ဤအကြိမ်တွင်မူ ထိုသူသည် ကျွန်တော့်ရင်ဘက်မှ သေနတ်ခွာ၍ လှိုက်လှိုက်လှဲလှဲ ရယ်သည်။ သူ ရယ် သော် ဦးလေးပုသည် လိုက်ရယ်သည်။ ထို့နောက်မှ သူ့ဘာသာသူ့ သတိရဟန် ချက်ချင်း အရယ် ရပ် ၍ ဥသျှစ်သီးပြန်စားသည်။ ထိုသူကသာ အတော်မသတ် ရယ်မောပြီးနောက် ကျွန်တော့် ပခုံးအား ပုတ်၍ ချိုသာ စွာ ပြောသည်။
"ကြိုက်သဟေ့ ငါ့လူ...အဲ မင်းနာမည်ဘယ်သူ"
"သန့်ဇင်"
"အေး... မောင်သန့်ဇင် မင်းဂျပန်ကိုသတ်ချင်ရင် သတ်ရမယ်။ အများကြီးသတ်ရမယ် .... ၊ ဒါပေမယ့် ငါဒီမှာ ရှိတဲ့ အကြောင်း လျှောက်မပြောရဘူးနော်"
"စိတ်ချပါဗျ... ကျုပ်မပြောပါဘူး"
ထိုသူ သည် ဂူတွင်းသို့ဝင်သွား၍ တစ်စုံတစ်ခုကို ယူလာကာ ကျွန်တော့်အားပေး သည်။
"ရော့..ကလေးစား၊ မင်းဒါစားဖူးလား"
ကျွန်တော် သည် ငွေရောင်ပတ်ထားသော မည်းမည်းအရာတို့ကို စားကြည့်သည်။ အလွန်မွှေးကြိုင်၍ ချိုဆိမ့် သည်။
"ကလေး.မင်းဒါစားဖူးလား"
"ဟင့်အင်း"
"ကြိုက်ကောကြိုက်ကဲ့လား"
"သိပ်ကြိုက်တယ်ဗျ"
ဤသို့ကျွန်တော်တို့ အချီအချပြောနေခိုက် ဦးလေးပုသည် လှမ်းကြည့်သည်။ ထို့နောက် အလွန်အံ့သြဟန် ဆိုသည်။
"အံမယ်…….အံမယ်………. ချောကလက်တွေပါလား၊ ငယ်လေး ငါ့နည်းနည်းပေးစမ်း"
ဦးလေးပု သည် သူ့ဥသျှစ်သီးအားဘေးချ၍ ကျွန်တော့်လက်တွင်းမှ ချောကလက်ကို လှမ်းလုသည်။ စောစောက သေနတ်နှင့်လူကြီးက ၀တ်ဖျန်ဖြေပေးပြီး ဂူတွင်းသို့ ပြန်ဝင်လျက် ဦးလေးပုအတွက် ချောကလက် တစ်ထုပ် ယူလာပေးသည်။ ဦးလေးပုသည် ချောကလက်ကို အငမ်းမရစားသည်။ စားရင်း လည်း ကျွန်တော့် အား ပြောသည်။
"ငယ်လေး..မင်းကို ငါမပြောဘူးလား၊ ဗြိတိသျှအင်ပါယာကြီး၊ ဆိုတာ ဗြိတိသျှတွေရှိတုန်း က……. တစ်ကျပ်ဖိုးဝယ်စားရင် ချော့ကလက်တွေ အများကြီးစားရတယ်၊ ပြီးတော့…..မင်း ငါးသေတ္တာစားဖူးလား၊ သိပ်ကောင်းမောင်…..အရိုးပါ ၀ါးစားလို့ရတယ်"
ကျွန်တော်သည် သေနတ် နှင့်လူကြီးအား လှမ်းမေးသည်။
"သူပြောတာ တကယ်လားဗျ"
ထိုသူကြီးက ခေါင်းညိတ်ပြသည်။ ထိုအခါမှ ကျွန်တော်သည် သတိရ၍ မေးသည်။
"အမြှုပ်ထွက် တဲ့ သွားတိုက်ဆေး ဆိုတာကော ရှိလား"
"အေး….. ရှိတယ်ကွ"
ထိုခဏတွင်ပင် ကျွန်တော်သည် မယဉ်နွယ်ကို သတိရ၏။
ပထမ သော် မယဉ်နွယ် အတွက် ပါ ချောကလက်တစ်ထုပ်တောင်း မည်ကြံသည်။ သို့ရာတွင် ထိုသူကြီး သဒ္ဓါ ပျက်သွားမည်ကို စိုးရိမ်သည်။ ထို့ကြောင့် ထပ်မတောင်း တော့ ဘဲ ကျွန်တော့် ချောကလက် ချွေ စားသည်။ ၎င်းပြင် အင်္ဂလိပ်လက်ထက်မှ ပစ္စည်းများတွေ့ လျှင် ဂျပန်အဖမ်းခံရကြောင်း ကျွန်တော် ကြားဖူးသည်။ ချော့ကလက်မြင်လျှင် အင်္ဂလိပ်လူ နှင့်ဆက်မှန်းကျွန်တော့်ကို သိသွားမည်။
လျှို့ဝှက်သော ဤလူကြီးကလည်း ချော့ကလက်ကို ကျွန်တော်တို့ရွာသို့ ပြန်ယူသွားခွင့် ပေးချင်မှပေးမည်။ ထို့ကြောင့် ချောကလက်ကို ချွေစားခြင်းဖြစ်သည်။ ကျွန်တော်သည် ချောကလက်ဝှက်ရန် အကြံယူရင်း ထိုလူကြီး အား ဆက်မေးသည်။
"ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ"
ထိုသူကပြုံးသည်။
"ငါလည်း……. မင်းလိုပဲ ဂျပန်သတ်ချင်လို့ပေါ့ကွ"
"ခင်ဗျား က ဘာလို့ ဂျပန်သတ်ချင်တာလဲ"
ထိုလူကြီး ၏ မျက်နှာသည် ငိုင်ကျသွားသည်။ သူ့မျက်နှာကြီးမှာ အလွန်စိတ်ထိခိုက်ဟန် လှုပ်ရှားသွား၏။ ပြန်မေးသော သူ့အသံသည်တုန်ယင်နေ၏။
"ကလေး က ခုနင်က ပြောတယ်၊ မင်းဆရာကတော် ကို ဂျပန်က ရန်ရှာတယ်လို့……… ဟုတ်လား"
"ဟုတ်တယ်ဗျ…..ကျုပ်ဆရာနဲ့မရခင် အပျိုကတည်းက ရန်ရှာတာ၊ ဒါကြောင့် မသန်းရှင် ပြေးလာပြီး ကျုပ်ဆရာ နဲ့ ယူတော့ ဂျပန်က ရွာလိုက်လာတယ်၊ အဲဒါကစပြီး ဂျပန်ကိုသတ် ပြီးကျုပ်ဆရာနဲ့ ဆရာကတော် ကော……. သူ့အစ်ကိုနဲ့ သူ့မိန်းမရော….. တောထဲ ထွက်သွားကြတာပဲ"
ငိုင်နေသော ထိုသူ၏ မျက်လုံးများမှ မျက်ရည်များကျလာသည်။ ကျွန်တော်အံ့သြသွား၏။
စောစော က ခက်ထန်သောလူကြီးသည် ယခုအဘယ်ကြောင့် မျက်ရည်ကျနေရ သနည်း။
"ဆရာကြီး….ခင်ဗျားငိုနေသလား၊ ဘာဖြစ်လို့လဲ၊ ကျုပ်ဆရာနဲ့ ဆရာကတော်ကို သနား လို့လား"
သူသည် မျက်ရည်များသုတ်၍ ကျွန်တော့်ကို မော်ကြည့်သည်။
"မင်းဆရာ နဲ့ ဆရာကတော်က ကံကောင်းပါသေးတယ်ကွာ၊ ငါ့မိန်းမ နဲ့ ငါ့နှမ ကိုတော့ ဂျပန်တွေက သိမ်းသွားတာ၊ ငါ့အဖေ….. ကိုလည်း သတ်သွားတယ်၊ တောက်……."
လူကြီး သည် တောက်ခေါက် ၍ အံကြိတ်ကာ ခေါက်တုံ့ခေါက်ပြန်လမ်း လျှောက်နေ၏။
ကျွန်တော် သည် သူ့အနားကပ်သွား၍ လှိုက်လှဲစွာပြောမိသည်။
"၀မ်းမနည်းပါနဲ့ ဆရာကြီးရာ…..၊ ဒီဂျပန်ကောင် တွေက နွားသိုးတွေပဲ၊ မိန်မကလေးတွေ ဆိုလျှောက် ဖျက်ဆီး နေတာ၊ ဒါကြောင့်လည်း ကျုပ်ဆရာက ပြောသွားတယ်၊ တစ်နေ့မှာ မြန်မာ တစ်မျိုးသား လုံး က ဒီဂျပန် ကောင် တွေ ကို ထချမယ်တဲ့၊ ကျုပ်တို့အားလုံး လိမ်လိမ်မာမာ စည်းစည်းရုံးရုံး လုပ်ကြတဲ့"

"မင်း ဆရာ က ဒီအတိုင်း ပြောသွားလား... "
"ဟုတ်တယ်...၊ ဒါကြောင့်လည်း ကျုပ်တို့တစ်ရွာလုံးကလည်း စည်းစည်းရုံးရုံး လိမ်လိမ်မာမာနဲ့ စောင့်နေကြတာ၊ ဂျပန်ကိုချချင်လို့ လက်ယားနေပြီ ခက်တာက ကျုပ်တို့မှာ လက်နက်မရှိသေးဘူ ဗျ၊ ခင်ဗျား ကျုပ်တို့ ကို လက်နက်ပေးနိုင်လား"
လူကြီးက ပြုံလိုက်သည်။ ထို့နောက် ကျွန်တော့်အားခေါ်၍ ဂူတွင်းသို့ဝင်ခဲ့သည်။ ဂူတွင်းတစ်နေ ရာ၌ နာနတ်သီးသဏ္ဍာန် အလုံးကလေးများ တွေ့ရ၏။
"အဲဒါ လက်နက်တွေပဲ မင်းတို့ခံချချင်ရင် ငါ ဒါတွေပေးမယ်"
ကျွန်တော်သည် အလွန်ဝမ်းသာသွား၏။ ထို့ကြောင့် လူကြီး၏ လက်မောင်းကို ကိုင်၍ပြောသည်။
"ဒီလိုဆို ကျုပ် ရွာကိုမပြန်တော့ဘူးဗျာ၊ ခင်ဗျားနဲ့ပဲနေမယ်၊ အဲဒီလက်နက်တွေ ပစ်နည်း ကျုပ်ကို သင်ပေး မလား"
လူကြီးက ရယ်သည်။
"ကလေးရာ မင်းသတ္တိကို ငါသိပ်ကြိုက်တယ်၊ ဒါပေမယ့်... မင်းဟာ ငယ်သေးတယ်၊ လူကြီးတွေ လုပ်မှဖြစ်တာ"
ကျွန်တော် ချက်ချင်းသတိရ၏။
"ဒီလိုဆိုရင် ကျုပ်သတိရပြီ၊ လူကြီတွေရှိတယ်ဗျ"
"ဘယ်သူတွေလဲ"
"ကျုပ်ဆရာ"
"မင်းဆရာ ဘယ်မှာလဲ"
ကျွန်တော်သည် ခေါင်းကုတ်မိ၏။
"အဲဒါခက်တာပဲဗျာ... ကျုပ်ဆရာ ဘယ်မှာမှန်း ကျုပ်မသိဘူး၊ ဂျပန်သတ်ပြီး တောထဲဝင်သွားတာ ပဲ"
ထိုသူကလည်း စိတ်ပျက်သွားပုံရသည်။
"မင်းဆရာကို မရှာနိုင်ဘူလားကွာ"
ကျွန်တော အတန်ကြာစဉ်းစားသည်။ ချက်ချင်းပင် အသိဥာဏ်တစ်ခု ခေါင်းထဲဝင်လာ၏။
"ဟာ... ကျုပ်အကြံရပြီ၊ ကျုပ်ဆရာက ဒီတောတွင်းတစ်ဝိုက်မှာပဲ ရှိရမယ်၊ ဦးလေးပုကြီးက တောကျွမ်းကျင် တယ်၊ သူ့ကိုရှာခိုင်းမယ်၊ ဘယ့်နှယ်လဲ"
သူက သဘောတူသည်။ ထို့ကြောင့် ခဏချင်းပင် သူ၊ ကျွန်တော်နှင့် ဦးလေးပုတို့သည် ဂူဝ၌ အစည်းအဝေး လုပ်ကြသည်။ အစည်းအဝေး၌ ဆရာတို့အားရှာရန် ဥိးလေးပုကို ကျွန်တော်တို့က တာဝန်ပေးသည်။
ဥိးလေးပုက မငြင်းဘဲ လက်ခံသည်။ အစည်းအဝေးအပြီး၌ ထိုလူကြီးက ကျွန်တော်တို့ နှစ်ယောက်လုံးအား ဂူတွင်း သို့ခေါ်သွား၍ ထူးထူးဆန်းဆန်း အရာတစ်ခုကို ပြပြန်သည်. လေးထောင့်ရှည်ရှည် အရာတစ်ခု ဖြစ်သည်။ မှန်တပ်ပြတင်းပေါက်ကလေးများလည်းပါ ၏။ ပြတင်းပေါက်အောက်၌ မြှားကလေးများလည်း ပါ၏။ ကျွဲကော်လို မည်းနက်သော အ၀ိုင်းကလေးများလည်း ပါသည်။
"ကလေး...မင်း ခုနင်ကပြောတဲ့ ဓါတ်ခွက်ဆိုတာ ဒါပဲ၊ ဒီတော့ မင်းတို့ရွာက ဂျပန်တိုက်ချင်ရင် နောက်ထပ် လက်နက် တွေ အများကြီးငါးပေးမယ်၊ ဒါပေမယ့် ... ငါ့ကို သစ္စာဖောက်ရင် မင်းတို့တစ်ရွာလုံး စက်သေနတ် နဲ့ပစ်ပြီး မီးလောင်တိုက်သွင်းဖို့ လေယာဉ်ပျံတွေ မှာလိုက်မယ်... ကြာလား"
ကျွန်တော် တို့သည် ဂူပြင်သို့ ပြန်ထွက်ခဲ့သည်။ ဦးလေးပုသည် ယခုပင် ဆရာတို့အား ရှာပုံတော် ထွက်ရန် ပြင်သည်။
သူယူခဲ့သော အိတ်ကြီးအတွင်းသို့ သူယူခဲ့သည့် ပစ္စည်းမျာအနက်မှ ဥသျှစ်သီးများကို ရွေး၍ ထည့်သည်။
လူကြီးက သူ့အိတ်တါင်းမှနှိုက်၍ ပိုက်ဆံစက္ကူများပြ၏။ ပိုက်ဆံအချို့မှာ ဂျပန်စက္ကူများ ဖြစ်၍ အချို့မှာ ကျွန်တော် ရေးရေး မှတ်မိသော အင်္ဂလိပ်ပိုက်ဆံများ ဖြစ်၏။
"ခင်ဗျား ကြိုက်တဲ့ပိုက်ဆံယူသွား"
ဦးလေးပုသည် ခေါင်းခါ၏။
"ကျုပ်... ဒါတွေမလိုပါဘူး ဆရာကြီးရာ၊ ဟောဒါတွေပါရင်...ပြီးတယ်"
ဦးလေးပုက ဥသျှစ်သီးတွေပြရင်း အိတ်တွင်းသို့ ဆက်ထည့်သည်။ ကျွန်တော်ကလည်း အလစ် တွင် ချောကလက် တစ်ပိုင်းတစ်စကို အိတ်ထဲထည့်လိုက်သည်။
ဦးလေးပုကို ကျွန်တော်တို့က လျှိုဝအထိလိုက်ပို့သည်။ ခွဲခွာခါနီး ၌ ဦးလေးပုကမေးသည်။
"ကျုပ် ဆရာကိုအုန်ဖေကိုတွေ့ရင် ဘယ်သူက ရှာခိုင်းတယ်လို့ ပြောရမှာလဲ ဆရာကြီး"
လူကြီး က ငိုင်သွား၏။ အတန်ကြာမှဖြေသည်။
"ဗိုလ်စောလင်း က လို့ပြောပါ။ ဂျပန်တော်လှန်ရေးအတွက် အိန္ဒိယက ပြန်ရောက်လာတဲ့ ဗမာ ရဲဘော်တစ်ဦး လို့ ပြောပါ၊ ကိုပု ကြားလား"
ဦးလေးပုသည် ခေါင်းညိတ်လျက် ထွက်သွားတော့၏။
နေစောင်းပြီး မြူဝိုင်းသော တောတို့ထူသည့် လျှိုမြောင်အတွင်းသို့ ဥသျှစ်သီးအိတ်ကြီးထမ်းရင်း စိုက်စိုက် စိုက်စိုက် နှင့် တိုးဝင်ပျောက်ကွယ်သွားသည့် ဦးလေးပုအား ငေးကြည့်မိစဉ် ကျွန်တော့်ရင်၌ ဆို့တက် လာသည်။
ဤတောအတွင်းသို့ပင် ကျွန်တော်၏ ချစ်လှစွာသော ဆရာသည် တိုးဝင်ပျောက်ကွယ်သွားသည်။ ယခုလည်း ဆရာမှလွဲလျှင် ထိုရွာ၌ ကျွန်တော့်အချစ်ဆုံးဖြစ်သော ဦးလေးပုကြီးလည်း ဂုံနီအိတ် ထမ်းလျက် တိုးဝင်ပျောက်ကွယ်သွားပြန်ပါ၏။
ကျွန်တော်သည် တရှုပ်ရှုပ် ငိုကြွေးမိသည်။ ဗိုလ်စောလင်းက ကျွန်တော့်ခေါင်းအား ယုယစွာပွတ် သပ်ရင်း ချော့မော့ စွာ ဆို၏။
"မငိုပါနဲ့ကလေးရယ်... သူတို့အားလုံးတစ်နေ့ ပြန်လာပါလိမ့်မယ်... "
(၁၂)
မှည့်ဝင်းနေသောဥသျှစ်သီးတစ်လုံး
မှည့်ဝင်းနေသောဥသျှစ်သီးတစ်လုံး
ကျွန်တော် ရွာသို့ပြန်ရောက်ချိန်၌ နေ၀င်စပြုပြီ။ အနောက်မိုးပြင်တွင် ရဲရဲနီ၍ စိတ်ချောက်ချားဖွယ် ရှိ၏။
ကျွန်တော့် ရင်ထဲ၌ လည်း ဟာနေသည်။ ယခုအချိန်၌ မယဉ်နွယ်ကိုတွေ့ရလျှင် စိတ်ပြေတန် ကောင်းပါ၏။ ကျွန်တော် သည် အိမ်သို့မပြန်ဘဲ ကျွန်တော်တို့ကျောင်းနေရာသို့ အမှတ်တမဲ့ လျှောက်လာခဲ့သည်။
ဤ ကျောင်းနေရာ ကိုမြင်မှ ရင်ပိုဆို့သည်။ တစ်ကြိမ်က ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင် စာပေသင် ကြား ဆော့ကစား ခဲ့ရာ ကျောင်းကြီးကို မမြင်ရတော့ပြီ။ ကျောင်းအစား မီးကျွမ်းတိုင်ငုတ် နှင့် ပြာပုံသာရှိတော့၏။
တစ်ကြိမ်က လောကဓာတ်ကျောင်းသား ကျွန်တော် အလွန်ဖြစ်ချင်ခဲ့သည်။ အခက်အခဲကြားမှ ဖြစ်လာရပြန်တော့လည်း ယခု... ကျောင်းက မရှိပြီ။ ဤအတွေးတို့ကြောင့် ပတ်ဝန်ကျင်ကို သတိမပြုမိသော ကျွန်တော် ၏ နားတွင် ရှိုက်ဖိုငိုသံ ကြားရသည်။ ကျွန်တော်သည် အံ့သြစွာ လှမ်း ကြည့်လိုက်သောအခါ မီးကျွမ်း တိုင်ငုတ်ကလေး တစ်ခုအနီး၌ ထိုင်ငိုနေသော မယဉ်နွယ်ကို တွေ့ရ သည်။ ကျွန်တော်သည် ကပျာကယာ မယဉ်နွယ်အနားသို့ အပြေးကလေး ကပ်သွားမိသည်။
"မယဉ်နွယ်...နင် ဘာဖြစ်လို့ငိုနေရတာလဲ"
မယဉ်နွယ် သည် မျက်ရည်လည်ရွဲနှင့် ကျွန်တော့်အား မော့ကြည့်သည်။ ဘာမှတော့ မဖြေ။ ဖြေစရာ လည်း လိုအပ် တော့မည် မထင်။ ဆရာကို ကျွန်တော်ချစ်သမျှ မယဉ်နွယ်ကလည်း ချစ်သည်။ ဤကျောင်းကြီးကို ကျွန်တော် သံယောဇဉ်ကြီးသည်ထက် ဤကျောင်း၌ ကျွန်တော်ထက်အနေကြာ သော မယဉ်နွယ်သည် ပိုသံယောဇဉ် ကြီးမည်။ ထို့ကြောင့်ပင် မယဉ်နွယ်ငိုသည်ဖြစ်ရမည်။
ကျွန်တော်ကိုယ်၌က ငိုချင်သဖြင့် မယဉ်နွယ်ကို အားပေးချော့မော့ခြင်း မပြုမိဘဲ ငိုင်နေမိ၏။ အားရအောင် ငိုပြီး မှ မယဉ်နွယ်က အံကလေးကြိတ်၍ ဆိုသည်။
"သန့်ဇင်... နင့်လို ငါ ယောကျာင်္လေးဖြစ်ရင် သိပ်ကောင်းမယ်"
ထူဆန်းသော မယဉ်နွယ်၏စကားကြောင့် ကျွန်တော် ကြောင်သွား၏။
"မယဉ်နွယ် နင်ဘာပြောတာလဲ"
မယဉ်နွယ်က မျက်ရည်ကြားမှ ဒေါသထွက်သော မျက်နှာပေးဖြင့် အခြောက်တိုက် ရန်တွေ့သည်။
"သန့်ဇင် နင့်ကို ငါက အစက သိပ်သတ္တိကောင်းတယ် ထင်တယ်။ အခုတော့ နင်အလကားပဲ"
"မယဉ်နွယ်ရယ်၊ ငါသတ္တိရှိပါတယ်ဟ၊ နင်က ဘာဖြစ်လို့ ငါကိုအလကားပဲ ပြောရတာလဲ"
"နင်လား သတ္တရှိတာ၊ ငါသာယောကျာင်္ဆို ဟိုနေ့က ဂျပန်တွေ တို့ကျောင်းမီရှို့တော့ ဒီကောင်တွေကို ဆရာ့လိုပဲ သေနတ်နဲ့ ပစ်သတ်လိုက်မှာ"
"မယဉ်နွယ်ရာ ဒီရွာကလူကြီးတွေတောင် ငြိမ်ခံနေရတယ် မဟုတ်လား၊ ဒီတော့ ငါသတ္တိတော့ရှိ တယ်၊ မိုက်ရူးရဲ တော့ မလုပ်ချင်ဘူး"
"ဘာပြောတယ် မိုက်ရူးရဲဟုတ်လား"
"နင် ဒီစကားကို နာလည်မှာမဟုတ်ဘူး မယဉ်နွယ်၊ ငါ့ကို ဆရာက သေသေချာချာ သင်ဖူတယ်၊ သတ္တိရှိတာ က တခြား မိုက်ရူးရဲတာကတခြား"
"ဘယ်လိုတခြားလဲ"
"ဆရာ့ လိုတော့ ပြန်မပြောတတ်ဘူး၊ ဒါပေမယ့် ငါရှင်းပြမယ်၊ သတ္တိရှိတဲ့လူက ဥာဏ် ရှိတယ်၊ မိုက်ရူးရဲ တာ က ကောက်ရိုးမီး တဲ့၊ နင် နားလည်လား"
မယဉ်နွယ်က ခေါင်းခါသည်။ ကျေနပ်ပုံလည်းမရ။
"ဒါ နင့်ဆင်ခြေတွေပါ... "
ကျွန်တော် အလွန်စိတ်ထိခိုက်သွားသည်။ ထို့ကြောင့် ၀မ်းနည်းဝမ်းနည်း ပြောမိသည်။
"မယဉ်နွယ် ငါသိပ်စိတ်ညစ်နေတယ်၊ ဘုရားစူးပါစေရဲ့၊ နင်ကိုတွေ့ရင် ငါစိတ်ချမ်းသာမယ် အောက်မေ့ နေတာ၊ နင်ကပါ ငါ့ကိုနှိပ်စက်နေပြန်ပြီ၊ ကဲပါလေ ငါမိုက်ရူးရဲပဲ ရဲပါတော့မယ်၊ ဒီဂျပန်တွေကို ငါပစ်သတ်မယ်၊ ဒါပေမယ့် ငါ့မှာ သေနတ်မရှိဘူး၊ နင့်အဖေနှစ်လုံးပြူးကြီး ငါ့ကိုခိုး ပေးမလား"
မယဉ်နွယ် မျက်လုံးကလေးများ အရောင်တောက်လာ၍ ကျွန်တော်ပခုံး ကို သူ့လက်ကလေးဖြင့် ဆွဲကိုင် လိုက်သည်။
"နင်...တကယ်ပြောတာလား သန့်ဇင်၊ အိမ်မှာအခုငါ့အဘ မရှိဘူး၊ ဆရာတို့ဖြစ်တဲ့ကိစ္စနဲ့ မြို့တက်ပြီး မြို့ပိုင် ကို အစီရင်ခံနေရတယ်တဲ့ သူ့နှစ်လုံးပြူးကြီး ကျန်နေခဲ့တယ်၊ အဲဒါငါခိုး ပေးမယ်၊ ပြီးတော့နင်နဲ့ငါ ဆရာ တို့ နောက် လိုက်ရအောင်"
ဤတစ်ကြိမ်တွင်မူ ကျွန်တော်ဘာပြန်ပြောရမှန်းမသိ၊ ကျွန်တော့်ဆီက စကားပြန်မရသော အခါ မယဉ်နွယ် က ကျွန်တော့် ကို တွန်းပစ်လိုက်သည်။
"ငါမပြောဘူးလား နင်အလကားပါလို့"
ကျွန်တော် အလွန်မခံချင်ဖြစ်သွားသည်။ ထို့ကြောင့် မယဉ်နွယ်ကို တည်တည်ကြည့်၍ မေးသည်။
"နင် တကယ် ဂျပန်ကိုသတ်ချင်သလား"
"ငါ အစိမ်းလိုက် ၀ါးစားချင်တယ်"
"ဒီကောင်တွေ ကို အစိမ်လိုက်ဝါးစားဖို့ မလိုဘူး၊ ဘွဲ့ဖြူလက်နက်မှန်သလို ငါမီးလောင် တိုက်သွင်းပြမယ်"
"ဘာပြောတယ် သန့်ဇင်"
ကျွန်တော်သည် နေရာမှထလိုက်သည်။ ထို့နောက်ကျွန်တော့်ဆရာဟန်အတိုင်း မျက်လုံး ကို မှေး လက်ကို ပိုက်ရင်း မယဉ်နွယ်ကို အလွန်တည်ငြိမ်စွာ ပြောရ၏။
"မယဉ်နွယ်.......၊ နင်ကလေးပဲရှိသေးတယ်၊ နင်ဒါတွေနားမလည်နိုင်ဘူး၊ ငါအကြီး အကျယ်တွေ စီစဉ် ထားတယ်၊ နင့်အဖေနှစ်လုံးပြူးကြီးလည်း ငါမလိုချင်ဘူး၊ နှစ်လုံးပြူးဆို တာ(ဆရာပြောသလိုပဲ) မန်းကျည်းသီး မှည့် ခြွှေဖို့ပဲ ကောင်းတယ် ၊ ငါအဲဒီထက်ကောင်း တဲ့လက်နက်လိုချင်တယ်"
ကျွန်တော်၏။ ဟန်ပန်အမူအရာကြောင့် မယဉ်နွယ် ငြိမ်ကျသွားသည်။ ထို့နောက် လေသံ လျှော့၍ မေး သည်။
"နှစ်လုံးပြူးထက်ကောင်းတဲ့လက်နက်....နင်ဘယ်ကရမှာလဲ"
ကျွန်တော်သည် မယဉ်နွယ်နား ထိုင်လိုက်၏။
"ဒါကြောင့်နင့်ကိုငါပြောတယ်၊ သတ္တိရှိတဲ့လူဟာ ဥာဏ်ရှိရတယ်လို့....၊ ငါတကယ်ကောင်း တဲ့ လက်နက် ရမယ်၊ မယုံရင်ကြည့်စမ်းဒီမှာ"
ကျွန်တော်သည် အိတ်တွင်းမှ မယဉ်နွယ်အတွက် တမင်ချန်ခဲ့သော ချောကလက် တစ်ဝက် ကိုထုတ်ပြ၏
မယဉ်နွယ် မျက်လုံးပြူးသွားသည်။ ထို့နောက် ထိတ်လန့်တကြားမေး၏။
"သန့်ဇင် ဒီဥစ္စာ ချောကလက်၊ နင်ဒါဘယ်ကရလဲဟင်"
"အေးပါဟ ချောကလက်မှန်း ငါသိပါတယ်၊ နင်စားစေချင်လို့ ငါတမင်ယူလာတာ၊ ရော့ဟာ.....စာစမ်းပါ"
ကျွန်တော်များများ မတိုက်တွန်းရ။ မယဉ်နွယ်သည် ချောကလက်ကို နှစ်ခြိုက်ကျေနပ် စွာစားသည်။ စားရင်း လည်း မေးသည်။
ဆက်ရန်
.
1 comment:
ဒီချာတိတ်လေးကလဲ တကယ်မလွယ်ပါလား။
သူလုပ်ပုံက အကုန်မိကုန်တော့မှာပဲ။
ဆက်ရန် မျှော်ပြန်ပြီ အမကြီးရေ .... ။
Post a Comment