Monday, January 3, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၂)

ဒင်နီ ကတော့ ပီလွန်ကို စိတ်ထဲက ကျိတ်၍ ကျေးဇူးတင်နေဆဲ။ သူသည် ၀ိုင်ခွက်ထဲမှ ၀ိုင်ကို နှုတ် ခမ်းများ ဖြင့် စုပ်ယူလိုက်သည်။ " တော်ရဲလီး ရဲ့ဝိုင်ကလည်း တစ်နေ့တခြား ညံ့သထက်ညံ့ပြီး အညံ့ဆုံးဖြစ်လာပြီ" ဟု ပြောသည်။ " ဒီပုံအတိုင်းသာဆိုရင် ၀က်တွေတောင် သောက်မှာ မဟုတ်ဘူး"
မမျှော်လင့် ဘဲ တော်ရဲလီးကို လက်စားချေသလို ဖြစ်သွားရသည့်အတွက် သူတို့၏ စိတ်တွင် ကျေနပ် သလိုလို ဖြစ်နေမိကြ၏။
" တကယ်လို့ တော်ရဲလီးက မကြည်တော့ကော ဘာဖြစ်လဲ" ဟု ဒင်နီက ပြောသည်။ " ငါတို့ သောက်ချင် တဲ့ အခါ တခြားဆိုင်က ၀ယ်ကြတာပေါ့ "
---------------------
၁၀
သူငယ်ချင်းတစ်စုသည် တပ်ကြပ်တစ်ယောက်ကို ကူညီစောင့်ရှောက်ကြခြင်း၊ ယင်းကဲ့သို့ ကူညီ စောင့်ရှောက်ရာမှ ဖခင်တစ်ဦး၌ ရှိအပ်သည့် တာဝန်ဝတ္တရားတစ်ခုကို သိနားလည်လိုက်ရခြင်း

ဂျီးဆပ်စ်မေရီယာ ကော်ကိုရန်သည် ကရုဏာတရားကို လက်ကိုင်ထားတတ်သူဖြစ်သည်။ ဝေဒနာတစ်ခုခု ခံစား နေရလျှင် ထိုဝေဒနာမှ သက်သာရာရအောင် ကူညီတတ်သည်။ ပူဆွေးသောက ရောက်နေလျှင် ပူဆွေးသောက ရောက်နေခြင်းမှ လျော့ပါး ပျောက်ပျက်သွားအောင် ဖျောင်းဖျတတ်သည်။ ပျော်ရွှင်ကြည်နူး နေလျှင် သူကပါ ရော၍ ပျော်ရွှင်ကြည်နူးနေတတ်သည်။ သူ့နှလုံးသားသည် နူးညံ့သည်၊ ပျော့ပျောင်းသည်၊ သိမ်မွေ့ သည်။

ဂျိုစီခြေထောက် ကျိုးသွားစဉ်က ဂျိုစီကို ထမ်း၍ လေးမိုင်ခရီးကို မရပ်မနား သယ်ဆောင်လာခဲ့သူမှာ ဂျီးဆပ် မေရီယာ ပင် ဖြစ်သည်။ မစ္စက်ပါလိုချီကို တစ်ယောက် သူ အလွန်ချစ်သည့် ဆိတ်တစ်ကောင် ပျောက်ခဲ့ဖူး သည်။ နို့ကောင်းကောင်းထွက်သော ဆိတ်မဖြစ်၍ မစ္စက် ပါလိုချီကိုမှာ နှမြောလည်း နှမြောသည်။ အလွန် ချစ်သော ဆိတ်မဖြစ်သဖြင့် များစွာ ပူဆွေးသောကရောက်ရသည်။ မစ္စက်ပါလိုချီကို၏ အဖြစ်ကို မကြည့်ရက်သူ မှာ ဂျီးဆပ်စ်မေရီယာပင်ဖြစ်သည်။ သူသည် ပျောက်သွားသော ဆိတ်ကို ခြေရာခံ၍လိုက်ရာ ကောင်ကြီးဂျိုး ၏ လက်ထဲတွင် သတ်လုဆဲဆဲ တွေ့ရသည်။ သူက မသတ်ရန် တားမြစ်ပြီး ပြန်ပေးလိုက်ရန် ဖျောင်းဖျ သည်။ ဤသို့ဖြင့် ဆိတ်သည် ပိုင်ရှင်၏ လက်ထဲသို့ ပြန်ရောက်သွားခဲ့၏။ တစ်ချိန်က ချာလီပတ်ရှ် သည် မြောင်းတစ်ခုထဲသို့ လိမ့်ကျပြီး သတိလစ်နေခဲ့သည်။ သူ့ကို မြောင်းထဲမှ ဆွဲတင်ပြီး ပြုစု စောင့်ရှောက်ခဲ့သူ မှာ လည်း ဂျီးဆပ်စ်မေရီယာပင် ဖြစ်လေသည်။

