Sunday, January 2, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၁)

" သူငယ်ချင်းချင်း ရပ်ပြီး စကားပြောနေဖို့ အချိန်မရှိဘူးကွ" ဟု ဒင်နီကပြန်ပြောသည်။ " ငါ အခု အမျိုး သမီး တစ်ယောက်အတွက် ၀ိုင်သွားဝယ်မလို့ မင်း လိုက်ချင်ရင် လိုက်ခဲ့၊ ၀ိုင် တစ်ခွက်တော့ သောက်ရ မယ်၊ အမျိုးသမီး တွေ အတွက် ၀ိုင်ဝယ်ရတဲ့ အလုပ်ကလည်း စိတ်ကုန်စရာပါပဲကွာ၊ သူတို့အတွက်ဆိုပြီး သွားဝယ်ရော၊ ဟိုရောက်တော့ အပေါင်းအသင်းတွေနဲ့ တွေ့ပြီး ၀ိုင်သောက်ကြတာနဲ့ပဲ ၀ိုင်အားလုံး ကုန်ရော "
ပက်ဘလိုက ဒင်နီ့စကားကို ထောက်ခံသည်။ ဤအဖြစ်မျိုးနှင့်ကြုံရသည်မှာ သည်းမခံနိုင်စရာဖြစ် သည်။ သူကိုယ်တိုင် က လည်း ဒင်နီ၏ ၀ိုင်ကို လိုက်၍ မသောက်ချင်။ သို့သော်လည်း သူက ခေါ်နေ သဖြင့် အဖော် အဖြစ် လိုက်သွားပြီး အားနာပါးနာဖြင့် တစ်ခွက်လောက်သော သောက်မည်ဟု စိတ်ကူး သည်။

သူတို့သည် တော်ရဲလီး၏ ဆိုင်သို့ ရောက်သွားကြသည်။ ဒင်နီ ၀ယ်လိုက်သော ၀ိုင်တစ်ဂါလန်ထဲမှ တစ် ယောက် တစ်ခွက် သောက်ကြသည်။ သူနှင့် အလွန်ရင်းနှီးခင်မင်သော သူငယ်ချင်း တစ်ယောက်ကို ၀ိုင် တစ်ခွက်တည်း တိုက်ခြင်းသည် မျက်နှာမထောက်ရာကျသည်။ မလေးမစားပြုရာ ရောက်သည်ဟု ဒင်နီက ၀န်ခံ စကား ပြောသည်။ ထိုအခါ ပက်ဘလိုကလည်း နောက်ထပ်တိုက်ရန် လှိုက်လှိုက်လှဲလှဲ တောင်းပန် နေသည်။ ဤသို့ဖြင့် သူတို့သည် နောက်ထပ် တစ်ယောက် တစ်ခွက်မော့ကြပြန်သည်။

" အမျိုးသမီးတွေဟာ ၀ိုင်ကို အများကြီး သောက်လို့ မကောင်းပါဘူး" ဟု ဒင်နီက တွေးသည်။ " သိပ် သောက် ရင် သူတို့ ကိုယ် သူတို့ ဘယ်ထိန်းနိုင်မှာလဲ၊ ပြီးတော့လည်း ယောက်ျားတစ်ယောက်က နိုးကြား တက်ကြွ နေစေချင်တဲ့ အာရုံဟာ လေးလံထိုင်းမှိုင်းကုန်မှာပေါ့" သူတို့သည် နောက်ထပ် တစ်ခွက်ပြီးတစ်ခွက် သောက်ကြပြန်သည်။ ၀ိုင်တစ်ဂါလန်သည် နောက်ထပ် ဒင်နီဝယ်မည့် လက်ဆောင်နှင့် ပေါင်းလိုက်လျှင် အလွန် များသော လက်ဆောင်တစ်ခုဖြစ်လာနိုင်သည်။ ထို့ကြောင့် သူတို့သည် ၀ိုင်ဂါလန် ၀က် ကုန်သည် အထိ တိုင်းထွာသတ်မှတ်၍ သောက်ကြပြန်သည်။ ထို့နောက် ၀ိုင် အကျန် ဂါလန်ဝက်ကို ဒင်နီက မြောင်းတစ်ခု ထဲရှိ မြက်ပင် ချုံပင်များကြားသိုပ ထိုးထည့်ပြီး ၀ှက်သည်။
" ငါ လက်ဆောင် ပေး ဖို့ ပစ္စည်းတစ်ခု သွားဝယ်မလို့ကွ၊ မင်း ငါနဲ့ လိုက်စေချင်တယ်" ဟု ဒင်နီ က ပြော သည်။

ဒင်နီက ခေါ်နေသည့် အကြောင်းရင်းကို ပက်ဘလို နားလည်သည်။ သူ ခေါ်နေသည့် အကြောင်းရင်း တစ်ဝက် မှာ သူနှင့် အဖော်ရစေလို၍ ဖြစ်ပြီး ကျန်တစ်ဝက်မှာ ပက်ဘလိုကို သူ့မျက်ကွယ်၌ လွှတ်ထား ခဲ့ပါက သူ ၀ှက်ထားသည့် ၀ိုင်ဂါလန်ဝက်ကို ခိုးသွားမည်စိုး၍ ဖြစ်သည်။ ထို့ကြောင့် ပက်ဘလိုက မငြင်း။ သူတို့ နှစ်ယောက်သား မွန်ထရေးမြို့ဘက်သို့ ရင်ကော့၍ လျှောက်ခဲ့ကြသည်။
ဆီမွန် ရွှေငွေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးနှင့် ငွေချေးလုပ်ငန်း ကုမ္ပဏီပိုင်ရှင် မစ္စတာ ဆီမွန်က သူ တို့ကို ခရီးဦးကြိုပြုပြီး သူ့စတိုးဆိုင်အတွင်းသို့ ခေါ်သွင်းသွားသည်။ ဆိုင်ထဲတွင် ဆက်က လိုဖုန်းများ၊ ရေဒီယို များ၊ ရိုင်ဖယ်သေနတ်များ၊ ဓားများ၊ ငါးမျှားတံများနှင့် ရှေးဟောင်းငွေဒင်္ဂါးများ။ အားလုံး တစ်ကြိမ်သုံးပြီး ပစ္စည်းများ ချည်း ဖြစ်သည်။

