Tuesday, January 4, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၂)

" အံမယ် ခွေးသူခိုးက" ဟု ဂျီးဆပ်စ်မေရီယာက ရေရွတ်သည်။
" မင်းရဲ့ သူငယ်ချင်းတွေကို ခေါ်သွားပြီး အဲဒီကောင်ကို သတ်ကွာ" ဟု ပက်ဘလိုက ပြောသည်။
" ဘာမှ လုပ်လို့ မရပါဘူး၊ အပထမညမှာ ကျုပ်ကို လူတစ်ယောက်က ပြတင်းပေါက်ကနေပြီး သေနတ်နဲ့ ချောင်းပစ်တယ်၊ ဒုတိယည မှာ သေနတ်ကျည်ဆန် မတော်တဆ ထွက်သွားတယ်ဆိုပြီး ကျုပ်ဆီကို ကျည်ဆန် ရောက်လာတယ်၊ ကံကြီးပေလို့ပေါ့၊ ဒါနဲ့ပဲ ကျုပ် အဲဒီဒေသက အပြီးအပိုင် ထွက်လာခဲ့တာ၊ ကလေး ကိုလည်း ကျုပ် တစ်ပါတည်း ခေါ်လာခဲ့တယ်"

အားလုံး၏ မျက်နှာများတွင် ဒေါသရောင် လွှမ်းမိုးလျက် ရှိသည်။ ခက်ထန်တင်းမာလျက်ရှိသော မျက်လုံးများ သည် ကြောက်စရာ ကောင်းလှသည်။ အခန်းထောင့် သူ့နေရာတွင် ထိုင်နေသော ပင်လယ်ဓားပြ၏ နှုတ်မှ ဒေါသ တကြီး ကြိမ်းဝါးသံ ထွက်လာသည်။ ပြီးတော့ သူ့ခွေးများ၏ မာန်ဖီသံနှင့် ဟိန်းသံများ။

" ငါတို့လူစု အဲဒီမှာ ရှိလိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲကွာ" ဟု ပီလွန်က ကြိတ်မနိုင် ခဲမရ အသံ ဖြင့် ရေ`၇ွတ်သည်။ " ငါတို့ရှိလို့ကတော့ အဲဒီကောင် လူ့ပြည်မှာ လူလာဖြစ်ရတာ မှားလေခြင်းလို့ ဖြစ်သွား စေရမယ်၊ ငါ့အဘိုးက ဘုန်းတော်ကြီး တစ်ပါးကြောင့် စိတ်ဆင်းရဲခဲ့ရဖူးတယ်၊ အဲဒါ သူဘာလုပ်တယ် ထင်သလဲ၊ အဲဒီ ဘုန်းကြီးကို ကိုယ်တုံးလုံးချွတ်ပြီး နွားခြံထဲက တိုင်တစ်တိုင်မှာ ကြိုးနဲ့ တုပ်ထားတယ်၊ ပြီးတော့ နွားပေါက်စ တစ်ကောင်ကို သူ့ဆီလွှတ်ထားတယ်၊ အိုကွာ ခံလိုက်ရတာမှ ဘာပြောကောင်းမလဲ၊ အဲဒီလို ကောင်မျိုးကို လုပ် နိုင်တဲ့ နည်းတွေ အများကြီး ရှိပါတယ်ကွာ"
" ကျုပ်က သာမန်တပ်ကြပ်တစ်ယောက် မဟုတ်လားဗျာ" ဟု လူငယ်က ပြောသည်။

" ထွက်ပြေးရုံကလွဲပြီး ဘာ ပြန်လုပ်နိုင်မှာလဲ"။ ရှက်စိတ်ကြောင့် ထွက်လာသော မျက်ရည်များသည် မျက်လုံး များတွင် အပြည့်။ " သူ့ အထက်အရာရှိ ကက်ပတိန်အဆင့်ရှိတဲ့ လူက မုန်းပြီဆိုရင် တပ်ကြပ် တစ်ယောက် အဖို့ အကူအညီ မရတော့ဘူး ပေါ့ဗျာ၊ ဒါကြောင့် ကျုပ် ထွက်ပြေးလာရတာ၊ ဖရက်စ်နိုမြို့ ရောက်တော့ ကျုပ်စောစောက ပြောခဲ့တဲ့လူနဲ့ တွေ့ တယ်။ သူက ကျုပ်သား မင်နုရယ် ကို ကျုပ်ဖြစ်စေချင် သလို ဖြစ်လာအောင် လုပ်နိုင်တယ်လို့ ပြောတယ်၊ ကျုပ် လည်း မင်း ဗိုလ်ချုပ်ကြီး ဖြစ်စေရမယ်၊ မင်းပန်းပွား တွေ စလွယ်တွေ တပ်ပြီး ရွှေဓားကြီးတပ်ရမယ်လို့ နေ့တိုင်း အကြိမ်နှစ်ဆယ် ပြောခဲ့တယ်"