ကောင်းသော အမှုကိစ္စများကို ဆောင်ရွက်ပေးချင်တတ်သော ဂျီးဆပ်စ်မေရီယာ သည် အမြဲတမ်းလိုလို ကောင်း သော အမှုကိစ္စများ ဆောင်ရွက်ပေးရမည့် အခြေအနေမျိုးနှင့်ကြုံရတတ်၏။
စိတ်ကောင်း နှလုံးကောင်းရှိသည့် ဤအကျင့်စရိုက်များကြောင့် တစ်ချိန်သောအခါ " တကယ်လို့သာ ဂျီးဆပ်စ်မေရီယာ ကို ဘုရားရှိခိုးကျောင်းမှာ တာဝန်ပေးထားမယ်ဆိုရင် ငါတို့ မွန်ထရေးတစ်မြို့လုံး သူတော်စင် တစ်ပါး ရထားသလို နေမှာပဲ " ဟု ပီလွန်က မှတ်ချက်ချဖူးလေသည်။

ဂျီးဆပ်စ်မေရီယာ သည် နေ့စဉ်မှန်မှန် ဆက်သွယ်ရေးရုံးဘက်သို့ သွားလေ့ရှိသည်။ ထိုကဲ့သို့ သွားခြင်းမှာ အကြောင်းနှစ်ခု ရှိသည်။ ပထမအကြောင်းမှာ သူ့မိတ်ဆွေ အပေါင်းအသင်းများနှင့် ဆုံမိတတ်၍ဖြစ်သည်။ ဒုတိယ အကြောင်း မှာ လေကောင်းလေသန့်ရသည့် ဆက်သွယ်ရေးရုံးထောင့်တွင် စုနေတတ်သော မိန်းကလေး ကျသည်၊ ယုတ်နိမ့်သည်ဟု တွက်၍မဖြစ်ပေ။ ပန်းချီပြခန်းများနှင့် ကပွဲများသို့ သွားရောက် ကြည့်ရှုလေ့ ရှိသော လူများကဲ့သို့ပင် ဂျီးဆပ်စ်မေရီယာကလည်း မိန်းကလေးများ၏ ခြေထောက်အလှကို အနုပညာ မျက်စိဖြင့် ကြည့် လို၍သာ ဖြစ်သည်။

တစ်နေ့တွင် သူသည် ဆက်သွယ်ရေး ရုံးထောင့်နံရံကို မှီ၍ ရပ်နေသည်။ နှစ်နာရီတိတိမျှ ကြာသွားပြီ ဖြစ်သော် လည်း သူ့စိတ်တိုင်းကျအလှကို မမြင်ရ၊ ထိုအခိုက်တွင် သနားစရာကောင်းသည့် မြင်ကွင်းတစ်ခု နှင့် ကြုံရသည်။ ပုလိပ်တစ်ယောက်သည် အသက်ဆယ့်ခြောက်နှစ်ခန့်ရှိ လူငယ်တစ်ယောက်ကိုဆွဲ၍ လမ်းဘေး ပလက်ဖောင်း ပေါ် လျှောက်လာသည်။ လူငယ်၏ လက်ထဲတွင် အရောင်ညိုမွဲမွဲ စောင်တစ်ထည် ဖြင့် ထုပ်ထားသော နို့စို့ကလေး တစ်ယောက် ပွေ့လာသည်။