" ခင်ဗျား တို့ ပစ္စည်းတစ်ခုခု ၀ယ်ဖို့ စိတ်ကူးရှိဟန်တူပါရဲ့" ဟု မစ္စတာ ဆီမွန်ကမေးသည်။
" ဟုတ်ကဲ့ " ဟု ဒင်နီက ဖြေသည်။
ဆိုင်ရှင်က သူ့ဆိုင်ရှိ ပစ္စည်းစာရင်းကို တစ်ခုချင်းစီ ဖတ်ပြသည်။ ဖတ်နေရင်းမှ ဒန်သတ္တု အမှိုက် ရှင်းစက် တစ်လုံး အပေါ် စိတ်ဝင်စားဟန်ဖြင့် ငေးကြည့်နေသည့် ဒင်နီ ကို သတိထားလိုက်မိသဖြင့် ဆက်မဖတ် တော့ဘဲ ရပ်ပစ်လိုက်သည်။ အမှိုက်ရှင်းစက်၏ အမှုန်ထိန်းအိတ် သည် အပြာရောင်၊ ၀ါယာ ကြိုး မှာ အနက်ရောင်၊ အသစ်ကျပ်ချွတ်ကဲ့သို့ပင် ပြောင်လက်နေဆဲ၊ မစ္စတာ ဆီမွန် က စက်ရှိရာသို့ သွားပြီး သူ့ လက်ဖြင့် အသာအယာ ပွတ်သပ်သည်။ ပြီးတော့ နောက်တစ်လှမ်းဆုတ်၍ ရပ်လိုက်ပြီး "ခင်ဗျား ဒီစက်ကို စိတ်ဝင်စား နေသလား" ဟု မေးသည်။

" ဘယ်လောက်လဲ "
" ဆယ့်လေး ဒေါ်လာ "
မစစ္စတာဆီမွန် နှုတ်မှ ထွက်လာသောဈေးမှာ " ဆိုဈေး" မျှသာ ဖြစ်၏။ ဒင်နီ့ လက်ထဲတွင် ငွေမည်မျှ ရှိနေသည် ကို သိရှိရန် အားထုတ်လို၍ ပြောလိုက်သော ဈေးမဟုတ်၊ ဒင်နီကလည်း အမှိုက်ရှင်းစက်ကို လိုချင်သည်။ စက်က အရွယ်အစားကြီးသည်။ တောက်တောက် ပြောင်ပြောင် ရှိသည်။ စက်သစ် နှင့် ဘာမျှ မခြား၊ တော်တီလာဖလက် ရပ်ကွက်ထဲတွင် ဘယ်အမျိုးသမီးမှ ဤစက်မျိုးကို မပိုင်၊ လိုချင်စိတ် တစ်ခုတည်း အတွင်း ၌ လျှပ်စစ်မီး မရှိသည့် အဖြစ် ကို လုံးဝ သတိမရ။ ဒင်နီက သူပေးနိုင်သော ငွေနှစ် ဒေါ်လာကို ကောင်တာ ပေါ် တင်လိုက်ပြီး တစ်ဖက်မှအဖြေကို စောင့်သည်။ မစ္စတာဆီမွန်ကလည်း လက်ခံသည်။ ထို့နောက် စက်တစ်ခုလုံးကို ဖုန်ခါခြင်း၊ ပွတ်တိုက်ခြင်း စသည့် အလုပ်များ ဆက်တိုက် ဖြစ်လာသည်။ အားလုံးပြီး သွားသောအခါ ဒင်နီသည် အမှိုက်ရှင်းစက်ကို မ၍ ဆိုင်ပြင်သို့ ထွက်လာခဲ့ လေ၏။

ထိုနေ့မှစ၍ မွန်းလွဲပိုင်း အချိန်တိုင်း ချစ်စရာသည် အမှိုက်ရှင်းစက်ကို အိမ်ပြင်သို့ထုတ်ယူကာ ကုလား ထိုင်တစ်လုံး တွင် မှီ၍ တောင်ထားလေ့ရှိသည်။ အိမ်နီးနားချင်းများနှင့် မိတ်ဆွေအပေါင်းအသင်း များက ကြည့်နေပြီ ဆိုလျှင် သူသည် အမှိုက်ရှင်းစက်ကို ရှေ့ထိုးနောက်ငင် ဆွဲပြသည်။ ပါးစပ်မှလည်း မော်တာ မြည်သံ နှင့် တူသော အသံကို မြည်သည်။
" ငါ့ သူငယ်ချင်း အမျိုးသားက လူချမ်းသာ တစ်ယောက်ဟဲ့ " ဟု ပြောသည်။ " မကြာခင် အိမ်မှာ လျှပ်စစ်မီး သွယ်ပေးမှာ၊ အဲဒီကျရင် ဟောဒီ စက်ဟာ ဟောဒီလို ဟောဒီလို အလုပ်လုပ်မှာ၊ တစ်အိမ်လုံး ကို သန့်ရှင်း နေမှာပဲ"

သူ့အပေါင်းအသင်းများကမူ သူ့စက်၏ ဂုဏ်ကို သေးငယ်နုပ်ဖွဲ့ သွားအောင်ပြောကြသည်။ " နင့်စက် ကို လည်အောင် မလုပ်နိုင်တာကတော့ ဆိုးပါတယ်ဟယ်။ တို့ကတော့ တံမြက်စည်း တစ်ချောင်းနဲ့ အမှိုက်သိမ်း ဂေါ်ပြား ကို ပဲ အမြဲတမ်းသုံးတာ၊ တစ်အိမ်လုံး ပြောင်စင်နေတာပါပဲတော် "

မနာလို ၀န်တိုသူများက မည်မျှပင် သေးဖွဲ့အောင် ပြောနေသော်လည်း စက်၏ ဂုဏ်မှာ ကျသွားခြင်းမရှိ။ ဤစက်မျိုး တစ်လုံးကို ပိုင်ဆိုင်ထားသည့်အတွက် ချစ်စရာသည် တော်တီလာဖလက် ရပ်ကွက်အတွင်းရှိ ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်၌ ထိပ်ဆုံးသို့ ရောက်သွားသည်။ သူ့နာမည်ကို ရုတ်တရက် မမှတ်မိသူ များက " အမှိုက်ရှင်းစက်နဲ့ မိန်းမဟာလေ" ဟု ပြောစမှတ်ပြုကြသည်။ သူ၏ ပြိုင်ဘက် ရန်သူတော်များ သူ့အိမ်ရှေ့ မှ ဖြတ်လျှောက်သွားသည့်အခါများတွင်လည်း အမှိုတ်ရှင်းစက် တွန်းသော ချစ်စရာကို ပြတင်းပေါက် မှ လှမ်းမြင်ရသည်။ သူ့ပါးစပ်မှ ထွက်လာနေသည့် စက်မြည်သံများကိုလည်း ကြားရသည်။