ဤအဖြစ်မျိုးသည် မိတ်ဆွေ အပေါင်းအသင်းများ၏ ၀ိုင်းဝန်းကူညီမှုကို ရဖို့အလွန်လိုအပ်၏။ သို့သော်လည်း ဖြစ် ပွားခဲ့သော နေရာမှာ ဝေးကွာလွန်းလှသည်ဖြစ်ရာ ကိုယ်ရောစိတ်ပါထပြီး ကူညီဖို့ မဖြစ်နိုင်ပါ။ သူတို့ သည် အံ့သြ ချီးမွမ်းသည့် မျက်နှာထားများဖြင့် တပ်ကြပ်ကို ကြည့်နေကြသည်။ သူသည် ဤမျှလောက် ကြီးမားသော စွန့်စားခန်းမျိုး နှင့် ရင်ဆိုင်သင့်သည့် အရွယ်မဟုတ်ပေ။ သူ့အသက်မှာ ငယ်လွန်းလှသေး၏။

ငါတို့လူစု အခုလောလောဆယ် တိုရီယွန်မြို့မှာ ရှိနေချင်သကွာ" ဟု ဒင်နီက ရေရွတ်သည်။ " အဲဒီမှာသာ ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပီလွန်က စီစဉ်ပေးမှာပဲ၊ ငါတို့ အဲဒီကို မသွားနိုင်တာ နာတာပဲကွာ"

သူများ စကားပြောလျှင် အိပ်ပျော်သွားတတ်သော ကောင်ကြီးဂျိုးသည် တပ်ကြပ်၏ ဇာတ်လမ်းတွင် စိတ်ဝင် စားနေသဖြင့် မအိပ်နိုင်။ သူသည် စက္ကူဘူး ရှိရာသို့ ထသွားပြီး ငုံ့ကြည့်သည်။ " မင်းဟာ ဗိုလ်ချုပ်ကြီးဖြစ်မယ့် ကလေးပဲ" ဟု ပြောသည်။ ထို့နောက် အလန့်တကြား အော်ပြောသည်။ " ဟေ့ လာကြည့်ကြစမ်း၊ ကလေး လှုပ် နေတာက ရယ်စရာကြီး"
အားလုံး အပြေးအလွှားထသွားပြီး ကလေးကို ကြည့်ကြသည်။ ကလေးခမျာ တက်စပြုနေပြီ။ ခြေထောက် ကလေး များသည် တစိုးစိုး တဆတ်ဆတ်နှင့် အကြောဆွဲနေသည်။ လက်ကလေးများသည် ဟိုကုတ် သည်ခြစ် ခြစ်နေသည်။

" ဆရာဝန်၊ ဆရာဝန်" ဟု ဒင်နီက အော်သည်၊ " ငါတို့ ဆရာဝန်ခေါ်မှဖြစ်မယ်" သို့သော်လည်း ဆရာဝန် ခေါ်၍ အကျိုးမရှိ နိုင်တော့သည့် အခြေအနေကို သူတို့အားလုံး ရိပ်မိနေကြသည်။ နီးကပ်လာသော သေခြင်း တရား ကို မြင်နေရကြရသည်။ သူတို့ ၀ိုင်းအုံပြီး ကြည့်နေခိုက်မျာပင် ကလေးသည် တစ်ကိုယ်လုံး တောင့်တင်း သွားပြီး ငြိမ် ကျသွားသည်။ ကလေး၏ ပါးစပ်သည် ပွင့်လာသည်။ ကလေးတွင် အသက်မရှိတော့။ ကလေး၏ အဖြစ်ကို ကြည့်ပြီး သနားနေသော ဒင်နီသည် သူ့စောင် ကို ယူ၍ ဘူးခွံပေါ်မှာ ဖုံးပေးသည်။ တပ်ကြပ် သည် တောင့်တောင့် ကြီးရပ်ကာ ရှေ့တည့်တည့်ကို ငေးစိုက်ကြည့်နေသည်။ ထိတ်လန့် တုန်လှုပ် မှု့ က ပြင်းထန်သဖြင့် စကားပင် မပြောနိုင်။

ဂျီးဆပ်စ်မေရီယာက တပ်ကြပ် ၏ လက်မောင်းကို အသာဆုပ်ကိုင်ကာ ကုလားထိုင်တစ်လုံးပေါ် ထိုင်ခိုင်းသည်။ " မင်းအသက်အများကြီး ငယ်ပါသေးတယ်ကွာ" ဟု ပြောသည်။ " မင်းအနေနဲ့ ကလေးတွေ အများကြီး  အများကြီး ရနိုင်ပါသေးတယ်"
" သူ သေသွားပြီ၊ သူ ဘယ်တော့မှ ဗိုလ်ချုပ်ကြီး မဖြစ်နိုင်တော့ဘူး "

