ပုတီးစိပ်သည်။ မေတ္တာသုတ်ကို ဆယ့်ရှစ်ခေါက် ရွတ်နေကျ။ ဂုဏ်တော် တစ်ထောင် စိပ်နေကျ။
သည်လို နှင့် ရှစ်နာရီ ရောက်လာတော့ ဆရာဝန် ညွှန်းသည့်ဆေးများ သောက်သည်။ စာအုပ် တစ်အုပ် ယူကာ အိပ်ခန်း သို့ ရောက်ရမြဲ။
အစကတော့ စာ သိပ်မဖတ် ဖြစ်ခဲ့ပေ။
ကိုကို စာပေလုပ်ငန်း လုပ်တော့မည် ဆို မှ စာတွေ ပြန်ဖတ်ဖြစ်ခဲ့သည်။
သို့သော် "ပဒေသရာဇာ"က ထုတ်ဝေသော စာအုပ်များကိုမူ မြိုင် အရသာမခံတတ်။ မြိုင် အဖတ်များသည် ၀တ္ထု များ ဖြစ်သည်။ သွက်လက်လှသော အမျိုးအစားထက် နက်နက်ရှိုင်းရှိုင်း ရှိသော ၀တ္ထုများကို ကြိုက်သည်။
စာအုပ်ကို ငှားဖတ်၍ရကြောင်း ယခင်က မြိုင်မသိ။ အလျင်ကတော့ ၀ယ်ဖတ်တာ များသည်။ သူငယ်ချင်း တစ်ယောက် က အကြံပေး၍ အငှားဆိုင်မှ ငှားဖတ် ဖြစ်သည်။ ယခုတော့ အငှားဆိုင် နှင့် ဖောက်သည် ဖြစ်နေပြီ။ တစ်ပတ် လျှင် အနည်းဆုံးငါးအုပ်တော့ ဖတ်ဖြစ်သည်။
စောစော က ဖတ်နေသည့် ဖတ်လက်စ စာအုပ် ဘယ်ရောက်သွားပါလိမ့်။
သြော် … ခေါင်းအုံးပေါ်မှာ မှောက်တင်ထားရင်းကနေ ကြမ်းပြင်ပေါ်သို့ လျှောကျနေသည်ကိုး။
မြိုင်စာအုပ်ကို ကောက်ယူလိုက်သည်။ စာအုပ်က "မငိုရဘူး၊ မရယ်ရဘူး" တဲ့။ နှလုံးရောဂါ အကြောင်း တွေပါပဲ။
မြိုင် သည် ခင်ဆွေဦး၊ ယုဝတီ ခင်စိန်လှိုင်၊ မစန္ဒာ၊ မိုးမိုး (အင်းလျား) တို့၏ ၀တ္ထုများကို ဖတ်သည်။
ဂျာနယ်ကျော် မမလေး တို့ ခင်နှင်းယု တို့ စာတွေ မဖတ်ရတာ ကြာပြီ။ သူတို့တတွေ စာများများ ရေးလျှင် ကောင်းမှာပဲ တွေးမိသည်။
မြိုင်သည် "မငိုရဘူး၊ မရယ်ရဘူး" ကို ကောက်ယူလိုက်သည်။ ဘယ်နေရာ ရောက်သွားပါလိမ့်။ မှတ်ထား သော စာမျက်နှာကို မေ့သွားပြီ။ ဇာတ်ကိုလည်း မေ့သွားပြီ။ စာပိုဒ်တွေကိုလည်း အမှတ် မရတော့။ စာအုပ် ကို ပြန်ချထားလိုက်သည်။
"သူက အစ်မကြီးနဲ့ ကွာရှင်းပြတ်စဲ ချင်တယ်တဲ့ x x x ကျွန်မနဲ့ လက်ထပ်ချင်တယ်တဲ့ x x"
စောစော က စကားသံသည် နားထဲတွင် ပဲ့တင်ရိုက်ခတ်လာသည်။
မြိုင်တစ်ချက် ရှိုက်လိုက်မိသည်။
ငါးသုံးလုံး စီးကရက်ဗူးကို ဆွဲယူသည်။
ဆရာဝန် က တားမြစ်ထားသော်လည်း မြိုင်သည် စီးကရက်ကို မသောက်ဘဲ မနေနိုင်ခဲ့ပေ။