သူ့ကြောင့် ရပ်ကွက်ထဲရှိ အိမ်အပေါင်း အမြောက်အမြားတွင် မနာလို ၀န်တိုမှုများ ပေါ်နေကြသည်။ သူ့ အမူအရာ ကလည်း ခေါင်းတမော်မော် လည်ကြောတထောင်ထောင် ဖြစ်လာသည်။ စကားပြောကြ ပြီ ဆိုပါကလည်း " ဒီကနေ့မနက် ကျွန်မ အမှိုက်ရှင်းစက် တွန်းနေတုန်း ရာမွန်ဖြတ်သွားတာ မြင်လိုက် ရတယ် " စသော အပြောမျိုး ပြောလေ့ရှိသည်။ သူ့ပါးစပ်မှ ဘာတွေပဲ ပြောပြော အမှိုက်ရှင်းစက် မပါ လျှင် မပြီး သလောက် ဖြစ်လာသည်။

အမှိုက်ရှင်းစက်ကြောင့် အခြေအနေ မြင့်လာသော ချစ်စရာသည် စက်လက်ဆောင်ပေးသူ ဒင်နီကို ပစ် ပယ်ခြင်းမပြုပေ။ ဒင်နီကို လိုလေသေးမရှိအောင် ပြုစုသည်။ ဒင်နီရှိနေလျှင် သူ့တစ်ကိုယ်လုံးသည် လေထဲတွင် ယိမ်းနွဲ့ လှုပ်ရှားနေသည့် ထင်းရှူးပင် တစ်ပင်နှင့် သူသည်။ ဒင်နီကလည်း ညစဉ် ညတိုင်း ချစ်စရာအိမ်မှ ဘယ်ကိုမှမသွား။

ပထမတွင် ဒင်နီ၏ သူငယ်ချင်းများသည် သူတို့သူငယ်ချင်း တစ်ယောက်အိမ်မှ ပျောက်နေခြင်းကို လုံးဝ ဂရုမစိုက် ကြချေ။ ဤကဲ့သို့သော အဖြစ်မျိုးနှင့် ကြုံရတတ်သည်မှာ ယောက်ျားတိုင်း၏ အကျင့်ဖြစ်၍ ယောက်ျား တိုင်း၏ အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့် သူတို့အဖို့ ထူးဆန်းသော အရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် လည်း ဒင်နီအတွက် ပူပန်ကြောင့်ကြခြင်း မဖြစ်ကြပေ။ ဤသို့ဖြင့် သီတင်းအပတ်ပေါင်းများစွာ ကုန်လွန် လာခဲ့သည်။ ယခင်ကနှင့် မတူသော ဒင်နိ၏ ပြောင်းလဲမှုများကို လည်း သတိပြုမိလာကြသည်။ ဒင်နီသည် တွေတွေငေးငေးဖြစ်လာသည်။ အသားအရေများ ဖြူဖပ်ဖြူ ရော်ဖြစ်လာသည်။ အမှိုက်ရှင်း စက် အတွက် ချစ်စရာ၏ကျေးဇူးတုံ့ပြန်မှုသည် ဒင်နီ၏ ကာယကျန်းမာမှု ကို များစွာ ထိခိုက်စေသည်ဟုလည်း သူ့သူငယ်ချင်း များက နားလည်သဘောပေါက်လာသည်။ ထို့ပြင် လည်း သူတို့ သူငယ်ချင်း၏ အာရုံကို သူ့တစ်ဦးတည်းအပေါ်၌သာ စူးစိုက်နေအောင် လုပ်ထားသည့် ချစ်စရာအပေါ်၌လည်း မနာလိုတိုရှည် ဖြစ်လာ ကြသည်။

ဤသို့ဖြင့် ပီလွန်၊ ပက်ဘလိုနှင့် ဂျီးဆပ်စ်မေရီယာတို့သည် ဒင်နီ၏ မေတ္တာကျက်စား နားနေရာ အသိုက်ကို သူ မရှိခိုက် ချင်းနင်းဝင်ရောက်ကြပြီး ဖျက်ဆီးပစ်ရန် ကြိုးစားအားထုတ်ကြသည်။ သို့သော် လည်း သူ့ဂုဏ်နှင့် သူ့သိက္ခာကို တက်အောင်၊ သူ့အခြေအနေကို မြင့်မားအောင် လုပ်ပေးခဲ့သည့် ယောက်ျား တစ်ယောက် ၏ ကျေးဇူးကို အလေးအနက်ပြုနေဆဲ ဖြစ်သော ချစ်စရာသည် ဒင်နီအပေါ်၌ သစ္စာစောင့်သိနေသဖြင့် ကြံရကျပ်နေသည်။ ချစ်စရာအနေဖြင့် သူတို့အားလုံးကို လုံးဝလ်မခံခြင်းကား မဟုတ်။ ကံကြမ္မာဆိုသည်မှာ ကံသေကံမ ပြောနိုင်သည် မဟုတ်။ နောက်အနာဂတ်ကာလတွင် သူတို့ လူစုထဲ မှ တစ်ဦးဦးနှင့် တွဲနေဖို့ လိုအပ်ချင် လိုအပ်လာလိမ့်မည် ဖြစ်၏။ထို့ကြောင့် သူတို့နှင့် မိတ်ဆွေ အပျက် မခံ။ လိမ္မာပါးနပ်စွာဖြင့် လှည့်စားပြီး ကြိုးရှည်ရှည်နှင့် လှန်ထားသည်။ သို့သော်လည်း ယခု လောလောဆယ် ဒင်နီ ကွယ်ရာ တွင် ဒင်နီ သူငယ်ချင်းများအား မျှတ ခွဲဝေပေးဖို့ ဆိုသည်ကတော့ မဖြစ် နိုင်သေး။

ထို့ကြောင့် ဒင်နီ ၏ သူငယ်ချင်းများသည် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည့်ကြားမှ ချစ်စရာကို ပျက်စီးခြင်း ငါးပါး တိုင် အောင် လုပ်ရန်ကြံစည်စိတ်ကူးကြသည်။
ဒင်နီ သည် ချစ်စရာအပေါ်တွင် စိတ်ကုန်ချင် ကုန်နေလောက်ပြီ။ အကယ်၍ ယင်းစိတ်မျိုး ဒင်နီ၌ ရှိနေခဲ့ ပါမူ သူသည် အမှန်အတိုင်း ထုတ်ဖော်ဝန်ခံခြင်းတော့ ပြုလုပ်မည် မဟုတ်။ သို့ဆိုလျှင် မိမိတို့က အလိုက်သိစွာ ဖြင့် ၀င်ရောက်ဖြေရှင်းပေးဖို့ လိုမည်ဟု ထင်သည်။

တစ်နေ့သော မွန်းလွဲပိုင်း သုံးနာရီထိုးခန့်တွင် ပီလွန်၊ ပက်ဘလို၊ ဂျီးဆပ်စ်မေရီယာနှင့် ကောင်ကြီးဂျိုး တို့သည် တိုက်ပွဲတစ်ခုမှ အောင်မြင်စွာ ပြန်လာကြသည်။ ဤတိုက်ပွဲတွင် ပီလွန်၏ စိတ်ကူးကို ပက်ဘလိုနှင့် ဂျီးဆပ်စ်မေရီယာ တို့၏ အားထုတ်မှုနှင့် ပေါင်းစပ်ပြီး ခက်ခက်ခဲခဲနှင့် အနိုင်ရခဲ့ခြင်းဖြစ် သည်။ ဤတိုက်ပွဲတွင် ကောင်ကြီးဂျိုး၏ ကူညီလှုပ်ရှားမှု လုံးဝမပါဝင်ခဲ့ပေ။
သူငယ်ချင်း လေးယောက်သည် တိုက်ပွဲမှ အပြေးအလွှား ပြန်လာခဲ့ကြသည်။ ခက်ခဲစွာဖြင့် အနိုင်ရ လိုက်သောပွဲဖြစ်၍ လေးယောက်စလုံး ပျော်မြူးနေကြသည်။ သူတို့ ပျော်ရွှင်မြူးတူးနေသော အချိန်တွင် မွန်ထရေးမြို့တွင်းရှိ အီတလီ အမျိုးသားတစ်ယောက်မှာမူ လူလိမ်ခံရသဖြင့် စိတ်နောက်ကျိ ရှုပ်ထွေးလျက် ရှိလေသည်။

ပီလွန်သည် အိုင်ဗီခေါ် နံရံကပ် ပန်းအနွယ်များဖြင့် ထုတ်ထားသော ၀ိုင်တစ်ဂါလန်အိုး ကို သယ်လာ သည်။ လေးယောက် သား ဒင်နီ ၏ အိမ်ထဲသို့ တပျော်တပါး ၀င်ရောက်သွားကြပြီး ပီလွန် က သူ့လက်ထဲမှ ၀ိုင်တစ်ဂါလန်အိုး ကို စားပွဲပေါ် သို့ လှမ်းတင်လိုက်သည်။

ထိုအချိန် ကျမှပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ဒင်နီအိပ်ရာမှနိုးသည်။ သူ့ သူငယ်ချင်းများကို ကြည့်၍ တစ်ချက်မျှ ပြုံးလိုက်ပြီး အိပ်ရာထက်မှ ထလာသည်။ ခွက်များ သွားယူပြီး ၀ိုင်ထည့်ပေးသည်။ မောပန်း နွမ်းနယ် လာကြသော သူ့သူငယ်ချင်း လေးယောက်သည် ကုလားထိုင်များတွင် ခြေပစ်လက် ပစ် ထိုင်ကြသည်။
သူတို့သည် ၀ိုင်ကို အေးအေးဆေးဆေး အရသာခံ၍ သောက်ကြသည်။ ဤအချိန်သည် အနားယူချိန် ဖြစ်၏။ တော်တီလာဖလက် ရပ်ကွက်အတွင်းရှိ လူတိုင်းလိုလိုပင် နားကြသော အချိန်ဖြစ်၏ မနက်ပိုင်း က လုပ်ခဲ့ပြီး သမျှ ဖြစ်ခဲ့ပြီးသမျှများကို ပြန်၍ စားမြုံ့ပြန်ကြသည်။ အတင်းအဖျင်း သတင်းအဖြစ် ပြောကြ ဆိုကြ ဝေဖန် ကြသည်။ ညပိုင်းတွင် ဖြစ်ပျက်လာနိုင်ဖွယ်ရာ ရှိသည်များကို ဆွေးနွေးမှန်းဆကြ သည်။ သူတို့အဖို့ အခုလို မွန်းလွဲပိုင်း အချိန်တွင် ပြောမဆုံးပေါင် တောသုံးတောင်ဟု ဆိုရလောက် အောင် ပြောစရာတွေက များသည်။

" ဟေ့ ဒီမယ်၊ ဟိုကောင်မ ကော်နဲလီယာရုဇ်လေ၊ လူတစ်ယောက် ကနေ့ မနက်ပဲ ရသွားတယ်ကွ" ဟု ပီလွန် က ပြောသည်။ " အဲဒီလူက ထိပ်ပြောင်ကွ သိလား၊ သူ့နာမည်က ကစ်လ်ပက်ထရစ်တဲ့၊ ကော်နဲ လီယာက ပြောတယ်၊ သူစောစောက တွဲနေတဲ့ကောင် ပြန်မလာတာ သုံးရက်ရှိသွားပြီတဲ့။ အဲသလို လုပ် တာကို သူ မကြိုက်ဘူးတဲ့ "
" ဟာကွာ ကော်နဲလီယာဆိုတဲ့ ကောင်မက သိပ်ပြီး စိတ်အပြောင်းအလဲ မြန်တယ်ကွ" ဟု ဒင်နီ က ပြောသည်။ သူသည် အမှိုက်ရှင်းစက်ဟူသော ကျောက်ဆောင်ကြီးပေါ်၌ တည်ဆောက်ထား သည့် သူ့ချစ်ရိပ်မြုံ ကလေး၏ အခြေခိုင်မှုကို တွေးကာ စိတ်ထဲတွင် ကျေနပ်သာယာလျက် ရှိလေသည်။