ပုလိပ်က " ငါဖြင့် မင်းလုပ်နေပုံကို နားမလည်ဘူး၊ ရေမြောင်း ထဲ မှာ တစ်နေကုန် ထိုင်နေလို့ ဘယ်ဖြစ် မလဲကွ၊ ငါတို့ မင်းအကြောင်းတော့ စုံစမ်းရလိမ့်ဦးမယ် "
လူငယ် မှာ စပိန်လူမျိုးတစ်ဦးဖြစ်၍ အသံဝဲပုံမျာ ထူးခြားသည်။ " ဒါပေမယ့်ဗျာ ကျုပ်မကောင်းတာ ဘာမှ မလုပ် ပါဘူး။ ဘာကြောင့် ခင်ဗျား က ကျုပ်ကို အခုလို ခေါ်လာရတာလဲ " ဟု လူငယ်က ပြန်ပြောသည်။

ပုလိပ်က ဂျီးဆပ်စ်မေရီယာကို မြင်သည်။ " ဟေး ပီဆာနိုး" ဟု လှမ်းခေါ်သည်။ " ဒီကောင် ဘာပြော နေတာလဲ၊ ငါ နားမလည်လို့"
ဂျီးဆပ်စ်မေရီယာက လူငယ်ကို လှမ်းမေးသည်။ " ငါ မင်းကို ကူညီနိုင်မလား "
လူငယ် သည် အတော်ကြီး အားတက်သွားပုံရသည်။ " ကျုပ် အလုပ်လုပ်ဖို့ လာခဲ့တာပါ။ မက္ကဆီကန်လူမျိုး တချို့ က ဒီမြို့မှာ အလုပ်ပေါတယ်လို့ ပြောကြတယ်၊ ဒီရောက်တော့လည်း ဘာအလုပ်မှ မရှိဘူး၊ ကျုပ် မော လို့ ထိုင်နားနေတုန်း ဒီလူရောက်လာပြီး ဆွဲခေါ်လာတာပဲ"

ဂျီးဆပ်စ်မေရီယာက ခေါင်းတစ်ချက် ညိတ်ပြပြီး ပုလိပ်ဘက်သို့ ပြန်လှည့်လိုက်သည်။ " သူ ရာဇ၀တ်မှု တစ်ခုခု ကျူးလွန်လို့လား"
" မကျူးလွန်ပါဘူး၊ ဒါပေမယ့် ဒီကောင် အယ်ဗာရေးဒိုး လမ်းဘေးက ရေမြောင်းထဲမှာ ထိုင်နေတာ သုံးနာရီ လောက်ကြာတယ်"
" သူ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ပါ" ဟု ဂျီးဆပ်စ်မေရီယာ က ပြောသည်။ " ကျွန်တော် သူ့ကို ခေါ်သွား ပါ့မယ်"
" အေးလေ ခေါ်သွားပေါ့၊ နောက်ထပ် ရေမြောင်းထဲ မထိုင်စေနဲ့တော့"

ဂျီးဆပ်စ်မေရီယာ နှင့် သူ့မိတ်ဆွေသစ်တို့သည် တောင်ကုန်းပေါ်သို့ ပြန်တက်လာကြသည်။ " ငါ မင်းကို ငါနေတဲ့အိမ် ခေါ်သွားမယ်၊ ဟိုရောက်ရင် တစ်ခုခုတော့ စားရမှာပေါ့၊ ကလေးက ဘယ်သူ့ကလေးလဲ"
" ကျုပ်ကလေး ပါ" ဟု လူငယ်က ပြောသည်။ " ကျုပ်က တပ်ကြပ်တစ်ယောက် ပါ၊ ကလေးက ကျုပ်ကလေး ပါ၊ အခု ဖျားနေတယ်၊ ဒါပေမယ့် သူကြီးလာရင် ဗိုလ်ချုပ်ကြီး ဖြစ်မှာ "
" ဘယ်လို အဖျားမျိုးလဲတပ်ကြပ် "

" ကျုပ်လည်း မသိဘူး၊ ဖျားနေတာပဲ" ပြောပြောဆိုဆို စောင်ခြုံကိုလှစ်၍ ကလေးမျက်နှာကိုပြသည်။ ကလေး မှာ အတော်ကြီး ဖျားနေပုံရသည်။
ဂျီးဆပ်စ်မေရီယာ ၏ ကရုဏာစိတ်သည် ကြီးမားလာသည်။ " ငါနေတဲ့ အိမ်ရှင်က ငါ့သူငယ်ချင်းပဲ၊ လူကောင်း တစ်ယောက်ပဲ တပ်ကြပ်၊ လူတစ်ယောက်က ဒုက္ခရောက်နေရင် အကူအညီ တောင်းရမှာပဲ၊ ငါတို့ အဲဒီအိမ် ကို သွားမယ်၊ ဒင်နီက လက်ခံမျာပါ။

ငါ့မိတ်ဆွေ မစ္စက်ပါလိုချီကိုမှာ ဆိတ်တစ်ကောင်ရှိတယ်။ ကလေးအတွက် သူ့ဆီက ဆိတ်နို့ နည်းနည်းပါးပါး တောင်းပြီး တိုက်မယ်"
တပ်ကြပ်၏ မျက်နှာသည် ပထမဆုံးအကြိမ် ပြန်လည် ကြည်လင်လာပြီး အလွန်စိတ်အေးသွားဟန်ဖြင့် ပြုံး သည်။ " မိတ်ဆွေ အပေါင်းအသင်းရှိတာဟာ ကောင်းတယ်ဗျ" ဟု ပြောသည်။ " ကျုပ် ဒုက္ခရောက်ရင် တောင်းပြီး တော့ ကျွေးရ ကျွေးရ ဖြစ်တဲ့နည်းနဲ့ ရှာကျွေးမယ့် မိတ်ဆွေတွေဟာ တိုရီယွန် မြို့မှာတော့ အများကြီး ရှိပါတယ်။ ချမ်းသာတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ကျတော့ ကျုပ်ရဲ့ လိုအပ်ချက် ကို မသိကြပါဘူးဗျာ"

ဂျီးဆပ်စ်မေရီယာသည် ဒင်နိ၏ ခြံဝင်းတံခါးကို တွန်းဖွင့်ပြီး သူ့မိတ်ဆွေသစ်နှင့်အတူ အိမ်ထဲသို့ ၀င်ခဲ့ ကြသည်။ ဒင်နီ၊ ပက်ဘလိုနှင့် ကောင်ကြီးဂျိုးတို့သည် ဧည့်ခန်းထဲ၌ ထိုင်ကာ သူ့အလိုလို တန်ခိုးဣဒ္ဓိပါဒ်နှင့် ရောက်လာ မည့် အစားအစာကို စောင့်နေကြသည်။ ဂျီးဆပ်စ်မေရီယာက နောက်တွန့်နေသော လူငယ်၏ ကျော ကို တွန်း ၍ အခန်းထဲ သို့ သွင်းသည်။
" ဟောဒီမှာ လူငယ်စစ်သား တစ်ယောက်၊ တပ်ကြပ်ကွ" ဟု လှမ်းပြောသည်။ " သူ့ မှာ ကလေးပေါက်စန လေး ပါလာတယ်၊ ကလေးက ဖျားနေရှာတယ်ကွာ "
ထိုင်နေသူများသည် ကသောကမျော ထကာ တပ်ကြပ်အနီး သို့ ကပ်သွားကြသည်။ တပ်ကြပ်က စောင်ခြုံကို ဖွင့် ၍ ကလေးမျက်နှာကို ပြသည်။

" အေး ဟုတ်တယ်၊ ကလေးကတော့ ဖျားနေတာ အမှန်ပဲ" ဟု ဒင်နီက ပြောသည်။ " ငါတို့ ဆရာဝန် တစ်ယောက် ပင့်မှ ဖြစ်မယ်ထင်တယ်"
သို့သော်လည်း တပ်ကြပ်က ခေါင်းယမ်းသည်။ " ဆရာဝန်တွေ ဘာတွေ ပင့်မနေပါနဲ့၊ ကျုပ်ကလည်း ဆရာဝန် တွေကို သိမ်မပြချင်ဘူး၊ ကလေးက မငိုပါဘူး၊ အစာလည်း သိပ်မစားနိုင်ပါဘူး၊ နားနားနေနေ နေရရင် နေကောင်း သွားမှာပါ "

ဤအခိုက်တွင် ပီလွန်သည် အပြင်မှ ပြန်ရောက်လာပြီး ကလေးကို စေ့စေ့စပ်စပ် ကြည့်သည်။ " ဟာ ကလေး က ဖျားနေတာပဲကွ" ဟု ပြောသည်။
ပီလွန်သည် ချက်ချင်းပင် အခြေအနေကို ထိန်းသည်။ သူက ဂျီးဆပ်စ်မေရီယာကို ဆိတ်နို့ နည်းနည်းယူရန် မစ္စက်ပါလိုချီကို ထံ လွှတ်သည်။ ကောင်ကြီးဂျိုးနှင့် ပက်ဘလိုတို့က ပန်းသီးထည့်သည့် ကတ်ထူဘူးခွံ တစ်လုံး ယူသွားရန်နှင့် ဘူးထဲတွင် မြက်ခြောက်ခံပြီး သိုးရေတပ်ချပ်ရှာ၍ ခင်းခဲ့ရန် ခိုင်းသည်။ ဒင်နီက ကလေး ကို သူ့ အိပ်ရာပေါ် သိပ်ရန် ပြောသည်။ ဧည့်ခန်းထဲတွင် ရပ်နေသော တပ်ကြပ်သည် သဘော ကောင်းသည့် ဤလူစုကို ကြည့်၍ ပြုံးသည်။ နောက်ဆုံးတွင် ကလေးကို ပန်းသီးဘူးလွတ်ထဲ ထည့်သိပ်သည်။ ကလေး၏ မျက်လုံးများမှာ တွေတွေငေးငေး နိုင်လွန်းလှ၏။ ဆိတ်နို့ တိုက်ကြည့်သည်။ လက်မခံ။

ပင်လယ်ဓားပြ သည် ငါးကွင်းရှပ်များ ထည့်လာသော အိတ်တစ်လုံးနှင့် ပြန်ရောက်လာသည်။ သူရလာသော ငါး ကို တစ်ယောက်တစ်လက် ခုတ်ထစ်ပြီး ချက်ကာ ညစာ စားကြသည်။ ကလေးကို ငါးဖတ်နည်းနည်း ကျွေး ကြည့် သေးသည်။ မစား။ သူတို့သည် ညစာ ကို ဖြောင့်ဖြောင့် မစားနိုင်။ မကြာခဏ တစ်ယောက် တစ်လှည့် ထကာ ကလေး ကို သွားကြည့်သည်။ ညစာစားပြီးသောအခါ သူတို့သည် မီးဖိုဘေး၌ ငြိမ်သက်စွာ ထိုင်နေကြ သည်။

တပ်ကြပ်သည် နှုတ်ဆိတ်လျက်ရှိသည်။ သူ့အကြောင်းကိုပင် မပြော။ သူ့အကြောင်းကိုမှ ပြောမပြသည့် အတွက် ကျန်လူစုသည် စိတ်မကောင်းဖြစ်နေကြသည်။ သို့သော်လည်း အချိန်တန်လျှင် ပြောလာ လိမ့်မည် ဟု သူတို့ နားလည်ထားကြသည်။ အကြားအမြင် ဗဟုသုတကို ရွှေတွင်းလောက် တန်ဖိုးထားလျက်ရှိသော ပီလွန် သည် တပ်ကြပ်ကို သူ့အကြောင်း ပြောပြလာစေရန် ရေလာမြောင်းပေး စကားများ ပြောလျက် ရှိလေသည်။

" ဒီလောက် အသက်ငယ်တဲ့ စစ်သားတစ်ယောက်ကို ကလေးတစ်ယောက် အဖေအဖြစ်နဲ့ တွေ့ရတာ အံ့သြစရာ ပဲ၊ ဒါမျိုးကို တွေ့ဖို့မလွယ်ဘူး" ဟု ပီလွန် က လေအေးကလေးဖြင့် ဖြေသည်။
တပ်ကြပ် က ပြုံးသည်။
ပက်ဘလိုက ၀င်ပြောသည်။ " ဒီကလေးက အာဒမ် နဲ့ ဧ၀ တို့ ရဲ့ အချစ်ဥယျာဉ် ထဲက ကောက်ရလာတဲ့ ကလေး ဖြစ်ချင်ဖြစ်မှာ၊ အဲဒီကလေးမျိုးတွေဟာ အကောင်းဆုံး အမျိုးအစားတွေချည်းပဲ၊ သူတို့မှာ အကောင်း တွေချည်း ပါလာတတ်တယ်"

" ငါတို့လည်း စစ်သားဟောင်းတွေပဲ" ဟု ဒင်နီက ပြောသည်။ " ငါတို့သေတဲ့အခါ အမြောက်တင်တဲ့ ရထား ပေါ်မှာ တင်ပြီး သဂြိုဟ်ခံကြရမှာပဲ၊ ငါတို့ရဲ့ ခေါင်းပေါ်မှာ သေနတ်တွေ ဖောက်ပြီးမှ မြေမြှုပ်မှာကွ"
တစ်ယောက်တစ်ပေါက် စကားဝိုင်းပြောကြခြင်းဖြင့် တပ်ကြပ်ထံမှ သူ့အကြောင်း ပြောလာလိမ့်မည်ဟု မျှော် လင့်ချက်ထားကြသည်။ တပ်ကြပ်သည် သူတို့ကို တလေးတစား ကြည့်နေသည်။ " တိုရီယွန်မြို့က ကျုပ် သူငယ်ချင်း တွေ နဲ့ ဘာမှမခြားပါဘူး။ ဒီကလေးက ကျုပ်ကလေးပါ၊ ကျုပ်မိန်းမက မွေးလိုက်တဲ့ ကလေးပါ"
" ဒါဆိုရင် မင်းမိန်းမ က အခု ဘယ်မှာလဲ" ဟု ပီလွန်က မေးသည်။

တပ်ကြပ် မျက်နှာပေါ်မှ အပြုံးရိပ်သည် ဖျတ်ခနဲ ပျောက်သွားသည်။ " သူ အခု မက္ကဆီကိုနိုင်ငံမှာ" ဟု ပြော သည်။ သူ့ မျက်နှာသည် ပြန်၍ ကြည်လင်ရွှင်လန်းလာပြန်သည်။ " ကျုပ်လူတစ်ယောက်  တွေ့ဖူးတယ်၊ သူက ကျုပ်ကို အထူးအဆန်းတစ်ခု ပြောသွားတယ်။ သူ ပြောတာက ကျုပ်တို့ ကလေးတွေကို ကျုပ်တို့ ဖြစ်စေချင် သလို ဖြစ်လာအောင် လုပ်လို့ ရတယ်တဲ့၊ သူက မင်းအနေနဲ့ ကလေးကို မင်း ဖြစ်စေချင်တာ မကြာမကြာ ပြော ပေးပါ၊ သူကြီးလာတဲ့အခါ မင်းဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့ ပြောတယ်၊ ကျုပ်ကတော့ ဒီကလေးကို မင်းဗိုလ်ချုပ်ကြီး ဖြစ်ရမယ်လို့ ခဏခဏ ပြောပေးနေတာပဲ။ သူ ဗိုလ်ချုပ်ကြီး ဖြစ်လာလိမ့် မယ် လို့ ထင်သလားဟင်"

အားလုံးက ခေါင်းညိတ်ကြသည်။ " ဖြစ်ချင်လည်းဖြစ်မှာပဲ" ဟု ပီလွန်က ပြောသည်။ " ငါ အဲဒီနည်းကို မကြား ဖူးဘူးကွ"
" ကျုပ် ဒီစကားကို တစ်နေ့ တစ်နေ့ အကြိမ် နှစ်ဆယ်ပြောတယ်၊ မင်နုရယ်လ်၊ မင်း ဗိုလ်ချုပ်ကြီး ဖြစ်ရမယ်၊ မင်း ပန်းပွားကြီးတွေနဲ့ စလွယ်ကြီးတွေ တပ်ရမယ်၊ မင်းဓားက ရွှေဓားကြီးဖြစ်ရမယ်။ စစ်မြင်းကြီးကို စီးရမယ် လို့ ပြောတာ၊ ဟိုလူကတော့ ကျုပ်ကသာ ဒီစကားကို မှန်မှန်ပြောပေးသွားရင် ကျုပ်သားဟာ မုချဗိုလ်ချုပ်ကြီး ဖြစ်ရ မယ်လို့ ပြောတာပဲ"
ဒင်နီက ထိုင်ရာမှ ထကာ ပန်းသီးဘူးဆီသို့ သွားသည်။ " မင်းဗိုလ်ချုပ်ကြီး ဖြစ်ရမယ်" ဟု ကလေးကို ငုံ့ကြည့် ပြီးပြောသည်။ " မင်းကြီးလာရင် အကြီးဆုံး ဗိုလ်ချုပ်ကြီးဖြစ်ရမယ် "
ကျန်လူစု က ပါ ထလိုက်သွားကြညပီ " မင်း ဗိုလ်ချုပ်ကြီး ဖြစ်ရမယ် " ဟူသော စကားကို တစ်ယောက် တစ်ခွန်း ပြောပေးကြသည်။

ပင်လယ်ဓားပြကမူ " မင်း ဗိုလ်ချုပ်ကြီးဖြစ်ရမယ်" ဟု တိုးတိုးကလေးရွတ်သည်။ ဤစကားကို သူ့ခွေးတစ် ကောင် အား ပြော၍ ပြောသည့်အတိုင်း ဖြစ်လာမည်ဆိုပါက မည်မျှ ကောင်းပါမည်နည်းဟုတွေးသည်။
" ကလေး ကတော့ သိပ်ကို ဖျားနေတာပဲ"ဟု ဒင်နီက ပြောသည်။ " သူ့ကို နွေးနွေးထွေးထွေးဖြစ်အောင် ထားမှပဲ"
အားလုံး ကိုယ့်နေရာ ကိုယ် ပြန်ထိုင်လိုက်ကြသည်။
" အင်း၊ မင်းမိန်းမ ကတော့ မက္ကဆီကိုနိုင်ငံမှာ နေခဲ့တယ် ဟုတ်လား" ဟု ပီလွန်က စကားစသည်။

တပ်ကြပ်သည် မျက်မှောင်ကုပ်ကာ တစ်ခဏမျှ စဉ်းစားနေသည်။ ထို့နောက် အားရပါးရ ပြုံးလိုက်သည်။ " ကျုပ် ခင်ဗျားတို့ကို ပြောပြပါမယ်။ လူစိမ်းတွေကို ပြောပြဖို့ မသင့်တဲ့ အကြောင်းအရာ တစ်ခုပါ။ ဒါပေမယ့် ခင်ဗျား တို့ ကတော့ ကျုပ် မိတ်ဆွေကောင်းတွေ ဖြစ်နေပြီပဲ၊ ကျုပ်ဟာ ချီဟူရာ ဟူရာ မြို့က စစ်သား တစ်ယောက် ပါ။ ကျုပ်က စည်းကမ်းလိုက်နာတယ်။ သန့်သန့် ရှင်းရှင်း နေတတ်တယ်။ ကျုပ်ရဲ့ သေနတ် ကိုလည်း အမြဲတမ်း တိုက်တယ်။

ဒါကြောင့် ကျုပ်ကို တပ်ကြပ်ရာထူး တိုးပေးတယ်။ အဲဒီနောက်တော့ အလွန်ချော အလွန်လှတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ သူ ကျုပ်ကို လက်ထပ်ခဲ့တာ ကျုပ်လက်မောင်းက အရစ်တွေ ကြောင့် လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် သူဟာ အသက်လည်း ငယ်တယ်။ သူ့မျက်လုံးတွေဟာ ကြည်လင် ၀င်းလဲ့ နေတယ်၊ သွားတွေကလည်း ဖြူဖွေးညီညာပြီး ပုလဲသွယ်စီထားသလိုပဲ၊ သူ့ဆံပင်တွေဟာ ရှည်လျားပြီး တောက်ပြောင်နေတာပဲ၊ သူက သိပ် လှလွန်းတော့ ကျုပ်သူနဲ့ရပြီး မကြာခင်မှာပဲ ဒီကလေး ကို မွေးတာပဲ"

" ဒါဟော ကောင်းတာပေါ့ကွ" ဒင်နီက ပြောသည်။ " မင်းနေရာမှာ ငါဖြစ်လိုက်ချင်ပါဘိတယ်၊ ကလေးတစ် ယောက် ရတာလောက် ကောင်းတာ ဘယ်ရှိပါ့မလည်း"
" မှန်ပါတယ်" ဟု တပ်ကြပ်က ပြောသည်။ " ကျုပ်ကလည်း သိပ်ဝမ်းသာခဲ့ပါတယ်။ ကျုပ်တို့ကလေးကို ရေဖျန်း မင်္ဂလာ လုပ်တဲ့နေ့မှာ ကျုပ်ဟာ စလွယ်တွေဘာတွေ တပ်သွားမိပါသေးတယ်၊ ဘုရားရှိခိုးကျောင်း ထဲက ကျုပ်တို့ ပြန်ထွက်လာတော့ ပန်းပွားတွေ စလွယ်တွေနဲ့ ငွေဓားကြီး ခါးမှာချိတ်ထားတဲ့ ကက်ပတိန် တစ်ယောက် နဲ့ ဆုံမိ တယ်၊ သူက ကျုပ်မိန်းမကို မြင်သွားတယ်၊ မကြာလိုက်ပါဘူး၊ ကျုပ်မိန်းမဟာ အဲဒီစစ်ဗိုလ် နဲ့ လိုက်ပြေးတာပါပဲ၊ နောက်တော့ ကျုပ်က အဲဒီစစ်ဗိုလ်ဆီသွားပြီး ကျုပ်မိန်းမကို ပြန်ပေးပါလို့ ပြောတယ်။ သူက မင်းအထက်အရာရှိကို ဒီစကားမျိုးပြောတာဟာ မင်းအဆင့်ကို တန်ဖိုးမထားလို့ဘဲလို့ ပြောတယ်" တပ်ကြပ် သည် သူပလက်နှစ်ဖက် ကို ဖြန့်ကာ ပခုံးများကို တွန့်လိုက်သည်။

ဆက်ရန်
.

No comments: