လာသည်။ သူငယ်ချင်းများက တစ်ယောက်တစ်လိပ်ယူပြီး မီးညှိကာ ဖွာကြသည်။ ထိုအခါ တံတွေးတပျစ်ပျစ် ဖြစ်လာသည်။ ၀ိုင် ဒုတိယအိုးကို ဖွင့်ကြရပြီ။ ပီလွန် က " တူလီပန်း" သီချင်း ကို ဆိုရန် ကြိုးစားသည်။
" ကနေ့ည သူ့အိမ်မှာ ကော်နဲလီယာရုဇ် တစ်ယောက်တည်းရယ်ကွ" ဟု ပီလွန်က တစ်စုံတစ်ရာ စဉ်းစားနေမိ သည့် လေသံဖြင့် ပြောသည်။

" အလွမ်းသီချင်းတွေ ဆိုရင်တော့ ဘာမှ ထိခိုက်စရာ မရှိပါဘူး ထင်ပါတယ်ကွာ" ဟု ဂျီးဆပ်စ်မေရီယာက ပြော သည်။
" ဒါပေမယ့်ကွာ ငါတို့ သူငယ်ချင်း ဒင်နီ ဟာ အလွမ်းသီချင်းတွေကို မကြိုက်ဘူးကွ" ပက်ဘလို က ကန့်ကွက် သည်။ " သူက မြူးမြူးကြွကြွ သီချင်းတွေမှ ကြိုက်တာ၊ အထူးသဖြင့် ခပ်ထထ မိန်းမတွေအကြောင်း ရေးစပ် ထားတဲ့ သီချင်းတွေ ကို ပိုပြီး ကြိုက်သေးတယ်"

အားလုံးက ခေါင်းညိတ်၍ ထောက်ခံကြသည်။ " အေး ဟုတ်တယ်၊ ဒင်နီဟာ မိန်းမတွေအဖို့ မဟာ သူရဲကောင်း ကြီးတစ်ယောက်ပဲကွ"
ပက်ဘလို က "တူလီပန်း" သီချင်း ဒုတိယအပိုဒ်ကို တစ်ပိုင်းတစ်စညည်းသည်၊ ပီလွန်က လိုက်ဆိုသည်။ ထိုအခါ ကျန်လူများကပါ သီချင်းအဆုံးအထိ လိုက်ဆိုကြလေသည်။
သီချင်းဆုံးသောအခါ ပီလွန်က လက်ထဲမှ ဆေးပြင်းလိပ်ကို ပါးစပ်တွင်တပ်၍ တအားဖွာသည်။ မီးက ငြိမ်းနေပြီ။ " ဟေ့ တိတိုးရပ်ဖ်၊ မင်း ဂီတာသွားယူလာပါလားကွ၊ ဂီတာနဲ့ဆိုတော့ ပိုပြီး မြိုင်တာပေါ့" သူသည် ဆေးလိပ် ကို မီးပြန်ညှိကာ ဖွာသည်။ လက်ထဲမှ မီးမငြိမ်းသေးသော မီးခြစ်ဆံကိုမူ လက်ညိုးဖြင့် တောက်ထုတ် လိုက်လေ သည်။

မီးခြစ်ဆံ သည် တစ်ဖက်နံရံတွင် ကပ်၍ ချထားသည့် သတင်းစာအဟောင်းတစ်စောင်ပေါ်သို့ ကျသည်။ အား လုံးက မီးကိုငြှိမ်းရန် တစ်ပြိုင်တည်းလိုလို ခေါင်းထောင် ကြည့်လိုက်ကြသေးသည်။ သို့သော်လည်း အတွေး တစ်မျိုး ၀င်လာဟန် တူ၏။ မည်သူမှ ထိုင်နေရာမှ မထ။ ပြီးတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်၍ ပြုံးကြသည်။ သူတို့သည် သတင်းစာပေါ်မှ မီးခြစ်ဆံ မီးတောက်ကို မျက်ခြည်မပြတ် ကြည့်နေကြသည်။ မီး တောက်သည် သေသွားတော့မည့်နှယ် တဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။ ထို့နောက် ဖျတ်ခနဲ အရောင်လက်ကာ မီးတောက် ပြန်ထလာသည်။ မီးတောက်သည် သတင်းစာ တစ်စောင်လုံး ကို ကုန်အောင်ဝါးမျို ပြီးသော် နံရံသို့ကူးကာ ခြောက်သယောင်းနေသော သစ်သားကို စွဲသည်။

ပီလွန် တို့ လူစုသည် အပြုံးမပျက်။ မီးတောက်သည် မြွေတစ်ကောင်လျှောက်သွားနေသည့်နှယ် နံရံတစ်လျှောက် တွယ်ကပ်တက်ကာ ခေါင်မိုးအထိ ရောက်သွားသည်။ ထို့နောက် ခေါင်မိုးမျ ဖောက်ထွက် ကာ တလူးလူး တလွန့် လွန့် လှုပ်ရှားသည်။ မီးတောက်မီးလျှံများသည် ကြီးထွား လာသည်နှင့် အမျှ ဆူညံသော အသံကို ပြုသည်။ ထို အခါကျမှပင် ပီလွန်တို့လူစုသည် ထိုင်နေရာမှထကာ အိမ်အပြင်သို့ ဒယီးဒယိုင်ဖြင့် ထွက်လာခဲ့ကြလေသည်။

ဘယ်အချိန် ဘယ်အခါမဆို သင်ခန်းစာယူလေ့ရှိသော ပီလွန်သည် ၀ိုင်လက်ကျန် ရှိနေသေးသည့်အိုးကို ချိုင်း တွင် ညှပ်ကာ ယူလာခဲ့သည်။
မွန်ထရေးမြို့ဘက်မှ မီးသတ်ကား ခေါင်းလောင်းသံများသည် ဆူညံစွာ အော်မြည်လျက် ရှိကြသည်။ မီးသတ် ကားများသည် စက္ကင်းဂီယာဖြင့် တော်တီလာဖလက် ရပ်ကွက်တည်ရာ တောင်ကုန်းပေါ်သို့ အပြေးအလွှား တက်လာကြသည်။ မီးမောင်း များမှ အလင်းရောင်တန်းများသည် သစ်ပင်များပေါ်သို့ ဖြန့်၍ ဖြန့်၍ ကျလာ နေ သည်။

မီးသတ်ကားများ ဆိုက်ရောက်ချိန်တွင် တစ်အိမ်လုံးကို ၀ါးမျိုထားသည့် မီးတောက်ကြီးတစ်ခုသာ ကျန် တော့သည်။ မီးသတ် သမားများသည် ဘေးအိမ်များသို့ မီးမကူးရန် အနီးအနား တစ်ဝိုက်ရှိ အိမ်များနှင့် သစ်ပင် များ ကိုသာ ရေဖျန်းပေးကြသည်။

မီးလောင်ရာ ကို လာ၍ ကြည့်နေကြသော တော်တီလာဖလက် ရပ်ကွက်အတွင်းမှ လူများကြားတွင် ဒင်နီ၏ သူငယ်ချင်း များသည် ရပ်နေကြ၏။ သူတို့သည် တစ်အိမ်လုံး ပြာကျသွားသည့်အချိန်အထိ စောင့်ကြည့် နေကြ သည်။ မီးသတ်ကားများသည် နောက်ပြန်လှည့်ကာ လာလမ်းအတိုင်း ပြန်သွားကြလေပြီ။

တော်တီလာဖလက် ရပ်ကွက်အတွင်းမှ လူများသည် အမှောင်ထုအတွင်းသို့ တိုးဝင် ပျောက်ကွယ် သွားကြသည်။ ဒင်နီ၏ သူငယချင်းများကတော့ မီးခိုးတလူလူ ထွက်နေသေးသော ပြာပုံကို ရပ်၍ ကြည့်နေကြဆဲ။ သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက် ကြ၏။ ထို့နောက် မီးလောင်ထား သော အိမ်နေရာသို့ လျှောက်သွားကြသည်။ အတန်ကြာသောအခါ သူတို့ သည် မီးလောင်မြေ အပါးမှ ထွက်ခွာ သွားကြသည်။ နှစ်ယောက်ပင် အတူတူ တွဲမလျှောက်၊အားလုံး တကွဲတပြား၊ တစ်ဦးချင်းစီ။

ပြီးပါပြီ
စာရေးသူ - မောင်ထွန်းသူ
၁၉၈၆ ခု၊ စက်တင်ဘာလ ၂၁ ရက်

----------------------------------------------
.

2 comments:

Anonymous said...

သူတို့တွေ အခြေအနေမဲ့ ဘဝကို စွန့်ပြီး ဘဝသစ် ထူထောင်ချင်စိတ်တွေပဲ ဝင်လာမလား။ လမ်းပေါ်မှာပဲ ဆက်လေလွင့်နေမလား မသိဘူးနော်။
အိမ်ကို မီးရှို့ပြီး ထွက်သွားကြပြီဆိုတော့ လက်ရှိဘဝကိုပါ ပြာပုံထဲ ထားခဲ့ပြီဆိုတဲ့သဘောလား။ ဒင်နီ့အသုဘကို အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ရက်နဲ့ ဗြောင်လိုက်မပို့နိုင်အောင် စုတ်ပြတ်နေတာကို သူတို့အားလုံး ရှက်ကြတယ်ဆိုတော့ကာ..

Anonymous said...

မရွှေစင်ရေ။ဇတ်သိမ်းပုံလေးကို တောသားနားမလည်လို့ ဖြေရှင်းပေးပါဦး။သူတို့ကဘာလို့ အစက နေချင်လွန်းလှချည်ရဲ့ဆိုတဲ့အိမ်ကို မီးလောင်အောင်လုပ်လိုက်တာလဲ။သူတို့ဘာလို့ တစ်ကွဲစီထွက်သွားတာလဲ။အရင်လိုလမ်းဘေးမှာပဲ ပြန်နေမှာလား။မလိုချင်ရင် မီးရှီု့မဲ့အစား ဒင်နီလုပ်သလို တော်ရဲလီးဆီ ဒေါ်လာအစိတ်နဲ့ သွားရောင်းတာမှ ဝေသုံးရဦးမယ်။ဘာလို့ဒီလိုလုပ်တာလဲ။ပို့စ် တင်ပေးသူမှာ တာဝန်ရှိတယ်။ ၂၄နာရီအတွင်း ဒင်နီ့သူငယ်ချင်းများကိုယ်စားထုချေပါ။