" ကော်နဲလီယာရဲ့ အဖြေကြီးက ပိုဆိုးတယ်ကွသိလား" ဟု ပက်ဘလိုက ၀င်ပြောသည်။ " သူကတော့ ဘယ်တော့မှ အမှန်မပြောဘူး။ တစ်ခါတုန်းက သူ ငါ့ဆီက ငွေတစ်ဒေါ်လာ ချေးသွားဖူး တယ်၊ ငါက သူ ငွေချေး သွားတာ ကို ကော်နဲလီယာကို ပြောပြတယ်။ ဒါပေမယ့် သူက ပြန်မဆပ်ဘူး"
" တစ်သွေးတည်း က ပေါက်ဖွားလာတဲ့ လူနှစ်ယောက်ပဲကွာ၊ မျိုးရိုးသိရင် ခွေး အကြောင်း သိတာပဲ မဟုတ်လား"  ပီလွန်က ပြောသည်။

ဒင်နီက ခွက်များအတွင်းသို့ ၀ိုင် ထပ်ဖြည့်ပြန်သည်။ ၀ိုင်တစ်ဂါလန်မှာ အတော်လျော့သွားခဲ့လေပြီ။ သူ သည် လျော့နေသည့် ၀ိုင်အိုးကို စိတ်မကောင်းဖြစ်သော မျက်နှာထားဖြင့် ငေးကြည့်နေသည်။
ငြိမ်နေသော ဂျီးဆပ်မေရီယာက စကားဝင်ပြောသည်။ " ငါ ဆူစီဖရန် စစ္စကိုနဲ့ တွေ့ခဲ့တယ်။ ဆေးနည်း ကအတော့်ကို အစွမ်းထက်သူ ချာလီဂတ်ဇ်မင်း ရဲ့ မော်တော်ဆိုင်ကယ် နဲ့ လိုက်လိုက်သွားတာ သုံးခါတောင် ရှိပြီတဲ့။ ပထမနှစ်ခေါက် လိုက်ရတုန်းက အဲဒီပီယဆေး ကျွေးလိုက်တယ်တဲ့၊ ဆေးလည်း စားပြီးရော ချာလီဂတ်ဇ် လည်း နေမကောင်းဖြစ်တာပဲတဲ့၊ ဆူစီကတော့အဲသလိုဖြစ်တာ မကောင်းဘူးလို့ ထင်နေတယ်။
" အဲဒီ ဆေးနည်းထဲ မှာ ဘာပါသတဲ့လဲ" ဟု ပက်ဘလိုက မေးသည်။

ပီလွန်က ဆေးနည်းကို ထုတ်ဖော်၍ မပြောချင်။ " ဘာတွေပါတယ် ဆိုတာ အသေးစိတ် တော့ မသိ ပါဘူးကွာ၊ ငါ ထင်တာကတော့ အဲဒိအထဲမှာပါတဲ့ ၀က်သစ်ချသားပြာကြောင့် ချာလီဂတ်ဇ် နေထိုင် မကောင်း ဖြစ်သွား တယ် ထင်တာပဲ"
ဝိုင် တစ်ဂါလန်မှာ အကုန်န်ြလွန်းလှချေသည်။ အပေါင်းအသင်းခြောက်ဦးစလုံးသည် ရေငတ်မပြေကြ သေး။ နောက်ထပ် ၀ိုင်သောက်ချင်သော ဆန္ဒသည် ပြင်းပြနေကြဆဲ။ ပီလွန်က သူ့အဖော်များ၏ မျက် လုံးများကို သေသေချာချာ လိုက်ကြည့်သည်။ သူတို့ကလည်း ပီလွန်ကို ပြန်ကြည့်ကြသည်။ အကြံ အစည်ကို လက်တွေ့ အကောင် အထည် ဖော်ဖို့ အသင့်ဖြစ်ပြီ။
ပီလွန်က ချောင်းတစ်ချက် ဟန့်ကာ လည်ချောင်းရှင်းလိုက်သည်။ " မင်း အခုတလော ဘာတွေ လျှောက်လုပ် နေတာလဲ ဒင်နီ၊ တစ်မြို့လုံးက မင်းကို ၀ိုင်းပြီး သရော်နေကြပြီ"
" မင်းစကားက ဘာအဓိပ္ပာယ်လဲ ပီလွန် "

" လူတွေက ပြောနေကြတယ်လေကွာ၊ မင်းက မိန်းမတစ်ယောက်ကို အမှိုက်ရှင်းစက် တစ်လုံးဝယ်ပေး တယ်တဲ့၊ အဲဒီစက် က အိမ်မှာ လျှပ်စစ်မီးမရှိဘဲနဲ့ အလုပ်မလုပ်နိုင်ဘူးတဲ့၊ မီးသွယ်မပေးနိုင်ဘဲ စက်ဝယ် ပေးတော့ ရယ်စရာ ဖြစ်နေတာပေါ့"
ဒင်နီ စိတ်မသက်မသာဖြစ်လာသည်။ " ဒါကတော့ကွာ အဲဒီအမျိုးသမီးက အမှိုက်ရှင်းစက်ကို သဘောကျ နေတာ ကိုးကွ"
" အေးလေ၊ ဒါက ထားလိုက်ပါတော့၊ အခု သူက လျှောက်ပြောနေတယ်။ မင်းက သူ့အိမ်မှာ လျှပ်စစ်မီး သွယ်ပေးမယ်လို့ ကတိပေးထားပြီတဲ့။ မကြာခင် အဲဒီစက်ကို ခိုင်းလို့ရတော့မယ်တဲ့ "
ဒင်နီ၏ စိတ်သည် ပို၍ အနျောက်အယှက် ဖြစ်သွားပုံရသည်။ " သူက အဲသလိုပဲ ပြောသတဲ့လား "
" ပြောနေတယ်လို့ ငါ့ကို ပြောကြတာပဲ "
" ငါက လုပ်မပေးပါဘူးကွ "

" တကယ်လို့ ဒီကိစ္စဟာ ရယ်စရာ မကောင်းဘူးလို့ ငါ့စိတ်က ထင်ရင်တော့လည်း ဒီစကားမျိုးတွေ ပြောပြီး ကိုယ့်သူငယ်ချင်း တစ်ယောက် ကို သရော်နေကြတာဟာ ငါ စိတ်ဆိုးသင့်တဲ့ ကိစ္စပေါ့ကွာ၊ ဟုတ်ဘူးလား၊ အခုတော့"
" တကယ်လို့ သူက မီးသွယ်ပေးပါလို့ ပူဆာရင်ကော မင်းဘယ်လိုလုပ်မလဲ" ဟု ဂျီးဆပ်စ်မေရီယာက ကြားဖြတ်မေးသည်။
" မလုပ်ပေးနိုင်ဘူးလို့ ပြောမှာပေါ့ကွ" ဟု ဒင်နီက ဖြေသည်။
ပီလွန်က ရယ်သည်။ " ငါ မင်းအနားမှာ ရှိချင်သကွာ၊ မလုပ်ပေးနိုင်ဘူးလို့ မိန်းမတစ်ယောက်ကို လွယ် လွယ် ကလေး ပြောလို့ရမယ် ထင်သလား"
ဤကိစ္စ နှင့် ပတ်သက်၍ သူ့သူငယ်ချင်း အားလုံးက သူ့ကို ဆန့်ကျင်နေကြပြီဟု ဒင်နီ စိတ်ထဲက သိလာသည်။ " ဒီလိုဆို ငါဘယ်လို လုပ်ရမလဲ" ဟု မေးသည်။

ပီလွန်က ပြဿနာကို အလါန် အလေးအနက်ထားပြီး ဆင်ခြင်သုံးသပ်သည်။ လက်တွေ့ လုပ်နိုင်မည့် နည်းလမ်းများကို ရှာသည်။ " တကယ်လို့ မင်းအမျိုးသမီးမှာ အမှိုက်ရှင်းစက် မရှိတော့ရင် သူ့အိမ်မှာ လျှပ်စစ်မီး သွယ်ဖို့ မလိုတော့ဘူးကွ" ဟု ပြောသည်။
ကျန်လူစု က တညီတညွတ်တည်း ခေါင်းညိတ်ပြကာ ထောက်ခံကြသည်။
" ဒါကြောင့် " ဟု ပီလွန်က စကားဆက်သည်။ " လုပ်ရမှာက အမှိုက်ရှင်းစက်ကို သူ့အိမ်က ဖယ်ရှား ပစ်ရမယ် "
" ဟာ အဲဒါတော့ မလွယ်ဘူး ကိုယ့်လူ၊ သူ့အနေနဲ့ ငါ့ကို စက်ပြန်ယူဖို့ ဘယ်နည်းနဲ့မှ မပေးဘူး" ဟု ဒင်နီက ပြောသည်။

" ဒီလိုဆို ငါတို့က ကူညီမှာပေါ့ကွာ" ဟု ပီလွန်က ပြောသည်။ " စက်ကို ငါသွားယူမယ်၊ မင်းက စက် အစား ၀ိုင်တစ်ဂါလန်ဝယ်ပြီး လက်ဆောင်ပြန်ပေးလိုက်၊ ဒါဆိုရင် မင်းစက် ဘယ်ရောက်လို့ ဘယ် ရောက်သွားမှန်းတောင် သူ သိမှာ မဟုတ်ဘူး"
" ငါတို့ စက်ဝင်ယူရင် အိမ်နီးနားချင်းတွေ မြင်သွားမှာပေါ့ကွ"
" မပူပါနဲ့ ဟု ပီလွန်က ဆိုသည်။ " မင်းက ဒီမှာပဲ အေးအေးဆေးဆေး နေခဲ့ ဒင်နီ၊ စက်ကို ငါ့ဘာသာငါ သွားယူမယ် "
သူ့ပြဿနာကို သူ့သူငယ်ချင်းများက ၀ိုင်း၍ ဖြေရှင်းပေးလိုက်သဖြင့် ဒင်နီမှာ များစွာ စိတ်သက်သာရာ ရသွားသည်။ သူသည် အခုမှပင် သက်ပြင်းချနိုင်လေတော့သည်။

ပီလွန်သည် တော်တီလာဖလက် ရပ်ကွက်အတွင်း၌ ဖြစ်ပျက်နေသမျှကို သိသူဖြစ်၏။ ပြီးတော့ သူ့ မျက်လုံး များက မြင်မြင်သမျှနှင့် သူ့နားများက ကြားကြားသမျှကို သူ့စိတ်က မှတ်သားထားတတ်သူဖြစ် သည်။ နေ့စဉ် မွန်းလွဲပိုင်း အချိန် လေးနာရီခွဲတိတိတွင် ချစ်စရာသည် စတိုးဆိုင်သို့ သွားလေ့ရှိကြောင်း သူ မှတ်သား ထားဖူးသည်။ သို့ဖြစ်ရာ ဤပြဿနာကို ဖြေရှင်းရာ၌ ဤအချက်ကို ထိရောက်စွာ အသုံးချ ဖို့လိုသည်ဟု သူ ချက်ချင်း နားလည်လိုက်သည်။
" ဒီကိစ္စကို ဘယ်လို လုပ်ကိုင်သွားတယ်ဆိုတာ မင်းဘာမှ မသိလေကောင်းလေပဲ" ဟု ပီလွန်က ဒင်နီကို ပြောသည်။

ခြံထဲ၌ ဂုန်နီအိတ်တစ်လုံး အသင့်ရှိနေသည်။ ပီလွန်သည် သူ့ဓားဖြင့် နှင်းဆီကိုင်းကြီး တစ်ကိုင်းကို ခုတ်၍ အိတ်ထဲသို့ ထိုးထည့်သည်။
ချစ်စရာအိမ်တွင် သူ တွက်ထားသည့်အတိုင်း ချစ်စရာမရှိ၊ အိမ်ထဲသို့ ၀င်၍ အမှိုက်ရှင်းစက်ကို ဂုန်နီ အိတ်ထဲထည့်ကာ အပေါ်မှ နှင်းဆီကိုင်းကြီးဖြင့် ကျကျနန ဖုံးရသည့် အလုပ်မှာ ပီလွန် အဖို့ ငှက်ပျော သီး အခွံနွှာစား ရသည်ထက် ပင် လွယ်သေးသည်။
သူ အိမ်ဝင်းထဲမှ ပြန်ထွက်လာသည့်အခါ ချစ်စရာနှင့် ဆုံမိသည်။ ပီလွန်က ခေါင်းမှ ဦးထုပ်ကို ချွတ်ကာ ယဉ်ကျေး သိမ်မွေ့စွာဖြင့် နှုတ်ဆက်သည်။ " တစ်နေ့နေ့ကျမှ လာလည်ဦးမယ်" ဟု သူက ပြောသည်။

" အခု ၀င်ပါဦးလား ပီလွန် "
" အခုတော့ မဖြစ်သေးဘူး၊ မွန်ထရေးမြို့ထဲမှာ လုပ်စရာ အလုပ်တစ်ခုရှိနေလို့ နောက်တောင် ကျနေပြီ"
" ဒီနှင်းဆီကိုင်းကြီး က ဘယ်သွားပို့မှာလဲ"
" မွန်ထရေးမြို့ထဲက လူတစ်ယောက်က ၀ယ်မယ်ဆိုလို့ ယူလာတာ၊ သိပ်မျိုးကောင်းတဲ့ နှင်းဆီအပင် ဘယ်လောက်သန်သလဲ၊ ကြည့်ပါဦး"

" အလည်လာခဲ့ဦးနော် ပီလွန် "
သူ လမ်းမပေါ် လျှောက်လာခိုက်တွင် အိမ်ထဲမှ ပစ္စည်းပျောက်၍ အော်ဟစ်သံမကြားရ၊" ဘယ်နည်းနဲ့မဆို လောလောဆယ်ကတော့ သိမှာ မဟုတ်သေးဘူး" ဟု တွေးသည်။
ပြဿနာ တစ်ဝက်ကတော့ ပြေလည်သွားပြီ။ သို့သော်လည်း ထပ်မံဖြေရှင်းဖို့ တစ်ဝက် ကျန်နေသေး ၏။ " ဒီစက်ပြန်ရရင် ဒင်နီက တကယ်လို့ သူ့လက်ထဲ ပြန်ပေးလိုက်ရင် ချစ်စရာက ဒီစက်ကို ဒင်နီ ပြန် ယူသွားတာလို့ သိသွားမှာပဲ၊ ငါ ဒီစက်ကို လွှင့်ပစ်ရမလား၊ ဘယ်ဖြစ်မလဲ၊ စက်က တန်ဖိုး ရှိနေသေး တာပဲ၊ လုပ်ရမှာက ဒီစက်ကို လက်ထဲမှာ မထားဖို့ဘဲ၊ ဒါပေမယ့် သူ့ရဲ့ တန်ဖိုးကိုတော့ တစ်နည်းနည်းနဲ့ သုံးနိုင်နေသေးတာပဲ "

ဤသို့ဖြင့် ပြဿနာ တစ်ခုလုံးသည် ဖြေရှင်းပြီးဖြစ်သွားသည်။ ပီလွန်၏ခြေထောက်များသည် တောင် ကုန်းပေါ်မှ ဆင်းကာ တော်ရဲလီးဆိုင်သို့ ဦးတည်လျက်ရှိလေသည်။
အမှိုက်ရှင်းစက်သည် စက်ကြီးဖြစ်၍ အရောင်ကလည်းယခုအချိန်အထိ တောက်ပြောင်သစ်လွင်ဆဲ၊ ဘယ်နည်းနှင့်မဆို တစ်မျိုးတစ်ဖုံ သုံးလို့ကတော့ရနိုင်သေးသည်။ ပီလါန်တောင်ကုန်းပေါ်သို့ ပြန် တက်လာသည့်အခါ သူ့လက်တစ်ဖက်တစ်ချက်တွင် ၀ိုင်တစ်ဂါလန်ဝင်အိုး တစ်လုံးစီ ပါလာသည်။

ဒင်နီ၏ အိမ်ထဲသို့ ပီလွန် ၀င်သွားသည့်အခါ သူငယ်ချင်းများက တိတ်တိတ်ဆိတ်ဆိတ်ပင် ဆီးကြိုကြ လေသည်။ ပီလွန်သည် လက်ထဲမှ အိုးများကို စားပွဲပေါ်ချလိုက်သည်။ " မင်း အမျိုးသမီးကိုပေးဖို့ ငါ မင်းအတွက် လက်ဆောင် တစ်ခု ယူလာတယ်" ဟု ဒင်နီကို လှမ်းပြောသည်။ " ဟောဒါကတော့ ငါတို့ အတွက်"

သူတို့သည် တပျော်တပါး ၀ိုင်းဖွဲ့၍ ထိုင်ကြသည်။ အားလုံးရေငတ်လွန်း၍ လည်ချောင်းတွေ ခြောက် ကုန်ပြီ။ ၀ိုင်တစ်ဂါလန်သည် တစ်ခဏ အတွင်းပြောင်သွားသည်။ ပထမတစ်ဂါလန် ကုန်အသွားတွင် ပီ လွန်သည် သူ့လက်ထဲမှ ဖန်ခွက်ကို ဖယောင်းတိုင် မီးရောင်တွင် ထောင်၍ ကြည့်လိုက်သည်။ " အမှန်ကတော့ ဖြစ်လာ သမျှ အဖြစ်အပျက်တွေက အရေးကြီးတာ မဟုတ်ဘူးကွ" ဟု ပြောသည်။ " ဒါပေမယ့် ဖြစ်လာသမျှ အရာရာတိုင်း မှာ ပါလာတဲ့ သင်ခန်းစာကသာ အရေးကြီးတာ၊ အခုကိစ္စမှာ ကြည့်၊ လက်ဆောင်တစ်ခု ပေးတော့မယ် ဆိုရင် ပစ္စည်းရွေးတာမှန်ဖို့ သိပ်အရေးကြီးတယ်။

သိလား၊ အထူးဖြင့် မိန်းမတစ်ယောက်ကို ပေးမယ့် လက်ဆောင်ဟာ နောက်ထပ် နောက်ဆက်တွဲ လက်ဆောင် တစ်ခု ထပ်ဆောင်း ပေးရမယ့် ပစ္စည်းမျိုး မဖြစ်သင့်ဘူး၊ အဲဒါ အခုလောလောဆယ် ဒင်နီရဲ့ အဖြစ် က ပေးတဲ့ သင်ခန်းစာပဲ။ ပြီးတော့ ငါတို့ ထပ်ယူရမယ့် သင်ခန်းစာက လက်ဆောင်ပေးတဲ့အခါမှာ သိပ်ပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခုကို လက်ဆောင်အဖြစ် ဘယ်တော့မှ မပေးသင့်ဘူး၊ အဲသလိုပေးတာဟာ ဒုစရိုက်မှု တစ်ခုကို ပြု၇ာရောက်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကပေးလိုက်တဲ့ လက်ဆောင် ပစ္စည်း ကြောင့် ရလာတဲ့ လူမှာ လောဘ၀င်လာရင် ဒါဟာ ငရဲကြီးမှာပဲ မဟုတ်လား"

ဝိုင်တစ်ဂါလန်ကတော့ ကုန်သွားပြီ။ သူငယ်ချင်းများက ဒင်နီ၏ အရိပ်အခြည်ကို အကဲခတ်ကြသည်။ ဒင်နီကတော့ မလှုပ်မချောက်။ သို့သော်လည်း သူငယ်ချင်းများက သူ့ထံမှ တစ်စုံတစ်ခုကို ရလိုသော သဘောဖြင့် မျှော်လင့်စောင့်စားနေကြမှန်း သူ ရိပ်မိနေသည်။
" အမျိုးသမီးက အတော့်ကို တက်တက်ကြွကြွရှိတယ်ကွ" ဟု ရေရွတ်သည်။ " ပြီးတော့ ကြင်ကြင်နာ နာလည်း ရှိတယ်၊ ဒါပေမယ့် ဟာကွာ အသုံးမကျပါဘူး၊ ဒါတွေဟာ အလကားပါ ဒီကိစ္စကို ငါ စိတ်ကုန် ပြီ" သူ သည် ၀ိုင်ဒုတိယအိုးကို ဆွဲယူပြီး အဖုံးကို ဖွင့်လိုက်သည်။

တစ်ဖက်သောထောင့် ခွေးများ၏ အလယ်၌ ထိုင်နေသော ပင်လယ်ဓားပြသည် သူ့အတွေးနှင့်သူ ပြုံးသည်။ အံ့သြ ချီးမွမ်းသော စကားများကို တီးတိုးရေရွတ်သည်။ " ဒါတွေဟာ အလကားပါ။ ဒီကိစ္စကို ငါ စိတ်ကုန်ပြီ" ပင်လယ်ဓားပြ သည် ထိုစကားများကို အလွန်သဘောကျသည်။် " သိပ်ကို ကောင်းတဲ့ စကား" ဟုတွေးသည်။
ဒုတိယ ၀ိုင်အိုးသည် မကြာခင်မှာပင် တစ်ဝက်ကျိုးသွားသည်။ သူတို့လူစု သီချင်းနှစ်ပုဒ် ဆိုပြီးစတွင် ဂျော်နီပွမ်ပွမ် ရောက်လာသည်။ " ကျုပ်တော်ရဲလီးဆိုင်က လာတာ" ဟု ဂျော်နီက ပြောသည်။ " တော် ရဲလီး တော့ အရူးကြီးလို ဖြစ်နေပြီ၊ ဒေါသတွေကြီးပြီး အော်လိုက်ဟစ်လိုက် စားပွဲ ကို လက်သီးနဲ့ ထုလိုက်တာ ဟာဗျာ ဗြောင်းဆန်နေတာပဲ"

အားလုံးက ကြားရသည့် သတင်းအပေါ်တွင် စိတ်ဝင်စားကြသည်။ " တစ်ခုခုဖြစ်လို့ နေမှာပေါ့၊ တော်ရဲ လီး အနေနဲ့ ခံသင့်ခံထိုက်လို့ ဖြစ်လာတာပဲနေမှာပါ"
" ဟာ ဒီကောင်က သူ့ဖောက်သည်တွေကို ၀ိုင်တစ်ခွက် တစ်ဖလားတောင် အလကား ပေးသောက် ချင်တာမှ မဟုတ်ဘဲ"
" တော်ရဲလီး ဘာဖြစ်လို့လဲကွ ဂျော်နီ" ဟု ပက်ဘလိုက မေးသည်။

ဂျော်နီပွမ်ပွမ်က သူ့ကိုတ်သော ၀ိုင်ခွက်ကို လှမ်းယူသည်။ " တော်ရဲလီး ပြောနေတာကတော့ သူ ပီလွန် ဆီက အမှိုက်ရှင်းစက် တစ်လုံး ၀ယ်လိုက်သတဲ့။ အဲဒါ သူ့ဆိုင်က ပလပ်ပေါက်မှာ ထိုးပြီးတွန်းတာ လုံးဝ မသွားဘူး တဲ့၊ ဒါနဲ့ စက်ဖုံးဖွင့်ကြည့်လိုက်တော့ အထဲမှာ မော်တာ မပါဘူးတဲ့၊ သူကတော့ အော်ပြော နေတာပဲ၊ ပီလွန် ကို ငါသတ်မယ်တဲ့ "
ပီလွန် တုန်လှုပ်သွားသည်။ " ဟာ စက်ထဲမှာ မော်တာမပါတာ ငါမသိရိုး အမှန်ပါကွာ၊ တကယ်ပါ" ဟု ပြောသည်။ " ဒါပေမယ့် တော်ရဲလီး ခံသင့်ခံထိုက်လို့ ရလာတဲ့ အပြစ်ဒဏ် တစ်ခုပဲကွ၊ အဲဒီစက်ဟာ ၀ိုင်သုံးဂါလန် လေးဂါလန်တော့ တန်တယ်ကွ၊ ဒါပေမယ့် ကော်တရာ ကပ်စေးနှဲကောင် တော်ရဲလီး က ငါ့ကို နှစ်ဂါလန် ထက် ပိုမပေးဘူး"

ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီနေ့မှာ နည်းနည်းအားသွားလို့ ညသန်းကောင်ရောက်လာပြီး အစအဆုံး အချိန်ယူပြီး တစ်ခါပြန်ဖတ်သွားတယ် အစ်မရေ...