စင်စစ် စီးကရက်စွဲ သည်မှာ ဘာမျှ မကြာလှသေး။ ကိုကို ထားခဲ့သည့် စီးကရက်ဘူးထဲမှ စီးကရက်ကို စမ်းသောက် ကြည့်ပြီး မှ စွဲသွားခြင်း ဖြစ်သည်။ ကိုကို အိမ်ပြန်နောက်ကျသော ရက်များ မှ စတင်ခဲ့သည်။ အထီးကျန် ဆံရခြင်း မှ ဆေးလိပ်ကို အဖော်ရှာမိခြင်း ဖြစ်သည်။
မြိုင်သည် ခုတင်မှ ထသည်။ ပြတင်းပေါက်ရှိရာမှ လာရပ်သည်။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သော မြိုင်တို့ အရပ် မှာ ခုနှစ်နာရီဆိုလျှင် လူအသွားအလာ ကျဲသွားတတ်သည်။ ငြိမ်သက်တိတ်ဆိတ် နေတတ် သည်။
တစ်စုံတစ်ယောက်ထံ ဖုန်းဆက်ရ ကောင်းမလား စဉ်းစားမိသည်။ တစ်စုံတစ်ယောက်နှင့် စကား ပြောချင် နေသည်။ မြိုင့်တွင် ကိုကိုနှင့်ပတ်သက်သော မိတ်ဆွေအများအပြားပင် ရှိသည်။
အများ အားဖြင့်တော့ ကိုကို တို့လို လေးဆယ်အရွယ်နှင့် ငါးဆယ် ခြောက်ဆယ်အရွယ်တွေ ဖြစ်သည်။ သူတို့သည် မြိုင် တို့ ထမင်းစားခန်း၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။
မြိုင့်ကို လှသည်ဟု အမြဲပြောကာ၊ မြိုင့်လက်င်္ရာတွေကို ကောင်းသည်ဟုဆိုကာ ကိုကို့ကို မိန်းမရ ကံကောင်းသူ ဟု ချီးကျူးတတ်ကြ သူများ ဖြစ်သည်။
ရှေ့နေ ရှေ့ရပ်တွေ ပါသည်။ တရားသူကြီးတွေ ပါသည်။ သူဌေးတွေ၊ လုပ်ငန်းရှင်တွေ၊ ကျောင်းဆရာတွေ ပါသည်။ စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင် ဒါရိုက်တာတွေ ပါသည်။
အရက်ဝိုင်းမှာ ကျယ်လောင်စွာ စကားပြောပြီး အော်ဟစ် ရယ်မော တတ်ကြသူများ ဖြစ်သည်။ အရက်ဝိုင်း မစမီ တွင် သူတို့ကို လူကြီးလူကောင်းတွေအဖြစ် မြိုင် မြင်မိသော်လည်း အရက်ဝိုင်း သိမ်းချိန်တွင်မူ အရူးအပေါ တွေ ဟုသာ ထင်မိလေသည်။
သူတို့ကို "မြိုင့်ယောကျာ်းက မြိုင့်ကို ကွာရှင်းပြတ်စဲချင်တယ်တဲ့၊ တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်ချင် တယ်တဲ့"
မြိုင် ပြောထွက်နိုင်ပါ့မလား။
သည်အထိ သတ္တိရှိနိုင်ပါ့မလား။
ဖုန်းဆက်ခဲ့သည့် မိန်းကလေးကို မြိုင် မသိပါ။ အသံကိုပင် မကျက်မိပါ။ ရုပ်သွင်က မည်သို့ရှိမည် မမှန်း တတ်ပါ။ သူ့ဘ၀၊ သူ့အကျင့်စာရိတ္တတွေ ကို မြိုင် မသိနိုင်ပါ။
သည်ကနေ့ ခေတ်ထဲက မိန်းကလေး တစ်ယောက် ဖြစ်မည် ဆိုသည်ကိုသာ သိသည်။
မြိုင့်ထက်တော့ ငယ်ပေမပေါ့။
မြိုင့်ထက်တော့ လှပေမပေါ့။
အို … မြိုင့်ထက် သာ လို့သာ ကိုကိုက လက်ထပ်ချင်တာ ဖြစ်မှာပေါ့။
တလောက မိတ်ဆွေတစ်ယောက်ကတော့ သတိ အပေးသား။
"ကိုတင်မောင်သန့်ကို ထိန်းဦးမြိုင်၊ အမျိုးသမီးတစ်ယောက်နဲ့ တွဲနေတယ်၊ သူတို့ သိပ်လေးလေး နက်နက် ဖြစ်နေကြတယ်၊ လွန်ကုန်ရင် ရှင်းရခက်မယ်"
ကိုကို မိန်းမတစ်ယောက် နှင့် တွဲသည်ဆိုသည်မှာ မဆန်း။
တစ်ယောက် မဟုတ် တစ်ယောက်နှင့် တွဲမည်ပင်။ ကိုကို က မြိုင့်နှင့်အိမ်ထောင်ရေးသုခ မရဘူးတဲ့ လေ။ ဒါကို မြိုင် သိနေခဲ့ရသည်မှာ ကြာပြီကော။ ကိုကို့ အသက်အရွယ်၊ ကိုကို့ ဂုဏ်၊ ကိုကို့ ကြွယ်ဝ မှုတွေကြောင့် အပြင် မှာ သာယာမှု ရှာလျှင်လည်း အလွယ်တကူ ရနိုင်မည်ကို မြိုင် သိပါသည်။
သည်ကနေ့ခေတ် မိန်းကလေးတွေကလည်း မြိုင်တို့လို ဟုတ်ချင်မှ ဟုတ်မည်။ အညှာလွယ်သည်။ အကာအကွယ် တွေကလည်း ပေါပါဘိနဲ့။
အင်္ဂလိပ်စာတတ် ပေတတ်တွေကျတော့ "ဟာရိုးရော်ဘင်"တို့ "ဂျက္ကလင်းဆူဆန်"တို့၏ စာအုပ် များကို ဖတ်နေကြသည်။ သည်စာအုပ် ဖတ်သည့်အဆင့်မှာ နှစ်ဆယ်နှင့် သုံးဆယ် ၀န်းကျင် ခေတ်ပညာတတ်တို့ ဖြစ်နေ ကြ သည်။
သူတစ်ပါးတွေကိုထား။ ကိုယ့်သမီးပါးစပ် က "ဒိုင်ယာဖရမ်"တွေ "ရစ်သမက်မက်သဒ်" အကြောင်း တွေ ပြောသံ ကြားရတော့၊ မြိုင် တုန်လှုပ်ချောက်ချားလာမိသည် အမှန်ပင်။
မြိုင် သည် ယခုတော့ သုံးဆယ့်ရှစ်နှစ် ရှိလာပြီ။ လောကအကြောင်းကို ထိုက်တန် သလောက်တော့ သိနေပြီ။ လောကအကြောင်းကို သိရလေလေ လောကထဲ တိုးဝင်ဖို့ ကြောက်လေလေ ဖြစ်သည်။
သည်လို နှင့် လောက၏ အပစ်ပယ်ခံ ဖြစ်လာသည်။ လောကကို ရှောင်လေ လောက က မြိုင့်ကို စိမ်း လေလေ ဖြစ်သည်။
မိမိအတ္တနှင့် မိမိဘ၀၊ မိမိလောကနှင့် မိမိကမ္ဘာ ကျဉ်းကျဉ်းကလေးထဲမှာပင် မိမိကိုယ်မိမိ ပျောက်ဆုံး နေသော မြိုင် ဖြစ်ခဲ့ရပါပြီ။
တစ်နေ့သော အခါ သည်အရာ ပေါ်ပေါ က်လာမည်ကို မြိုင်ကြိုတင် မျှော်လင့်ပြီးသား ဖြစ်သည်။
ထို "တစ်နေ့"သည် ယခုတော့ ရောက်လာရပြီပေါ့။
သူတို့ က မြိုင့် ကို အလိုမရှိတော့။
မြိုင်သည် သူတို့အတွက်၊ အားလုံးအတွက်၊ အို ... တစ်လောကလုံး အတွက် အပိုသက်သက် အသက်ရှင် နေသည့် မိန်းမတစ်ယောက် ဖြစ်နေပြီလား။ တစ်ကြိမ်တစ်ခါတုန်းကတော့ မြိုင်သည် အားလုံးအတွက် အသုံးကျသည့် မိန်းမတစ်ယောက် ဖြစ်ခဲ့ပါသေးသည်။
ကိုကို့ ဘ၀ကို မြှင့်တင်ခဲ့သည်။ အခက်အခဲ ကုဋေ ကုဋာကြားက ညိုမာ့ ကို မွေးဖွားပေးခဲ့သေးသည့် မြိုင် ဖြစ်ခဲ့ ပါသည်။
ကိုကို့အား လက်လွှတ်ဆုံးရှုံးရသည် ထား။ တွယ်တာစရာအဖြစ် သမီး ကျန်ခဲ့သေးလျှင်တော့ တော်ပါ သေးသည်။ ဖြေနိုင်စရာ ရှိပါသေးသည်။
ယခုတော့ လွန်ခဲ့သည့် မေ ကပင် သမီးသည် တက္ကသိုလ် ဒုတိယနှစ်ကို ကျရှုံးခဲ့သည်။ တက္ကသိုလ် ဆက်တက် ဖို့ ငြင်းဆန်ခဲ့သည်။
သူမ ၏ သူငယ်ချင်း ရူဘီ၏ အစ်ကို ရောဘတ်နှင့် လက်စွပ်ချင်း လဲခဲ့သည်။
ရူဘီ တို့ အသိုင်းအ၀ိုင်း က ကပြားများ ဖြစ်ကြသည်။
မြန်မာပြည် ၌ နေမပျော်သော သူများ ဖြစ်ကြသည်။ သြစတေးလျားသို့ တစ်သုတ်ပြီးတစ်သုတ် ပြောင်းရွှေ့ နေကြသည်။ ရူဘီတို့၊ ရောဘတ် တို့သည် နောက်ဆုံးအသုတ်အဖြစ် ပြောင်းရွှေ့ကြပေ လိမ့်မည်။ သည်အခါ ညိုမာ ချန်နေရစ် ခဲ့လိမ့် မည်မဟုတ်။
မြိုင်က သည်ကိစ္စကို ကန့်ကွက်ခဲ့ပေမယ့် ကိုကိုကမူ သူနှင့် မဆိုင်သလို လုပ်နေသည်။
"လူတွေဟာ ကိုယ့်ဘ၀လမ်းကို ကိုယ်လျှောက်ရမယ့် လူချည်းပဲ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြမှာပဲ၊ ဒယ်ဒီ ကတော့ ညိုမာ ရဲ့ သတ္တိကို ချီးကျူးတယ်"
ပြောနိုင်စွမ်း ရှိခဲ့သေးသည်။
သည်တော့ ... သူတို့အားလုံး မြိုင့်ကို စွန့်ခွာသွားကြတော့မည် ဆိုသည်မှာ သေချာသလောက် ရှိနေပြီ။
မြိုင့် ကို တစ်ယောက် တည်း ထားခဲ့ကြတော့မယ်လား။
ဖေဖေ၊ မေမေနှင့် အစ်ကို အစ်မတွေက အလျင်စွန့်ခွာသွားနှင့် ကြသည်။ သည်တစ်ခါ ကိုကိုနှင့် ညိုမာ အလှည့်လား။
အစဉ် လို အရောင်နုတွေနှင့် မှေးမှိန်နေသည့် အိမ်၊ အိမ်စေနှင့် မာလီက လွဲ၍ ဆွေးမျိုးသားချင်း ကင်းသည် အိမ်၊ ပန်းပင် ပန်းအိုးတွေလို အ၀ိညာဏကသာ ကြီးစိုးနေသည့် အိမ်မှာ မြိုင် တစ်ကိုယ် တည်း စီးကရက် တစ်လိပ်၊ စာတစ်အုပ် နှင့် အဖော်လုပ် နေရတော့မှာလား။
ဆရာဝန် များ၏ မြိုင့် နောက်ပါးမှ ပြောစကားအရ မြိုင့် လူလောကမှာ ကြာကြာနေရတော့မည် မဟုတ်ပါ။ နေလှ လေးငါးနှစ် အလွန်ဆုံးပါပဲတဲ့။
မြိုင်၏ ယိုယွင်းနေသော ကျန်းမာရေးက သူတို့နှင့် ဝေးရာကို ဆွဲခေါ်သွားမှာပါ။
သြော် ... သည်အထိတောင် မစောင့်နိုင်ကြတော့ဘူးလားကွယ် ...။
ဖြစ်နိုင်မည်ဆိုလျှင် မြိုင်သည် စိတ်အတွေးတို့ မလေးနက်သေးသည့် ကလေးဘ၀သို့ ပြန်ရောက် ချင်သည်။
မြိုင်၏ စိတ်အစဉ်တွင် ကလေးဘ၀ ကို ထိုင်ငေးခဲ့ရသော မိုးမခချောင်းကလေးကို သတိရနေသည်။
မိုးဦးကျ လောက်မှာ သည်ချောင်းတွင် "ကွန်မက" ကောင်ကလေးများ ချောင်းလုံးပြည့် ကျဆင်း လာတတ်သည် ကို သတိရနေသည်။
"ကွန်မက" ကောင်ဆိုသည်မှာ ဂဏန်းကောင်ကလေးများ ဖြစ်သည်။ သင်္ဘောသီးစေ့ အရွယ်ခန့် ရှိသည်။ သိန်းသန်း ကုဋေ ချီကာ ကျဆင်းလာတတ်သည်။
သူတို့သာ ကြီးပြင်းလာကြလျှင်တော့ ကမ္ဘာပေါ်မှာ သူတို့ချည်းသာ ရှိမည် ထင်ရသည်။ သည်လောက်ပင် များပြား သည်။ သို့သော် သူတို့သည် ပင်လယ်သို့ ရောက်သွားကာ ငါးများ၏ အစာ ဖြစ်ကုန်သည်ဟု ဆိုသည်။
သူတစ်ပါး၏ အာဟာရ အတွက် ကိုယ်က မွေးဖွားပေးလာရသည်မှာ စင်စစ် နာကြည်းစရာတော့ ကောင်းလှ သည်။
သည်ကာလ မှာပင် ဗေဒါဒိုက်တွေလည်း အများအပြား ကျလာတတ်သည်။ ပြာလဲ့လဲ့ ဗေဒါပန်း သည် အဝေး မှ အကြည့် တွင် အလွန်လှပသည်။
ယခု အသက်အရွယ်မှာ ဆရာဇော်ဂျီ၏ "ဗေဒါလမ်း" ကဗျာကို ဖတ်ရပြီး ကြည်ကြည်ဌေးပါသော "ပန်းပန်လျက်ပါ" ရုပ်ရှင် ကို ကြည့်ရတော့ ဗေဒါကို ပိုပြီး နှစ်သက်မြတ်နိုးခြင်း ရှိရသည်။
ထိုချောင်းကလေး ၏ ဘေးတွင် မြိုင်တို့၏ ဆန်စက်များ ရှိသည်။ ဆန်စက်နှင့် မနီးမဝေးမှာပင် မြိုင် တို့၏ တိုက်အိမ် ရှိသည်။
အိမ်မှာ မီးခံသေတ္တာ လို လုံခြုံလှသည်ကို အမှတ်ရနေသည်။ အုတ်နံရံတို့ ထူထဲကာ သံဘာဂျာ တံခါးကို ပြတင်းပေါက်တိုင်း ၌ တပ်ဆင်ထားသည်။
မြိုင် သည် အထွေးဆုံးသမီးဖြစ်ကာ မိသားစုတွင် တစ်ဦးတည်းသော သမီးလည်း ဖြစ်သည်။ မြိုင့်တွင် အစ်ကို သုံးယောက် ရှိသည်။ အစ်ကိုတွေက မြိုင့်ကိုချစ်ကာ မြိုင်ကလည်း အစ်ကိုတွေကို ချစ်သည်။
ငယ်စဉ် ကပင် မြိုင်သည် ဆူညံရှုပ်ထွေးသော ဆန်စက် အစိတ်အပိုင်းများကို မုန်းသည်။ သမ္ဗာန် ဘောက်တူ နှင့် သင်္ဘောများနှင့် ဝေးရာမှာ နေတတ်သည်။
မြိုင့်ကို အများဆုံး တွေ့တတ်သည်မှ ညောင်ချဉ်ပင် အောက်တွင်သာ ဖြစ်သည်။
မြိုင် လူမှန်းသိတတ်စေ အရွယ်မှာ ဒုတိယကမ္ဘာစစ် ဖြစ်သည်။ ဗုံးတွေ တ၀ုန်းဝုန်း ကြဲချခံရပြီး ကောင်းကင်ယံ မှာ လေကြောင်းတိုက်ပွဲမှာ မကြာခဏဖြစ်တော့ မြိုင်တို့ စစ်ပြေးကြသည်။ တောင်ပိုင်းသို့ ဖြစ်သည်။
သည်မှာ ကိုကိုနှင့်စ၍ တွေ့ရခြင်း ဖြစ်သည်။
သည်တုန်းက ကိုကို့ အမည် တင်မောင်သန့် မဟုတ်သေး။ "ခွေးညို" သာ ဖြစ်သည်။ ယောင်ပေ စူးကလေး နှင့် ဖြစ်သည်။
ကိုကိုသည် မြိုင်တို့မှ ပါ လာသော "ချိစ်"ခေါ် ဒိန်ခဲကို မစားတတ်။ ချောကလက်ကို ခါးသည်ဆိုပြီး မကြိုက်တတ်။
ကိုကို နှင့် အတူ ဘုန်းတော်ကြီးကျောင်းမှာ လိုက်သွားပြီး "ယံမင်္ဂလံ" သင်ရတာတွေ၊ မန်ကျည်းပင် ရိပ်မှာ ခုံညင်းဒိုး ပစ်ကစား တာတွေကို ခပ်ရေးရေးတော့ မှတ်မိနေသေးသည်။
ကိုကိုတို့ရွာမှာ မြိုင့် အစ်ကိုငယ် ဆုံးသည်။ မြို့မှာ ကျန်ရစ်သည့် အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့ စပိုင်ဆိုပြီး ဂျပန် အသတ်ခံ ရတာတွေတော့ ၀ါးတားတား ဖြစ်နေပြီ။
တစ်နေ့ မှာ မြိုင်တို့ကို ဓားပြတိုက်ဖို့ လာသော လူစုနှင့် ကိုကို့ဖေဖေ ခေါင်းဆောင်သော ရပ်ရွာ ကာကွယ်ရေး တွေ တိုက်ပွဲ ဖြစ်ကြသည်ကိုတော့ ဖေဖေ မေမေတို့က မကြာခဏ ပြောပြထား၍ မြိုင် သိနေသည်။ ကိုကို့ကို သည်စဉ်ကပင် ကျေးဇူး ရှိဖူးသော လူတစ်ယောက်အနေနှင့် မြိုင် သတိထား ခဲ့မိ သည်။
တစ်နေ့မှာတော့ မြိုင့်ဖေဖေ့ကို ပစ္စည်းများ ထုပ်ပိုးပြင်ဆင်နေကြသည်။ စစ်ကြီး ပြီးပြီ၊ မြို့သို့ ပြန်ကြ ရတော့မည်။
သည်မှာ ကိုကိုရော မြိုင်ပါ ခွဲရမှာကြောက်ပြီး ငိုခဲ့ကြသည်။ ကိုကို က မြိုင့်ကို သူ့ ကစားစရာ ရွှံ့ရုပ် ကလေး တွေ ပေးကာ မြိုင်က ကော်ပတ်ရုတ်ကလေးတွေ အမှတ်တရ ပေးခဲ့သည်။
သည်ကတည်းက ခွဲခွါခဲ့ကြပြီး ကိုကိုနှင့် မြိုင်တို့ ပြန်တွေ့ကြသောအခါ မြိုင်သည် ကိုကို့ကို မမှတ်မိတော့ပေ။
ပြည်တွင်း ၌ ရောင်စုံသောင်းကျန်သူများ ထကြွလာချိန်မှာ ကိုကိုတို့ မိသားစု မြိုင်တို့မြို့သို့ ရောက် လာသည်။
မြိုင်သည် အသက်ဆယ့်နှစ်နှစ်ရှိလာပြီး ကိုကိုက ဆယ့်ငါးနှစ် ရှိနေခဲ့ပြီ ဖြစ်သည်။
ဖေဖေ မေမေတို့က ကိုကို့ကို မိသားစုကို တစ်လှည့်တစ်ပြန် ကြည့်ရှု စောင်မသည်။
စာသင်ပျက်ခဲ့သော ကိုကို့ကို အလွတ်ပညာသင်ကျောင်းမှာ ထားပေးသည်။ ပညာတော်သော ကိုကိုသည် ဆန်တန်း ကို နှစ်ချင်းပေါက် အောင်မြင်သည်။ ကောလိပ်သို့ သွားသည်။
မြိုင်ကတော့ ဖေဖေ မေမေတို့က သမီးမိန်းကလေးမို့ စိတ်မချသည်နှင့်၊ မေမေ့ကျန်းမာရေး အခြေ အနေ မကောင်းသည် နှင့် ရှစ်တန်းနှစ်မှာပင် ကျောင်းထွက်စေခဲ့သည်။
မြိုင့်မိဘများက "သမီးမိန်းကလေးဆိုတာ စာများများ တတ်ဖို့ မလိုပါဘူး" ဟူသော ရှေးရိုးဆန်သည့် အယူအဆ ရှိသည်။
မြိုင် သည် မေမေ့ကို ပြုစုရင်း အချိန်အား၌ ၀တ္ထုများကိုသာ ဖတ်နေခဲ့သည်။
အမှန်တော့ ဖေဖေ မေမေတို့က ကိုကိုနှင့် မြိုင့်ကို နေရာချထားပေးရန် မရည်ရွယ်ခဲ့။ မြိုင်နှင့် လက်ထပ် စေချင်သူ မှာ ဆန်စက်များကို အုပ်ချုပ်နေသူ ကိုမင်းသောင်နှင့်သာ ဖြစ်သည်။
ကိုမင်းသောင်သည် ဖေဖေ၏ လက်ရုံး။ ဖေဖေ၏ ယုံကြည်အားထားရာ။ ပြီး မြိုင်နှင့်လည်း ငယ်စဉ် ကတည်း က လက်ပွန်းတတီး ရှိခဲ့သူ။ သူက မြိုင့်ထက်တော့ အရွယ်ကြီးသည်။
ကိုမင်းသောင် ကို မြိုင် ချစ် မချစ် မသိခဲ့ပေ။ သိရန်အရွယ်ကလည်း ငယ်သေးသည်။
မြိုင် ဆယ့်ရှစ်နှစ်မှာ မေမေက မြိုင့်ကို ကိုမင်းသောင်နှင့် လက်ထပ်ပေးမည်ဟု ဆိုသည်။ သည်စဉ် ကတော့ ငြင်းပယ် ရကောင်းမှန်းလည်း မသိ။ လက်ခံရကောင်းမှန်းလည်း မသိ။ မေမေတို့ သင့်တော်၍ စီမံသည် ထင်ကာ ငြိမ်နေခဲ့သည်။
ချစ်သည်၊ လက်ထပ်သည် ဆိုးခြင်းကိုလည်း လေးလေးနက်နက် မတွေးတတ်ခဲ့။
လူတို့ လက်ထပ်ကြသည်မှာ အတူနေကြဖို့ ဖြစ်သည်ဆိုခြင်းလောက်ပဲ သိသည်။ အမွေဆက်ခံရန် သားသမီး တွေ မွေးကြသည်ဆိုတာလောက်ပဲ သိသည်။
ဖေဖေနှင့် မေမေလည်း သည်အတိုင်းပဲ မဟုတ်လား။
လက်ထပ်ပြီး အတူနေကြကာ မြိုင်တို့ကို မွေးဖွားခဲ့သည်ပဲ မဟုတ်လား။
သည်နှစ်မှာ ကိုကို မြိုင့်ဘ၀ဲ ၀င်လာသည်။ ဘွဲ့ရပြီးနောက် ရောက်ရှိလာခြင်း ဖြစ်သည်။
လက်ထပ်ရေးနှင့် ပတ်သက်သော မြိုင့်အတွေးတို့က ပြောင်းကပြန် ဖြစ်ရလေတော့သည်။
ကိုကိုသည် မြို့မှ ထွက်ခွာသွားသည်ထက် ချောမောလှပလာသည်။ ထွားကျိုင်းသန့်စင်လာသည်။ ဖေဖေ မေမေတို့ ကိုယ်တိုင်က ကိုကို့ကို ပညာတတ်တစ်ယောက်အနေနှင့် လေးလေးစားစား ဆက်ဆံကြသည်။
ယခင်ကတော့ လူချင်း ရင်းနှီးအောင်ဆိုကာ ညနေပိုင်းတွင် လယ်ကွင်းများဆီသို့ မြိုင်နှင့် ကိုမင်းသောင် တို့ လမ်းလျှောက် ထွက်ကြသည်။ ဇာတ်ပွဲများ၊ ရုပ်ရှင်များ ကြည့်ကြသည်။
ကိုမင်းသောင် နှင့် မြိုင်တို့ အလွန် ပျင်းရိခြောက်သွေ့ဖွယ်ကောင်းသော စကားများ ပြောကြသည်။ ကိုမင်းသောင် က မြိုင်နှင့် လက်ထပ်ပြီးလျှင် ဆန်စက်တွေ တိုးချဲ့ဖို့၊ လယ်သမားတွေထံ စပါးပေးနှင့် ငွေတိုးချေး ဖို့ အကြောင်းတွေကို ပြောပြတတ်လေ့ ရှိသည်။
ကိုကို ရောက်လာသောအခါ မြိုင်သည် ကိုမင်းသောင်နှင့် တွဲ၍ လမ်းလျှောက်ရသည်ထက် ကိုကို နှင့် တွဲ၍ လမ်းလျှောက် ရသည်ကို ပိုမို နှစ်ခြိုက်မိသည်။ ပြီး ... ကိုကို ပြောသော စကားများမှာ ကိုမင်းသောင်၏ စကား များလို ပျင်းရိ ခြောက်သွေ့ဖွယ် မကောင်း။
ယူနီဗာစီတီ အကြောင်း၊ အင်္ဂလိပ် ရုပ်ရှင်တွေအကြောင်း၊ စာအုပ်တွေအကြောင်း၊ ပန်းချီကားတွေ အကြောင်း။
သည်အချိန်က မြိုင်တို့ ကိုမြကြီး၊ စိန်စိန်အတွဲဆိုလျှင် အသည်းစွဲပေါ့။ ကိုမြကြီး၏ "မခင်နှင်းဆီ" သီချင်းမှာ အရောင်း ဓာတ်ပြားလောက မှာ ဘုရင်ပေါ့။ မခင်နှင်းဆီအဆက်ဖြစ်သော "မခင်နှင်းဆီရဲ့ နှင်းဆီ၊ "မခင်နှင်းဆီ ဇာတ်သိမ်း" သီချင်းတွေကို သိပ်ကြိုက်ခဲ့သည်။ သည်သီချင်းရေးသည့် "မြတ်လေး" ကို၊ ကိုကို တို့ တက္ကသိုလ် မှာ ဆုံဖူးသည်ဆိုတော့ ကိုကို့ကို အထင်ကြီးမိသည်။
ကိုကိုနှင့် စကားပြောရသည်က စိတ်ဝင်စားဖွယ် ကောင်းသည်။ ပျော်စရာ ကောင်းသည်။ မြိုင်မြိုင် ဆိုင်ဆိုင် ရှိသည်။
သို့ဖြင့် ... ကိုမင်းသောင်က လမ်းလျှောက်ဖို့ခေါ်လျှင် မြိုင်သည်ခေါင်းကိုက်သည်၊ ၀မ်းနာသည်နှင့် ရှောင်စ ပြုလာ သည်။
အချစ်ဆိုသည်ကိုလည်း ကိုကိုက သင်ပေးတာပဲ မဟုတ်လား။
နောက် ... အတူ လမ်းလျှောက်ရင်း လက်ကလေးတွေကို ကိုင်ကာ၊ ပခုံးကလေးတွေကို ဖက်ကာ မြိုင့် နှလုံးသား ကို ပူနွေးစေခဲ့တာ ကိုကိုပဲ မဟုတ်လား။
ညတစ်ည မြိုင်တို့ အိမ်ပြန် နောက်ကျကြသည်။ ရုပရှင်ညပွဲ ကြည့်ကြသည်။ မြိုင်တို့ ကြည့်ကြသည့် ရုပ်ရှင် မှာ အင်္ဂလိပ် ရုပ်ရှင်ကားတစ်ကား ဖြစ်သည်။
လ အလွန်အမင်း သာသည့် ဆောင်းညကလေး တစ်ညမှာ ဖြစ်သည်။ ညသည် အေးစိမ့်ပြီး ဆိပ်ဖလူး ပန်းရနံ့ လည်း သင်းမွှေးနေသည်။
ခြံဝိုင်း၏ သံတံခါးပေါက်ရှေ့မှာ ပထမဆုံးအကြိမ်ဖြစ် မြိုင့်ကို ကိုကို နမ်းခဲ့သည့်။ ရုပ်ရှင်ကားထဲ ကလို ဖြစ်သည်။
မြိုင့်အသည်းတံခါး ကို စတင်ဖွင့်ခဲ့တာ၊ မြိုင့် အချစ်ကာလနဂါး ကို နှိုးခဲ့တာ ကိုကို ကိုယ်တိုင်ပါပဲ ကိုကိုရယ် ...။
ဆက်ရန်
.

3 comments:
အင်းးးးးးးးးးးးးး
..............................
.............................
သြော်... အချစ်.. အချစ်.............
မခင်မြိုင် သနားပါတယ်.. :(
Post a Comment