အားလုံး၏ မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်နေသည်။ ထောင့်ထဲ၌ စုပြုံ၍ ၀ပ်နေကြသော ခွေးများ သည် တအင်အင် ညည်းညူလျက် ရှိကြသည်။ ပင်လယ်ဓားပြသည် သူ့ခေါင်းကို သူ့ခွေးဆီညော် အလက်သွန် မဆင် ၏ အမွေးများကြားတွင် ထိုးမြှုပ်ထားသည်။
ပီလွန် က အလွန်နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောသည်။ " အခုတော့ ဟိုစစ်ဗိုလ်ကို မင်းကိုယ်တိုင်ပဲ သတ် ရတော့မှာပေါ့၊ သူ့ကို လက်စားချေဖို့ စီစဉ်ထားတဲ့အတွက် မင်းကို ငါတို့က ဂုဏ်ပြုပါတယ်ကွာ၊ ဒါပေမယ့် မင်း အစီအစဉ်က ပျက်သွားပြီဆိုတော့ မင်းကိုယ်တိုင်ပဲ လက်တုံ့ပြန်ရတော့မှာပေါ့၊ ဟုတ်ဘူးလား၊ ငါတို့ကလည်း တတ်နိုင်သမျှ ကူညီကြပါမယ် "

တပ်ကြပ်က နားမလည်သော မျက်လုံးများဖြင့် ကြည့်နေသည်။"လက်စားချေတယ်၊ ဟုတ်လား" ဟု မေးသည်။ " ကက်ပတိန်ကို သတ်ရမယ် ဟုတ်လား၊ ခင်ဗျား ပြောတာ ဘာအဓိပ္ပာယ်လဲ " မင်း အစီအစဉ်က ရှင်းရှင်းကလေးပါ" ဟု ပီလွန်က ပြောသည်။ " ဒီကလေးက ကြီးလာမယ်၊ မင်းဆန္ဒအတိုင်း ဗိုလ်ချုပ်ကြီး ဖြစ်လာမယ်၊ ဟိုစစ်ဗိုလ်ကို တွေ့မယ်၊ အဲဒီတော့ သူက တဖြည်းဖြည်းချင်း ညှဉ်းသတ်မယ်၊ သိပ်ကောင်းတဲ့ အစီအစဉ်တွေ၊ ရေရှည်စီမံကိန်းပဲ။ စောင့်ရတာတော့ကြာမယ်၊ အချိန်တန်တော့ ထချလိုက်၊ ဟုတ်လား၊ ငါတို့က မင်းစိတ်ကို ချီးကျူးပါတယ်ကွာ"

တပ်ကြပ်သည် နဝေတိမ်တောင် ဖြစ်နေဆဲပင်။ " ဘာလဲ" ဟု ထပ်မေးသည်။ " ဒီစစ်ဗိုလ်နဲ့ ထပ်ပြီး ပတ်သက်စရာ အကြောင်း မရှိတော့ဘူး။ သူက ကက်ပတိန်ပဲ"
" ဒီလိုဆိုလည်း မင်းက မင်းရဲ့ကလေးကို ဘာကြောင့် စစ်ဗိုလ်ချုပ်ကြီး ဖြစ်စေချင်ရတာလဲ၊ ဘယ်လို သဘော ကြောင့်လဲ"
တပ်ကြပ်သည် စိတ်ကသိကအောက် ဖြစ်သွားသည်။ " ဖခင်တစ်ယောက်အနေနဲ့ သူ့ သားသမီးကို ကောင်းစား စေချင်တယ် ဆိုတာက တာဝန်တစ်ခုပါ။ ကျုပ်က ကျုပ်သား မင်နုရယ်လ်ကို ကျုပ်ထက် အဆင့်မြင့် စေချင်တယ်"

" မင်း ရည်မှန်းချက်က ဒါ တစ်ခုတည်းပဲလား" ဟု ဒင်နီက တအံ့တသြမေးသည်။
" ဒီလိုလေ" ဟု တပ်ကြပ်က ပြောသည်။ " ကျုပ်မိန်းမ က သိပ်လှတယ်၊ လှပေမယ့် အကျင့်မဆိုးပါဘူး၊ မိန်းမ ကောင်း တစ်ယောက်ပါ၊ ဒါပေမယ့် အဲဟို ကက်ပတိန်က သူ့ကို လုယူသွားတယ်၊ ဒီကက်ပတိန်မှာ ပန်းပွား လည်း နည်းနည်းပဲ တပ်ရတယ်၊ စလွယ်လဲ နည်းနည်းပဲ တပ်ခွင့်ရတယ်၊ သူ့ခါးမှာ ချိတ်တဲ့ ဓားကျတော့ ငွေဓားပဲ၊ စဉ်း စားကြည့်ပေါ့" သူသည် စကားကိုဖြတ်၍ လက်နှစ်ဖက်ကို ဆန့်လိုက်သည်။ " တကယ်လို့ ပန်းပွားတို့ စလွယ်တို့ နည်းနည်းပဲ တပ်ခွင့် ရတဲ့ သူလို ကက်ပတိန် တစ်ယောက်က ကျုပ် မိန်းမကို လုယူခွင့် ရှိရင် ခင်ဗျားတို့ တွေးကြည့် စမ်း၊ စလွယ်အကြီးကြီး သိုင်းခွင့်ရပြီး ရွှေဓားကြီး ချိတ်ခွင့်ရတဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက်သာ ဆိုရင် သူယူချင်တာ အကုန်ယူနိုင်မယ် မဟုတ်လား"

အားလုံး မီးကို ရေနှင့်ဖျန်းလိုက်သည့်နှယ် ငြိမ်ဆိတ်သွားသည်။ ဒင်နီ၊ ပီလွန်၊ ပက်ဘလို၊ ဂျီးဆပ်စ်မေရီယာ၊ ပင်လယ်ဓားပြ နှင့် ကောင်ကြီးဂျိုးတို့သည် တပ်ကြပ်၏ မူဝါဒ ကို အချိန်များစွာယူ၍ စဉ်းစားနေကြသည်။ စဉ်းစားပြီး၍ ဘ၀င်ကျသွားကြသည့်အခါ အားလုံးက ဒင်နီပြောမည့် စကားကို စောင့်မျှော်ကြသည်။

" သနားစရာပဲကွာ" ဟု နောက်ဆုံးတွင် ဒင်နီက ရေရွတ်သည်။ " လောကမှာ သူတို့သားသမီးတွေ ကောင်းစား ရေးကို စိတ်နှလုံးဖြူဖြူစင်စင်နဲ့ ဆန္ဒရှိကြတဲ့ မိဘအရေအတွက်က နည်းနည်းပါးပါးပဲရှိတယ်၊ အခု သူ့စကား ကြားရတော့မှ ကလေးသေတုန်းကထက်ပိုပြီး ၀မ်းနည်းစရာကောင်းနေပြီ၊ ဘာကြောင့်လည်း ဆိုတော့ အခုလို စိတ်ထားရှိတဲ့ ဖအေမျိုးနဲ့သာ နေရရင် သူ့အဖို့ ဘယ်လောက်များ ပျော်စရာ ကောင်းလိုက် မလဲ၊ အခုတော့ သူ့ခမျာ ပျော်စရာအလွန်ကောင်းတဲ့ ဘ၀တစ်ခုနဲ့ လွဲရရှာတာပေါ့"

ဒင်နီ၏ သူငယ်ချင်းများက တည်ငြိမ်လေးနက်သော မျက်နှာများဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေကြသည်။
" ကဲ၊ ဒီလိုဆိုရင် မင်းဘာ ဆက်လုပ်မယ်စိတ်ကူးသလဲ" ဟု တပ်ကြပ်ကို စတွေ့ခဲ့သူ ဂျီးဆပ်စ်မေရီယာက မေး သည်။

" ကျုပ် မက္ကဆီကို နိုင်ငံကို ပြန်မှာပေါ့" ဟု တပ်ကြပ်က ပြောသည်။ " ကျုပ်ဟာ စစ်သားဘ၀ကို နှစ်နှစ် ကာကာ ကြိုက်တဲ့ စစ်သားတစ်ယောက်ပါ။ ကျုပ်ရဲ့ ရိုင်ဖယ်သေနတ်ကို အရင်ကလိုပဲ ဂရုတစိုက် တိုက်သွား ရင် တစ်နေ့ကျ ကျုပ်လည်းပဲ အရာရှိတစ်ယောက် ဖြစ်ချင်ဖြစ်လာမှာပါ၊ ဘယ်သူက မဖြစ်ဘူးလို့ ပြောနိုင်မလဲ"
သူငယ်ချင်း ခြောက်ဦးသည် တပ်ကြပ် ကို ချီးမွမ်းသည့် မျက်နှာထားများနှင့် ကြည့်သည်။ သူ့လိုလူစားမျိုး တစ်ယောက် နှင့် သိခွင့်ရလိုက်သည့်အတွက် ဂုဏ်ယူမဆုံးအောင် ဖြစ်နေကြလေသည်။
-----------------------------------------
ဆက်ရန်
.

No comments: