"နင်အဲဒါ ဘယ်ကရလဲဟင်"
"မေးမနေပါနဲ့ဟာ.......စာမှာစားစမ်းပါ"
မယဉ်နွယ်သည် ဆက်မစားဘဲ ချောကလက်ကို ကျွန်တော့်ပါးစပ်ဆီ ပြန်ခွံ့သည်။
"ရော့လေ...... နင်လည်းစားဦး"
"ငါစားပြီးပါပြီဟာ.......နင်သာစားစမ်းပါ"
သို့ရာတွင် မယဉ်နွယ်က မလျှော့။
"နင် နည်းနည်းလေးဖြစ်ဖြစ် ကိုက်ဟာ၊ နို့မို့ဖြင့် ငါမစားဘူး"
ကျွန်တော် က မယဉ်နွယ်အား စူးစိုက်ကြည့်မိသည်။ ထိုခဏ၌ ကျွန်တော့်ခေါင်းတွင် အကြံတစ်ခု ပေါ်လာ၏။ ထို့ကြောင့် ချောကလက်ကို လှမ်းယူလိုက်သည်။
"ပေးစမ်း....ပြီးတော့ နင့်လက်ကလေးနဲ့လည်း ကိုင်ထား၊ ငါလည်းကိုင်ထားမယ်၊ ပြီးတော့ ငါကျိန်ခိုင်းသလို လိုက်ကျိန်"
မယဉ်နွယ်သည် ကျွန်တော်ခိုင်းသည့်အတိုင်း ချောကလက်ကို ကိုင်သည်။
"ငါ...ဘာကျိန်ရမှာလဲ"
"ငါ တိုင်ပေးမယ်.....နင်လိုက်ဆိုပေါ့ဟ"
မယဉ်နွယ် က ခေါင်းကလေးညိတ်သောအခါ ကျွန်တော်က တိုင်ပေးသည်။
"ဒီနေ့..."
"ဒီနေ့....."
"သန့်ဇင်ပြောတာတွေကို"
"သန့်ဇင်ပြောတာတွေကို"
"ဘယ်သူ့ကိုမှ မပြောပါဘူးဘုရား"
"ဘယ်သူ့ကိုမှ မပြောပါဘူးဘုရား"
"ပြောလျှင်"
"ပြောလျှင်"
"ဤချောကလက်သည် သွေးပွက်ပွက် အံပါစေသား"
မယဉ်နွယ်သည် ကျွန်တော့်အား ပြန်ကြည့်သည်။
"နင့်ကျိန်စာကြီးကလည်း ကြောက်စရာကြီးဟာ"
"နင်ဘာလဲ.........ငါ့ကိုမယုံဘူးလား"
"ယုံပါတယ်ဟာ"
"ယုံရင်.......... ပြီးတော့ ဂျပန်ကိုသတ်ချင်ရင် ငါကျိန်ခိုင်းသလို...လိုက်ကျိန်"
မယဉ်နွယ်သည် ကျွန်တော့်အား မျက်စောင်းထိုးသည်။ အရေးထဲ ကျွန်တော့မှာ သာယာ လိုက်ရသေးသည်။
"အေးပါဟယ်.....ကျိန်ပါ့မယ်၊ ဘာတဲ့နင်ပြောတာ၊ အဲအဲ.... အမှတ်ရပြီ၊ ဤချောကလက် သည် သွေးပွက်ပွက်အန်ပါစေသတည်း"
ကျိန်ပြီးသောအခါ ကျွန်တော်တို့နှစ်ဦးက ချောကလက်ကို တစ်ယောက်တစ်ကိုက် စား လိုက်ကြ၏။
"ကဲ ပြောလေ"
ပြောပါဆိုပြန်တော့ ကျွန်တော်မှာ ရုတ်တရက် ငိုင်မိပြန်သည်။
ဘယ်ကစပြောရမှန်းလည်း မသိ။ အတန်ကြာ စဉ်းစားပြီးမှ ဖြည်းဖြည်းရှင်းမှရသည်။
"မယဉ်နွယ်၊ နင် ဆရာပြောသွားတဲ့စကား မှတ်မိလား၊ တစ်နေ့ မြန်မာတွေအားလုံးက ဂျပန်ကို ထ ချမယ် ဆိုတာ... "
"ဟင်အင်း... ငါမကြားဖူးဘူး"
"အေးလေ၊ ငါမေ့သွားတယ်...ဆရာ ရွာကထွက်သွားခါနီမှာ ပြောတဲ့စကားပဲ၊ ဒီတုန်းက နင်မှမလားဘဲ"
"ထားပါတော့ဟာ... ဆရာပြောတဲ့စကားဆိုရင် ငါယုံပါတယ်"
"အေး...ယုံပါဟာ၊ ဒီညနေ ဆရာ့ကိုရှာဖို့ ဦးလေးပုကြီးကို ငါတို့လွှတ်လိုက်တယ်"
"ငါတို့ ဆိုတော့... နင်နဲ့ဘယ်သူတွေနဲ့လဲ"
"ငါ့နဲ့ ဗိုလ်စောလင်းနဲ့... "
"ဗိုလ်စောလင်းဆိုတာ ဘယ်သူလဲ... "
"ဗိုလ်စောလင်းဆိုတာ လေယာဉ်ပျံပေါ်က ခုန်ဆင်းခဲ့တဲ့ဗိုလ်ကြီး၊ ဗိုလ်ကြီးဆိုတာ အင်္ဂလိပ် မဟုတ်ဘူး ဗမာပဲ၊ စစ်ဗိုလ်လို့ ငါပြောတာ"
"နင်...တကယ်ပြောနေတာလား... "
"ငါတကယ်ပြောလို့ နင့်ကို ချောကလက်ကျွေးနိုင်တာပေါ့၊ သူ့မှာ ချောကလက်အပြင် နင်တို့ ငါတို့ မမြင်ဖူး တဲ့ သေနတ်တွေရော၊ တခြားလက်နက်တွေပါ ပါတယ်၊ အဲဒါ ဆရာ့ကို တွေ့ရင် ဒီလက်နက်တွေနဲ့ လူ စုဝေးပြီး ဂျပန် ကို ချဖို့ပဲ"
မယဉ်နွယ်သည် မျက်လုံးကလေးအပြူးသားဖြင့် ကျွန်တော်အား ကြည့်နေ၏။ သူ့လက် တွင်းမှ ချောကလက်ပြားလေး ကိုလည်း စူးစိုက်ကြည့်၏။ ကျွန်တော်ကသာ ဆက်ပြော သည်။
"သူ့မှာ ဓာတ်ခွက်လည်းပါတယ်၊ ငါကိုယ်တိုင် မြင်ခဲ့တယ်၊ သူခေါ်ရင် လေယာဉ်ပျံတွေ ရောက်လာမှာ"
မယဉ်နွယ်သည် ပါးစပ်ကလေး အဟောင်းသားနှင့် နားထောင်နေသည်။ ထို့နောက် အာရ ၀မ်းသာမေးသည်။
"သန့်ဇင်... ဒီအကြောင်း ငါ ဘယ်သူ့မှမပြောပါဘူး၊ စိတ်ချ"
"အဲဒါ... ငါ နင်နဲ့ တိုင်ပင်မလို့ပဲ၊ လူကြီးတွေနဲ့တော့ မပြောရဲဘူးဟ၊ ဗိုလ်စောလင်း စားဖို့ သောက်ဖို့ ဆန် တို့၊ ငါးခြောက် တို့၊ ဆီ တို့လိုတယ်။ သူက ငါ့ကို ပိုက်ဆံတွေတော့ ပေးတယ်၊ ဒါပေမယ့် ငါလျှောက်ဝယ် ရင် ငါ့ကို လူတွေ မသင်္ကာဖြစ်ကုန်မယ်"
"ဟုတ်တယ်၊ မသင်္ကာဖြစ်မှာပဲ"
"ဒီတော့... ငါကြံထားတယ်၊ ဆန်တော့ ငါ့အစ်မအိမ်က ခိုးမယ်၊ ဆီတော့ အရီးလေးတို့ အိမ်က ခိုးမယ်၊ ငါးခြောက်တို့၊ အမဲခြောက်တို့တော့ တို့အိမ်တွေမှာ သိပ်မရှိဘူး၊ နင်တို့အိမ်တော့ ရှိမှာပဲ၊ အဲဒါတွေ နင်ခိုးပေး"
မယဉ်နွယ်သည် အလွန်ကျေနပ်စွာ ပြုံးလိုက်သည်။
"အေးဟဲ့... တို့အိမ်မှာ ငါးခြောက်ကော၊ အမဲခြောက်ကော၊ သကြားရော၊ ဆားရော၊ အများကြီးရှိတယ်၊ ငါခိုးပေးမယ်၊ ဒါပေမယ့် အဲဒါတွေကို ဘယ်လိုလုပ်နင့်လက်ထဲ ရောက် အောင် ငါးပေးရမလဲ"
ကျွန်တော် တို့နှစ်ဦးစလုံး ငိုင်သွားသည်။ ကျောင်းမရှိတော့၍ မယဉ်နွယ်နှင့် ကျွန်တော် ရှေ့ဆက်တွေ့ရန် မလွယ်၊ သို့ရာတွင် ချက်ချင်းပင် ကျွန်တော်အကြံရသည်။
"မယဉ်နွယ်...တစ်နေ့က ငါထွက်တဲ့ ခွေးတိုးပေါက် မှတ်မိလား၊ အဲဒီနေရာကို ငါ ညကျ တူးရွင်းနဲ့ရှပ်ပြီး နက်အောင် တူးထားမယ်၊ လူတစ်ယောက် ၀င်သာရုံပေါ့၊ ပြီးတော့ ငါသဲဖြည့်ပြီး သစ်ကိုင်းခြောက် တွေနဲ့ အုပ်ထားမယ်"
မယဉ်နွယ်သည် ၀မ်းသာအားရ ကျွန်တော်ကိုယ်ကို ကိုင်လှုပ်သည်။
"သန့်ဇင်... နင် သိပ်ဥာဏ်ကောင်းတာပဲဟယ်"
"ငါ ဥာဏ်ကောင်းတာ မဟုတ်ပါဘူးဟာ... သတ္တိလည်းကောင်းပါတယ်"
ကျွန်တော်က စောစောက မယဉ်နွယ်၏စကားကို ပြန်ချေသဖြင့် မယဉ်နွယ်က နှုတ်ခမ်းမစူ တစူဖြင့် ကျွန်တော် ကို မျက်စောင်းထိုးသည်။
"ငါ စိတ်မကောင်းတုန်း ပြောတဲ့စကားကို နင်က အကျကောက် ထားတာကိုးဟ၊ နင် သတ္တိ ကောင်းပါတယ် ဟယ်... ငါသိပါတယ် ဟင်း၊
ကဲ ကျေနပ်တော်မူပလား"
ဤသို့ဆိုပြန်သော် ကျွန်တော်က ကျေနပ်တော်မူပြန်သည်။ ထိုစဉ် ကျွန်တော်တို့ဆီသို့ ရှေးရှု လျှောက် လာသော မယဉ်နွယ်၏အမေ ဒေါ်မိုးကြီးကို တွေ့သဖြင့် ကျွန်တော်သည် မယဉ်နွယ်ကို ထပ်မှာသည်။
"ငါပြောတာ မှတ်ထားနော်...၊ ဒီည ငါ ခွေးတိုးပေါက်လာချဲ့မယ်၊ နက်ဖြန်ကစပြီး နင်ပေးမယ့်ဟာတွေကို အဲဒီ အပေါက် ထဲ ထည့်ထားပြီးတော့ သဲနဲ့ပြန်အုပ်ထား ကြားလား၊ ကဲ... ငါသွားပြီ... "
ကျွန်တော် နှင့် မယဉ်နွယ်၏ အစီအစဉ်သည် ကောင်းကောင်း အောင်မြင်ခဲ့သည်။
ဆန်၊ ဆီ၊ ငါးခြောက်၊ အမဲခြောက် စသည်တို့အား ကျွန်တော်က မှန်မှန် စုဆောင်းသည်။ တစ်ပတ်ပြည့်သော် တောင်ပေါ်တက်၍ ဗိုလ်စောလင်းထံ ပို့သည်။
ဗိုလ်စောလင်းသည် တွေ့စက ကျွန်တော့်အပေါ် ကြမ်းတမ်းသော်လည်း ယခုမူ အလွန် နူးညံ့ ယဉ်ကျေးသူ ဖြစ်ကြောင်း တွေ့ရ၏။
ဗိုလ်စောလင်း ကျွန်တော့်အား ပြောပြသော ဇာတ်လမ်းမှာ အသည်းနင့်ဖွယ်ကောင်းသမျှ မခံချင်စရာ လည်း ဖြစ်သည်။
ဗိုလ်စောလင်းသည် တစ်ကြိမ်က ကောလိပ်ကျောင်းသားဖြစ်သည်ဆို၏။ သူသည် သပိတ်မှောက် ဖူးသည်လည်း ဆို၏။ အင်္ဂလိပ်ကိုတိုက်ရန် ဂျပန်နှင့် အဆက်အသွယ် ယူဖူး သည်လည်းဆို၏။
ဗိုလ်စောလင်းသည် ထားဝယ်သားဟု သိရသည်။ ဂျပန်တပ်များ ထားဝယ်ကို သိမ်းပြီးသော အခါ ဂျပန်သည် မြန်မာ ကို ညာကြောင်း သူသိခဲ့ရသည်ဟုလည်း ဆို၏။ ထိုအခါ သူနှင့် လူ ငယ်အချို့သည် ဂျပန်တိုက်ရန် ကြံကြသည်။ ဤအကြံကို ဂျပန်သိသဖြင့် ဗိုလ်စောလင်းကို လိုက်ဖမ်းရာ မမိသော် သူ့အဖေကိုသတ်၍ သူ၏ ရစ မိန်းမ နှင့် နှမ ကိုလည်း ဂျပန်သိမ်းသွား သည်ဆို၏။ ထိုအခါ ဗိုလ်စောလင်းသည် တော တောင် တို့ကို ဖြတ်၍ အိန္ဒိယဟုခေါ် သော ကုလားပြည်အထိ ကုန်းကြောင်းလျှောက်ပြေးခဲ့သည်ဆိုသည်။
ဤဇာတ်လမ်း ကို ပြောတိုင်း ဗိုလ်စောလင်း မျက်ရည်ကျသည်။ ကျွန်တော်က ဗိုလ်စောလင်း အား မေးမိသည်။
" ခင်ဗျားအခု အင်္ဂလိပ်စစ်တပ်က အင်္ဂလိပ်ကကော ကောင်းသလား "
ဗိုလ်စောလင်း သည် ခေါင်းကိုခါသည်။
" အင်္ဂလိပ် လည်း မကောင်းဘူး၊ ဂျပန်လည်း မကောင်းဘူး၊ တို့မြန်မာပေါ် တို့မြန်မာပဲ
ကောင်းနိုင်တယ် "
" နို့ ... ဘာဖြစ်လို့ ခင်ဗျား အင်္ဂလိပ်လူဖြစ်လဲ "
" ငါ အင်္ဂလိပ်လူမဟုတ်ဘူး၊ ဒါပေမယ့် ဂျပန်ကို ချချင်လို့ သူတို့နဲ့ ပေါင်းနေတယ်၊ သူတို့နဲ့ မပေါင်းကော တို့ ဘယ် က လက်နက် ရမလဲ"
ကျွန်တော့်ဦးနှောက် ပတ်ချာလည်သွားသည်။ သို့ရာတွင် ဗိုလ်စောလင်းကိုမူ ကျွန်တော် ကြည်ညိုခဲ့ပြီ။ ထို့ကြောင့်လည်း အင်္ဂလိပ် ကို ခံချခဲ့သော ကျွန်တော့်အဘအကြောင်း ပြောမိ သည်။
ဗိုလ်စောလင်း သည် အလွန်အံ့သြသွားသည်။
" ငါ့ညီရာ ငါ့ကိုငါ သူပုန်လို့ ထင်တယ်၊ မင်းက ငါ့ထက်ပိုပြီး သူပုန်စ်တယ်ကွ"
" ကျုပ် တကယ် သူပုန်ဖြစ်နေပလား "
" မြန်မာတွေအနေတော့ မင်းဟာ သူပုန်မဟုတ်ဘူးပေါ့ကွာ၊ မျိုးချစ်ကြီးပေါ့ ... ဒါပေမယ့် ဂျပန်အမြင်တော့ မင်းဟာ သူပုန်ပေါ့ "
ကျွန်တော် အလွန်ကျေနပ်သွားသည်။ လက်စသတ်တော့ ကျွန်တော်သည် သူပုန်ကြီးပါ တကား။ ပြီးတော့ မျိုးချစ်ကြီး ပါကလား။
ထိုနေ့မှစ၍ ဗိုလ်စောလင်းနှင့် ကျွန်တော်သည် ပိုမို ရင်းနှီးခင်မင်ခဲ့ကြသည်။ ဗိုလ်စောလင်း သည် ကျွန်တော် အလွန်တတ်ချင်သော သေနတ်ပစ်နည်းများလည်း သင်ပေးသည်။
ကျွန်တော်နှင့် ဗိုလ်စောလင်းသည် ကျွန်တော်တို့အကြောင်း အဘကို ဖွင့်ပြောသင့်မပြောသင့် ဆွေးနွေးကြသည်။ ဗိုလ်စောလင်းက အချိန်မတန်ခင် သတင်းပွ၍ လူတကာသိမည် စိုးသောကြောင့် မပြော ရန် တားမြစ်သည်။ ကျွန်တော်ကလည်း သဘောတူလိုက်၏။
ဤသို့ဖြင့် တစ်နွေကုန်ရုံမက တစ်မိုးကျသည်အထိ ကျွန်တော်သည် ဗိုလ်စောလင်းကို မယဉ်နွယ် အကူအညီ နှင့် ရိက္ခာ တစ်ပတ်တစ်ခါ မှန်မှန်ပို့ခဲ့သည်။ လိုလိုမည်မည် ဗိုလ်စောလင်း အသုံးပြုရန် ချည်ကြမ်းလုံချည်၊ ချည်ကြမ်း အင်္ကျီ စသည်တို့ကိုလည်း ညွန့်မောင်ကြီးထံမှ လှည့်ပတ်တောင်း၍ ကျွန်တော် ပေးခဲ့သည်။
မိုးတွင်းတစ်နေ့၌ ဗိုလ်စောလင်း၏ဂူသို့ ရိက္ခာပို့ရန် ကျွန်တော် ရောက်သွားသည်။ ခါတိုင်း ဆိုလျှင် ဗိုလ်စောလင်း သည် ဂူဝမှဝေးရာ ကျွန်တော် မမျှော်လင့်သော တစ်နေရာမှ ဆီးကြို အသံပြုမြဲဖြစ်သည်။ ဂူဆီ သို့ ပြေးလာခဲ့သည်။ ဂူတွင်း၌ လူသူမရှိတော့။ ချောကလက်ထုပ် များကိုမူ တွေ့ရသည်။ ချော့ကလက် ထုပ်ပေါ် ၌ စာကလေးတစ်စောင် တွေ့ရ၏။
" ငါတို့ပြန်လာမယ် ..... "
ဒါပဲဖြစ်သည်။ ထို့ထက် လေးနက်သော အဓိပ္ပာယ်ပေး သည့် အရာဝတ္ထုတစ်ခုကို ကျွန်တော် တွေ့ရသည်။
မှည့်ဝင်း နေသော ဥသျှစ်သီးတစ်လုံး။
--------------------------------------
ဆက်ရန်

.
3 comments:
စိတ်၇ှည်လက်၇ှည်တင်ပေးနေတဲ့အတွက်ကျေးဇူးပါ
ဘာများဖြစ်အုံးမလဲ မသိ ...
စိတ်ထင့်လိုက်တာ ...
ဆက်ရန်မျှော်နေပါတယ် အမကြီးရေ ......
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဆက်ရန်ဆိုတော့လည်းဆက်စောင့်ရတာပေါ့ဗျာ-
စိတ်လည်းတော်တော်ရှည်တာဘဲဆိုပြီးလေးစားလျက်ပါဗျာ-
Post a Comment